Skip to product information
1 of 4

Other Websites

ကိုဆွေ(ပန်နိုရားမား) - စိတ်၏ခြေရာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း (၁) 
ထူးဆန်းလွန်းသည့် ခရီးသည်
 

          ကိုသိန်းမြင့် စားသောက်ဆိုင် အပြင်ဘက်ကို ထွက်လိုက်သည်နှင့် အခန်းဝ တွင် တပ်ဆင်ထားသည့်နာရီမှ (၆) နာရီထိုးလိုက်သံကို ကြားလိုက်ရသည်။ လက်မှ နာရီကို အလိုအလျောက် ကြည့်လိုက်သည့်အခါတွင် ခြောက်နာရီတိတိကို ညွှန်ပြ နေခဲ့သည်။ ဘာလိုလိုနဲ့ ခြောက်နာရီတောင်ထိုးပါလားဟု နှုတ်မှဖွဖွ ရေရွတ် လိုက်မိသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် အမှောင်ထု စိုးမိုးလာသည်နှင့်အပြိုင် မြူမှုန်များက အုပ်ဆိုင်းနေသည်။ မိုးအကုန် ဆောင်းအကူး ဒီလိုအချိန်များတွင် မိုးပေါက်လည်းမကျ ရေမှုန်လည်းမခေါ်နိုင်သော မြူများက ခပ်ထူထူ အုံ့ဆိုင်း နေ တတ်သည်။ မြင်ကွင်းကို လုံးဝပိတ်ဆို့ထားသည်မျိုးမဟုတ်၍ တော်သေးသည်။ ပိုမိုထူထပ်လာရင်ဖြင့် ကားမောင်းပြန်ရန်ပင် မလွယ်ကူလှတော့။ မသဲမကွဲမြူမှုန်များ ကြားတွင် လမ်းမတော် တရုတ်တန်း လမ်းဘေးဆိုင်ခန်းများမှ မှုန်ပြပြလျှပ်စစ်မီးတို့ ထွန်းလင်းနေခဲ့သည်။ စားသောက်ဆိုင်များတွင် စားသုံးသူများဖြင့် ပြည့်လျှံနေခဲ့ပြီ။

ဒီလိုညနေခင်းမျိုး၊ တစ်နည်းဆိုသော် ကိုသိန်းမြင့်နှင့်အပေါင်း အသင်းတို့ အမည်ပေးထားသည့် “ယမကာညနေခင်း” မျိုးကို ကိုသိန်းမြင့် နှစ်သက်သည်။ အလွန်အကျွံ မူးအောင်သောက်ခြင်းကို မည်သည့်အခါမျှ မလုပ်ခဲ့သော်လည်း ချစ်ခင် ရသောအပေါင်းအသင်းများနှင့် အာလေးရွှင်ကာ ရယ်ရယ်မောမော ပြောကြ ဆိုကြ သည်ကိုတော့ ကိုသိန်းမြင့် မက်မောလှသည်။ သို့အတွက်ကြောင့်ပင် တစ်လတွင် တစ်ခါနှစ်ခါဆိုသလို ကိုသိန်းမြင့်တို့ ဘဝတူ အပေါင်းအသင်းတစ်စုတို့ ဆုံမိတတ်သည်။ ဘီယာတစ်ခွက်နှစ်ခွက်ကို အမြည်းများများစားရင်း သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့ အကြုံတို့ကို ပြောကြ ဆိုကြ၊ ရယ်မောကြနှင့် ဘဝအမောပြေခဲ့ရသည်။ သူတို့အပေါင်း အသင်းတစ်စုတွင် ပြောစရာအတွေ့အကြုံများကလည်း များလှသည်။ ဘဝကိုက အတွေ့အကြုံများ နေ့တိုင်းနေသည့် အငှားယာဉ်မောင်းသမားများ ဖြစ်ကြသည်။

