Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကျော်ရင်မြင့် - ရွှင်ပျော်ပျော်အောင်မြင်ရေးအိုင်ဒီယာများ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

မိတ်ဆက်

လူတိုင်း အောင်မြင်မှုရချင်တယ်။

အောင်မြင်မှုနည်းလမ်းတွေ ရှာဖွေနေကြတယ်။ နည်းလမ်းကောင်းတွေ တွေ့လိုတွေ့ငြား “တက်ကျမ်း” တွေထဲမှာ လိုက်လံရှာဖွေနေကြသူတွေလည်း မနည်းဘူး။ “သိုက်စာဖတ်ရာ နား

ထောင်ပါ၊ ဥစ္စာရနိုးနိုး” ဆိုတာလိုပဲ တွေ့လိမ့်နိုးနိုးနဲ့ ရှာဖွေနေကြတာ လည်း မမောနိုင်မပန်းနိုင်ပါပဲ။ အောင်မြင်မှုနည်းလမ်းတွေကို တွေ့ချင် တဲ့ဆန္ဒနဲ့

“အောင်မြင်ခြင်းသိုက်စာ” ဖတ်ရင်း

“ဉာဏ်အလင်းပွင့်”

ပြီးအောင်မြင်မှုလမ်းကြောင်းပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသူ တွေလည်း ရှိတာပေါ့။

“အကြံကောင်းရင်တစ်ချက်၊ ကံကောင်းရင်တစ်သက်”

 ဆိုတဲ့ စကားကရှိတော့ အောင်မြင်ဖို့ရာ “ကြံရည်ဖန်ရည်”ကလည်း အရေးကြီး တယ်လို့ မြင်ပါတယ်။ “ကြံတတ်ဖန်တတ်ဖို့ အိုင်ဒီယာက အရေးပါ တယ်။”သတိမမူ ဂူမမြင် ဆိုတဲ့စကားကလည်း ရှိသေးတယ်။ သတိထား ပြီး ကြည့်တတ်ရှုတတ်၊ ရှာတတ်ဖွေတတ်ရင် အောင်မြင်ဖို့လမ်းစ တွေ့ရမှာမလွဲဘူး။

တက်ကျမ်းတွေလည်း ဖတ်လက်စ ဆက်ဖတ်ကြတာပေါ့။

ကြည့်တတ်မြင်တတ် ရှာတတ်ဖွေတတ်ရင် ရယ်စရာမောစရာ ဟာသတွေထဲမှာလည်း အောင်မြင်ရေးနည်းလမ်းတွေပါတယ်။ ဟာသကို လူတိုင်း ချစ်တယ်။ ဟာသဆိုတာ ပေါ့ပေါ့ပါးပါးလည်းရှိတယ်။ ဟာသ ကို နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ရင် အောင်မြင်ရေး အိုင်ဒီယာတွေ တွေ့ရမယ်။ အိုင်ဒီယာတွေကို ဖမ်းဆုပ်ကိုင်တတ်မယ်ဆိုရင် အလုပ်ဖြစ် တယ်။

စာရေးသူက “ဟာသ”ကို ဝါသနာပါတယ်။ ဟာသပြောတတ်သူ တွေ ပြောတဲ့အခါ မှတ်သားထားသလို၊ ဟာသစာအုပ်တွေ ဖတ်တယ်။ နိုင်ငံတကာက ဟာသတွေကို အင်တာနက်ကလည်း ရှာဖွေဖတ်တယ်။ ဟာသတွေကို စုဆောင်းထားရှိတယ်။ ဟာသတွေထဲမှာ စဉ်းစားဆင်ခြင် သိမြင်စရာလေးတွေ တွေ့ရတဲ့အခါ သီးခြားစုစည်းထားမိတယ်။ ယခု စာအုပ်မှာ ဒါလေးတွေကို မျှဝေပါတယ်။ ဘဝမှာ တစ်ခါတစ်ရံ ဘဝ အမောတွေနဲ့ ပင်ပန်းတယ်။ စိတ်ဓာတ်ကျချင်တယ်။ ထွက်ပေါက်မရှိ

