Skip to product information
1 of 2

Other Websites

ကြည်အေး - ကျွန်မပညာသည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျွန်မပညာသည်

အနုပညာသည် လူ့ဘောင်အတွက် လိုလည်းလိုအပ်၊လေးစားလည်း လေးစားအပ်သော ပညာတစ်ရပ်ဖြစ်သည်။

ဇာတ်သဘင်ပညာသည် အနုပညာတစ်ရပ်ဖြစ်သည်။ မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာကို ‌ရှေးမြန်မာဘုရင်များကိုယ်တိုင် အမျိုးသား ယဉ်ကျေးမှုအဖြစ်ဖြင့် အားပေးသမှု ပြုခဲ့ကြသည်။

သို့သော် ... “ကိုယ်မှီရာကို ကိုယ်သာဖျက်ဆီး”ဟူသကဲ့သို့ ဇာတ်သဘင်အနုပညာသည်များကိုယ်တိုင်က သရုပ်ပျက်လာသော အချိန်တွင် ပြည်သူကလည်း သူတို့အားလေးစားမှု ခေါင်းပါးလာခဲ့ ကြသည်။

“ဖက်ခွက်စား” ဟူသော ဝေါဟာရဖြင့် ပြည်သူတို့သည် သူတို့အား နှာခေါင်းရှုံ့လာကြသည်။

မည်သို့ပင်ဖြစ်စေ ဤ “ကျွန်မပညာသည်”ဝတ္ထု၌ ကြည်အေး သည် ဇာတ်သဘင်အငြိမ့်လောက၏ ဘဝကို အသေးစိတ် သရုပ်ဖေါ် ထားရာ ဖတ်ရှုလေ့လာထိုက်လှပေသည်။

တစ်ခါတုန်းကလည်း တစ်ယောက်သောသူ၏ အောင်မြင် ကျော်စောလာပုံကို နီးနီးကပ်ကပ် လေ့လာခဲ့ဘူးပြီ၊ မနာလိုစိတ်နှင့်လည်း ရင်မှာပြည့်သိပ်ခဲ့သည်။ သို့သော်လည်း အောင်မြင်ကျော်စောသူမှာ ကိုယ့်ချစ်သူပင်ဖြစ်နေသည်မို့ ကျေနပ်မာနကြီးရသေးသည်။ ဆန့်ကျင် ဘက် နှစ်ခုကို ပေါင်းစပ်လိုက်ရာ၌ ထွက်လာသော အရသာမှာ ထူးဆန်းသော စိတ်ဝေဒနာတစ်ခုပင်ဖြစ်လေသည်။ ထိုဝေဒနာနှင့် ဆင်ဆင် ဥပမာပေးရလျှင် အိပ်မက်ထဲ၌ မိုးပေါ်ပျံနေသလိုပင် တိမ်ကြားထဲရောက်နေပါ၏။ ဟိုက်ကနဲ ... ဟာကနဲ ဖြစ်လှသည်။ နိုးလာတော့လည်း အလကားပင်...။

ထိုစိတ်ဝေဒနာနှင့် ကင်းဝေးခဲ့သည်မှာ ဆယ်နှစ်ကျော်ပေပြီ။ ဇနီးသည်သေဆုံးသွားကတည်းကပင်ဆိုပါစို့။ ထိုစိတ်ဝေဒနာသည် ဇနီးသည် မစိန်အောင်နှင့် ရခါစတုန်းကဆိုလျှင် တယ်ပြီးမဖွံ့သေး၊ဆန်းလိုက်၊ ဆုတ်လိုက်နှင့် ကြိုးကြား၊ ကြိုးကြား ပေါ်လာသည့် လ,ပမာပင် ရှိသေး၏။ သို့သော် မြန်မာနိုင်ငံတစ်ဝှမ်းလုံး မစိန်အောင်မစိန်အောင်နှင့် မြည်တမ်းလာသည့်အခါ၌ကား မတည်ငြိမ်သော လ,စန္ဒာ သည် အမြဲပူးသော ဒေါင်းဖလ်ဝါ အဖြစ်သို့ လောကဓာတ်နည်းနှင့်လည်း ရှင်းလင်း၍မရအောင် အံ့စဖွယ်ပြောင်းသည်။

