Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကျော်အောင် - ဝထ္ထုတိုငါးပုဒ်

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

နေရစ်တော့ အမေ

ဧည့်သည်များအားလုံးလိုလိုပင် ပြန်၍ သွားလေပြီ။ သည်အခါ ကျမှပင် သူတို့ မောင်နှမသည် အားရပါးရ ငိုကြတော့မည်ဟု ပြင်ဆင် ကာ မိခင်၏အလောင်းစင်ဘေး၌ ထိုင်ကြလေ၏။ မောင်က တစ်ဖက် ၌ ထိုင်၍ နှမက တစ်ဖက်က ထိုင်ကာ မိခင်၏ မျက်နှာကို တစိမ့်စိမ့် ကြည့်ကြလေသည်။ မိခင်၏မျက်နှာသည် ရုပ်ဆင်းပင် မပျက်သေးဘဲ ဖြူဖွေးနေ၏။ မျက်နှာကို သမီးက မှုန်နံ့သာ ခြယ်ထား၍ မီးရောင်မှာ ဝင်းလက်နေ၏။ သေပန်းပွင့်သည် ဆိုတာ ဒါကိုပင် ခေါ်မလားမသိ။ ယခုမှပင် မိခင်၏မျက်နှာသည် အပြစ်ကင်းစင်နေသည်ဟုလည်း ထင် မိ၏။

အိမ်ရှေ့မှာ ယာယီထိုးထားသော မဏ္ဍပ်တွင်မူ အရပ်ထဲက မိတ်ဆွေများ လာရောက်၍ ဖဲဝိုင်း ဖွဲ့ ကာ ကစားနေကြ၏။ ညဦးပိုင်း ကမူ မသာ မေးလာရောက်သည့် ပရိသတ်ကြောင့် မောင်နှမနှစ်ယောက် မျက်နှာချင်း မဆိုင်ရ။ မောင်က ယောက်ျားဝိုင်းတွင် ဧည့်ခံ၍၊ နှမက မိန်းမဝိုင်းတွင် ဧည့်ခံနေရ၏။ ယခုမှပင် မောင်နှမနှစ်ယောက် မျက်နှာ///

ချင်းဆိုင်ရ၏။

မောင်သည် မကြာသေးမီကမှ ဝတ်လုံ စာမေးပွဲဖြေဆို အောင် မြင်ပြီး တရားမ ဝန်ထောက်ကလေးအဖြစ် ဟိုဝေးသော အောက်

အောက်ရွာ အရပ်တစ်ခုသို့ အလုပ်ဖြင့် ရွှေ့ပြောင်းသွားရ၏။ ယခု အမေသေမှပင် မှီရာ လေယာဉ်ပျံဖြင့် လိုက်ခဲ့ရ၏။ သူတို့ဖခင် အငြိမ်း စား ဝန်ထောက်ကြီး ဆုံးကတည်းက ဥမကွဲ - သိုက်မပျက် မိသား တစ်စု နေထိုင်လာကြသည်။ သားကြီးသည် ရိုးရိုးကုပ်ကုပ်နှင့် ပညာ ရှာမှီး၏။ ကောလိပ်ကျောင်း၌ သွားရောက် ပညာသင်ကြားနေရသော် လည်း ကျောင်းပိတ်ရက်တိုင်း မိဘနှင့် နှမလေးရှိရာသို့ ပြန်လာလေ့ ရှိ၏။ ၁၅ ရက်မျှသာ ကျောင်းပိတ်ရက် ရသည့် ဒီဇင်ဘာ ကျောင်း ပိတ်ရက်မှာပင် အမေ့ရပ်ထံသို့ ပြန်ဖြစ်အောင် ပြန်ရ၏။ အသက် အရွယ်အားဖြင့်ဆိုလျှင် သူ၏အသက်မှာ မငယ်တော့ပေ။ ဘီအေ

အောင်သည့်အချိန်မှာ အသက်အစိတ်ရှိနေပြီ။ ဂျပန်ခေတ်က ပညာ သင်ကြားရေး ပျက်ရ၍ အသက် ၂၁ နှစ်မှ ကောလိပ်ကျောင်းသို့ ရောက်ရ၏။ အိမ်ထောင်ရက်သားပြုဖို့ အချိန်တော်ပြီဟု တစ်နည်း ဆိုနိုင်သော်လည်း မိခင်နှင့် နှမ၏မျက်နှာများကို မြင်ယောင်မိသည့် အခါတိုင်း အိမ်ထောင်ပြုလိုစိတ် လွင့်စဉ်ခဲ့ရ၏။ နှမဖြစ်သူကလည်း သည်အတိုင်းပင်တည်း။ မိခင်က သူတို့ နှစ်ယောက်အား အိမ်ထောင် ပြုရန် ပြောသည့်အခါတိုင်း နှစ်ယောက်စလုံး ခေါင်းခါခါ လည်ခါခါ ငြင်းဆိုမိလေသည်။