တော့သလို ခံစားရတယ်။ ဆက်မကြိုးစားဘဲ လက်လျှော့လိုက်ချင် တယ်။ ဒီလိုအခါမျိုးမှာ ရယ်မောစရာလေးတွေ ဖတ်ရှုခံစားလိုက်ရင် အတွေးသစ်အမြင်သစ် အားအင်သစ်တွေ ရနိုင်ပါတယ်။

ဒီဖြစ်ရပ်တွေက တကယ်မဟုတ်ဘဲ ဟာသအမြင်နဲ့ ရေးထားတာ တွေဖြစ်တယ်။ ပျော်စရာရွှင်စရာ ဟာသတွေသာ ဖြစ်ပါတယ်။ ဒီထဲက “အိုင်ဒီယာ”ကိုပဲ ဆွဲထုတ်ယူကြမယ်။ အိုင်ဒီယာအချို့ ကတော့ “ညစ် ဉာဏ်”တွေ ဖြစ်ပါတယ်။ ညစ်ဉာဏ်ကိုယူဖို့ မဟုတ်ဘဲ အညစ်မခံရ အောင် ညစ်ဉာဏ်ကိုသိဖို့ ရည်ရွယ်ပါတယ်။

အဓိကကတော့ “အိုင်ဒီယာ”ကိုမိဖို့ပါ။ “အိုင်ဒီယာ”တွေကို ကိုယ့်ဘဝမှာ အပ်စပ်အောင် အသုံးချတတ်ဖို့ပါ။ ပျော်ပျော်ရွှင်နဲ့ အောင်မြင်ရေး ပန်းတိုင်ကို ချီတက်ကြပါစို့ ။

 

                                                အလုပ်ကြိုးစားဟန်ဆောင်နည်း(၉)နည်း

အချို့သူတွေက အလုပ်ကိုကြိုးစားလုပ်ပေမဲ့ လူကြီးရဲ့ အသိ အမှတ်ပြုတာ မခံရဘူး။ အခွင့်အရေးပေးတဲ့အခါ ကျန်နေရစ်တယ်။ ရာထူးတိုးတဲ့ အချိန်မှာ မပါဘူး။ အချို့သူတွေက အလုပ်သိပ်မလုပ်ပေမဲ့ လူကြီးရဲ့ မျက်နှာသာ အပေးခံရတယ်။ ရာထူးတိုးစရာရှိတော့ ထိပ်ဆုံး က။ လူကြီးက အမှန်ကိုမသိဘဲ အလုပ်လုပ်တယ်လို့လည်း အထင်ခံရ သေးတယ်။ အဲဒီလိုလူတွေမှာ ဗျူဟာရှိတယ်။ သူတို့ဗျူဟာကို လေ့လာ ပြီး သူတို့ပေးတဲ့အကြံကို စဉ်းစားဝေဖန်ဖို့ ဖော်ပြလိုက်ပါတယ်။

 (၁) အလုပ်ခွင်ကနေ အပြင်ကိုထွက်တဲ့အချိန်မှာ ကိုယ့်လက်ထဲ

စာရွက်စာတမ်း ဒါမှမဟုတ် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင် သွားပါ။ ဒါမှ ကိုယ့်အကြီးအကဲကရော အခြားသူတွေကပါ မြင်ရင် ဒီပုဂ္ဂိုလ်ဟာ အရေးကြီးတဲ့ အစည်းအဝေး၊ ဆွေးနွေး ရမယ့်ကိစ္စအတွက် သွားတယ်ထင်မယ်။ လက်ဗလာနဲ့ အလုပ်ခွင် အပြင်ထွက်တဲ့သူကို လက်ဖက်ရည်ဆိုင်သွားပြီး လေပန်းမယ့်သူလို့ အထင်ခံရတတ်တယ်။ လက်ထဲမှာသတင်းစာ၊ ဂျာနယ်ကိုင်သွားရင်တော့ ဒီပုဂ္ဂိုလ် သန့်စင် ခန်းသွားတာလို့ ထင်မယ်။

( ၂ ) ညနေ အလုပ်ဆင်းချိန်မှာ ဖိုင်တွဲတွေ၊ လက်ဆွဲအိတ်တွေ တနင့်တပိုး အိမ်ကိုသယ်သွားပါ။ ဒီလို သယ်ယူသွားတဲ့ သူကို အလုပ်သိပ်လုပ်တဲ့လူ၊ အလုပ်ကို အိမ်တောင်မှ ယူလုပ်တဲ့လူလို့ အထင်ခံရတတ်တယ်။

( ၃ )ကွန်ပျူတာသုံးတဲ့ အလုပ်ခွင်ဆိုရင် မျက်နှာနဲ့ ကွန်ပျူတာ သိပ်မခွာပါနဲ့။ အင်တာနက်ထဲက ဟာသတွေဖတ်ချင် ရှာဖတ် ။ အီးမေးလ်တွေဘာတွေ ပြန်ရင်ပြန်။ ကိုယ့်အကြွေး စာရင်းဖြစ်ဖြစ် ဇယားချချင်ချနေပါ။ Facebook တော့မဖွင့်နဲ့၊ Facebook ဒီဇိုင်းကို အဝေးကပင် မြင်နိုင်တယ်။

 (၄) အလုပ်စားပွဲမှာ ဖိုင်တွေ၊ စာရွက်တွေနဲ့ ရှုပ်နေပါစေ။ ဒါမှ

အလုပ်လုပ်တယ် အထင်ခံရမှာ။ ကိုယ့်ဘေးပတ်လည်မှာ လည်း လမ်းညွှန်စာအုပ် ( directory) လို အဘိဓာန်စာအုပ်

(dictionary) လို စာအုပ်ထူထူကြီးတွေ ရှိပါစေ။ ။

(၅) ကြည့်လိုက်ရင် အလုပ်များနေသလိုလို ပုံဖမ်းပါ။ စိတ်မရှည်

သလို မျက်မှောင်ကုတ်နေတာ ဘော့စ်မြင်ရင် အလုပ်များသူ အထင်ခံရတယ်။

( ၆ ) ကိုယ့်အထက်လူကြီး ရုံးမဆင်းသေးဘဲ အိမ်မပြန်ပါနဲ့။ ဝတ္ထု တွေ၊ စာစောင်တွေဖတ်ပြီး အချိန်ဖြုန်းလို့ရတယ်။ အကြီး အကဲက အမြဲတမ်း ရုံးဆင်းနောက်ကျလေ့ရှိရင် ကိုယ်က သူများတွေပြန်ပြီးတဲ့အထိ အောင့်ပါ၊ စောင့်ပါ။ ကိုယ်ပြန်တဲ့ အခါ အကြီးအကဲရဲ့ ရုံးခန်းရှေ့က ဖြတ်လျှောက်ပါ။ (ဖြစ် နိုင်သမျှ) သူမြင်တွေ့ အောင်လုပ်ပြီးမှ ရုံးဆင်းပါ။

(၇) လိုအပ်တဲ့အချိန်မှာ အာကျယ်ပါ။ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်

ကြချိန်မှာ ကိုယ်က အသံကျယ်ကျယ် ဆွေးနွေးပါ။ ဘော့စ် က ကိုယ့်ကို တကယ်အလုပ်လုပ်သူ၊ အတွေးအမြင်ရှိသူ

အဖြစ် အထင်ကြီးမယ်။

 (၈) စာတွေဖတ်ပါ၊ မှတ်ပါ။ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့

သီအိုရီတွေ ဘာတွေညာတွေဖတ်ပြီး ဘော့စ်နဲ့ စကားပြော တဲ့အခါ ထည့်ပြောပါ။ ကိုယ်ပြောတဲ့ လေကြီးလေကျယ် တော်တော်များများကို ဘော့စ်က မသိပေမဲ့ သိဟန်ဆောင် မယ်၊ ကိုယ်နဲ့ ရေလိုက်ငါးလိုက်ပြောမယ်။ ပြီးတော့ ကိုယ့်ကိုအထင်ကြီးပါလိမ့်မယ်။

 (၉) အဓိကအကျဆုံးကတော့ ဒီအချက်အလက် (၉) ချက်ကို

ရွှေစည်းမျဉ်းလို သဘောထားပြီး လျှို့ဝှက်ပါ။ ဘော့စ် မသိ ပါစေနဲ့။ ကိုးနဝင်းကြေရင် အနေချောင်ပြီး ရာထူးတိုးပါသတဲ့။