ကြည်ကြည်မာ - ဖူစုန်းလင်၏တရုတ်ဂန္ထ၀င်လျောင်ကျိုင်း၀ထ္ထုကြီး
ဖျင်ဖျင်
စန်း ရှီးပြည်နယ်၊ ဖင်းခရိုင်သား လိုကြည်ဖူဟာ ငယ်စဉ်ကတည်း က မိဘကွယ်လွန်သွားတယ်။ သူ အသက် ၈ နှစ်၊ ၉ နှစ် အရွယ်ကတည်းကစပြီး အရာရှိဖြစ်တဲ့ ဦးကြီးတော်သူ လိုတော့ယဲ့နဲ့ လိုက် နေတယ်။ သူ့ဦးကြီးဟာ အလွန်ချမ်းသာတယ်။ ဒါပေမဲ့ သားယောက်ျား လေးမရှိဘူး။ ဒါကြောင့် သူ့ကို သားအရင်းလို သဘောထားတယ်။ “
လိုကြည်ဖူ အသက် ၁၄ နှစ်အရွယ်ရောက်တော့ အိမ်က ထွက် သွားတယ်။
သိပ်မကြာဘူး။ သူ့မှာ တစ်ကိုယ်လုံး အနာတွေပေါက်လာတယ်။ ပြည်တွေယိုပြီး နံစော်နေတယ်။ အိပ်ရာတစ်ခုလုံး သွေးတွေ၊ ပြည်တွေနဲ့ ပေကျံနေတယ်။
ဒီအချိန်ကျတော့ သူနေတဲ့အိမ်က သူ့ကို မောင်းထုတ်လိုက်တယ်။ သူလည်း လမ်းပေါ်ရောက်ပြီး တောင်းစားနေရတယ်။ လမ်းပေါ်က လူ တွေဟာ သူ့ပုံပန်းကို မြင်တာနဲ့ ခပ်ဝေးဝေးက ရှောင်သွားကြတယ်။
သူဟာ တစ်နယ်တစ်ကျေးမှာ သေရမှာစိုးတာနဲ့ တစ်လမ်းလုံး တောင်းစားရင်း စည်းရုံးပြည်နယ်ဆီကို လျှောက်ပြန်ခဲ့တယ်။
နေ့စဉ် လီ ၃-၄ ဆယ်ရအောင် လျှောက်တယ်။ တဖြည်းဖြည်းနဲ့ ဖင်းခရိုင် နယ်နိမိတ်အတွင်း ရောက်လာတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့ အဝတ်အစားတွေ စုတ်ပြဲပြီး တစ်ကိုယ်လုံး အနာတွေနဲ့ ညစ်ပတ်စုတ်ပြတ် နံစော်နေတဲ့အတွက် အိမ် မပြန်ဝံ့ဘဲ အနီးအနားက ခရိုင်တချို့မှာ လှည့်လည်တောင်းရမ်း စား သောက်နေတယ်။
တစ်ညနေခင်းမှာ သူဟာ တောတောင်ထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းကို တည်းခိုဖို့သွားတယ်။ တောလမ်းကလေးမှာ မိန်းမငယ် တစ်ယောက်နဲ့ တွေ့တယ်။ ရုပ်ရည်ကတော့ နတ်သမီးကလေးလို ချော မောလှပတယ်။ သူ့အနီးရောက်တော့ သူ့ကို ဘယ်သွားမလို့လဲလို့ မေး တယ်။ လိုကြည်ဖူက အမှန်အတိုင်း ပြောပြတယ်။ မိန်းမငယ်က.. “ကျွန်မဟာ တရားကျင့်နေသူပါ။ ဂူထဲမှာ နေပါတယ်။ ရှင်နေဖို့ နေရာရှာ ပေးနိုင်ပါတယ်။ ရှင် ကျားတို့၊ မြေခွေးတို့ အန္တရာယ်မှကင်းအောင် ခဏခိုနားနိုင်ပါတယ်” လို့ပြောတယ်။ လိုကြည်ဖူဟာ အလွန်ဝမ်းသာ သွားတယ်။ ဒါနဲ့ မိန်းမငယ်နောက် လိုက်သွားတယ်။