မစိန်အောင်မှာ ကျော်တုန်းက အတော်ကျော်လိုက်သော သူမ၏ ကျော်စောမှုကို သေခြင်းတရားကသာ အဆုံးသတ်ခဲ့သည်။ ဤသို့ ကိုခန့်သည် မယားအတွက် ဂုဏ်ယူမြဲဖြစ်၏။ မစိန်အောင်မှာ ဆရာစိန့် ဇာတ်ထဲ တုန်းကဆိုလျှင် မင်းသမီးကြီးညွန့်ရီနှင့်အပြိုင်ပင်ဖြစ်သည် မဟုတ်လား။ ညွန့်ရီထက် တစ်ခုသာသေးသည်မှာ မစိန်အောင်က ရာဖြတ်မောင်ကလေး၏ တပည့်ရင်းမို့ အဆိုအင်မတန် နိုင်ခြင်းပင်၊ သန်းခေါင်ယံ တိတ်ဆိတ်သောညအခါ မင်းသမီး မင်းသားနှစ်ပါးသွား သည့်အခါ မစိန်အောင်များ ဟစ်၍အော်လိုက်လျှင် အသံ၊ အဆို၊ စည်းနှင့် အတီးသည် တစ်ခါတည်းလုံးပြီး ထွက်လာသည်ကို ကြားယောင်မိ သေး၏။ တွေးယင်းခုပင် ကြက်သီးမွေးညှင်းထလိုက်မိပါ၏။

မစိန်အောင်များ သွက်ပြီဆိုလျှင် ကိုယ့်မယားပင် ကိုယ်မရိုးနိုင်ဘဲ ကန့်လန့်ကာကြားမှ ကိုယ်ကွယ်၍ ငေးခဲ့သည်များကို သတိရမိပါသေး သည်။ မစိန်အောင်မှာ မဟာနဖူးနှင့်မျက်ခုံးခပ်ကောင်းကောင်း၊ ဘီးဆံထုံး အက်အက်ဖြစ်သည်။

ရုပ်သေးရုပ်ဟန်နှင့် ပုဝါကို မ,တတ်သည်။ ကနိုင်လိုက်သည် မှာလည်း ထမီနားကို ခြေဖျားခတ်လိုက် ဒေါင်းမြီးပမာ ကွေ့ဝိုက်၍ အကျနှင့်ဝါးလက်ခုပ်ရိုက်သံမှာ တစ်ထပ်တည်းကျသည်။ လွင့်ပါးသောတစ်ဦး ကန့်လန့်ကာတစ်ချပ်ကလေးမျှပင် ခြားလျက်ရှိသည်နှင့်ပင် မည်မျှ ကွာခြားလျက်ရှိသည်ကို တွေ့မြင်ရပေမည်။ မယားဖြစ်သူမှာ ကန့်လန့်ကာ ရှေ့ အောက်လင်းလက်ဆွဲမီးရောင်အောက်၌ မျက်နှာချေအဖွေးဖွေး၊ စက္ကူ ပန်းအမြိုင်သားနှင့် ဒေါ်လာဆွဲကြိုး လက်ကောက်၊ လက်စွပ် ဝတ်ကာ က, ဆိုနေစဉ် လင်သည်က ကန့်လန့်ကာနောက် ဇာတ်စင်မီးမလင်း တလင်းအောက်မှာ ဆီစိမ်လုံချည် အမြိတ်ဆင်ကို ငါးတောင်ကွင်း ဖြစ်ရသည့်အထဲမှာ ဒူးအထက်တက်ဝတ်ထားသဖြင့် ဘယ်တော့မှ မစုတ်သော လုံချည်ခါးပုံပွပွနှင့် ဂျပန်ဓာတ်ရိုက်ပုဝါကို ဘိုသီပတ်သီ ရစ်ထားသော ခေါင်းပေါင်းနှင့် ဒူးခပ်ညွှတ်ညွှတ်ရပ်လျက်ရှိသည်။ ဇာတ်မင်းသမီး မစိန်အောင်မသေခင် နှစ်နှစ်ခန့်က ဇာတ်ဆရာ ဆရာစိန့်နှင့် စကားများကြသည်ကို တွေးမိပြန်၏။ ဘာကြောင့်ရယ်ဟုတော့ ခုထက်ထိ မရှင်းလင်းသေး။ မစိန်အောင်နှင့် ခွန်းကြီးခွန်းငယ် ဖြစ်နေကြသည်ကို မြင်သဖြင့်သာ မယားဘက်က ဝင်ပါရတော့သည်။ ထိုစဉ်က သူသည် ဆရာစိန့်ကို မုန်းလည်းမမုန်း၊ ဒေါသလည်း မထွက်ဘဲနှင့်ရှိသော်လည်း မယားက မျက်ရိပ်ပြလိုက်လျှင် ဇာတ်ဆရာ ခေါင်းကိုခွဲပြီးသားပင် ဖြစ်တော့မည်။

