ကိုရွေး - သူငယ်ချင်းများ
အနည်းငယ်သော နိဒါန်းစကား
( ၁ )
အခုတလော ကဗျာအတိုကလေးတွေ ခေတ်စားလာ သည်။ တချို့က မီနီမယ်လစ်ဇင်း။ တချို့က ဟိုက္ကူအနွယ်တော်။ တချို့ကတော့ အတိုကိုပင် အမည်တစ်ခုတပ်ကာ၊ ကဗျာတိုအတွဲ လေးတွေရေးသည်။ ရှေ့က အောင်ချိမ့်တို့၊ သုခမိန်လှိုင်တို့ ရေးလှ ပြီ။ ကျွန်တော်လည်း ရေးခဲ့သည်။ (၁) ရှုခင်းများ၊ (၂) သရုပ်ဆောင်သူ မိုနာလီဇာ၊ ပိုင်မှ ကန္တာရမိုးစက်အထိ လူလတ် လူငယ် ကဗျာဆရာတွေလည်း ရေးကြသည်။ ကိုရွေးလည်း ရေးသည်။ သူ့လူပျိုကြီးကဗျာအတွဲမှာ Fbပေါ်တင်စဉ်ကတည်းက လူကြိုက် များခဲ့သည်။ အခု သူငယ်ချင်းများ။
[၂]
ကဗျာလောကတွင် သူ့ကို အလုံအတွဲ (မိုးဝေး၊ ဝင်းမြင့်၊ စိုင်းဝင်းမြင့်တို့) နှင့် ဆက်စပ်သိကြသည်။ လူချစ်လူခင်များသည်။ ရိုးသားကာ နူးညံ့ပျော့ပြောင်းသည်။ ပြုံးချိုသောမျက်နှာပိုင်ရှင် ဖြစ်ကာ၊ ကိုရွေးစိတ်ဆိုးဒေါသထွက်နေသည်ကို ကျွန်တော် တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးခဲ့။ မနှစ်ကသူ့ကဗျာ အမျိုးသားစာပေ (ကဗျာ ဆု) ရခဲ့ခြင်းမှာ ကဗျာသမိုင်းတွင် မော်ကွန်းတင်ရမည့်ကိစ္စ ဖြစ် သွားသည်။ အနှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ခေတ်ပေါ်ကဗျာစာအုပ်တစ်အုပ် ဆုရခဲ့ခြင်းဖြစ်သည်။ ကျွန်တော် တို့သူ့အတွက်ရော၊ ခေတ်ပေါ်ကဗျာအတွက်ပါ ဝမ်းမြောက်ခဲ့ကြရ သည်။
[၃]
နှစ်အတော်ကြာက “သူငယ်ချင်း” အစချီ တိုင်တည်သော ကဗျာများကို တက္ကသိုလ်မင်းမော်လည်း ရေးခဲ့ဖူးသည်။ သူ့ကဗျာ တွေကနီတိဆန်သည်။ ဩဝါဒပေးနေသလို၊ ဆုံးမစကားပြောနေ သလို။
ကိုရွေးကဗျာတွေက ရင်းနှီးနွေးထွေးသည်။ သူငယ်ချင်းများ အား သူ့အတွေး သူ့ခံစားချက်များကို ရင်ဖွင့်ပြခြင်းဖြစ်သည်။ သူက တော့လျှပ်ကူးသည်ဟုဆိုသည်။ သူ့ကဗျာ၏အသံကိုက ချစ်ခင်မှု ကို အခြေခံထားသဖြင့် ချိုမြိန်ရွှန်းစိုသော သစ်သီးတွေနှင့် တူနေ သည်။ တချို့ကဗျာတွေမှာသူနှင့်ရင်းနှီးသောကဗျာလောကသား တွေကို(ဟိန်းမြတ်ဇော်၊ လူဆန်း၊ ဝင်းမြင့် ခက်ထန်ပိုင်စိုး၊ ဝေးခေါင်း မိုးဝေး၊ ဇော်လူစိမ်း၊ ဆာသင်၊ မိုးကျော်သူ၊ မင်းထက်မောင် စသဖြင့် လည်းကောင်း) အမည်တပ်ခေါ်ကာ ရေးသည်။ သူက သူငယ်ချင်း ဟုခေါ်သော်လည်းသူ့ညီလေး၊ ညီမလေးအရွယ်ဖြစ်သော မနော် ဟရီ၊ မိုးဒေဝါ၊ အံ့ဘွယ်ဇင်၊ Aမွန်၊ သူရနီ စသည့်လူငယ်ကလေး တွေလည်းပါသည်။ သူက သူငယ်ချင်းဟု အမည်တပ်ခေါ်သည့် အထဲတွင် သူ့ဇနီးခင်ထွေးရီ၊ ချာလီချက်ပလင်၊ နွေဦးကောင်းကင်၊
ဧပြီလနှင့် အိပ်စက်ခြင်းနတ်သမီး ဆိုတာတွေပါ တွေ့ရသဖြင့်၊ သူ့ သူငယ်ချင်းဆိုသော အသုံးအနှုန်းသည် သူ့သူငယ်ချင်း တစ်စုကို သာမက၊ တစ်လောကလုံးရှိ အရာရာကိုရည်စူးကြောင်း သိသာနေ ပါသည်။
သူ့ကဗျာများသည် တိုသည်။ ရှင်းသည်။ သူ၏ စကားအရာ လိမ္မာမှုကို အလင်္ကာထက် ဦးစားပေးသည်။ ရိုးစင်းသည် ထင်ရ
သော်လည်း လူ့အဖွဲ့အစည်း၌ ဖြစ်ပျက်သမျှအရာများကိုလျှပ်တစ် ပြက် အတွေးကို အားပြုရေးဖွဲ့ထားသဖြင့်၊ ဒဿနသဘော၊ ဆင်ခြင်ခြင်းသဘောတွေ စိမ့်ဝင်ယိုစီးနေတာ တွေ့ရသည်။ ထို့ကြောင့်လေးနက်သော ကဗျာလေးတွေဖြစ်ကြောင်း၊ ကျွန်တော် လက်ခံမိပါသည်။
သစ္စာနီ
သူငယ်ချင်းများသို့
ဒီကဗျာတွေဟာ
ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းများကြားက လျှပ်ကူးမှု ဖြစ်ပါတယ်
ဘာပဲဖြစ်ဖြစ် ထိတဲ့သူတိုင်းလင်းပါစေ။