တောနက်ထဲရောက်တော့ ဂူတစ်လုံးကို တွေ့တယ်။ အထဲဝင် လိုက်တော့ ဂူတံခါးအတွင်းမှာ စမ်းချောင်းတစ်ခုကို တွေ့ရတယ်။ စမ်းချောင်းပေါ်မှာ ကျောက်တံတားတစ်စင်း ရှိတယ်။ ရှေ့နည်းနည်း ဆက်သွားတော့ ကျောက်တုံးနဲ့ဖွဲ့ထားတဲ့ အခန်းနှစ်ခန်းရှိတယ်။ အတွင်း မှာ အလင်းရောင်တွေ ဖြာနေတယ်။ ညကြီးမှာ မီးခွက်တို့၊ ဖယောင်းတိုင် တို့ ထွန်းစရာမလိုဘူး။ အဲဒီမိန်းမငယ်က သူ့ကို အင်္ကျီအစုတ်တွေ ချွတ် ပစ်ပြီး စမ်းချောင်းမှာ ရေသွားချိုးခိုင်းတယ်။ မိန်းမငယ်က... “ရေချိုး လိုက်ပါ၊ ရှင့်ကိုယ်ပေါ်က အနာတွေ ပျောက်သွားပါလိမ့်မယ်” လို့ ပြောတယ်။ ပြီးတော့ ကျောက်နံရံကို ဆွဲဖွင့်လိုက်တယ်။ အိပ်ရာခင်းပြီးသူ့ကို အိပ်ခိုင်းတယ်။
“ရှင် မြန်မြန်အိပ်လိုက်၊ ကျွန်မ ရှင့်ကို ဘောင်းဘီ ချုပ်ပေးမယ်” လို့ပြောတယ်။ မိန်းမငယ်ဟာ ငှက်ပျောရွက်လို အရွက်ကြီး တချို့ ခူးလာတယ်။ ကိုက်ညှပ်ပြီး စချုပ်တယ်။ ခဏလောက်ချုပ်တာနဲ့ ချုပ်ပြီးသွားတယ်။ ခေါက်ပြီး သူ့ခုတင်ဘေးမှာ ထားလိုက်တယ်။
“မနက်ဖြန်မနက်ကျရင်ဝတ်”
လို့ ပြောပြီး မျက်နှာချင်းဆိုင်က ခုတင်မှာ ဝင်အိပ်တယ်။
လိုကြည်ဖူဟာ စမ်းရေချိုးပြီးနောက် ကိုယ်ပေါ်ကအနာတွေ မနာ တော့ဘူး။ မယားတော့ဘူး။ အိပ်ရာက တစ်ရေးနိုးလာလို့ စမ်းကြည့်လိုက် တော့ အနာဖေးတွေ အထူကြီးတက်နေပြီ။ နောက်နေ့နံနက် အိပ်ရာက ထခါနီးမှာ ငှက်ပျောရွက်နဲ့ ချုပ်တဲ့အင်္ကျီ ဝတ်လို့မှ ရပါ့မလားလို့ စိုးရိမ် မိတယ်။ ယူပြီး သေချာကြည့်ကြည့်လိုက်တော့ အစိမ်းရောင် ပိုးသား အဝတ်အထည် ဖြစ်နေတယ်။ ချောလည်းချော၊ ညက်လည်းညက်တယ်။
နံနက်စာ စားခါနီးတော့ မိန်းမငယ်ဟာ တောသစ်ရွက် နည်းနည်းခူးလိုက် တယ်။
“မုန့်စား” လို့ ပေးတယ်။ လိုကြည်ဖု စားကြည့်လိုက်တော့ တကယ့် မုန့်ပဲ။ တစ်ခါ သူမဟာ သစ်ရွက်ကို ကြက်ပုံ၊ ငါးပုံညှပ်ပြီး ချက်စား တယ်။ အားလုံး အစစ်တွေအတိုင်း အရသာရှိတယ်။ အိမ်ခန်းထောင့်မှာ အရက်ကောင်းတစ်အိုး ရှိတယ်။ ခပ်ခပ်ပြီး သောက်တယ်။ ကုန်ခါနီးရင် စမ်းရေခပ်ထည့်တယ်။ ရေဟာ အရက်ဖြစ်သွားတယ်။
ရက်အနည်းငယ်ကြာတော့ လိုကြည်ဖူရဲ့ အနာဖေးတွေ ကြွေကျ ပြီး ပျောက်သွားတယ်။ သူဟာ မျက်နှာချင်းဆိုင် ခုတင်ကိုကူးပြီး မိန်းမငယ် ကို ချစ်ရေးဆိုတယ်။ မိန်းမငယ်က မျက်စောင်းတစ်ချက်ထိုးပြီး ပြော တယ်။
“လူဆိုး၊ ခုတင်မှ နေစရာထိုင်စရာ ရှိသေးတယ်။ မကြံအပ်တာ တွေ ကြံပြန်ပြီနော်”
လိုကြည်ဖူက..
“ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်လို့ ချစ်စိတ်တွေ ပေါ်လာ တာပါ” လို့ပြောတယ်။ သူတို့နှစ်ဦး အကြင်လင်မယား ဖြစ်သွားတယ်။
တစ်နေ့မှာ အမျိုးသမီးတစ်ယောက် ရယ်ပြီး ဝင်လာတယ်။ ပါးစပ် ကလည်း “ဖျင်ဖျင်ရေ၊ ဟေ့ကောင်မ နင့်ကြည့်ရတာ ပျော်နေပုံပဲ” လို့ အော်ပြောလာတယ်။
မိန်းမငယ်က ထွက်ကြိုဆိုရင်း ရယ်ပြီးပြောတယ်။
“ပန်းမြို့တော်မမ၊ ရှင်မလာတာ ကြာပါပေါ့။ ဒီနေ့ အနောက် တောင်လေဖိတိုက်လို့ ရှင့်ကို ဒီဘက် တိုက်လာတယ်ထင်တယ်။ ကလေး ကော ချီလာရဲ့လား” ပန်းမြို့တော်မမက ပြောတယ်။
“ကျွန်မ မကြာခင်က မွေးတာလည်း မိန်းကလေးပဲ” မိန်းမငယ်က လှောင်တယ်။
“ပန်းမြို့တော်မမ၊ ရှင့်ကြည့်ရတာ မိန်းမချည်းထုတ်လုပ်တဲ့ စက် တစ်လုံးနဲ့ တူနေပြီ။ ဘာဖြစ်လို့ ချီမလာတာလဲ”
ပန်းမြို့တော်မမက ပြောတယ်။
“ခုတင်ပဲ ချော့သိပ်ခဲ့တာ”
ဒီလိုနဲ့ ဧည့်သည်ရော အိမ်ရှင်ပါ ဝိုင်းထိုင်ပြီး အရက်သောက်ကြ တယ်။ ပန်းမြို့တော်မမက လိုကြည်ကို ကြည့်ပြီးပြောတယ်။
“ဒီချာတိတ်ဟာ တော်တော် ကုသိုလ်ကံကောင်းတာပဲ”
လိုကြည်ဖူဟာ သူမကိုကြည့်တယ်။ အသက်အရွယ် ၂၃-၄ နှစ်ရှိ ပုံရတယ်။ ရုပ်ရည်က မျက်နှာမြင် ချစ်ခင်ချင်တဲ့ ရုပ်ရည်။ လိုကြည်ဖူ စိတ်ထဲမှာ သူမကို အလွန်စွဲသွားတယ်။ သစ်သီးစားတဲ့အခါမှာ တမင် သစ်သီးလွတ်ကျဟန်ဆောင်တယ်။ သစ်သီးကုန်းကောက်ရင်း ပန်းမြို့တော်မမ ခြေထောက်ကို တစ်ချက်ဖျစ်လိုက်တယ်။
မမက ဘာမှမခံစားရ သလို သူ့ကို လှည့်တောင်မကြည့်ဘူး။ ရယ်ပြီး နေတယ်။ လိုကြည်ဖူ စိတ်တွေ ဗြောင်းဆန်နေတုန်းမှာ ရုတ်တရက် တစ်ကိုယ်လုံး အေးစက် သွားတယ်။ ကိုယ်ပေါ်ငုံ့ကြည့်လိုက်တော့ အင်္ကျီတွေဟာ ညှိုးရော်နေတဲ့ သစ်ရွက်တွေ ဖြစ်ကုန်တယ်။ သူ့ရင်ထဲမှာ တအား ထိတ်လန့်သွားတယ်။ သစ်ငုတ်တိုကြီးလို အတန်ကြာ ထိုင်နေတယ်။ ဒီတော့မှ မူလကအတိုင်း ပြန်ဖြစ်လာတယ်။ သူဟာ မိန်းမနှစ်ယောက် ဒီအဖြစ်အပျက်ကို တွေ့
မသွားတာကို တိတ်တိတ် ဝမ်းသာမိတယ်။
ခဏနေတော့ အရက်ခွက်ချင်းထိပြီး အရက်သောက်တဲ့အခါမှာ စိတ်ဖောက်လာပြန်တယ်။ ပန်းမြို့တော်မမရဲ့ လက်ဖဝါးကို လက်ချောင်း
လေးနဲ့ မိုးကုတ်တယ်။ မမဟာ ဘာမှမသိသလို ပြောဆိုရယ်မောနေ တယ်။
သူ ရင်ခုန်နေတုန်းမှာပဲ အင်္ကျီတွေ ညှိုးရော်ပြီး သစ်ရွက်တွေ ဖြစ်သွားတယ်။ တော်တော်ကြီးကြာမှ မူလကလို ပြန်ဖြစ်လာတယ်။ ဒီလို နှစ်ကြိမ်ဖြစ်ပြီးတော့မှ သူဟာ စိတ်မဖောက်ဝံ့တော့ဘူး။
ပန်းမြို့တော်မမက ရယ်ပြီးပြောတယ်။
“နင်တို့အိမ်က သမက်ကတော့ သိပ်အပိုးမကျိုးဘူးနော်။ ဒီလို ထိန်းနိုင်တဲ့မိန်းမနဲ့ တွေ့လို့သာပေါ့။
နို့မို့ရင် မိုးပေါ်တက်ပြေးမှာ” မိန်းမ ငယ်ကလည်း သရော်ရယ်ပြီး..
“စိတ်ကောင်းမရှိတဲ့ဟာ ချမ်းသေတာပဲ
ကောင်းတယ်” လို့ပြောတယ်။ နှစ်ယောက်သား လက်ခုပ်တီးပြီး ဟား တိုက်ရယ်ကြတယ်။
ပန်းမြို့တော်မမဟာ ထိုင်ရာက ထလိုက်ပြီး... “ကောင်မလေးတော့ နိုးနေပြီထင်တယ်။ သေလုအောင် ငိုတော့မယ်” လို့ပြောတယ်။ မိန်းမငယ် ကလည်း မတ်တတ်ထရပ်လိုက်ပြီး ကျီစားပြောတယ်။
“ရှင်က ဒီမှာ သူများယောက်ျားကို စိတ်ပါလက်ပါ ဆွဲဆောင်နေတော့ အိမ်က ကျန်း ချင်လေးငိုလို့ သေသလား၊ ရှင်သလား ဘယ်သိတော့မှာလဲ”
ပန်းမြို့တော်မမ ထွက်သွားတော့ လိုကြည်ဖူဟာ မိန်းမငယ်က သူ့ကို အပြစ်တင်ဒဏ်ခတ်မှာ၊ ကဲ့ရဲ့မှာ စိုးရိမ်တယ်။ ဒါပေမဲ့ သူမဟာ ဘာမှမဖြစ်ဘူး။ ခါတိုင်းလိုပဲ နေတယ်။
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာတယ်။ ဆောင်းဦး ပေါက်လာပြီ။ လေကအေးစက်ပြီး နှင်းလည်း ခဲလာတယ်။ သစ်ရွက်တွေ လည်း ကြွေကျကုန်ပြီ။ မိန်းမငယ်ဟာ သစ်ရွက်ကြွေတွေကို သိမ်းဆည်း