Skip to product information
1 of 1

Other Websites

ကောင်းထက် - တောင်ငူဘုရင်နတ်ရှင်နောင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

စာရေးသူ၏ အမှာ

ကျွန်တော် ငယ်ငယ်က တောင်ကြီးတက္ကသိုလ် မြန်မာစာအဖွဲ့ရဲ့ စာပေပြိုင်ပွဲမှာ “နတ်ရှင်နောင် သစ္စာမဖောက်ပါ” ဆိုတဲ့ ကဗျာရေးပြီး ပြိုင်ပွဲဝင်တာ ဆုရခဲ့ တယ်။ အဲဒီတုန်းက တောင်ကြီးမှာ “ရှမ်းပြည်ရောင်ခြည်” သတင်းစာ ထုတ်ဝေ နေတယ်။ ဒီသတင်းစာမှာ စာပေဆုရှင်များရဲ့ သတင်းရယ်၊ ဆရာတက္ကသိုလ်ဘုန်းနိုင် နဲ့ ဆုရသူများ ပြည်နယ်ခန်းမရှေ့မှာ စုရပ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံရယ်၊ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တယ်။

. ကျောင်းသားဘဝက ဆုရခဲ့တဲ့ ကဗျာ ကျွန်တော့်မှာ လက်ခံမရှိဘူး။ တခြားမှာ ရှိ၊ မရှိလည်း ကျွန်တော် မသိပါဘူး၊ ၁၉၆၃-၆၄ လောက်က သတင်းစာ ရှာဖို့ ခက်ပါလိမ့်မယ်။ အဲဒီတုန်းက သူငယ်ချင်းတွေကတော့ မှတ်မိနေမှာပါ။

နတ်ရှင်နောင်နဲ့ ပတ်သက်တဲ့ ကဗျာ ရေးခဲ့ဖူးတာကြောင့်လား မသိ ဘူး။ နတ်ရှင်နောင်အကြောင်း စာတစ်အုပ်လောက် ကျွန်တော် ရေးချင်နေခဲ့ပါ တယ်။ အခုတော့ ကျွန်တော် ရေးချင်တဲ့ နတ်ရှင်နောင်အကြောင်းကို ရေးဖြစ်ပါပြီ။

နတ်ရှင်နောင်ဟာ ရတု ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါး ရေးခဲ့ တယ်။ (လက်ဝဲနော်ရထာ တည်းဖြတ်တဲ့ ပေမူအရဆိုရင် ခြောက်ဆယ့်ခုနစ်ပုဒ်၊ ဟံသာဝတီတိုက်ထုတ် နတ်ရှင်နောင် ရတုပေါင်းချုပ်ရဲ့ အဆိုအရဆိုရင် နောက် ဆက်တွဲ ငါးပုဒ် ထည့်ပေါင်းပြီး ခုနစ်ဆယ့်နှစ်ပုဒ် ဖြစ်တယ်။)

နတ်ရှင်နောင်ရဲ့ ရတုတွေမှာ ဘုရားတိုင်၊ စစ်ချီမောင်ဘွဲ့၊ စစ်ချီမယ်ဘွဲ့၊ မိုးတောမောင်ဘွဲ့၊ မိုးတောမယ်ဘွဲ့၊ သစ္စာတိုင်၊ ကျေးစေ၊ စစ်ချီ စတာတွေ ပါတယ်။ အများဆုံးက ဘုရားတိုင်ရတု စုစုပေါင်း နှစ်ဆယ့်တစ်ပုဒ် ရှိတယ်။

အင်မတန်လှပတဲ့ အရေး၊ သိမ်မွေ့တဲ့ အဖွဲ့အနွဲ့၊ စွဲငြိလောက်တဲ့ တင်စားမှုတွေနဲ့ ရေးခဲ့တဲ့ နတ်ရှင်နောင်ရဲ့ ရတုတွေဟာ တန်ဖိုးထားအပ်စရာ တွေ ဖြစ်ပါတယ်။ ။

နတ်ရှင်နောင်ရဲ့ ရတုတွေအပေါ် အရူးအမူး စွဲလမ်းခဲ့ပြီးတဲ့နောက် နတ်ရှင်နောင်ရဲ့ ဘဝကို စူးစမ်းကြည့်၊ လေ့လာကြည့်တဲ့အခါ ပြဿနာတွေကို တပုံတပင်ကြီး တွေ့ရတာပါပဲ။

ပြဿနာတွေကို ချမပြခင် ကျွန်တော့် သဘောထားကို နည်းနည်း ပြောချင်တယ်။ နတ်ရှင်နောင်ဟာ ဘုရင့်သား၊ ဘုရင့်နောင်ကျော်ထင်နော်ရထာ ရဲ့ မြေး၊ ကေတုမတီရဲ့ ဥပရာဇာ၊ နောက်တော့ ကေတုမတီဘုရင် ဖြစ်တယ်။ ပဒေသရာဇ်မင်းငယ်များ အုပ်စိုးတဲ့ ခေတ်က ဘုရင်တစ်ပါး ဖြစ်တဲ့ နတ်ရှင်နောင် ဟာ သူ့အာဏာ တည်မြဲရေးအတွက် သူ ကြိုးစားမယ်။ အဲဒီအတွက် နှိပ်ကွပ် တာ၊ သတ်ဖြတ်တာတွေ ရှိလိမ့်မယ်။

