Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ကလေးများပင်ကိုယ်ညဏ်ရည်နှင့်ပါရမီညဏ်စွမ်းထက်သန်ရေးအမေးအဖြေစာအုပ်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

                      မိဘများအတွက် အမှာစာ

သင့်ကလေးကို အချက်အလက်တွေ သင်ပေးပါ။ ဗဟုသုတအစုံအလင် ရပါလိမ့်မယ်။ စဉ်းစားတတ်အောင်၊ အကျိုးအကြောင်း ဇာစ်မြစ်နှိုက်ထုတ်ရှာဖွေ တတ်အောင် သင်ပေးပါ။ ဉာဏ်ရည်ဉာဏ်စွမ်း ထက်သန်ပြီး ပညာရှိဖြစ်လာပါလိမ့် မယ်။ သည်ရည်ရွယ်ချက်နဲ့ သည်အမေးအဖြေစာအုပ်ကို ပြုစုရတာပါ။ စဉ်းစား ဆင်ခြင်နိုင်တဲ့ ကျွမ်းကျင်မှုတွေက သည်လိုအမေးအဖြေလုပ်ရင်းနဲ့သာ စာသင်ခန်း တွေကနေ တစ်တိုင်းပြည်လုံးအနှံ့ ကျယ်ကျယ်ဝန်းဝန်း ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။

အခုစာအုပ်ထဲမှာ ပြုစုထားတဲ့ အမေးအဖြေတွေက ဝေဖန်ဆန်းစစ်ရေးနဲ့ ဖန်တီးမှုကျကျ စဉ်းစားတတ်ရေး၊ ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် ဒီဇိုင်းရေးဆွဲ ထားခြင်း ဖြစ်တယ်။ စာမျက်နှာ တစ်ခုစီတိုင်းမှာ ထိပ်တန်းမေးခွန်းတစ်ခုစီကို ခေါင်း တင်ထားပြီး အောက်က သက်ဆိုင်ရာရုပ်ပုံအောက်မှာ အဖြေကိုပေးထားတယ်။ အဲဒီ

မေးမြန်းထားတယ်။

အဲဒီ ဆင့်ပွားမေးခွန်း ၆ ခုစီဟာ စဉ်းစားတတ်မှု ကျွမ်းကျင်ရေးကို အဆင့် မြင့်မြင့် ပိုအာရုံစိုက်လာစေပါတယ်။ သည်ကျွမ်းကျင်မှုတွေထဲမှာ ဗဟုသုတ ပြန် နွေးတာ၊ သဘောပေါက်ငုံမိစေတာ၊ ခြုံငုံသုံးသပ်မိတာ၊ ကိုးကားမှီငြမ်းပြုတာ၊ အစီအစဉ်တွဲမိတာ၊ တင်ကြိုသိမြင်တာ၊ အတန်းအစားခွဲတာ၊ ခွဲခြမ်းစိတ်ဖြာတာ၊ ပြဿနာဖြေရှင်းတာနဲ့ ဖန်တီးမှုချဲ့ထွင်တာတွေ ပါဝင်ပါတယ်။

ခေါင်းစီးမေးခွန်း၊ အဖြေနဲ့ သရုပ်ဖော်ပုံတွေမှာ အဖြေတွေနဲ့ နောက်ဆင့်ပွား မေးခွန်းတွေအတွက် အဖြေထုတ်နိုင်ဖို့ သဲလွန်စတွေပါဝင်နေတယ်။ ဘယ်လိုပဲဖြစ် ဖြစ် တချို့ မေးခွန်းတွေကတော့ သင့်ကလေးသိနိုင်တဲ့ အခြားအချက်အလက် ခေါင်းစီးတွေနဲ့ ဆက်စပ်ပြီးဖြေရင် ရနိုင်ပါတယ်။ မေးခွန်းတွေကို ကလေးတို့ဖြေဆို နိုင်ရေးအတွက် လမ်းညွှန်နိုင်ဖို့ စာအုပ်ရဲ့ နောက်ကျောမှာ အဖြေတွေ အကြံပြုတင်ပြ ထားပါတယ်။

 