          ကိုသိန်းမြင့်၏ကလေးဘဝက ထူးဆန်းသည့်အမူအယာများကြောင့် အရွယ် ရောက်လာလျှင် ယခုကဲ့သို့ အပေါင်းအသင်းများနှင့် ပျော်ပျော်ပါးပါးနေမှ နေပါ့မလားဟု ကိုသိန်းမြင့်မိဘများက စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။ ကိုသိန်းမြင့်၏ ငယ်စဉ်ဘဝ အချိန်များက ထူးခြားလှသည်။ ကိုသိန်းမြင့်တွင် မွေးရာပါအမှတ်များအဖြစ် ဝမ်းဗိုက်၊ ရင်အုံတို့တွင် ဒဏ်ရာပုံသသဏ္ဌာန် အမာရွတ် သုံးခုပါလာခဲ့သည်။ လူမှန်းသိတတ်စ ကာလကပင် စကားသိပ်မပြောဘဲ ငူငူငိုင်ငိုင်ရှိ နေတတ်သည်။ စကားပြောတတ်ခါစ မှာပင် “အိမ်ပြန်မယ်၊ ချောဆီသွားမယ်”ဟု ခဏခဏ ပြောတတ်သည်။ တစ်ခါတစ်ရံ တွင်လည်း သူတို့လိုက်လာကြပြီဆိုကာ အလိုလိုနေရင်း တုန်ယင်နေတတ်ခဲ့သည်။ ကလေးအတွက် စိုးရိမ်ကြသောမိဘများမှာ တဖြည်းဖြည်းနှင့် ကိုသိန်းမြင့်အရွယ်ရောက်လာသည့်အခါတွင် အဘယ်ကြောင့် “အိမ်ပြန်မယ်၊ ချောချောနဲ့နေမယ်” ဆိုတာတွေပြောရတာလဲဟု မေးခဲ့ကြသည်။ မေးပြန်တော့ ကိုသိန်းမြင့် သေသေချာချာ ပြန်ပြီး မပြောတတ်ခဲ့။ တစ်ခါတစ်ရံတွင် အိပ်မက်မက်သည့်အလား ပုံရိပ်များကိုမြင်တွေ့နေရသည်ဟု ဆိုခဲ့သည်။ ကြောက်လန့်တကြား ပြေးနေကြသော လူငယ် တစ်ယောက်နှင့် မိန်းမပျိုတစ်ဦး၊ သူ့တို့နောက်တွင် ဒေါသတကြီးနှင့်လူနှစ်ယောက်။ ထိုအချိန်များတွင် ကိုသိန်းမြင့် ကြောက်လန့်စိတ်ကြောင့် တစ်ကိုယ်လုံး တုန်နေမိသည်။ နောက်ပိုင်း အရွယ်ရောက်လာသည့် အခါတွင်တော့ ယင်းအပြုအမူများ တဖြည်းဖြည်းနှင့် ပျောက်ကွယ် သွားတော့သည်။ ငူငူငိုင်ငိုင်လည်း မနေတတ်တော့၊ အပေါင်းနှင့်အသင်း နှင့် အရောတဝင် နေတတ်လာသည်။ ရုပ်ရှင်သဖွယ်မြင်တွေ့နေရခြင်းတို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့သည်။