ကျွန်တော်က တောင်ငူဘုရင် မဟာသီဟသူရကို စိတ်မဝင်စားပါ ဘူး။ ရတုဘုရင် နတ်ရှင်နောင်ကိုပဲ စိတ်ဝင်စားပါတယ်။ ပြီးတော့ ရာဇဓာတုကလျာ အပေါ် သဲသဲမဲမဲ ချစ်တဲ့ သူ့အချစ်ကိုလည်း စိတ်ဝင်စားပါတယ်။

နတ်ရှင်နောင်အကြောင်း ရေးတော့မယ် ဆိုတော့ သူ့စာတွေ၊ သူ့ရတု တွေကို ဖတ်ရတယ်။ သူ့ရဲ့ အချစ်ဇာတ်လမ်းကို သိဖို့အတွက် သူ့အကြောင်း ရေးထားတဲ့ စာတွေကို ရှာဖတ်ရတယ်။ အဲဒီမှာ ပြဿနာတွေ တစ်ပုံတစ်ပင် ကြီး တွေ့ရတာပါပဲ။ ပထမဆုံး ကျွန်တော် သတိထားမိတာက နတ်ရှင်နောင်ရဲ့ မွေးသက္ကရာဇ်ပါ။ နတ်ရှင်နောင်ရဲ့ မွေးသက္ကရာဇ် (မွေးနေ့၊ မွေးရက်၊ မွေးလ) အဲဒါတွေကို အနိစ္စရောက်ချိန်က အသက်နဲ့ နောက်ကြောင်းပြန်ရှာထားတာ တွေ့ရတယ်။

- ရာဇဝင်မှာ တပ်ထားတဲ့ သက္ကရာဇ်တွေအရဆိုရင် နတ်ရှင်နောင် လေးနှစ်သားမှာ ရာဇဓာတုကလျာ အိမ်ထောင်ကျတယ်၊ နတ်ရှင်နောင် ကိုးနှစ် သားအရွယ်မှာ ဓာတုကလျာဟာ အိမ်ရှေ့မင်း မင်းကြီးစွာ တိုက်ပွဲမှာကျလို့ မုဆိုးမ ဖြစ်ရတယ်။

အသက် ကိုးနှစ်သား နတ်ရှင်နောင်ဟာ တိုက်ရေးခိုက်ရေး ကောင်းတဲ့ အယုဒ္ဓယဘုရင် ဗြနရာဇ်ကို ဆင်စီးပြီး စီးချင်းထိုး တိုက်ခိုက်တယ်။ အဲသလို တိုက်ခိုက်ပြီး အိမ်ရှေ့မင်း မင်းကြီးစွာကို ကယ်ဖို့ ကြိုးစားတယ်။ ပြီးတော့ အိမ်ရှေ့မင်းရဲ့ အလောင်းကို တာဝန်အရ ဟံသာဝတီကို သယ်ခဲ့တယ်။

နတ်ရှင်နောင် ဟံသာဝတီကို ရောက်တော့ မုဆိုးမအသစ်စက်စက် ဖြစ်တဲ့ ရာဇဓာတုကလျာနဲ့ တွေ့တယ်။ ကိုးနှစ်သားအရွယ်နဲ့ ဓာတုကလျာကို အရူးအမူး စွဲလမ်းသွားပြီး မယ်ဘွဲ့ရ(တင့်လှပေဟန်...ချီ) ကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကို ကျွန်တော် သိပ်မကြိုက်ဘူး။ ကိုးနှစ်သားက ဒါလောက် စွမ်းသလား။ ဒါလောက် တော်သလား။ နည်းနည်းတော့ ပိုလွန်းပြီလို့ ထင်တယ်။

ဒီမကြိုက်တဲ့စိတ်၊ ပိုလွန်းပြီလို့ ထင်တဲ့စိတ်က ကျွန်တော့်ကို တွန်းအား . ပေးတယ်။ ဒါကြောင့် နတ်ရှင်နောင်နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေရှာဖတ်၊ စာဖတ်နာတဲ့ ဆရာတွေ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာတွေနဲ့ တွေ့ဆုံပြီး မေးမြန်းတယ်။ ဆရာမ မသန်းသန်း(မန်းတက္ကသိုလ်)ရဲ့ နတ်ရှင်နောင်၊ ဆရာဦးလှလေးရဲ့ နတ်ရှင်နောင်နဲ့ ဓာတုကလျာ၊ ဆရာကြီးရွှေစကြာရဲ့ နားခံတော်၊ ဆရာမြန်မာစာဂုဏ်ကျော်မြင့်ရဲ့ စာပေရိပ်မွန် ဆောင်းပါးများ စတာတွေ၊ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖြစ်တဲ့ မှန်နန်းရာဇဝင်၊ ဦးကုလားရာဇဝင်တွေကို ဖတ်တယ်။ အဲဒီမှာ တခြားလူတွေရဲ့ ကွဲပြားတဲ့ နတ်ရှင်နောင်ကို ကျွန်တော် တွေ့တယ်။

ကျွန်တော်က နတ်ရှင်နောင်ကို အများ မြင်သလို မမြင်။ အများ ပုံဖော်သလို မဖော်တာ တမင်လုပ်တာ ထွင်တာ မဟုတ်ပါဘူး။ ကျွန်တော် ရှာတွေ့ထား၊ စံထားတာတွေကြောင့် အခုလို ကွဲပြားသွားတာပါ။

ဒီစာအုပ်ကို နတ်ရှင်နောင်ဘက်က ရှေ့နေလိုက်တဲ့ စာအုပ်လို့ ဆိုချင် ဆိုနိုင်ပါတယ်။ ကျွန်တော် စံထားတဲ့ အချက်အလက်တွေ၊ မေးမြန်းလို့ ကြား ထား သိထားတာတွေအရ နတ်ရှင်နောင်ဟာ အဘိုးကြီး မဟုတ်ပါဘူး။ အစွဲ အလမ်းကြီးသူပီပီ တချို့ ကိစ္စတွေမှာ ခေါင်းမာတတ်လို့ မှားတာတွေ ရှိပါလိမ့်မယ်။

နတ်ရှင်နောင်က ဘာ၊ နတ်ရှင်နောင်က ဘယ်လို့ ဆိုပြီး ပြောကြ ဆိုကြတာတွေ ရှိနေပါတယ်။ အဲဒါတွေကို ကျွန်တော်က တမင်ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ဒီလိုပါပဲလို့ ရိုးသားစွာ ယုံကြည်လို့ ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။

သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နန်းမတော်မယ်နု၊ စုဖုရားလတ် တို့အကြောင်း ရှင်းတမ်းအဖြစ် ကျွန်တော် ရေးခဲ့ဖူးပါတယ်။ သမိုင်းဖြစ်ရပ်တွေ ကို ဇာတ်နာအောင် လုပ်ကြတာတွေကြောင့် သမိုင်းထဲက ပုဂ္ဂိုလ်တွေအတွက် တိုက်ပြီး နာမည်ပျက်ရတာ၊ နည်းနည်းတော့ မတရားဘူး ထင်ပါတယ်။ ပြန်မဖြေရှင်းနိုင်သူကို အပြစ်တွေ နင်းကန်ဖို့နေတာဟာ (ခွင့်လွှတ်ပါဗျာ...) လူကြီးလူကောင်းမဆန်ပါဘူး။

ကျွန်တော် နတ်ရှင်နောင်အကြောင်းကို ရေးတဲ့အခါမှာ အဖြစ်မှန် အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ရတုဘုရင်ရဲ့ စာပေကျေးဇူးကို အကောင်းမြင်တဲ့စိတ်နဲ့ ထပ်ကြည့်ဖို့ ကြိုးစားတာလို့ ပြောရင်လည်း ရပါတယ်။

နတ်ရှင်နောင်... ရူးသွပ်သူလို့ ပြောချင်ရင် ပြောနိုင်ပါတယ်။ တိုင်းတစ်ပါးက သမိုင်းဆရာတွေ ရေးတာတွေကို ဖတ်ပြီး လိုတာကိုယူ၊ မလိုတာ ပယ်ပြီး ပုံဖော်ကြည့်တာ အစစ်အမှန် မဖြစ်နိုင်ပါဘူး .

ဒီစာအုပ်မှာ ကျွန်တော် အတတ်နိုင်ဆုံး ရန်ရှောင်ထားပါတယ်။ ရှေ့တန်း မတင်သင့်တာတွေကို ဖယ်ထားပါတယ်။

ဒီစာအုပ်ကို ရေးသားဖို့ ဆုံးဖြတ်ပြီးချိန်၊ ရေးသားနေချိန်တွေမှာ လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တဲ့ ရေးဖော်သူငယ်ချင်း အုန်းမြင့်ဦး၊ လိုအပ် တဲ့ စာအုပ်စာတမ်းတွေ ရှာဖွေပေးခဲ့တဲ့ တူမကြီး ဒေါက်တာခင်မေဦး(လက်ထောက် ကထိက၊ ရန်ကုန်တက္ကသိုလ်)၊ မိတ်ဆွေကြီး ဒေါက်တာအောင်ဇော်(မြန်မာစာ ပါမောက္ခ၊ ငြိမ်း)၊ ကျွန်တော့်ကို မေတ္တာနဲ့ ဆေးကုပေးရင်း နတ်ရှင်နောင်နဲ့ ပတ်သက်လို့ ဝေဖန်ဆွေးနွေးလေ့ရှိတဲ့ ဒေါက်တာလှမြင့်(နှလုံးလှဆေးခန်း

မြောက်ဥက္ကလာ)၊ နည်းပေးလမ်းပြ သြဝါဒပေးရင်း နတ်ရှင်နောင်ကို အရင်း အတိုင်း မြင်နိုင်အောင် ကူညီခဲ့တဲ့ ဆရာကြီးဒဂုန်တာရာနဲ့၊ နတ်ရှင်နောင်ရဲ့ စာပေအပေါ်... နတ်ရှင်နောင်ရဲ့ ချစ်ခြင်းမေတ္တာအပေါ် စိတ်ဝင်စားစေခဲ့တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်(ကွယ်လွန်)၊ ဒီစာအုပ်ရဲ့ အကျအပေါက်တွေကို ပြင်ဆင်၊ ရှေ့နောက် မညီတာတွေကို ထောက်ပြဝေဖန် ကူညီခဲ့တဲ့ မာန်(တောင်လုံးပြန်) တို့နဲ့ ကိုးကားစရာ စာအုပ်တွေ ရေးခဲ့တဲ့ ဆရာများကို အထူးပဲ ကျေးဇူးတင်ပါ တယ်။ နောက်ဆုံးမှာ ဖော်ပြခဲ့တဲ့ 'ကံနည်းသူ နတ်ရှင်နောင်” ကဗျာဟာ ဆရာ တက္ကသိုလ်မောင်သန့်စင်၊ ပါမောက္ခကြီး ဦးမောင်ရဲ့ ကဗျာ ဖြစ်ပါတယ်။

ငြိမ်းချမ်းပါစေ

ကောင်းထက်

 

အယုဒ္ဓယမှအပြန်

အယုဒ္ဓယမြို့ဆီမှ တံပိုး ခရာသံတွေ ဆင့်ကဲဆင့်က် ပေါ်ထွက်လာသည်။ ထိုတံပိုးခရာသံက အယုဒ္ဓယမြို့ အနီးသို့ ရောက်အောင် ချီလာသော အင်အား သိန်းချီနေသည့် ဟံသာဝတီတပ်ကို ရပ်တန့်သွားစေသည်။

ဆင် တစ်ထောင့်ငါးရာ၊ မြင်း နှစ်သောင်းနှင့် ရဲမက်အင်အား နှစ်သိန်း လေးသောင်းတို့ကို အုပ်ချုပ်လာသော ဟံသာဝတီ အိမ်ရှေ့ဥပရာဇာ မင်းကြီးစွာက လက်တစ်ဖက်ကို ဖြည်းညင်းစွာ ပင့်မြှောက်လိုက်သည်။ ထိုအခါ ဥပရာဇာ အနားတွင် ရှိနေသော သွေးသောက်ကြီးက တံပိုးခရာကို ထုတ်ကာ အသံရှည် ဆွဲပြီး မှုတ်လိုက်သည်။ ဟံသာဝတီတပ်ဦးမှ မှုတ်လိုက်သော တံပိုး ခရာသံသည် အယုဒ္ဓယမြို့ဆီမှ ပျံ့လွင့်လာသည့် တံပိုးခရာသံနှင့် လွဲစွာ ပေါ်ထွက်လာသည်။

ဟံသာဝတီ ဥပရာဇာ မင်းကြီးစွာကိုယ်တိုင် အုပ်ချုပ်ကွပ်က်လာသည့် ဟံသာဝတီနှင့် တောင်ငူ လူပေါင်းထားသော တပ်များဆီမှ တံပိုး ခရာသံတို့ ဆက်ကာဆက်ကာ ပေါ်လာသည်။ ထို့နောက် တပ်ဦးထိပ်မှ မြင်းစီးသူရဲ တစ်ယောက်က ဟံသာဝတီတပ်တစ်ခုပြီး တစ်ခုသို့ မြင်းကို အပြင်းစိုင်းနှင်ပြီး ကူးသည်။

မြင်းစီးသမားသည် ပထမဆုံး ဥပရာဇာ၏ တပ်ကို လက်ယာဘက်မှ ရံထားသော ပြည်ဘုရင် မင်းကြီးနှောင်း၏ တပ်ရှိရာသို့ ရောက်သွားသည်။ ထိုမှနေ၍ ဟံသာဝတီ တပ်ဖွဲ့ငယ်များဆီသို့ ကူးသည်။ ထိုမှတစ်ဆူ ဘယ်ဘက်မှ ရံပြီး ချီတက်လာသော တောင်ငူမင်း၏ သားတော် နတ်ရှင်နောင် ဦးစီးသော တပ်များဆီသို့ ဝင်သည်။ ။

မြင်းစီးသမားသည် မဟာဥပရာဇာ၏ "ငါ့အမိန့်ရမှ တိုက်” ဆိုသည့် စကားကို တပ်ပေါင်း နှစ်ဆယ့်ကိုးတပ်၏ တပ်မှူးများကို ပြောကြားပြီးနောက် မြင်းကို မဟာဥပရာဇာ၏ တပ်ရှိရာသို့ ပြန်လည်ထွက်ခွာသည်။

အယုဒ္ဓယတပ်သည် ဟံသာဝတီ ဥပရာဇာကိုယ်တိုင် အုပ်ချုပ်လာ သော မြန်မာတပ်ကို ချက်ချင်း တိုက်ခိုက်လာခြင်း မရှိ။ မြို့ကို အခိုင်အမာ ကာရံထားသော မြို့ရိုးအပြင်သို့ ထွက်ကာ ဟန်ရေးပြနေကြသည်။ ။

“ဟေ့ သစ္စာဖောက် ဗြနရာဇ်... ကြောက်လို့ ပုန်းနေပြီလား၊ ယောကျ်ား ဆို ခု ထွက်ခဲ့စမ်း”

ဟံသာဝတီ ဥပရာဇာ၏အနားတွင် ရှိနေသော ရဲမက်က သံကုန်ထုတ် ပြီး အော်သည်။ ထိုအော်သံ အဆုံးတွင် အယုဒ္ဓယမြို့ထိပ်တွင် ဆင်ထားသည့် အမြောက်များ၏ ပစ်ခတ်သံ ဆက်ကာဆက်ကာ ပေါ်လာသည်။

အမြောက်ကျည်ဆန်များသည် တပ်နှင့် အနည်းငယ်လှမ်းသော နေရာ၌ ကျရောက်သည်။ ဥပရာဇာသည် မြို့ပြင်တွင် စုဝေးနေသော အယုဒ္ဓယတပ် ရှိရာသို့ လှမ်းကြည့်သည်။ ထို့နောက်တွင် ဥပရာဇာက အနီး၌ရှိသော ငယ်ကျွန်

တော် ဇာပရိုစားအား လှမ်းကြည့်သည်။ ဇာပရိုစားမှာ ဆင်တော် ပေါက်ကျော်ဇေယျ ပေါ်၌ အသင့်ရှိနေသည်။ ဆင်တော်မှာ မုန်အပြည့်နှင့်မို့ မျက်နှာကို ပုဆိုးဖြင့် အုပ်ထားရသည်။

“ဇာပရိုစား... အယုဒ္ဓယတပ်က ငါတို့နဲ့ တိုက်ပြီဆိုရင် ဗြနရာဇ်က ငါ့ကို ဦးတည်ပြီး တိုက်လိမ့်မယ်၊ သူ ရောက်လာရင် ပေါက်ကျော်ဇေယျကို လွှတ်ပေတော့...”

“မှန်ပါ အရှင်၊ ကျွန်တော်မျိုး အမှားအယွင်း မရှိ ဆောင်ရွက်ပါ့မယ်” အယုဒ္ဓယရဲမက်တို့ထံမှ ငြာသံပေး အော်ဟစ်သံကို ကြားရသည်။

ရဲမက်များရှေ့တွင် ဆင်တော် ဗြလပုံကို စီးပြီး အသင့်ရှိနေသော ဗြနရာဇ်က ရှေ့ကို တိုးထွက်လာသည်။ : ““ဗြနရာဇ်တဲ့ဟေ့”

အယုဒ္ဓယ ရဲမက်တို့၏ အော်ဟစ်ကြွေးကြော်သံက အယုဒ္ဓယမြို့ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ဟည်းသွားမတတ် ပေါ်လာသည်။ ဟံသာဝတီ ဥပရာဇာက ဆင်တော်ရဲ့ ဘုန်းစုံပေါ်တွင် ကုန်းလည်စီးအဖြစ် ပါလာသော တုရင်ဗလအား တစ်ချက် လှမ်းကြည့်သည်။ ။

““တုရင်ဗလ... ဗြနရာဇ်က ငါ့ကို ဦးတည်ပြီး တိုက်လိမ့်မယ်။ သင်းနဲ့ ငါက ဟံသာဝတီမှာ တိုက်ရေးခိုက်ရေးတွေ သေနင်္ဂဗျူဟာတွေ အတူ သင်ခဲ့ကြတာ၊ သင်းရဲ့ စိတ်အကြံကို ငါ သိတယ်”

မဟာဥပရာဇာသည် တုရင်ဗလအား ပြောပြီးနောက် ငယ်ကျွန်တော် ဇာပရိုစားအား တည်ကြည်လေးနက်သော အမူအရာဖြင့် လှမ်းကြည့်သည်။  ဆင်တော် ပေါက်ကျော်ဇေယျကို ချွန်းအုပ် ထိန်းနေရသော ဇာပရိုစားက မဥပရာဇာ၏ အကြည့်ကို နားလည်သဘောပေါက်ဟန် မသိမသာ ခေါင်းညိတ် ပြသည်။

အယုဒ္ဓယဘုရင် ဗြနရာဇ်သည် ဆင်တော် ဗြလပုံကို ချွန်းဖွင့်ပြီး ဥပရာဇာထံသို့ တစ်ဟုန်ထိုး ဝင်သည်။ ဥပရာဇာကလည်း ဆင်တော်ရဲ့ ဘုန်းစုံကို ချွန်းဖွင့်ပြီး ဗြနရာဇ်ထံသို့ ဝင်သည်။ ထိုအချိန်မှာပင် ဇာပရိုစားက ဆင်တော် ပေါက်ကျော်ဇေယျ၏ မျက်နှာပေါ် အုပ်ထားသည့် ပုဆိုးကို ဖယ်လိုက်သည်။ ပုန်ထနေသော ဆင်တော် ပေါက်ကျော်ဇေယျသည် နေရာမှ တစ်ဟုန်ထိုး ပြေး ထွက်၏။

ဥပရာဇာတပ်ကို ဝဲဘက်မှ ရံထားသော တောင်ငူတပ်သည် တိုက်ပွဲ ဝင်ရန် ရှေ့တိုးလာ၏။ တပ်ကို အုပ်ချုပ်သော တောင်ငူဘုရင့်သားတော် နတ်ရှင်နောင်က ဆင်တော်ဥပေါသထ ချွန်းဖွင့်ပြီး ထွက်သည်။ "

“တပ်ကို ကွပ်ကဲပြီး ရှေ့တိုး ထွက်စမ်း နေမျိုးသီရိ၊ ငါ နောင်တော်ကို ကူဖို့ သွားမယ်”

နတ်ရှင်နောင်၏ စကားအဆုံးမှာပင် ရှေ့ကို တိုးထွက်သွားသည့်  ဆင်တော် ပေါက်ကျော်ဇေယျသည် ရုတ်တရက် နောက်ကြောင်းပြန်လှည့်ကာ ဥပရာဇာ၏ ဆင်တော်ရဲ့ ဘုန်းစုံကို ဝှေ့သည်။ ဥပရာဇာမှာ ဗြနရာဇ်၏ ဆင်ကို အရေးမထားနိုင်တော့ဘဲ မုန်ထပြီး မိမိတို့ဘက်သို့ လှည့်ကာ ရန်ပြုနေသော ဆင်တော် `ပေါက်ကျော်ဇေယျကို လှည့်ရင်ဆိုင်သည်။

တိုက်ပွဲအသွင် ရုတ်တရက် ပြောင်းသွားစဉ်မှာပင် ဆင်တော်ရဲ့ ဘုန်းစုံ ပေါ်တင်ထားသည့် ကလည်သွားသည်။ ဥပရာဇာနှင့် ကုန်းလည်စီး တုရင်ဗလ တို့ အာရုံ ထွေပြားသွားကြ၏။

“သယ်... အရေးထဲ အရာပေါ် ဘာဖြစ်ရပြန်တာတုံး” “မှန်လှပါ... ကလည်သွားတာပါ၊

ကျွန်တော်မျိုး ချက်ချင်း ပြင်ဆင်ပါ့ မယ်” "

ဥပရာဇာက လက်တစ်ဖက်တွင် ရတနာမားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ညာလက်ဖြင့် လှံကို ဆုပ်ကိုင်သည်။ ထိုအချိန်တွင် အယုဒ္ဓယမြို့ဘက်မှ ပေါက်ကွဲသံတစ်သံ ပေါ်လာသည်။ ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သော အရှိန် အဟုန်တစ်ခု အိမ်ရှေ့ဥပရာဇာ၏ ရင်ကို လာရောက်ရိုက်ခတ်သည်။ ရင်တစ်ပြင် လုံး မီးစနှင့် အထိုးခံရသည့်ပမာ နာသွားပြီး ဥပရာဇာ၏ ကိုယ်မှာ နောက်သို့ လန်ကျသွားသည်။ ။

“သတိထားပါ အရှင်"

တုရင်ဗလက အိမ်ရှေ့ဥပရာဇာကို ထိန်းမတ်လိုက်သည်။ အခြေအနေ ကို စောင့်ကြည့်နေသော ဗြနရာဇ်က အိမ်ရှေ့ဥပရာဇာ၏ ဆင်တော်ရဲ့ ဘုန်းစုံ ရှိရာကို တိုးဝင်လာသည်။ အိမ်ရှေ့ဥပရာဇာ၏အနားသို့ မရောက်ခင် ချွန်းဖွင့်ပြီး ဝင်လာသော ဆင်တစ်စီးကို ရင်ဆိုင်ရ၏။ ထိုစဉ်မှာ နတ်ရှင်နောင်၏ ဥပေါသထ ဆင်ပင် ဖြစ်၏။

နတ်ရှင်နောင်သည် တုရင်ဗအား မှီပြီး ထိုင်နေသည့် အိမ်ရှေ့ဥပရာဇာ ဘက်သို့ တစ်ချက် လှမ်းကြည့်ပြီးနောက် ဆင်တော် ဗြလပုံကို စီးနင်းထားသော ဗြနရာဇ်အား တရကြမ်း ဝင်ရောက်တိုက်ခိုက်သည်။ ဟံသာဝတီတပ်မှူးများ သည် နတ်ရှင်နောင်နှင့်အတူ ဗြနရာဇ်၏ အယုဒ္ဓယတပ်ကို ဝင်ရောက်တိုက်ခိုက် သည်။ လက်တစ်ကမ်း တိုက်ပွဲမှာ ရုတ်ခြည်းပင် ပြင်းထန် ရှုပ်ထွေးသွားလေ၏။

ဗြနရာဇ်မှာ ဟံသာဝတီ အိမ်ရှေ့ဥပရာဇာနှင့် ပညာသင်ဘက်အဖြစ် မိမိကိုယ်ကိုယ်မိမိ အထင်ကြီးပြီး တောင်ငူ တပ်မှူးငယ်ကို အထင်အမြင်သေးသည်။ ထို့ကြောင့် နတ်ရှင်နောင်အား များစွာ အရေးမထားဘဲ ပြန်လည်တိုက်ခိုက်၏။ ဆင်ချင်း ယှဉ်မိလျှင်ပင် ပြင်းထန်သော တိုက်ခိုက်မှုကို ခံရသဖြင့် ဆင်တော် ဗလပုံမှာ တုံ့ဆိုင်းသွားသည်။ ဗြနရာဇ်က အခြေအနေမပျက်အောင် ထိန်းရင်း နတ်ရှင်နောင်၏ တိုက်ခိုက်မှုကို ခုခံသည်။ သို့သော် မင်းပျိုမင်းလွင်ပီပီ စိတ်အား တက်ကြွစွာ တိုက်ခိုက်နေသော နတ်ရှင်နောင်၏ တိုက်ခိုက်မှုကို မခံနိုင်သဖြင့် ဗြနရာဇ် နောက်ဆုတ်ရ၏။ ။

အယုဒ္ဓယတပ်မှူးများသည် ဗြနရာဇ် နောက်ဆုတ်နေရသည်ကို မြင် သည်နှင့် ဝိုင်းပြီး ကာကွယ်ရန် ကြိုးစားသည်။ သတိုးဓမ္မရာဇာ အမှူးပြုသော တပ်မှူးစစ်ကဲတို့က ဆင် မြင်း လက်နက် အပြည့်အစုံဖြင့် ဝင်တိုက်၏။ နတ်ရှင်နောင် ၏ တပ်သားများက ငြာသံပေး အော်ဟစ်ပြီး အယုဒ္ဓယတပ်ကို တိုက်သည်။

အယုဒ္ဓယတပ်မှာ ဟံသာဝတီနှင့် တောင်ငူတပ်၏ တိုက်ခိုက်မှုကို မခံနိုင်။ နောက်ကို တစ်ဆုတ်တည်း ဆုတ်ရင်း ကျုံးအနားသို့ ရောက်လာသည်။

“အယုဒ္ဓယသားတွေ ကြောက်လို့ ပြေးကြတာလား” “သစ္စာဖောက်က ကြောက်လို့ ပြေးတာဟေ့၊ ရန်သူကို အသေသတ်ကြစမ်း”

- ရဲမက်များ၏ အော်သံ၊ တပ်မှူးစစ်ကဲတို့၏ အမိန့်ပေးသံတို့ ပေါ်လာ သည်။ ဓားချင်း ထိသံ၊ ဆင်ချင်း ရှေ့သံ၊ မြင်းချင်း ယှဉ်သံတို့ကြောင့် အယုဒ္ဓယ မြို့ပြင် မြေကွက်လပ်မှာ စစ်တလင်းကြီးအဖြစ် ပေါ်လွင်နေ၏။

“တောင်ငူသားတွေ သိပ်စွာနေကြပါလား၊ ငါကိုယ်တိုင် နင်တို့ကို

သတ်မယ်””

ဟံသာဝတီတွင် ဘုရင့်နောင်မင်းတရားကြီး၏ အရိပ်ကို ခိုကာ နှစ် အတန်ကြာ နေခဲ့သော ဗြနရာဇ်က နတ်ရှင်နောင် ကြားအောင် အော်ဟစ် ပြောဆို သည်။ သို့သော် ကိုယ်တိုင်က နတ်ရှင်နောင်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် နေခြင်းကို မခံနိုင်ဘဲ တဆုတ်တည်း ဆုတ်သည်။ အယုဒ္ဓယ တပ်မှူးများက ဗြနရာဇ် ဆုတ်သာအောင် လမ်းကာပေးကြ၏။

နတ်ရှင်နောင် ဦးစီးသော တောင်ငူတပ်သည် ဗြနရာဇ်ကို မရနိုင်မှန်း သိသည့်အခါ အယုဒ္ဓယ တပ်မှူး စစ်ကဲတို့ကို ဝိုင်းတိုက်သည်။ အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးနောက် အယုဒ္ဓယ အမတ် ဩယာပတ်နှင့် ဩယာစက္ကိုတို့မှာ အဖမ်းအဆီး ခံရလေသည်။ ။

ဗြနရာဇ်သည် အခွင့်အရေး ရခိုက် အယုဒ္ဓယမြို့ အတွင်းသို့ ဝင်ပြေး သည်။ ထုံးပိုစား လက်ဝဲဘေးမှူးနှင့် ဝင်ယော်စားတို့က ဗြနရာဇ်၏နောက်သို့  တစ်ဟုန်ထိုး လိုက်၏။ ရှေ့သို့ ကျွံနေပြီဟု သိသိချင်း သူတို့က တိုက်နေသည့် အရှိန်ကို တန့်ကာ နောက်ပြန်လှည့်ရန် ကြိုးစားသည်။ သို့သော် လက်ဝဲဘေးမှူးတို့ နောက်ပြန်မလှည့်လာတော့။ အယုဒ္ဓယတပ် အဝိုင်းခံရပြီးနောက် အဖမ်းအဆီးခံရလေသည်။

နတ်ရှင်နောင်သည် ဗြနရာဇ် လွတ်သွားသည်နှင့် ဒဏ်ရာရထားသော အိမ်ရှေ့ဥပရာဇာ ရှိရာသို့ ပြန်လှည့်သည်။

“အိမ်ရှေ့ကိုယ်တော်ရဲ့ ဒဏ်ရာ ပြင်းထန်သလား တုရင်ဗလ”

နတ်ရှင်နောင်သည် ယခုအချိန်အထိအောင် အိမ်ရှေ့ဥပရာဇာအား ပွေ့ပိုက်ထားဆဲ ဖြစ်သော တုရင်ဗလကို မေးသည်၊ တုရင်ဗလက နတ်ရှင်နောင်၏ အမေးကို ရုတ်တရက် မဖြေနိုင်။ နှုတ်ခမ်းများက တဆတ်ဆော် တုန်နေရင်းက မျက်ရည်တွေ တွေတွေ စီးကျသည်။ တစ်ခဏကြာမှ ဆို့နင့်ကြေကွဲသံနှင့် ..

“အိမ်ရှေ့ကိုယ်တော် နတ်ရွာလားပါပြီ”

တုရင်ဗလက တိုးတိမ်စွာ ပြောလိုက်သံကို မိုးထစ်ချုန်းသံပမာ ကြား ရ၏။ နတ်ရှင်နောင်သည် ချက်ချင်းပင် သတိဝင်ကာ တပ်များကို ဆုတ်ရန် အမိန့်ပေးသည်။ မြန်မာ့တပ်သည် အယုဒ္ဓယမြို့နှင့် တစ်တိုင်ကျော်ခန့် ဝေးသည် အထိ ဆုတ်ခွာ၏။ အယုဒ္ဓယတပ် လက်လှမ်းမမီရာသို့ ရောက်သည်နှင့် တပ်မှူး စစ်ကဲအပေါင်းတို့ စုဝေးပြီး စစ်ရေးကိစ္စ နှီးနှောတိုင်ပင်ကြသည်။ အိမ်ရှေ့ ဥပရာဇာ မရှိတော့သည်နှင့် တပ်အပေါင်း၏ အကြီးအကဲ ဖြစ်လာသော ပြည် ဘုရင် သတိုးမဟာဓမ္မရာဇာ(မင်းကြီးနှောင်း)က တပ်မှူးစစ်ကဲများတို့၏ သဘော ဆန္ဒကို နားထောင်သည်။

“အယုဒ္ဓယသားတွေ အရေးနိမ့်ခိုက်မှာ စစ်ကို ပြီးစီးအောင်မြင်အောင် တိုက်သင့်ပါတယ်၊ အိမ်ရှေ့မင်း အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီး တိုက်ပွဲ ဆက်သင့်ပါတယ်”

“မှန်လှပါ၊ အယုဒ္ဓယအရေးဟာ အချိန်အခါမရွေး ဆောင်ရွက်နိုင်တဲ့ အရေး ဖြစ်ပါတယ်၊ အခု အယုဒ္ဓယတပ်သားတွေ ဆုတ်ခွာသွားပေမယ့် အရေး နိမ့်သွားပြီ မဆိုနိုင်ပါဘူး၊ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်သလို နောက်ဆုတ် အားယူတာမျိုး ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် စစ်မက် ဆက်တိုက်ရင် ကာလ ရှည်ကြာပါလိမ့်မယ်၊ ကျွန်တော်မျိုးတို့ စစ်ကို နားပြီး အိမ်ရှေ့ဥပရာဇာရဲ့ အလောင်းတော်ကို သယ်ပြီး နေပြည်တော် အရောက်ပြန်သင့်ပါတယ်”

“မှန်လှပါ... ကျွန်တော်မျိုး တောင်ငူတပ်မှူးငယ် လျှောက်ထား တင်ပြပါရစေ၊ အယုဒ္ဓယဘုရင် ဗြနရာဇ်ဟာ အိမ်ရှေ့ကိုယ်တော် နတ်ရွာစံကြောင်း သိရင် အင်အားအလုံးအရင်းနဲ့ မြို့ပြင်ထွက်ပြီး တိုက်ခိုက်ပါလိမ့်မယ်၊ အယုဒ္ဓယ `တပ်က အနားရပြီး အင်အားပြည့်နေချိန်မှာ ကျွန်တော်မျိုးတို့ ဟံသာဝတီတပ်က အိမ်ရှေ့ကိုယ်တော် မရှိတော့လို့ အားပျက်နေတာကြောင့် နစ်နာဆုံးရှုံးဖို့ များပါတယ်”

နတ်ရှင်နောင်က စကားကို သိုင်းဝိုင်းပြီး လျှောက်ထားတင်ပြသည်။ ပြည်ဘုရင်မင်းကြီးနှောင်းက နတ်ရှင်နောင်အား စူးစူးစိုက်စိုက် ကြည့်ပြီး

“ဒါဆိုရင် ငါတို့ ဘာလုပ်သင့်သလဲ နတ်ရှင်ငယ်”

“မှန်လှပါ... နေပြည်တော်အရောက် ဆုတ်ခွာသင့်ပါတယ်၊ ဘဝရှင် မင်းတရားကြီးက နတ်ရွာစံရှာတဲ့ သားတော်ရဲ့ အလောင်းကို တွေ့ချင် မြင်ချင် ပါလိမ့်မယ်၊ ဒါကြောင့် အလောင်းတော်ကို မပုပ်မသိုးအောင် စီစဉ်ပြီး နေပြည်တော် အရောက် ပြန်သင့်ပါတယ်” ။

နတ်ရှင်နောင်၏ စကားက တပ်အပေါင်း၏ အကြီးအမှူး ဖြစ်သော `မင်းကြီးနှောင်းအား တွေဝေသွားစေသည်။ မင်းကြီးနှောင်းသည် တစ်ခဏမျှ ငြိမ်နေပြီးနောက် နေပြည်တော်သို့ ပြန်ရန် အမိန့်ချမှတ်လေသည်။

“အိမ်ရှေ့စံရဲ့ အလောင်းတော်ကို သယ်ဖို့ သရက်သားကို ပျဉ်လုပ်၊ အလောင်းကို ပြဒါးသွပ်ပြီး နေပြည်တော်အရောက် ပြန်ကြမယ်၊ တပ်မှူးစစ်ကဲ အပေါင်းတို့ အမြန်ဆုံး စီစဉ်ကြစေ၊ နတ်ရှင်ငယ်က ဦးစီးဦးဆောင်ပြုပါ"

တာဝန်တစ်ရပ်က နတ်ရှင်နောင် ပခုံးထက်သို့ ရုတ်ခြည်း ရောက်လာ သည်။ နတ်ရှင်နောင်သည် တတ်ကျွမ်း နားလည်သူတို့ အကူအညီဖြင့် အိမ်ရှေ့စံ ၏ အလောင်းကို မပုပ်မသိုးအောင် စီစဉ်ပြီး အခေါင်းသွင်းသည်။ စီစဉ်သည့် အတိုင်း လုပ်ကိုင်ပြီးစီးသည်နှင့် နေပြည်တော်သို့ ပြန်ရန် အဆင်သင့် ဖြစ်ကြောင်းပင် မင်းကြီးနှောင်းအား လျှောက်ထားသည်။ မင်းကြီးနှောင်းက တပ်အပေါင်း

ကို မိမိအစုအဖွဲ့အလိုက် တပ်မှူး စစ်ကဲများက အုပ်ချုပ်စေပြီး အိမ်ရှေ့ဥပရာဇာ အလောင်းတော်ကို သယ်ကာ နေပြည်တော်သို့ အပြန်ခရီး စတင်စေသည်။ မြန်မာတပ်အပေါင်းသည် အယုဒ္ဓယစစ်မြေပြင်မှ နေပြည်တော်သို့ ပြန်ခဲ့ကြ လေ၏။

 

 

 

 

 

 

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)