နှမဖြစ်သူမှာလည်း မောင်ကြီးကဲ့သို့ပင် မိခင် သံယောဇဉ် ကြီးမားလွန်း၍ အိမ်ထောင်ပြုရန် သည်တစ်သက်တွင် စိတ်မကူးမိပေ။ သည်အမေကိုပင် လုပ်ကျွေးပြုစု၍ တသက်လုံး အပျိုကြီးဘဝဖြင့် အရိုးထုတ်ကာ အမေမျက်နှာလွှဲလျှင် ဘိက္ခုနီမ လုပ်တော့မည်ဟု///

 

စိတ်ပိုင်းဖြတ်ထား၏။ ချစ်လိုက်ရသည့် အမေ၊ ခင်တွယ်လိုက်ရသည့် အမေ၊ သံယောဇဉ် ကြီးလိုက်ရသည့် အမေ။

ဪ.. ဒေါ်လွန်းမယ်တို့တော့ သည်တစ်သက်မှာ သားသမီး အကျိုးပေး တယ်ကောင်းဟု အရပ်ကပင် ချီးမွမ်းရ၏။

ဟောဒါက မေမေကြိုက်တဲ့ ကြက်သားစွပ်ပြုတ်၊ ဟောဒါက မေမေကြိုက်သလို ချက်ထားရတဲ့ ဝက်သားစတိတ်။ သမီးသည် မာ့ အကြိုက် ဟင်းတစ်မျိုးပြီးတစ်မျိုး လဲ၍ ချက်ပေး၏။ “ကျွန်မတို့ မေမေက အကောင်းမှ စားတာရှင့်” ဟုလည်း အရှေ့ခုနစ်အိမ် အနောက် ခုနစ်အိမ် ပြောရ၏။

“ဟော... ကိုကိုက မေမေ့ဖို့ ရခိုင်လုံချည်တစ်ထည် ဝယ်ပို့ လိုက်တယ်၊ မေမေ ကြိုက်တတ်တဲ့ ရခိုင်ငါးပိ၊ သူ့မိတ်ဆွေရခိုင်တွေ ဆီက ရလို့ ပို့လိုက်တယ်၊ ဒါက ကိုကို လူကြုံမှာပေးလိုက်တဲ့ မေမေ့ ဖို့ ပုစွန်ဆီရှင့်” စသည်ဖြင့် လူကြုံပါးလိုက်သော ပစ္စည်းများကို ယူ လာ၍ အပြန်လမ်းမှာ တွေ့သမျှ မိတ်ဆွေသင်္ဂဟတိုင်းကို ပြရ၏။

“ကျွန်တော်တို့ဖြင့် “အိမ်ထောင်ရက်သား ပြုဖို့ စိတ်မကူးနိုင်သေး ပါဘူးဗျာ။ ဒီမအေနဲ့ ဒီနှမရဲ့ သံယောဇဉ်က ကြီးလွန်းလို့။ မေမေ မကြိုက်တာဆိုရင် ကျွန်တော် ဘာမှ မလုပ်ပါဘူးလို့ ဘုရားမှာ သစ္စာ ဆိုထားတယ်။ မိန်းမယူရင်လည်း မေမေ စိတ်ကြိုက်တွေ့မှ ယူမယ် စိတ်ကူးတယ်ဗျာ။ ကျွန်တော်တို့မှာ ဒီမောင်နှမမိသားတစ်စု သုံး ယောက် ရှိတာ၊ ကျွန်တော့်အမေကြီး စိတ်ချမ်းသာမှ ကောင်းမယ်....”

မောင်ကလည်း ဤသို့သဘောရှိ၍ “မလွန်းမယ်တို့ သားသမီး အကျိုးပေးတယ်” ဟု အရပ်က ပြောကြသည်မှာလည်း အမှန်စင်စစ် မကဲလွန်းပါ။

သားနှင့်သမီးသည် အမေသေသည့်အခါ အစဉ်အလိုက် စိတ်///

ထဲ၌ အမေနှင့် ပတ်သက်သည့် ကိစ္စတို့ တစ်ခုပြီးတစ်ခု ပေါ်လာကြ၏။

မေမေက လိမ္မာအောင် ဘယ်လို သွန်သင်တတ်ပုံ။ မေမေက သားနှင့်သမီးကို ဘယ်သို့ သံယောဇဉ်ကြီးပုံ စသည်တို့မှာ တစ်ခုပြီး တစ်ခု ပေါ်လာကြ၏။ သည်အခါတွင် မျက်ရည်ဖြိုင်ဖြိုင်ကျရပြန်လေ သည်။

သမီးက သူတို့နှစ်ယောက်မှာ ယခုအခါ တစ်ကောင်ကြွက် ဖြစ်၍ ကျန်ရစ်နေပုံ၊ ဖေဖေမျက်နှာလွှဲကတည်းက မေမေ့လက်ပေါ်၌ ကြီးပြင်းခဲ့ရ၍ အမေအုပ်သော သမီးပီပီ သူ့ဘယ်လို လိမ္မာစွာနေထိုင် ခဲ့ပုံ၊ ယခုတော့ မျက်စိသူငယ်၊ နားသူငယ် ကျန်ရစ်ရတော့ပုံတို့ကို ဖွဲ့ နွဲ့ ၍ ငိုပြန်၏။

“ကဲ... ကဲ... ညီမလေး အိပ်တော့ ဟုတ်လား၊ အစ်ကိုကြီး မေမေ့အလောင်းကို တလှည့်စောင့်ဦးမယ်...”

“ဟင့်အင်း... ကိုကို၊ ဒီည ညီမလေး မအိပ်တော့ဘူး... အိပ်လို့ လည်း မရတော့ဘူး၊ အားရအောင် ငိုဦးမယ်။ ပြီးတော့လည်း မေမေ့ မျက်နှာကို အားရအောင် ကြည့်ပါရစေဦး ကိုကိုရယ်... ဒီတစ်ခါ နောက်ဆုံးကြည့်ခြင်းနဲ့ ကြည့်ရမှာပါ..”

သားကြီးကမူ မည်သို့မျှ ဖွဲ့နွဲ့၍ မငိုကြွေးသော်လည်း မျက်ရည် ဖြိုင်ဖြိုင်ကျ၍သာ အမေ့အလောင်းကို ကြည့်နေ၏။ စိတ်ထဲမှာမူကား အမေနှင့် ပတ်သက်၍ ဝမ်းနည်းကြေကွဲကာ ဆွေးရိနေ၏။

ဒါတွေဟာ ငါ့အပြစ်ချည်းပဲ၊ ငါနဲ့ ဝေးဝေးလံလံနေရလို့ မေမေ သေရတာ။ ငါ့မျက်စိအောက်မှာသာ နေရရင် မေမေ ဒီလို မသေရဘူး၊ တောမှာနေရတော့ ဆရာဝန်ကောင်း မရှိဘူး။ ရန်ကုန်ကိုသာ အချိန်မီ ခေါ်ပြီးကုရရင် မေမေ သေဦးမှာ မဟုတ်ဘူး။ ညီမလေးကလည်း လိုတာပါပဲကွယ်။ ဖြစ်ဖြစ်ချင်း ငါ့ကို အကြောင်းမကြားဘူး။///

ရုတ်တရက် ရောဂါဆိုးလာမှ ငါ့ကို မှာတယ်..”

“အစက ဒီလိုမသိလို့ ကိုကို့မမှာရတာ ကိုကိုရဲ့ ။ ရောဂါက ဘာမှ ဖြစ်လောက်တာ မဟုတ်တော့ ဒီလို ပိုးစိုးပက်စက် ဖြစ်လိမ့်မယ် လို့ စိတ်ထဲမှာ မထင်မိဘူး။ ညီမလေး အပြစ်လည်း ပါတာပါပဲ ကိုကိုရယ်... ညီမလေး မိုက်လို့ မေမေ သေရတာ...”

“ကဲ ကဲ... ညီမလေး ခေါင်းကိုက်နေမယ်... မငိုနဲ့တော့ လာဟေ့.. မေမေ့အလောင်းကို မေမေကြိုက်တတ်တဲ့ ဇင်းမယ်လုံချည် လွှမ်းပေးရအောင်၊ ပေးပေး မေမေ့သေတ္တာသော့၊ ကိုကိုလုံချည် သွားယူ

ချီမယ်...”

“ကိုကိုစောင့်နေပါ ကိုကို... ညီမလေးမှ ယူတတ်ပါတယ်.. ကိုကို မရှာတတ်ပါဘူး.....”

သမီးငယ်သည် အလောင်းစင်ဘေးမှ ထကာ အတွင်းခန်းဘက် သို့ ဝင်သွား၏။

သားကြီးကမူ အမေ့ဘေးမှထိုင်ကာ အမေ့မျက်နှာကိုသာ တစိုက်စိုက် ကြည့်နေလေသည်။ မကြာမီ ညီမငယ် ပြေး၍ ထွက်လာ ပြီး..

“ကိုကိုရေ လာစမ်းပါဦး.. မေမေ့ သေတ္တာထဲက ဟောဒါတွေ တွေ့လို့ ကိုကိုရဲ့၊ လာလာ အခန်းထဲ သွားကြည့်ရအောင်..”

သားနှင့်သမီးသည် ခပ်သုတ်သုတ် အိမ်ခန်းထဲသို့ ဝင်သွား ကြ၏။ ။

“ဒီမှာ ကြည့်ပါဦး ကိုကိုရယ်... ဒါတွေ ဖေဖေ့လက်ရေးတွေ မဟုတ်လား ကိုကိုရဲ့။ ဖေဖေ ငယ်ငယ်တုန်းက မေမေနဲ့ မရခင် ရည်းစားဖြစ်နေတုန်း ပေးတဲ့စာတွေ ထင်ပါရဲ့။ အားအားရှိရင် မေမေက ဒီစာတွေ ထုတ်ထုတ်ပြီး ဖတ်တတ်တယ် ကိုကိုရဲ့...”