ဆိုကရေးတီးစ်လက်ထက်အခါကတည်းက ကလေးတစ်ယောက်ရဲ့ အသိ ဉာဏ်၊ ပင်ကိုစွမ်းရည်တွေ တိုးတက်လာဖို့ ထိရောက်တဲ့မေးခွန်းတွေ ထုတ်တာမျိုး အစဉ်အလာရှိခဲ့ပါတယ်။ ဒါဟာ ယနေ့ စာသင်ခန်းတွေမှာ အသုံးအများဆုံး သင်ကြားရေး နည်းနာလည်း ဖြစ်တယ်။ ဒါပေမဲ့ မေးခွန်းတွေထုတ်တယ်ဆိုတာ ထင်သလောက်မလွယ်လှပါဘူး။ အခုတော့ သင့်ကလေးကို သည်စာအုပ် ပိုထိထိ ရောက်ရောက် သုံးတတ်ရေးအတွက် လမ်းစတချို့ အခုတင်ပြလိုက်ပါတယ်။

ပထမဆုံး သင့်ကလေးကို သည်စာအုပ်တစ်အုပ်လုံးကောက်ယူပြီး လှန်

လှောကြည့်ခိုင်းပါ။ တစ်ရွက်ပြီး တစ်ရွက်လှန်ရင်း သူ့အာရုံကျစိတ်ဝင် စားသွားစေမယ့် မေးခွန်းနဲ့ရုပ်ပုံတွေ အရင်ဆုံး စဖတ်ခိုင်းပါ။ သည် စာမျက်နှာတွေက တစ်ကြိမ်မှာ တစ်ရွက်ကျ လေ့ကျင့်ခန်းလုပ်ရုံသက် သက် ဖြေကြည့်ဖို့မဟုတ်ဘူး။ ကိုယ်လေ့လာနိုင်သလောက် လေ့လာ စဉ်းစားသွားပါမှ စဉ်းစားဆင်ခြင်နိုင်မှု ကျွမ်းကျင်လာမယ်။ စာမျက် နှာတိုင်း လုံးလုံးလျားလျား ကိုယ့်သဘောနဲ့ကိုယ်ဖြစ်တယ်။ နောက်

ကျောကပဲစစ၊ ရှေ့ဆုံးကပဲ စစ၊ အလယ်ကပဲ စစ၊ ကလေးရဲ့ ရွေးချယ်မှု သူ့စိတ်ကြိုက်ပဲဖြစ်တယ်။ ကလေးကို စဉ်းစားဖို့အချိန်ပေးပါ။ အနည်းဆုံး ဆယ်စက္ကန့်ကနေ တစ် မိနစ်လောက်အထိ စောင့်ကြည့်ပြီးမှ ဝင်ကူညီပါ။ လူကြီးမိဘတွေက ကလေးသူငယ်တွေကို မေးခွန်းမေးတဲ့အခါတိုင်းမှာ ကလေးတွေကို စဉ်း စားဖို့ အချိန်လုံလုံလောက်လောက်မပေးဘဲ လူကြီးတွေကိုယ်တိုင် တန်း ပြီး ဖြေတတ်ကြတယ်။ ဘယ်လောက်အံ့သြဖို့ ကောင်းသလဲ။ လိုအပ်ရင် မေးခွန်းကို ပြန်ဖတ်ပြ၊ ပြန်ရှင်းပြတဲ့နည်းနဲ့ ကလေးကို ကူညီပါ။ ပြီးမှတစ်ခါ ကလေးကို စဉ်းစားဖို့ အချိန်ထပ်ပေးပြီး စောင့် ကြည့်အကဲခတ်ပါ။ မေးခွန်းတစ်ခုတည်းကိုတော့ ထပ်ကာတလဲလဲ အကြိမ်ကြိမ်အခါခါ ပြန်မမေးပါနဲ့။ နောက်မေးခွန်းတစ်ခုကို ဆက်မေး ချင်မေး၊ သည်မေးခွန်းကိုဖြေနိုင်ဖို့ သဲလွန်စတစ်ခုခု ထုတ်ပေးချင် ပေး