          ကိုသိန်းမြင့်မိဘများက နယ်တွင်နေထိုင်ကြသည်။ ကိုသိန်းမြင့် ရန်ကုန် တက္ကသိုလ်တွင် ရူပဗေဒအဓိကဘာသာရပ်ဖြင့် ဘွဲ့ရပြီးနောက် အစိုးရလုပ်ငန်းခွင် လည်းမဝင်ချင်၊ ကုမ္ပဏီအလုပ်များကို စိတ်မဝင်စားဘဲ လွတ်လွတ်လပ်လပ်လည်း နေထိုင်ချင်သည်။ သို့အတွက် မိဘများထံ အပူကပ်ပြီး ကားတစ်စီးကိုယ်ပိုင်ဝယ်ယူကာ အငှားကားအဖြစ် မောင်းနှင်နေခြင်း ဖြစ်သည်။ နေထိုင်ရေးကလည်း အခက်အခဲမရှိ။ သားတော်မောင် ရန်ကုန်တက္ကသိုလ်တွင် တက်ခွင့်ရသည်ဆိုလျှင်ပင် မိဘများက တိုက်ခန်းတစ်ခန်း ဝယ်ပေးထားခဲ့သည်။ သည်လိုနည်းနှင့် တစ်ကိုယ်ရေသမား သူ့ အတွက် စားဝတ်နေရေး ပြေလည်နေသည့်အပြင် ငွေပိုငွေလျှံကလေးများလည်း စုမိခဲ့သည်။ မိဘများထံပြန်ပို့ရန်လည်း မလိုအပ်သည့်အတွက် ဘဏ်တွင် စာရင်းဖွင့် အပ်နှံထားနိုင်ခဲ့ သည်။ နယ်သို့ လည်း တစ်နှစ်တွင်မှ တစ်ခေါက် နှစ်ခေါက်သာ ပြန်ဖြစ်ခဲ့သည်။ အိမ်ထောင်ကျပြီးသော ညီမမိသားစုက မိဘများနှင့်အတူနေသည်မို့ နောက်ရေးကိုလည်း စိတ်အေးရသူဖြစ်သည်။ ထို့ပြင် အငှားယာဉ်မောင်းလိုက် အားလပ်ချိန်များတွင် မိမိစိတ်ကြိုက်စာအုပ်ကလေးများဖတ်လိုက်ဖြင့် သူ့ဘဝနှင့် သူ့အလုပ် ပျော်မွေ့နေခဲ့သည်။

          ကိုသိန်းမြင့်တို့လို အငှားယာဉ်မောင်းသမားများအတွက် အားထားရ သည်မှာ ပုံမှန်ဖောက်သည်များဖြစ်သည်။ ဖောက်သည် ကောင်းကောင်းရပါက နေ့စဉ်ပုံမှန်အလုပ် တစ်ခုရှိနေပြီး အခြားခရီးသည် သုံးလေးဦးပို့လိုက်သည်နှင့် တစ်နေ့တာအတွက် အသင့်အတင့်သော ဝင်ငွေကို ပိုင်ဆိုင်ပြီး ဖြစ်သည်။ ကိုသိန်းမြင့် တွင် ဖောက်သည်နှစ်ဦးရှိသည်။ တစ်ဦးက အလယ်တန်း ကျောင်းသားကလေးဖြစ်ပြီး

ကျောင်းတက်ကျောင်းဆင်း အိမ်မှကျောင်းသို့ ကြိုပို့ လုပ်ပေးရသည်။ နောက်တစ်ဦးမှာ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခတစ်ဦးဖြစ်သည့် ဦးကောင်းစံဖြစ်သည်။ သူ့ကိုလည်း ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းသို့ ကျောင်းတက်ရက်များတွင် နေ့စဉ် ကြိုပို့ပြုလုပ် ပေးနေရသည်။ ပါမောက္ခကြီးမှာ ပညာရည်ပြည့်ဝလှပြီး အထူးကြည်ညို လေးစားဖွယ်ရာဖြစ်သည်။ ကားထိန်းသိမ်းရသည့်ကိစ္စရပ်များအား ဒုက္ခမခံလိုသည့် အတွက် ကိုသိန်းမြင့်ကားအား လစဉ်အခပေးစီးနင်းနေခဲ့ခြင်းဖြစ်သည်။ ကိုသိန်းမြင့်မှာ လည်း မိမိသိလိုသည့် စိတ်ပညာနှင့် ပတ်သက်သည့် ဗဟုသုတများကို အခါအားလျော်စွာ မေးမြန်းဖူးခဲ့သည်။ သူငယ်ချင်းများနှင့် ယခုလို ယမကာညနေခင်း မကျင်းပမီ ကလေးကပင်ပါမောက္ခကြီးကို အိမ်သို့ ပြန်ပို့ ခဲ့ရသေးသည်။

          လူစည်ကားနေသော တရုတ်တန်းဆိုင်ခန်းများကို ဖြတ်ကျော်လျက်ကားရပ်ထားရာ လမ်းသွယ်ကလေးအတွင်းသို့ ကိုသိန်းမြင့်ဝင်လာခဲ့သည်။ ထို့နောက် ကားပေါ်တက်မောင်းထွက်၍ အတန်ငယ်ရှုပ်ထွေးနေသော ယာဉ်ကြောအတွင်း ဝင်ရောက် မောင်းနှင်ခဲ့သည်။ ဆူးလေအဝိုင်းကို ကျော်လွန်သည့် အခါတွင် ယာဉ် အသွားအလာ အနည်းငယ်ရှင်းသလိုဖြစ်လာခဲ့ခြင်းနှင့် အတူ ညအမှောင်ထုက လွှမ်းခြုံလာခဲ့ပြီဖြစ်သည်။ အုပ်ဆိုင်းနေသော မြူထုကလည်း ရှိနေသည့်အတွက် ကားကို ခပ်မှန်မှန်မောင်းရင်း ခရီးဆက်လာခဲ့သည်။ သူဦးတည်ရာက ရန်ကုန်မြို့ဆင်ခြေဖုံး သာကေတရှိ သူနေထိုင်ရာ တိုက်ခန်းဆီသို့။ ကားရှေ့မီးရောင်ဖြင့် အန္တရာယ်ကင်း အကွာအဝေးခန့် အထိမြင်တွေ့နေရသော်လည်း အုံ့ဆိုင်းနေသော မြူမှုန်များကြောင့် ခပ်လှမ်းလှမ်း အကွာအဝေးရှိ လမ်းဘေးအဆောက်အုံတို့ကို ခပ်ဝါးဝါးသာ မြင်တွေ့ နေရသည်။

          တဖြည်းဖြည်းနှင့်သာကေတကြိုးတံတားဆီသို့ ရောက်ရှိလာခဲ့သည်။ တံတားကို ကျော်ဖြတ်လိုက်သည့်အခါ ကမ္ဘာသစ်တစ်ခုသို့ ပြောင်းလဲသွားသည့်နှယ် ပတ်ဝန်းကျင်အလင်းရောင်တို့က ပိုမိုမှေးမှိန်သွားခဲ့သည်။ ဆူညံနေသော ကားသံ လူသံများ လွန်မြောက်လာခဲ့ပြီ။ နားအတွင်း ချက်ချင်း အေးချမ်းသွားခြင်းနှင့်အတူ မြူများ ပိုမိုသိပ်သည်းလာသည်ဟု ထင်လိုက်ရသည်။ သို့သော်မြူမှုန်များ ရုတ်ခြည်း လွင့်ပျံသွားကာ မြင်ကွင်းက ထူးဆန်းစွာ ချက်ချင်း ကြည်လင်လာခဲ့သည်။ ထိုစဉ်တွင် ကားလေကာမှန်ကို ထွင်းဖောက်လျက် လမ်းတစ်ဖက်မှလှုပ်ရှားမှု တစ်ခုကို တွေ့လိုက်ရ သည်။ ကားမီးရောင်အောက်မှ ဖြူဖွေးသော လက်ကလေးတစ်ဖက်၏လှုပ်ရှားမှုကို သတိမူမိလိုက်သည်။ အဖြူရောင်ဖျော့ဖျော့ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်ဝန်းကျင် မိန်းမပျိုလေးတစ်ယောက် ကားရပ်ရန် လက်ဝှေ့ယမ်းပြ နေခဲ့သည်။ မြင်ကွင်းတစ်ခုလုံးတွင်လည်း မိန်းမငယ်လေး တစ်ယောက်မှ လွဲ၍အခြားသူ မရှိ။ ပတ်ဝန်းကျင်က တိတ်ဆိတ်လှသည်။

          ကိုသိန်းမြင့်အပြန်ခရီးတွင် ခရီးသည်တင်ဖို့မရည်ရွယ်သော်လည်း လမ်းကြုံ ရင်တော့ တင်သွားလိုက်မယ်လေဟူသော အတွေးဖြင့် မိန်းမပျိုရှေ့တွင် ကားကိုညင်သာစွာ ရပ်လိုက်သည်။ သည်တော့မှ မိန်းကလေး၏မျက်နှာကို သူအနီးကပ် ကြည့်လိုက်မိသည်။ အတော်ပင်ချောမော လှပသော မိန်းမငယ်လေးတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ပါးလှပ်သောနှုတ်ခမ်း၊ ဖြောင့်စင်းသောနှာတံနှင့် ဘဲဥပုံမျက်နှာပိုင်ရှင် မိန်းမငယ်လေးတစ်ဦး။ ရှည်လျားဖြောင့်တန်း နေသောဆံပင်တို့က ကိုယ်နောက်ပိုင်းတွင် ဝဲလျက် တည်ရှိနေသည်။ ရှည်လျားသော အရပ်အမောင်းနှင့် လိုက်ဖက်စွာ အကွေ့အဝိုက်တို့နှင့် ပြည့်စုံနေသော မိန်းကလေး။ သို့သော် ထူးဆန်းမှု တစ်ခုကို ကိုသိန်းမြင့် သတိပြုမိလိုက်သည်။ မျက်ဝန်းများပင်ဖြစ်သည်။ ဤအပြင် အဆင် ဤရုပ်အဆင်းနှင့် တွဲလျက်တွေ့သင့်သည်က ' တောက်ပရွှန်းလဲ နေသည့် မျက်ဝန်းအစုံဖြစ်သင့်သည်။ သို့သော်မျက်ဝန်းများကြည့်ကောင်းအောင် ကျယ်ဝန်း နေပါလျက် မှေးမှိန်ဖျော့တော့ကာ အရောင်ကင်းမဲ့နေသည်။ စကားပြောရန် ကိုသိန်းမြင့် ကိုငုံ့ကြည့်လိုက်သည့် အခါတွင် မမြင်နိုင်သော ဆွဲငင်အားတစ်ခုက ဖမ်းစားလိုက် သကဲ့သို့ ခံစားရကာ ကိုသိန်းမြင့် ရင်ထဲတွင် ထိတ်ခနဲ နေအောင်ခံစားလိုက်ရသည်။နောက်တစ်နေရာတွင် မြင်ဖူးသလိုမျိုး၊ ရင်းရင်းနှီးနှီး သိသလိုမျိုး ခံစားလိုက်ရပြန်သည်။ သို့သော် မဖော်ထုတ်နိုင်ခဲ့။

          “ကျမကို သာကေတ (ခ) ရပ်ကွက်ကို လိုက်ပို့နိုင်မလားရှင်”

          ဟု မိန်းကလေးက မေးလိုက်သည်။ ထွက်ပေါ်လာသည့် အသံကို ကိုသိန်းမြင့် အံဩမိပြန်သည်။ ချိုလွင်သော အသံကလေးဖြစ်ပါသော်လည်း ကြားရ သည်က အလွန်ဝေးကွာသော အရပ်မှလာသည့် တယ်လီဖုန်း စကားသံလို အသံမျိုး။ အံသြမိသည်။ သူမပြောလိုက်သည့် ရပ်ကွက်က သူအခန်းတည်ရှိရာ နေရာနှင့် ကား (၅) မိနစ်ခန့်သာ ကွာဝေးသည့် နေရာမို့သူလက်ခံလိုက်သည်။ နောက်ခန်း တံခါးကို ဖွင့်ပေးလိုက်သည့်အခါ သူမကအသာအယာပင် ဝင်ထိုင်လိုက်သည်။ ကားကို ဖြည်းဖြည်း မောင်းထွက်လိုက်ရင်း ကိုသိန်းမြင့်က

          “ဘယ်ကပြန်လာတာလဲ၊ တစ်ယောက်တည်း”

          “သူငယ်ချင်းတစ်ယောက်ပေါ့။ မနက်ဖန်နိုင်ငံခြားသွားမှာမို့ ဒီညပွဲလေး လုပ်တယ်လေ၊ ကျွန်မကအစောကြီးကတည်းက ပြန်ချင်နေတာ၊ သူငယ်ချင်းတွေက အတင်းဆွဲထားလို့ မိုးချုပ်သွားတာ။ အမေစိတ်မချဖြစ် နေမှာစိုးလို့။ အိမ်မှာ အမေက တစ်ယောက်တည်းရယ်” ။

          ကိုသိန်းမြင့်၏ အမေးစကားတစ်ခွန်းသည်ပင် သူ့အကြောင်းများကို စုံအောင် မေးလိုက်သလိုမျိုး ဖြစ်သွားခဲ့သည်။ မိန်းကလေးက ဆက်လက် ပြောပြနေပြန်သည်။ သူ့အမေကစိတ်ပူတတ်ကြောင်း၊ ဘယ်သွားသွား စိတ်မချကြောင်း စသည်ဖြင့် အကြောင်း အပေါင်းအစုံဖြစ်သည်။ ကြားရသည့် သူမအသံများကလည်း အဝေး တစ်နေရာမှ ပြောနေသလိုမျိုး။ ကြားရသည်ရှိလိုက် ပျောက်သွားလိုက်နှင့်ပင်။ သို့သော် ကိုသိန်းမြင့်အနေနှင့် မော်တော်ကားစက်သံများနှင့် ကားလေတိုးသံများကြောင့် ဖြစ်ပါလိမ့်မယ်ဟု တွေးလိုက်ရင်း နားထောင်နေခဲ့သည်။ မကြာခဏဆိုသလိုလည်း သိဖူးကြုံဖူးသည်ဟုထင်နေသည့် အဖြူရောင်မိန်းကလေးကို နောက်ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်မိခဲ့သည်။

          (၁၀) မိနစ်ခန့်မောင်းနှင်ပြီးသည့်နောက်တွင် မိန်းကလေးပြောပြခဲ့သော ရပ်ကွက်သို့ ရောက်လာခဲ့ပြီ။ သူမကညွှန်ပြသောလမ်းအတိုင်း လမ်းကျယ်တစ်ခု အတွင်းသို့ မောင်းဝင်လာခဲ့သည်။ အတန်ငယ်ကျယ်ဝန်းသောခြံနှင့် ခြံ၏ နောက်ပိုင်း ကျကျတွင် တည်ရှိသော အမည်းရောင် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးတစ်ခု ရှေ့တွင် မိန်းကလေးက ကိုသိန်းမြင့်အား ရပ်ခိုင်းလိုက်သည်။ ကိုသိန်းမြင့်လည်း ခြံဝင်းတံခါး ရှေ့တည့်တည့်လောက်တွင် ကားကို ညင်ညင်သာသာ ရပ်တန့်လိုက်သည်။ ကားကို စက်သတ်လိုက်ပြီးသည်နှင့် ကိုသိန်းမြင့် ကားပေါ်မှ ဆင်းလိုက်သည်။ ကားခေါင်းဘက်မှ ကွေ့ပတ်ကာ နောက်ခန်းဘက်ဆီသို့သွား၍ ကားတံခါးကို ဆွဲဖွင့်ပေးလိုက်သည်။

          “ဟင်””

           ကိုသိန်းမြင့်နှုတ်မှ အာမေဋိတ်သံတစ်ခု ရုတ်ခြည်းထွက်လာခဲ့ သည်။ ကားနောက်ခန်းအတွင်းတွင် မိန်းမပျိုကို မတွေ့ရတော့။ ချက်ချင်းပင် ဘေးဘက်ဝဲယာ ကြည့်လိုက်ပြန်တော့လည်း လူသူကင်းမဲ့နေသည့် မြင်ကွင်းအတွင်း ခွေးတစ်ကောင်ကြောင်တမြီးကိုမျှမတွေ့ရ။ ဒီလောက်တောင်းတဲ့ အချိန်ကလေးအတွင်း သူမ အဘယ်ကဲ့သို့ ပျောက်သွားရလေသနည်း။ သူမသိမီ အလျင်အမြန်ပင် အိမ်ထဲ ဝင်ရောက် သွားပြီလော။ အတွေးများနှင့်အတူ ခြံအဝင်ဝဘက်သို့ လှမ်းကြည့်လိုက် သည်။ ပိတ်လျက်ထားသော ခြံတံခါးနှင့် နောက်ဘက်တွင် အုတ်ခင်းလမ်းဖြူဖြူတို့ကိုသာ မှုန်ဝါးဝါး မြင်တွေ့နေရသည်။ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိ။ တိတ်ဆိတ်လွန်းလှသည်။ ထိုစဉ် အဝေးဆီမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံ တစ်ချက်ကို ကိုသိန်းမြင့်ကြား လိုက်ရသည်။ ကြက်သီးမွေးညှင်းများ ထမိသလို တုန်လှုပ်မိသည်။

          မဖြစ်နိုင်။ လူတစ်ယောက်သည် ဤမျှတိုတောင်းလှသော အချိန်အတွင်း မြင်ကွင်းမှ ကွယ်ပျောက်သွားရန်မဖြစ်နိုင်။ ကားစက်မရပ်မီ နောက်ဆုံး အချိန်အထိ သူမညွှန်ပြနေသော စကားသံများကို ကြားနေရသေးသည်။ ငါများ အမူးလွန်ပြီး ထင်ယောင်ထင်မှား ဖြစ်နေလေသလား။ ဒါလည်းမဖြစ်နိုင်။ စားသောက်ဆိုင် အထွက်ကပင် ကားမောင်းရမည်မို့ သူ့ကိုယ်သူ စစ်ဆေးခဲ့သေးသည်။ ခါတိုင်းလိုပင် ဘီယာတစ်ခွက်လောက်သည် အာရွှင်ရုံမျှသာရှိပြီး မူးယစ်သည့် အဆင့်သို့မရောက်ခဲ့။ ဒါဆိုလျှင်ဘာလဲ။ ညအမှောင် ဝင်ရောက်စတွင် ကြောက်လန့်စေရန် ခြောက်လှန့်ခဲ့သော တစ္ဆေတစ်ကောင်လား။ မဖြစ်နိုင်။ တစ္ဆေသရဲ၊ ဝိညာဉ်တို့ကို ကိုသိန်းမြင့် အယုံအကြည်မရှိ။ တစ်သက်တာလုံး တစ္ဆေပုံပြင်များ အများအပြား ကြားမိခဲ့သော် လည်း အလကား ကတွေပါဟု ယုံကြည်ခဲ့သူ။ သို့ဆိုလျှင် ယခုဘာတွေ ဖြစ်နေ သနည်း။

          မိန်းကလေး၏ ရုပ်ဆင်းသသဏ္ဌာန်ကို ယခုတိုင်ပင်သူ့မျက်လုံးထဲမှာ မြင်တွေ့ နေရသည်။ သူမပြောခဲ့သည့် စကားသံများ၊ သူမညွှန်ပြရာအိမ်တစ်လုံး၊ အဘယ်နည်း။ ရှုပ်ထွေးမှုများက ကိုသိန်းမြင့် ခေါင်းထဲကို နောက်ကျိ လာစေခဲ့သည်။ ဝိညာဉ် ဆိုသောအရာကို သူ့အသိတရားများက ငြင်းပယ်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်မြင် ကိုယ်တွေ့အဖြစ်အပျက်တို့သည်လည်း တစ္ဆေခြောက်နေခြင်းမဟုတ်ဟု ယုံကြည်နေသည်။ ထိုစဉ် ထူးဆန်းလွန်းသော သူမ၏မျက်လုံးများကို ရုတ်တရက် ပြန်အမှတ်ရလာမိပြန်သည်။ မျက်နှာအမူအယာများနှင့် လိုက်ဖက်မှုမရှိသည့် မျက်ဝန်း များ။ နောက်အုံ့ဆိုင်းနေသော မြူများ။ သူမအားစတင်တွေ့ရှိစဉ်ကလေးတွင် မြူမှုန် များက ကင်းစင်နေပြီး သူမ ကားပေါ်တက်ပြီး ကားမောင်းထွက်စဉ်တွင် မြူမှုန်များက အဘယ့်ကြောင့် မူလအတိုင်းပြန်လည် ထူထပ်နေခဲ့သနည်း။ သူစိတ်ရှုပ်လာခဲ့သည်။ အဖြေရှာမှဖြစ်မည်။ သူမသိမြင်အောင်ဘဲ လျင်မြန်လွန်းစွာ အိမ်ထဲသို့ ဝင်ရောက်

ပျောက်ကွယ်သွားတာပဲဖြစ်မည်။ ကားခ အတွက်ရှောင်ပြေးခြင်းလား။ ကားခအတွက် ဆိုလျှင်လည်း ကောင်းကောင်း မွန်မွန်တောင်းပန်ခါ ကျေးဇူးတင်စကားလေးတော့ ဆိုသွားသင့်သည်။ လူမှုရေး ခေါင်းပါးလှပါလား။ ကိုသိန်းမြင့်သည်းမခံနိုင်တော့။

          သူ့ခြေလှမ်းများက ခြံဝဆီသို့ ဦးတည်လိုက်သည်။ ခြံတံခါးရှေ့တွင် ရပ်လိုက်သည့်အခါ တံခါးကသော့ခတ်မထားသည်ကို တွေ့လိုက်ရသည်။ သစ်သားတံခါး ဖြစ်ပြီး တံခါးရွက်ထိပ်နှစ်ခုအား သံကွင်းတစ်ခုဖြင့် ပူးစွပ်ကာ ထိန်းချုပ်ထားသောတံခါး။ တံခါးထိပ်မှ သံကွင်းကို အလွယ်တကူဖြုတ်လိုက်ရင်း ခြံထဲသို့ဝင်လိုက်ကာ တံခါးကိုပြန်ပိတ်လိုက်သည်။ နောက်တော့ ခပ်သွက်သွက် ခြေလှမ်းများဖြင့် နှစ်ထပ် ကျွန်းအိမ် မည်းကြီး၏ ဆင်ဝင်အောက်မှဖြတ်ကာ တံခါးမကြီးရှေ့မတ်တပ် ရပ်လိုက်သည်။ ဆင်ဝင်အောက်တွင် အလင်းရောင်မရှိ။ ခပ်လှမ်းလှမ်းရှိ လမ်းမီးတိုင်များမှ အလင်း ရောင်ဖြင့်သာ တံခါးမကြီးကို မြင်နိုင်စွမ်းရှိခြင်းဖြစ်သည်။ ဒီတံခါး၏နောက်တွင် သူမရှိ နေလိမ့်မည်။

          “ဒေါက် ဒေါက်””

          ခပ်တိုးတိုးသာခေါက်လိုက်သော တံခါးခေါက်သံသည် တိတ်ဆိတ်နေသော ° ဝန်းကျင်အတွင်း အတန်ပင်ကျယ်လောင်လှသည်။ မည်သည့်တုန့်ပြန်မှုမှမရ။

          “ဒေါက် ဒေါက် ဒေါက်"

          ပထမ ခေါက်သည်ထက် ပိုမိုပြင်းထန်စွာ ခေါက်လိုက်ပြန်သည်။ တံခါး ခေါက်သံသည် ပတ်ဝန်းကျင်အတွင်း ကြောက်လန့်စဖွယ် ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာခဲ့ပြန်သည်။ မည်သည့်တုန့်ပြန်သံကိုမျှ ပြန်မကြားရ။

          “ဒေါက် ဒေါက် ