ကျော်ဝင်း - ပလာတိုရဲ့မြင်းနှစ်ကောင်
အဖွင့်ဥပစာ
နိုင်ငံတကာ သံတော်ဆင့် သတင်းစာ(IHT) အဖွင့် မျက်နှာတွင် ထူးထူး ဆန်းဆန်း ခေါင်းစဉ်တစ်ခုကို တွေ့ရ၍ စိတ်ဝင်စားသွားသည်။ “၂၀၀၅ အဖွင့်တွင် ပလာတို၏ စစ်ရထားကြီး မောင်းဝင်လာပြီ”ဟူ၏။ ဖတ်ကြည့်
တော့မှ ၂ဝဝ၅၊ ဇန်နဝါရီလအတွင်းကကျင်းပခဲ့သော နိုင်ငံတကာဆွေးနွေး ပွဲနှစ်ခုအကြောင်းဖြစ်နေသည်။ ဖီလာဒဲလ်ဖီးယားတွင် ကျင်းပသော အမေရိ ကန်ဘောဂဗေဒအစည်းအရုံး အစည်းအဝေးနှင့် ဟားဗတ်တက္ကသိုလ် ဂျွန်အက်ဖ်ကင်နေဒီကျောင်းတွင် ကျင်းပသော နိုင်ငံတကာ ဆက်ဆံရေး ဖိုရမ်တို့ ဖြစ်သည်။
ဆွေးနွေးပွဲများ၏ ပထမနေ့များတွင်မူ ဖြစ်ရပ်များအကြောင်း“တည်” ပြောကြသည်က များရာ၊ သိပ်မထူးခြားလှဟု ထင်သည်။ ထုံးစံအတိုင်း အမေရိကန် ဘတ်ဂျက်လိုငွေအကြောင်းပါသည်။ တရုတ်ပြည် အကြောင်း ပြောသည်။ အီရတ်ရွေးကောက်ပွဲကို ချိန်ကြည့်ကြသည်။ နောက်ပိုင်းရက်များတွင်မူ အစည်းအဝေးနှစ်ခုလုံးက အကြောင်းအရာတစ်ခုကို တည်ပြောလာရာ စိတ်ဝင်စားဖို့ ကောင်းလာသည်။ စီးပွားရေး၊ နိုင်ငံရေး တူရူချက်များ၏ နောက်ကွယ်မှ လူ၏စိတ်ဝိညာဉ်ဆိုင်ရာ အခန်းဖြစ်လာသည်။ ဤတွင် ခေါမဒဿနဆရာ ပလာတို၏စကားတစ်ခွန်းကို ကိုးကားဖို့ ဖြစ်လာသည်။
ပလာတိုက လူ့ဝိညာဉ်ကို မြင်းနှစ်ကောင်ဆွဲသော ရထားနှင့်ဥပစာ ပြ ပြောဖူးသည်။“ဆင်ခြင်တုံတရား”နှင့် “စိတ်လှုပ်ရှားမှု' ဆိုသော မြင်း နှစ်ကောင်ဟု ဆိုပါသည်။ ဤမြင်းနှစ်ကောင် ဟန်ချက်ညီညီပြေးလျှင် ရထားကြီး တည်တည်ငြိမ်ငြိမ် ခရီးဆက်နိုင်ပြီး မဟုတ်လျှင် အလုပ်အယမ်းတွေ များလိမ့်မည်ဟု သူက အကဲဖြတ်ခဲ့သည်။ ယခု ဆွေးနွေးပွဲနှစ်ခုက ဤဥပစာကိုပင် အခြေခံ၍ ၂၀၀၅ ကို သရုပ်ဖော်ပြသည်။ စစ်ရထားကို ကမ္ဘာကြီးဟု ဖွင့်သည်။ ဆင်ခြင်တုံတရားမြင်းမှာ ဘောဂဗေဒဖြစ်ပြီး စိတ်လှုပ်ရှားမှု မြင်းမှာ နိုင်ငံရေးသိပ္ပံ ဖြစ်သည်။ ခက်နေသည်ကမြင်းနှစ်ကောင်မှာလားရာဘက်ခြင်းမတူ။ဆန့်ကျင်ဘက်အရပ်များသို့အားကုန်ဆွဲခေါ်နေ
ကြသည်။ အကျိုးဆက်မှာ ရထားကြီး ရှေ့မတိုးတော့ဘဲ ရောက်ရာ အရပ်ရပ်တွင်သာ ယိမ်းထိုးနေရတော့ခြင်း ဖြစ်သည်။ ဤအချိန်တွင် မြင်းလှည်းဆရာက ကြာပွတ်ဖြင့် တငြီးငြီးရိုက်နေသည်။ သို့သော် သူ့ ကြာပွတ်ဖျားက ဘယ်မြင်းကိုမှ မထိ။ လေထဲတွင်သာ ဝဲနေသည်။
စိတ်ချိန်သီး
သိကြသည့်အတိုင်း အစဉ်အလာ ဘောဂဗေဒပညာတွင် စိတ်ဝိညာဉ် ၏ အခန်းမရှိပါ။ “စိတ်လှုပ်ရှားမှု”ကို ထည့်တွက်လေ့မရှိပါ။ မည်မျှ ထုတ်လုပ်၍ မည်မျှ စားသုံးမည်၊ မည်မျှစုဆောင်း၍ မည်မျှ ရင်းနှီးမြှုပ်နှံမည်စသောစီးပွားရေးလုပ်ဆောင်မှုအားလုံးကို“ဆင်ခြင်တုံတရား”နှင့်သာချိန်ဆ
တွက်ချက်လေ့ ရှိကြသည်။ ကျမ်းရိုးဘောဂဗေဒမှအစ ယနေ့အထိ ဂိုဏ်းအားလုံး၏ တူညီချက်မှာ ဤသည်ပင် ဖြစ်သည်။ ဆင်ခြင်တုံတရားမှ လာသော အဖြေများနှင့် တရားကိုယ် ဖွဲ့ထားခြင်း ဖြစ်သည်။ ဤသည်ပင် အစဉ်အလာ ဘောဂဗေဒ၏ အကြီးကျယ်ဆုံး အားနည်းချက်ဟု ဝေဖန်လာ ကြသည်များလည်း ရှိသည်။
အကြောင်းမူ ဈေးကွက်ထဲတွင် ကာယကံမြောက် ပါဝင်လှုပ်ရှားနေ ကြသူ အများစုမှာ ဘောဂဒေပညာရှင်များ မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့တစ်တွေမှာ အချက်အလက်နှင့် ဆင်ခြင်တုံတရား ဆိုသည်ထက် စိတ်လှုပ်ရှားမှုနောက် လိုက်ပါသွားကြသည်က များသည်။ ဤအချက်ကို “လူ့အပြုအမူဝါဒီ” (behaviourist) များက ဖိုးကပ်(စ်)လုပ် လေ့လာ ကြသည်။ သူတို့က“လူ”ကို အစမ်းသပ်ခံ သတ္တဝါအဖြစ်ထားပြီး စီးပွားရေး အပြုအမူများကို ဆုံးဖြတ်ခိုင်းသည်။ ထိုအခိုက်မှာပင် သူတို့၏ ဦးနှောက် လှိုင်းအရွေ့ကို ကွန်ပျူတာ စခရင်ထက်တွင် ချက်ချင်းမှတ်သားသည်။ သူတို့၏ တွေ့ရှိချက်များမှာ စိတ်ဝင်စားဖွယ်အတိဖြစ်ရာ ထင်ရှားသော
ဘောဂဗေဒ ပညာရှင်များကပင် စိတ်လှုပ်ရှားမှု၏ အခန်းကို ထည့်သွင်း တွက်ချက်ဖို့ သဘောတူလာကြသည်။ သို့ဖြင့် “နျူရိုဘောဂဗေဒ” (neuroeconomics) ဆိုသော ဘာသာရပ်အသစ် ဖြစ်တည်လာရသည်။ သို့နှင့် တိုင် အားမကောင်းလှသေးပါ။ ယခုမှ သန္ဓေတည်စရှိသေးရာ လက်ရှိဘောဂဗေဒမှာ ဆင်ခြင်တုံတရား သက်သက်တွင်သာ ကျောက်ချထားဆဲ ရှိနေသည်။
နျူရိုဘောဂဗေဒသမားများ၏ အလိုအရလူ့စိတ်သည် စီးပွားရေးအတက်အကျ သံသရာများအပေါ်မူ
တည်ပြီး နာရီချိန်သီးလို ဟိုဘက်ဒီဘက် အမြဲလွှဲနေသည်ဟု ဆို၏။ “စန်းပွင့်ချိန်” (boom) တွင် “အပျော်လွန်” (exuberance)ပြီး၊ “အကျပ်အတည်းကာလ” (Recession) တွင် “အကြောက်လွန်” (Panic) တတ်ကြသည်။ “ဘွမ်း”လွန်သော်လည်း အပျော် လွန်က မရပ်။ အလားတူ ရီဆက်ရှင်းလွန်သော်လည်း အကြောက်လွန်က မရပ်။ သို့ဖြင့် အခြင်းအရာ နှစ်ရပ်လုံး၏ ရှေ့တွင် “ဆင်ခြင်တုံတရားမဲ့” (irrational) ဆိုသော နာမဝိသေသနကို ထည့်သုံးလေ့ ရှိကြသည်။ ဤသည်မှာ လူ့စိတ်အခံဖြစ်သည်။ ဤစိတ်အခံနှင့် စီးပွားရေး ဆုံးဖြတ် ချက်များကို ချမှတ်ကြသည်ဖြစ်ရာ စိတ်လှုပ်ရှားမှုအဓိကဟုအကဲဖြတ်ကြသည်။ဘောဂဗေဒကဤအချက်ကိုလျစ်လျူရှုထားရာ (သို့မဟုတ်) အလေးမထားဖြစ်နေရာ သီအိုရီနှင့် လက်တွေ့ အံချော်ဖို့ ဖြစ်လာရတော့သည်။ ဤသည်ကို ရည်ညွှန်းပြီး ဘောဂဗေဒကို “ဆင်ခြင်တုံတရားမြင်း”ဟု ဥပစာဖွင့်ခြင်း ဖြစ်ပါလိမ့်မည်။
ပါဝါရမ္မက်
စင်စစ် လူ့စိတ်၏ ယေဘုယျ တိမ်းညွတ်မှုမှာ ကိုယ်ကျိုးစီးပွား (self-interest) ဟု ဆိုနိုင်ပါသည်။ ဤသည်ကို ဘောဂဗေဒကရော နိုင်ငံရေးသိပ္ပံကပါ သဘောတူထားကြသည်။ အပြစ်ဟုလည်း မြင်နေကြတော့ဘဲ“အရှိတရား” (reality) ဟု သဘောထားကြပါသည်။ သို့နှင့်တိုင် “ကိုယ်ကျိုးစီးပွား”၏ ဖော်ပြချက်နှင့် ပတ်သက်လျှင်မူ ဘာသာရပ်ကြီး နှစ်ခုတို့မှာ မတူကြတော့ပါ။ ဘောဂဗေဒက “အသုံးဝင်မှု” (utility) အဖြစ် ကြည့်သည်။ လွယ်လွယ်ပြောရလျှင် ငွေကြေးနှင့် တိုင်းတာလေ့ ရှိသည်။ ရိုးသည်၊ ရှင်းသည်။ နိုင်ငံရေးသိပ္ပံက ဤမျှမလွယ်၊ ဤမျှမရှင်း။ “ပါဝါရမ္မက်” (passion to power)နှင့် ဖော်ပြလေ့ရှိသည်။ “ပြင်းပြသည့် စိတ်”ဖြင့် ကြွနေတတ်ရာ ဒိုင်းနမစ်ပိုဆန်သည်။
ပို၍ အနုစိတ်လိုက်လျှင် “ပါဝါ”ကိုပင် နှစ်မျိုးခွဲနိုင်သေးသည်။ “ဒြပ်ရှိ” (tangible) နှင့် “ဒြပ်မဲ့” (intangible) တို့ဖြစ်သည်။ ဒြပ်ရှိ ပါဝါနှင့်ယဉ်ပါးသူများက “ပိုနေမြဲ ကျားနေမြဲ” (the status quo) အပေါ်မှ စဉ်းစား၍ ဤအခြေအနေကို ထိန်းသိမ်းလိုသည့် သဘောကဲသည်။ ရီယဲ လစ်ဇင်နှင့် နီးသူများဖြစ်သည်။ မက်ခီယာဗယ်လီမှသည် ဟင်နရီကစ်ဆင်ဂျာ အထိရှိသည်။ ဒြပ်မဲ့ပါဝါသမားများကမူ ပိုနေမြဲ ကျားနေမြဲကို မှောက် လှန်ပစ်မည်ဟု ကြွေးကြော်လေ့ရှိကြသည့်တိုင် သူတို့၏ “အမှတ်အသား သရုပ်( identity)နှင့် အလျော်အစားလုပ်၍ စွန့်စားလိုကြ သူများမဟုတ်ပါ။ သူတို့၏ ပါဝါရမ္မက် သင်္ကေတမှာ “အမှတ်အသား သရုပ်ကိုးကွယ်မှု (identity cult) ဟုဆိုနိုင်သည်။ ပြောရလျှင် အိုင်ဒီယယ် လစ်ဇင်နှင့် နီးသူများဖြစ်ပါသည်။ တောမတ်မိုးမှသည် ကားလ်မာ့ခ်စ်အလယ် ဝုဒ်ရိုးဝီလဆင်အထိ ဖြစ်သည်။
သို့ဖြင့် နိုင်ငံရေးသိပ္ပံမှာ ဆင်ခြင်တုံတရားဆိုသည်ထက် ပြင်းပြ သော စိတ်အဟုန် (တစ်နည်း) စိတ်လှုပ်ရှားမှုတွင်သာ ဝဲလည်လိုက်နေ တတ်သည်။ ဤသည်မှာလည်း လူထု၏အထာကိုသိသောကြောင့် ဖြစ်နိုင် သည်။ လူ၏သက်ဝင်ယုံကြည်လိုစိတ်၊ ကိုးကွယ်အားထားလိုစိတ်ကိုဖမ်းစားနိုင်ဖို့ဖြစ်သည်။ ဤအချက်ကြောင့်ပင် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးနေတတ်ခြင်း ဖြစ်တန်ရာသည်။ ပြီးခဲ့သည့် သမ္မတ ရွေးကောက်ပွဲ တွင် ဂျော့ဒဗလျူဘုရှ် အနိုင်ရခဲ့သည်မှာ ပေါ်လစီ အကျိုးထက်၊ပြင်းပြသော စိတ်အဟုန်ကို အမြင့်ဆုံးပြသနိုင်သော
ကြောင့်ဖြစ်ပါလိမ့်မည်။ တစ်နည်း ဆိုလျှင် အမှတ်အသား သရုပ်ကစားသွားခြင်း ဖြစ်သည်။ နိုင်ငံရေး၏ ဤသို့သော သဘောသဘာဝကြောင့်ပင် “စိတ်လှုပ်ရှားမှုမြင်း နှင့် တင်စား ခြင်း ဖြစ်ပါလိမ့်မည်။
မြင်းလှည်းသမား ဘယ်သူလဲ
ဆောင်းပါးအစတွင်ဖော်ပြခဲ့သောဥပစာထဲမှအရေးကြီးသော(အရေးအကြီးဆုံးဟူ၍ပင်ဆိုနိုင်လောက်
သည်) မြင်းလှည်သမားမှာမည်သူ ဖြစ်မည်နည်း။ အချို့က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟု အဖြေပေးသည်။ တော်တော်များများက ဘဝင်မကျကြ။ တိမ်လွန်းသည်ဟု ဝေဖန်ကြသည်။ ပြဿနာမှာ ဤမျှမက နက်ရှိုင်းသည်ဟု စောဒကတက် သည်။ သူတို့က လူ့ဝိညာဉ်၏ မာလိန်မှူးတာဝန်ယူရမည့် လူ့ အသိဉာဏ် (human knowledge) ဟုအဖြေပေးကြသည်။
ဥပစာထဲမှ မြင်းလှည်းသမားမှာ လေထဲကို ကြာပွတ်ဖြင့် ရိုက် နေသူဖြစ်ရာ လူ့အသိဉာဏ် ကိုယ်တိုင်က ပစ်မှတ်လွဲနေသလို ဖြစ်နေတော့သည်။ ပညာခေတ်ဟုအော်နေကြသည့်တိုင် ပညာကိုယ်တိုင်က မြင်း နှစ်ကောင်ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်မည့် ပုံမရှိဖြစ်နေသည်။ ဤသည်ပင်၂၁ရာစု၏အကြီးဆုံး စိန်ခေါ်ချက်
ဖြစ်ဖွယ်ရှိသည်။ လူ့သမိုင်း၏ယခုထက် တိုင် မဖြေရှင်းနိုင်သေးသော နာတာရှည် ပြဿနာကြီးလည်း ဖြစ်ပါလိမ့်မည်။
ဤတွင်စစ်ကြိုခေတ်အကျော်ဇေယျဂျာနယ်လစ်ဂျာနယ်ကျော်ဦးချစ်မောင်၏“ကမ္ဘာကြီးပျက်စီးလုနီးပြီ
လော” စာတန်းရှည်ကြီးကိုပြန်လည် အမှတ်ရဖို့ ဖြစ်လာသည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါနီး နိုင်ငံတကာ အခြေအနေကို ဆန်းစစ်တင်ပြထားသည့် ဆောင်းပါးကြီးဖြစ်သည်။ စင်စစ် ကမ္ဘာကြီးမှာ ပလာတိုခေတ်မှ ယခုအချိန်ထိ ပျက်စီးမှု ချောက်ကမ်းပါးကြီး ဘေးတွင် မြင်းနှစ်ကောင်နှင့်ခရီးနှင်နေရခြင်း ဖြစ်လေမည်လားဟု စဉ်းစား ကြည့်မိပါသည်။
The Reporter ၊ အမှတ် (၁၆၂)၊