ကြည်စိုးထွန်း - အရုပ်ဆိုးသောအချစ်များနှင့်အခြားစာရှည်များ
အိပ်မက်
သည်အိပ်မက်ကို မက်ဖြစ်ရန် လွန်ခဲ့သည့် တစ်နှစ်ခွဲနီးပါး ကာလ ကတည်းက အစပြုခဲ့ရခြင်း ဖြစ်သည်။ အိပ်မက်ကို ယူဆောင်လာသူက သိန်းဇော်(မန္တလေး) ဇာတ်မင်းသားလေး၊ သူက ဗီဒီယိုရုပ်ရှင်ကားတစ်ကား ကို ကျွန်တော်နှင့် ရိုက်ချင်သည်ဟု စကားစပြီး ရက်ခြားရက်ခြား ရောက်လာ ကာ ဇာတ်လမ်းတစ်ခုပြီး တစ်ခု ပြောဖြစ်ခဲ့ကြသည်။
ကျွန်တော်က မကြိုက်သည့်အခါလည်းရှိ၊ သူက မကြိုက်သည့် အခါလည်းရှိနှင့် တော်တော်နှင့် အလုပ်မဖြစ်ခဲ့။ ထိုအချိန်က ကျွန်တော်အနေ ဖြင့် ဗီဒီယိုရုပ်ရှင်ဆို၍ ဥက္ကာ” တစ်ကားသာ ရိုက်ဖူးသေး၏။
နောက်တော့ သူနှင့်ကျွန်တော် ဗီဒီယိုရုပ်ရှင်ကားတစ်ကား ရိုက်ရန် ' ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကို အကြိုက်ချင်းတူစွာ ရွေးဖြစ်ခဲ့ကြသည်။
ထိုဝတ္ထုဇာတ်လမ်းက တက္ကသိုလ်ဘုန်းနိုင်၏ မိုးညအိပ်မက်မြူ။ ဇာတ်ညွှန်းကို ၁၉၉၀ ခုနှစ် မတ်လလောက်က ရေးဖြစ်သည်ကို အမှတ်ထင် ထင် ဖြစ်မိသည်။ ဘာကြောင့်လဲဆိုတော့ မိုးသည်းသည်းရွာနေသည့် အကြောင်း ပါရှိသော ဇာတ်ညွှန်းကို နွေခေါင်ခေါင်တွင် အင်္ကျီဗလာဖြင့် ရေးဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ရေးနေစဉ် ပူလွန်းသောကြောင့် ထင်သည်။
ဇာတ်ညွှန်းထဲတွင် မိုးတွေ တအားရွာနေ၏။ ကားရိုက်သည့်အခါ မီးသတ်ကားဖြစ်စေ၊ စည်ပင်သာယာမှ ရေကားဖြစ်စေ သေချာပေါက် လိုအပ် မည်ကတော့ အမှန်ပင်။ ကြိုတင်ဝယ်ယူရမည့် စာရင်းထဲတွင် ရေပန်းကရား လေးခုကိုလည်း ရေးထည့်ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ နွေနေ့လယ်ခင်းများ၏ မိုးညအိပ်မက်တို့သည် နိုးထရှင်သန်ခြင်း မရှိခဲ့။ လနှင့်ချီ၍ နှစ်နှင့်ချီ၍ ကြာမြင့်လာခဲ့သည်။ သန်လျင် မှာပဲ ရိုက်ရမလိုလို၊ ပြင်ဦးလွင်မှာပဲ ရိုက်ရမလိုလို၊ ရန်ကုန်မှာပဲ ရိုက်ရမလို လိုနှင့်။ မင်းသမီးတွေလည်း မူလရည်ရွယ်ထားသူများ မဟုတ်တော့။
၎င်းတို့ အသစ်တစ်ဖန် ပြန်လည်နိုးသစ်လာသည့် တစ်ခုသော ကာလတွင် ကျွန်တော်သည် အိပ်မက်တွင်းသို့ သိသိသာသာကြီး တိုးဝင် သွားသည်။ ထိုနေ့သည်ကား ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ မိုးသည်းသော ည။ ည ၉:၃၀ အထူးစာပို့ အမြန်ရထားနှင့် နွယ်တို့၊ မောင်သစ္စာတို့၊ ဒေါက်တာမသက်ရီတို့၊ မောင်ညိုမှိုင်းတို့ရှိရာ ရွှေမန္တလေးသို့ ။
ကြားရလျှင် ရယ်စရာကောင်းချင် ကောင်းနေပါလိမ့်မည်။ နောက် တစ်နေ့ နေ့ခင်း ၁၂ နာရီခန့်တွင် မန္တလေးဘူတာသို့ ဆိုက်ရမည့် အထူးစာပို့ ရထားကြီးသည် ည ၁၃ဝ ကျမှ ခရီးဆုံးသို့ ရောက်ခဲ့သည်။ ပေါ်လီယာနာ ဆိုသော ကောင်မလေးကို သတိရရန် ကြိုးစားရင်း ဆယ့်သုံးလေးနာရီ
လောက် စီးရမည့် မီးရထားကြီးကို နှစ်ဆယ့်ခြောက်နာရီလောက် စီးလိုက် ရတာကတော့ တကယ့်ကို တန်ပါပေတယ်ဟူ၍ လာကြိုသူတို့ကို ဟာသ သံနှော၍ ပြောလိုက်ခဲ့သည်။
ဇာတ်ညွှန်းရေးတုန်းကလိုပင် ရိုက်ကူးရေးစသည့်အချိန်၌ မိုးတွင်း ကာလကြီး ဖြစ်ပါလျက် မန္တလေးတွင် မိုးကမရွာ၊ ခေါင်မှခေါင်၊ နေပူကျဲကျဲ ထဲမှာပင် မိုးသည်းသည်းအိပ်မက်ကို ကျွန်တော်နှင့်အတူ သိန်းဇော်၊ မေဆွိနှင့် မေသန်းနုတို့ မက်ဖြစ်ခဲ့ကြလေတော့သည်။
ပထမဆုံးအိပ်မက်ထဲတွင် လူလိမ်နှင့် စ၍တွေ့သည်။ လူလိမ်ကြီးက မီးသတ်ကားတစ်စီး။ ရေပန်းကရားလေးခုနှင့်အတူ ပေါ်လာသည်။ မန္တလေးမြို့ကို ပေါင်းတည်မြို့အဖြစ် လိမ်ညာဖန်တီးပြီး မိုးသည်းထန်သောတစ်နေ့ တွင် ဒေါက်တာမသက်ရီ (မေဆွိ)သည် ပေါင်းတည်မြို့သို့ ရောက်လာသည့် အခန်းကို ရိုက်ကူးသည်။
နေရောင်ကို နောက်ခံထားပြီး မီးသတ်ပိုက်မှ ရေများကို ထိုးပက် သည်။ မိုးရွာသည့်နှယ် ရေစက်များကျသည့်အချိန်တွင် ဒေါက်တာမသက်ရီ ကို လာကြိုသော ကားတစ်စီး ဖြတ်မောင်းလာသည်။ ။
ကားတွင်းမှ စကားပြောခန်းများကို ရိုက်ကူးရန်အတွက်မူ မီးသတ်ပိုက် ဖြင့် ရိုက်၍မရ။ ကင်မရာတွေပါ မိုးစိုနိုင်ဖွယ်ရှိသောကြောင့် ကားကို သစ်ပင် တစ်ပင်အောက် ရပ်စေပြီး သစ်ပင်ပေါ်မှတက်ကာ ရေပန်းကရားမှရေများလောင်းချခြင်းဖြင့် ကားမောင်းလာရင်း ကားတွင်းမှ စကားပြောခန်းများကို လိမ်လည်ရိုက်ကူးယူသည်။ ။
သို့သော် ကားရှေ့မှန်ပေါ်တွင် အရိပ်ထင်နေသည့် သစ်ပင်သစ်ရွက် အရိပ်တို့ ငြိမ်သက်နေသည်က ကားကို ရပ်ထားကြောင်း သက်သေပြသည့်နှယ် ဖြစ်နေသောကြောင့် သစ်ရွက် အရိပ်မထင်စေရန် စောင်မည်းမည်းတစ်ခု ဖြန့်၍ ကာပေးရပြန်သည်။
ထိုစကားပြောခန်းလေးကို ရိုက်ကူးပြီးစီးဖို့အရေး ကာသူက ကာ၊ ကားကို လှုပ်သူကလှုပ်၊ ရေလောင်းသူကလောင်းနှင့် ကျွန်တော်တို့၏ ချစ်လှ စွာသော ရုပ်ရှင်လောကကြီးကား မီးကျိုးမောင်းပျက် ဘဝလေးထဲမှ တက် မလာသေးပါလားဟု တွေးတောမိရင်း လူလိမ်ကြီးတစ်ယောက် ဟာသအိပ် မက် မက်ခဲ့လေ၏။
| ဆရာ တက္ကသိုလ်ဘုန်းနိုင်ကတော့ ဘယ်လိုစိတ်ကူးမျိုးနှင့် ရေးထား သည်မသိ။ သူ့ဝတ္ထုကို သရုပ်ဖော်ရမည့် ကျွန်တော့်အနေဖြင့် မောင်ညိုမှိုင်းကြောက်လန့်တတ်သော တံတားလေးကို ဘယ်လိုပုံစံလေး ဖြစ်ရမည်ဟု ကြိုတင်စိတ်ကူး မှတ်သားထားခဲ့လေရာ စိတ်ကူးထဲမှ တံတားကို ရှာရာတွင် တော်တော်လေးတော့ ကသိကအောက် ဖြစ်ခဲ့ရလေသည်။ ဓာတ်ပုံ ညောင်ဦး သန်းဌေး၊ ညီဝင်းမြင့်တို့ကလည်း တံတားလေးများရှိနိုင်သော နေရာတို့ကို ညွှန်ကြသဖြင့် ရန်ကင်းတောင်ဘက်သို့ ကားတစ်စီးဖြင့် တံတားအရှာ ထွက် ခဲ့သည်။ ရန်ကုန်တွင် မိုးသည်းသည်းမည်းမည်း ရွာနေမည်ဖြစ်သော်လည်း ရွှေမန္တလေးမှာတော့ နေပူပူက ကျဲ၊ ဖုန်မှုန့်တွေက ဖွဲ ဖြစ်နေပြီ။ ။
မိုးရွာထဲမှာ ရိုက်ရမည့် တံတားကို ဖုန်တောထဲမှာ ရှာရသောကြောင့် ထင်၏။ စိတ်ကြိုက်မတွေ့ခဲ့။ တံတားသေး၊ တံတားကျဉ်း၊ တံတားအို၊ တံတားကွေးပုံစံမျိုးစုံ ရှိလင့်ကစား စိတ်ကူးတွင်းမှ တံတားနှင့်လာ၍ အံမဝင်။ စိတ်ဓာတ်က ကျချင်ချင်ဖြစ်လာပြီ။ ။
သို့သော် မမျှော်လင့်ပါဘဲ အောင်ပင်လယ်ဘက်သို့အထွက် စိတ်ကူး ယဉ် အိပ်မက်တံတားကို မြို့သစ်ဘက်တွင် တွေ့လိုက်ရသည်။ တံတား လေးက ခပ်ခုံးခုံး၊ ခပ်ရှည်ရှည်၊ အောက်မှ ရေစီးချောင်းကလေးကလည်း သာယာပါ၏။ သို့သော် “မေဆွိတို့လာတယ်ဟေ့'ဟု ခုနစ်သံချီ အော်လိုက် သည့် အသံ၏နောက်တွင် ရွာနီးချုပ်စပ်မှ ရှိရှိသမျှ ဝေနေယျတို့ အလျှိုလျှို ထွက်လာကြကာ မေဆွိဆိုသော မိန်းကလေးကို ဝိုင်းအုံ၍ ကြည့်ရှုနေကြ၏။ မင်းသားမင်းသမီးဖြစ်ရသော ဒုက္ခကား မသေးလှ။ မျက်လုံးပေါင်းများ စွာ၏အောက်တွင် ခပ်ပြုံးပြုံးလေးနေရသည်မှာ ကျဉ်းကျပ်လှပါတော့၏။
သည်တံတားလေးတွင်လည်း ကျွန်တော်က မိုးရွာစေချင်၏။ မိုးရွာ နေသည့် တံတားပေါ်သို့ ဒေါက်တာမသက်ရီတို့တစ်တွေ မောင်ညိုမှိုင်းကို လိုက်ရှာစေချင်၏။ မောင်ညိုမှိုင်းကိုလည်း စီးဆင်းနေသော ချောင်းကလေး တွင် မိုးရွာထဲ၌ မေ့လဲနေစေချင်၏။
ထို့ကြောင့် မေဃဒူတလက်စွဲတော် ရေပန်းကရားများကို ပြန်ယူစေ ၏။
ရေပန်းကရားများကို ပြန်ယူသည့်မော်တော်ကားက တည်းခိုသည့် အိမ်သို့ ရောက်ဦးမည်မဟုတ်သေး။ ရိုက်ကွင်းမှာတော့ လူတွေ ပြည့်ကျပ်နေ ချေပြီ။ တံတားပေါ်တွင်လည်း လူတွေများလှသောကြောင့် တံတားလက်ရန်း အချို့ သံပြုတ်ထွက်ကုန်သည်။
ညကလည်း တဖြည်းဖြည်း မှောင်လာသည်။ ပရိသတ်ကလည်း လျော့မသွား။ မေဆွိကို အသေကြည့်နေကြ၏။ လူအုပ်ကြီးအလယ်တွင် မေဆွိခမျာ မပြုံးနိုင်ရှာတော့။ မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေရှာချေ
“ကဲ၊ ကဲ ရှုတင်သိမ်းတော့ဟေ့၊ မရတော့ဘူး။ လူတွေ သိပ်များလာ ပြီ”
ဟု ကျွန်တော်က အော်လိုက်ပြန်သည်။
အားလုံး ပြန်ရန်ပြင်ဆင်ကြသည်။
နောက်မှ တပည့်ကျော်ဖိုးချိုကို တိုးတိုးတိတ်တိတ် မှာရသည်။ “အားလုံး ကိုယ်ယောင်ဖျောက်ကြ၊ နောက်တစ်နာရီလောက်မှ ပြန်လာပြီး ရိုက်ကြမယ်”
နောက်တစ်နာရီအကြာ၌ တံတားလေးပေါ်သို့ မသက်ရီတို့အုပ်စု မောင်ညိုမှိုင်းကို လိုက်ရှာသည့်အခန်းအား ခိုးကြောင်ခိုးဝှက်ရိုက်ကူး၍ ပြီး စီးခဲ့ကြသည်။
အကယ်၍ ရိုက်ကူးနေချိန်တွင် ရွာသူရွာသားများက ရုတ်တရက်သိရှိကာ ငါတို့ကို မလိမ့်တပတ်လုပ်ပြီး ရုပ်ရှင်ရိုက်တဲ့ကောင်တွေ သိရော ပေါ့ကွာဟုတွေးကာ တုတ်တွေ ဓားတွေဖြင့် လာ၍များ အင်တိုက်အားတိုက် အားပေးကြမည်ဆိုလျှင် ..... ။
အခြားသူတွေကတော့ မည်သို့ခံစားကြရမည် ကျွန်တော်မသိ။
ကျွန်တော့်အနေဖြင့်တော့ ထိုနေ့ည အောင်ပင်လယ်တစ်နေရာ၌ စွန့် စားခန်းအိပ်မက်တစ်ခုကို ထင်ထင်ရှားရှား မက်ခဲ့မိသည်ကား အမှန်။
( ရင်ခုန်သံ၊ အမှတ် ၂၁၊ စက်တင်ဘာ၊ ၁၉၉၁)