သူတို့ လင်မယားသည် ဆရာစိန့်ဇာတ်မှ ခွဲထွက်ကာ အငြိမ့်က, ကြသည်။ မစိန်အောင်သည် အငြိမ့်လည်း အောင်မြင်ပြန်သည်။ ကိုခန့် ကသည် ကုလားဆင်မကလေး၏ အငြိမ့် က, ကလေးခပ်ဆတ်ဆတ်၊ အငြိမ့်ဆိုကလေး ခပ်ပေါ့ပေါ့ကို အံ့အားသင့်ရပြန်လေသည်။ တတ်လဲ တတ်နိုင်တဲ့ ငါ့မယားပါတကား။ အငြိမ့်စင်ပေါ်၌ ကိုခန့်သည် နောက်ကျ ကျမှာ ထိုင်ကာ အငြိမ့်မင်းသမီးအမောပြေ သောက်ဘို့ရေ၊ စားဘို့ကွမ်းယာ၊ လ္ဘက်တို့ကို စီစဉ်လျက်ရှိနေပြန်သည်။

“ကျွန်မ ရည်းစားက ဟိုက်စကူးကျောင်းသားရှင့် ... ခုလေ သူကျွန်မဆီ မလာတာ သုံးညရှိသွားပြီ၊ အသစ်တွေ့လို့ အချစ်ကို မေ့တာ ထင်ပါရဲ့နော်၊ ကျွန်မလေ လွမ်းလိုက်တာ ... ကိုပန်နကစ်ကယ် ...”

ဤသို့ မစိန်အောင်က ... လူပျက်ခေါင်းကို တရုတ် ယပ်တောင်ပြာကလေးနှင့် ရိုက်ယင်း အညုအခရာပေးကာ “သန်းခေါင်ကျော် ကျွန်မစောင့်လျက်နဲ့ ဘာကြောင့် မလာသလဲ ... မလာသလဲ ချစ်တဲ့မောင်ရေ ... ”ဟုများ ချွဲနွဲ့ပြီး ဆိုလိုက်လျှင် ကိုခန့်သည် ပွဲကြည့်ပရိတ်သတ်များနှင့်ရောပြီး လက်ခေါက်မှုတ်ချင်စိတ် ပေါ်လာ တတ်သည်။ ။

“ဪ ... မစိန် ... မစိန် တော်ရှာပါပေရဲ့ကွယ်၊ ငါ့လို လူနုံနဲ့တောင် မတန်ပါဘူး”ဟု သူညည်းမိတတ်သည်။

မယားဖြစ်သူကို ရှားပါးလှသော အံ့သြစဖွယ်သဘင်သည်ကြီး တစ်ယောက်ဟု သူယုံမှတ်သည်။ ကိုခန့်သည် အလိုလို ကိုယ့်ဘာသာ စိတ်ငယ်လျက်ရှိသည်။ သည်အထဲ မစိန်အောင်က ပိုင်ပိုင်နိုင်နိုင် ပြောတတ် လုပ်တတ်၊ သူကရှန့်တန့်တန့် ရွံ့တုံ့တုံ့နှင့် နှစ်ယောက်ဖက်မိ ကာ မယား၏ အစီအမံကို မခံရလျှင် ဘာမှမလုတ်တတ်တော့ပေ။ လူမမြင်ဘူးများဆိုလျှင် မစိန်အောင် ခြေသလုံးလိမ်းဘို့ပင် သနပ်ခါး သွေးချင် သွေးတတ်သည်။ မစိန်အောင်လို မိန်းမထူးကိုရမှဖြင့် သူသည် ဘာလုပ်လုပ် တင့်တယ်သော ကံကောင်းသူတစ်ယောက်ဖြစ်တော့သည်။ မစိန်အောင်က “မီးဖိုပေါ်က ငါးပိရေအိုးကလေး ကမ်းလိုက်ပါတော်”ဟု ဆိုလျှင်ပင် ပန်းကန်ထဲ ငါးပိရေခပ်ကာ ဇွန်းတပ်ပြီး အဖျော်ထည့်ငရုပ်သီးမှုန့်ပါ ခပ်ပြီးသားဖြစ်တတ်သည်။ ။

စင်စစ်တော့လည်း မစိန်အောင်မှာ သူ့အဖို့ တက္ကပဏ္ဍိတ ဇာတ်ထဲကလို “အလကားရတဲ့ ပံ့သုကူသားကလေးပါ ဒကာမကြီးရာ”ပင် ဖြစ်တော့သည်။ မစိန်အောင်ကို မစစ်မဆေးဘဲနှင့် အားရဝမ်းသာ ယူခဲ့ သည်။ သူ့လက်ထဲရောက်၍ ရ-လ မပြည့်ခင် ကလေးရသည်။ သို့သော်လည်း ကလေးမှာ သေသွား၍ ဘာမှ စကားများစရာမရှိ၊ သူကကျေနပ်သည်။ ဒါသာလျှင် အရေးကြီးသည်။ ။

ပြီးတော့ ပံ့သုကူဆိုသည်မှာ သူတစ်ပါးပစ်သွားသော ပစ္စည်း မဟုတ်ပါလား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း ဒါကို မြတ်သည်ဟု ဆိုခဲ့ပြီ၊ ပံ့သုကူသာ မဟုတ်ဖူးဆိုရင် မစိန်အောင်အနား ကပ်ပြီး လက်ကလေး ဖမ်းဆုပ်ရဘို့သော် လမ်းမမြင်၊ မစိန်အောင် ခပ်ငယ်ငယ် နာမည်ကျော်ကြားစက ဆရာစိန့်ဇာတ်ထဲ ရောက်လာသည်။ ကိုခန့်မှာ ဇာတ်ထဲ အရင်ရောက်နှင့်သူဖြစ်သည်။ သည်တုန်းက အနားများ ကပ်ရလေသလား ဝေးပါသေးရဲ့။ တော်တော်နှင့် ရက်တွေကြာတော့ ဇာတ်က ယိမ်းအုပ်မိန်းမရှာ ကိုအောင်ဘနှင့် စိန်အောင်အမိုက်မကလေး ရောတာတွေ့သည်။ နောက်တော့ ဝိုင်းတော်တီး ကိုကျင်ခနှင့် ရောပြန် သည်။ သည့်နောက်သည့်နောက်တော့ ကိုခန့်က သတင်း နားမထောင်တော့၍ ဘာမှတယ်မသိ၊ နောက်ဆုံး၌ မကြုံစဖူး မိမိကို အပြုံးအချို ကလေးများနှင့် တေ့သဖြင့် တစ်နေ့သ၌မှာ အကြင်လင်မယား ဖြစ်ကြသည်။

အဲ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ပြည်ကျော်မင်းသမီးနှင့် သာမန်ငခန့်တို့သည် တစ်ယောက်နှင့်တစ်ယောက် တန်ပါသေးသည်။ အင်မတန် တန်ပါသေးသည်။

*           *           *

ကိုခန့်သည် လေးပင်စွာထိုင်ရာမှ ထလေသည်။ သူ့မျက်နှာ၌ စိတ်မချမ်းမြေ့သော အရိပ်မဲများ ဖြတ်လျက်ရှိသည်။ ရုတ်တရက် သတိရ၍ ဆေးပေါ့လိပ်ကိုဖွာ၏။ မီးမရှိတော့ချေ။ အော်.. ဆေးလိပ်မီးပင် ငြိမ်းခဲ့ပြီတကား၊ ဘယ်လောက်ကြာအောင်များ သည်မီးဖိုကပြင်စွန်း ကလေးမှာ လာထိုင်နေမိပါလိမ့်။ ဒီလိုဘဲ ငါအင်မတန်ငိုင်တတ်သည်။ ယခုတော့ အိုလည်းအိုပြီလေ.. ရှေးဖြစ်ဟောင်းများသာ အောက်မေ့ကာ အချိန်ကုန်ရတော့မည်။ အင့်ဟင်... စင်စစ်တော့လဲ သဘင်သည်တို့ မည်သည် အိုသည်ဟု မရှိ။

ကိုခန့်သည် ဆေးပေါ့လိပ်ထိပ်ကို လက်ညိုးဖြင့် အစာပြန်သိပ်ရင်း အိမ်ရှေ့သို့ ထွက်လာ၏။ သမီး မြကြိုင်ကို မျက်လုံးဒေါင့်ကပ်ပြီး ခိုးကြည့် မိသည်။ သမီးဖြစ်သူမှာ သူ့ကို ဂရုမစိုက်၊ သူမဘာသာ ရင်ခံအဝါရောင် ကလေးကို ရွှေခြည်ထိုးနေသည်။ မြကြိုင်က အချုပ်အလုပ်လည်း ဖြစ်သည်။ တစ်ခါတလေ ထမီတစ်ထည်လုံးတောင် ရွှေကြယ်၊ ငွေကြယ်။ ရွှေခြည်၊ ငွေခြည် ထိုးတတ်သည်။ သင်းလဲ မအေ့သမီးဘဲလေ၊ ဘယ်ခေါ်မလဲ။

“ဟဲ့ မြကြိုင်” ဟု ဖြုတ်ကနဲ ခေါ်မိသည်။

““ဘာတုန်း”ဟု သမီးက မော့မကြည့်ဘဲ ထူးသည်။

ကိုခန့်သည် ဘာမှမပြောဘဲ သမီးရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူ့စိတ်တို့သည် အလွန်တရာမှ ကြောင်လည်နေသည်။ သမီးကို ခေါ်တုန်းကတော့ စကားစမြည်ပြောမလို့ပါဘဲ၊ ခုတော့ ပြန်ထူးပြန်တော့ အရှိန်တန့်သွားသည်။ ထူးလိုက်သည့် အသံကိုက သင့်မအေ အမူအရာပါလှသည်၊ ပိုင်နိုင်သည်။ ပြောမည့်စကားတောင်မှ မေ့သွားအောင် အနေအထားရဲဝံ့သည်။

သူ့လက်ပေါ်တွင် ကြီးခဲ့သော၊ ပြီးတော့ မှတ်မှတ်ရရ စိန်အောင် တို့ ဇာတ်အဖွဲ့နှင့် မန္တလေးဘက်တက်ကြစဉ်က မီးရထားဘူတာရုံ၌ မချီတတ် ချီတတ် ချီခဲ့သော ခေါင်းမခိုင့်တခိုင် ဇက်ကလေးတလယ်လယ် နှင့် သမီးမြကြိုင်လေး၊ ယခုတော့ အပျိုကြီးဖားဖားဖြစ်ကာ သူခေါ်သည် ကို မလေးမစား “ဘာတုန်း”ဟု သူ့အမေစတိုင် ထူးတတ်ပြီ ...။

ခုမှမဟုတ် .. ခုမှ မဟုတ်၊ ငယ်ကတည်းက သူ့အမေပြောသလို ပြောသည်။ သူ့အမေလုပ်သလို လုပ်သည်။ မအေကလည်း လင်ရယ်လို့ အရိုအသေမရှိ။ သမီးကလည်း ဖအေရယ်လို့ အရိုအသေမရှိ၊ ကိုခန့်ကို ဘယ်သူကမျှ မခန့်ကြပါတကား ... ဘဝကို စိတ်နာသည်။ လေးစားသော အကြည့်ကို ဘယ်မျက်လုံးမှာမှ မတွေ့ခဲ့ရ။ အသက်ကြီးလာ လေလေ ပိုဆိုးလေ ဖြစ်တော့သည်။

စင်စစ် ပေါက်ပေါက်စေ့ငုလျှင်တော့ တခါတုန်းက လူလူသူသူ ဖြစ်ခဲ့ဘူး၏။ ကာလသားတို့ဘာဝ ကြိုးကြီးချိတ်ပုဆိုးတောင်ရှည် တလွှားလွှားနှင့် ကြက်တိုက်ခဲ့စဉ်ကပေါ့ .... ။ ကြက်တိုက်လျှင် သူများ နိုင်သလို နိုင်လိုက်သည်။ သူများရှုံးသလို ရှုံးလိုက်သည်။ ဘယ်တော့မှ အောမတိုက်ခဲ့ဖူးဘူး၊ ဖဲရိုက်လျှင်လည်း သည်လိုဘဲ ထန်းတောတက်ပြီး ဦးရေသောက်ပြီးတော့ လုံးလုံးမသောက်ဘဲ နေနိုင် တာလည်းမဟုတ်၊ လူမှန်းမသိ ပစ်လဲအောင်မူးသည့်တိုင်လဲ မသောက်ရဲ၊

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)