လိုက်ပါ။ * “ဘာ့ကြောင့် ဒီလိုဖြေရတာလဲ” ၊ “ဘာဖြစ်လို့ သည်လိုစဉ်းစားမိရ

တာလဲ” ဆိုတဲ့မေးခွန်းမျိုး ထုတ်မေးရင်းနဲ့ အဖြေကိုပိုချဲ့ထွင်တတ်၊

ပိုအသေးစိတ်ကျကျ ဖြေတတ်အောင် ကလေးကို အားပေးပါ။

သည်စာအုပ်ရဲ့ နောက်ကျောမှာပါတဲ့ အဖြေတွေကို လမ်းညွှန်အဖြစ်သုံးဖို့ ဖြစ်တယ်။ တစ်ခါတလေ ကလေးက ခြားနားတဲ့အဖြေတစ်မျိုး ပေးတတ်ပေမယ့် အဖြေကောင်း အဖြေမှန်ဖြစ်နေတတ်ပါသေးတယ်။ သည်စာအုပ်ရဲ့ ပင်မစည်းမျဉ်း က သင့်ကလေးကို “စဉ်းစားတတ်ဖို့သင်ပေးခြင်း” သာဖြစ်ကြောင်း သတိရပါ။ အဖြေပေးရုံသက်သက် မဟုတ်ဘူး။

သည်အမေးအဖြေစာအုပ်ဟာ ပညာရေးသက်သက်ဖြစ်တယ်။ ဒါပေမဲ့ သင့် ကလေးကတော့ ဒါကိုသိမှာမဟုတ်သေးဘူး။ ကလေးက စာမျက်နှာတစ်ခုတည်း ကွက်ချင်တယ်ဆိုလည်း ကောင်းတာပါပဲ။ စာမျက်နှာတစ်ခုတည်းက မေးခွန်း တချို့ပဲဖြေနိုင်သေးတယ်ဆိုလည်း ကျန်မေးခွန်းတွေ နောက်တစ်ချိန်မှာဖြေဖို့ ချန် ထားပေါ့။ သည်စာအုပ်က သင့်ကလေးကို အကြောင်းအရာမျိုးစုံသင်ပေးရုံသာမက သင့်ကလေးအကြောင်း သင့်ကိုပါ သင်ကြားပေးနေတာဖြစ်တယ်။ ကလေးနဲ့အတူ တကွ လူကြီး မိဘဖြစ်သူ သင်ကိုယ်တိုင် အချိန်အများဆုံးယူပြီး အတူတူဖြေဆို ပျော်ရွှင်နိုင်ကြပါစေ။

 

၁။အာကာသထဲကို ကိုယ်တိုင်ကိုယ်ကျ တက်သွားသူကို ဘာလို့ခေါ်သလဲ။

 ၂။ အဘယ်ကြောင့် လူသားဟာ အာကာသထဲမှာ အသက်မရှူနိုင်တာလဲ။

 ၃။ အာကာသယာဉ်မှူးတစ်ယောက် သူ့ ရဲ့ ယာဉ်ပြတင်းပေါက်ကနေ

ဘာတွေ့မြင်နိုင်သလဲ။

၄။ “UP' စကားလုံးရဲ့ ဆန့်ကျင်ဘက်က ဘာလဲ။

 ၅။ ချိန်မှန်ခြင်းကိစ္စတစ်ခု ဘယ်လိုလုပ်ရတယ်ဆိုတာ သိသလား။ ဒုံးပျံတစ်စင်း

တက်လုဆဲဆဲမှာ ဖြစ်ဖြစ်၊ မြေပေါ်ပြန်ဆင်းနေဆဲမှာဖြစ်ဖြစ် ဘယ်လိုချိန်မှန်

ရေတွက်ရသလဲ။

၆။ တကယ်လို့ သင်ကိုယ်တိုင် အာကာသထဲထွက်ရရင် ပစ္စည်းသုံးမျိုးပဲ

ယူသွားရမယ်ဆိုပါစို့။ သင်ဘာတွေ ယူဆောင်သွားမှာလဲ။

 

                               ကြယ် အားကြောင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလဲ

ကြယ်တွေဟာ သည်ကမ္ဘာဂြိုဟ်ကနေ ခရီးမိုင်ပေါင်း ဘီလီယံ (ကုဋေ ကု) ပေါင်းများစွာ ဝေးကွာပါတယ်။ အမှန်တကယ် ကြယ်ရောင်တွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်တာ မဟုတ်ပါဘူး။ လူတွေရဲ့အမြင်မှာ မှိတ်တုတ်မှိတ် တုတ်ဖြစ်သယောင် တွေ့ရတာပါ။ လူတွေကကြယ်တွေကို ကြည့်စဉ်မှာ ရွေ့လျားနေတဲ့ လေထုအလွှာ ထူထူထဲထဲတစ်ခုကို ဖြတ်သန်းဖောက်ထွင်းပြီးမှ မြင်ခွင့်ရတာဖြစ်တယ်။ သည်တော့ ကြယ်ရောင်ဟာ အဲဒီလေထုလွှာ ခံနေ တာကြောင့် ရွေ့လျားနေသလို ထင်မြင်ရတာ ဖြစ်ပါတယ်။

၁။ ကြယ်တွေဆိုတာ ဘာလဲ။

၂။ နေ့ဘက်ကာလအတွင်း ကြယ်တွေကို သင် မြင်နိုင်ပါသလား။

 ၃။ လမင်းကရော ကြယ်တစ်လုံးဖြစ်နေသလား။ ။

၄။ လမင်းက ညစဉ်ညတိုင်း မြင်ရတာ တစ်ထပ်တည်းကျပါသလား။

၅။ လမင်းကို နေ့ဘက်ကာလအတွင်း သင်မြင်ရနိုင်သလား။ မြင်ရောမြင်ဖူး

သလား။

 ၆။ ကြယ်တံခွန်တစ်ခု မြင်ရတဲ့အခါ ဆုတောင်းပြည့်တယ်ဆိုပြီး ဆုတောင်းကြ

သူတွေ ရှိတတ်ကြတယ်။ ကလေးတို့ရော ကြယ်တံခွန် မြင်ရတယ်ဆိုရင် ဘာဆုတောင်းကြည့်ချင်သလဲ။

 

                                              နေ့ဘက်မှာ ကြယ်တွေဘယ်ကိုသွားကြသလဲ

ကြယ်တွေ ဘယ်မှထွက်မပြေးပါဘူး။ သူ့နေရာနဲ့သူ နေ့ဘက်မှာတောင် ငြိမ်နေတာပါပဲ။ ဒါပေမဲ့ နေရဲ့အလင်းရောင်က သိပ်တောက်ပထိန်လင်းလွန်းတာမို့ နေရောင်ခြည်ဖုံးလွှမ်းပြီး ကြယ်တွေကို မမြင်ရတာဖြစ်တယ်။ နေဝင်သွားတဲ့အခါ ညအမှောင်ကျရောက်လာတော့မှ ကြယ်အလင်းရောင် အစက်အပြောက်တွေကို ပြန်ပြီးမြင်ရတာဖြစ်တယ်။

၁။ နေ့ဘက်သဘာဝအလင်းရောင်အောက်မှာ

လက်နှိပ်ဓာတ်မီး သင် ထိုးကြည့် တဲ့အခါ လက်နှိပ်ဓာတ်မီးက မီးအလင်းကို သင်မြင်ရနိုင်သလား။

၂။ မှောင်မိုက်တဲ့အခန်းတစ်ခုထဲမှာသင် လက်နှိပ်ဓာတ်မီး ထိုးကြည့်တဲ့အခါ ဘာတွေဖြစ်သလဲ။

၃။ မြို့နဲ့ အတော်အလှမ်းဝေးတဲ့ တောနယ်ကျေးလက်တစ်ခုကို ရောက်သွားတဲ့ အခါမျိုးမှာ ည မိုးကောင်းကင်ပေါ်သင် မော့ကြည့်ဖူးပါသလား။

၄။ မြို့မှာရှိစဉ် မိုးပေါ် မော့ကြည့်ခဲ့ဖူးတာထက် တောရွာရောက်ခိုက် လယ်ကွင်းထဲကနေ ညမိုးကောင်းကင်ပေါ် မော့ကြည့်တာက ကြယ်တွေ ပိုများများမြင်ရတတ်တာ ဘာကြောင့်လဲ။

၅။ ညဘက်၊ အိမ်အပြင် ခြံဝင်းမြေကွက်လပ်ကနေ မိုးပေါ်မော့ကြည့်တဲ့အခါကြယ်တွေရဲ့ ဘေးတစ်ဝိုက်မှာ ကြယ်အပြင် တခြားဘာတွေမြင်ရသေးသလဲ။

၆။ ကြယ်နဲ့တူတာ တခြားဘာတွေရှိသေးသလဲလို့ သင် စဉ်းစားရသလောက်

ပြောပါ။

                                ဘာကြောင့် ကျွန်တော်တို့မှာ နေ့ရယ် ညရယ်ရှိရတာလဲ

ကျွန်တော်တို့ရဲ့ အလင်းရောင်မှန်သမျှအားလုံး နေလုံးကြီးဆီက ထွက်လာတာဖြစ်တယ်။ နေကို လမ်းကြောင်းတစ်ခုနဲ့ ပတ်နေတဲ့ကမ္ဘာဂြိုဟ်ကြီး ဟာ သူ့ဝင်ရိုးပေါ်မှာလည်း ကိုယ့်ဟာကိုယ် ပတ်ချာလည်နေတာ ဖြစ်တယ်။ အဲဒီလို ကိုယ့်ဝင်ရိုးပေါ် ထောင်လိုက်လည်တာ တစ်ပတ်ပြည့်ရင် တစ်နေ့ (နာရီအားဖြင့် ၂၄ နာရီ) လို့ခေါ်တယ်။ ကမ္ဘာကြီးလည်နေခိုက် နေမင်းဘက် မျက်နှာပြုနေတဲ့အခြမ်းဟာ နေ့ဘက်ဖြစ်ပြီး ဆန့်ကျင်ဘက်ကျောပြုရာအခြမ်းက ညဘက်ကျရောက်နေတယ်။ တစ်ကြိမ်တိုင်းမှာ ကမ္ဘာမြေတစ်ခြမ်းသာ နေမင်း ဘက်လှည့်နိုင်တာ ဖြစ်တယ်။ သင်ရှိရာ ကမ္ဘာတစ်ခြမ်းက နေဘက်လှည့်နေလို့ သင့်ဘက်ခြမ်းနေ့ဘက် ဖြစ်နေခိုက် သင့်ရဲ့ကျောဘက်ခြမ်းက ညဘက်ဖြစ်နေ တာပေါ့။

 

၁။ ပထမဆုံး နေကို စမြင်ကြရတဲ့နေ့ရဲ့ အစိတ်အပိုင်းကို ကျွန်တော်တို့ ဘာခေါ်ကြသလဲ။

 ၂။ တချို့လူသားတွေက အများစုနဲ့ ပြောင်းပြန် နေ့ဘက်မှာအိပ်ပြီး နေဝင် မိုးချုပ်စမှာထလို့ ညတစ်ညလုံးအလုပ်ခွင်ဝင်ပြီးမှ မနက်မိုးလင်း အိမ်ပြန်လာကြတယ်။ သည်လိုလူမျိုးကို ဘာခေါ်သလဲ။

၃။ ညဘက်မှာ အိပ်တန်းမတက်ဘဲ အပြင်ထွက်လာတဲ့တိရစ္ဆာန်မျိုးတွေ သင်သိပါသလား။ ။

၄။ ညဘက် သင် လုပ်ချင်တဲ့ကိစ္စတချို့ ဘာတွေရှိသလဲ။

၅။ ညဘက်အလုပ်မျိုး သင် လုပ်ချင်သလား။ လုပ်ချင်ရင် ဘာကြောင့်လဲ။မလုပ်ချင်ရင်ရော ဘာကြောင့်လဲ။

 ၆။ တကယ်လို့ သင့်ဖေဖေ ဒါမှမဟုတ် သင့်မေမေက တစ်ညလုံး အလုပ်ဆင်း

ရတယ်ဆိုရင် သင်တို့ နေအိမ်မှာ ဘယ်လိုကိစ္စတွေ အပြောင်းအလဲ ဖြစ် သွားနိုင်သလဲ။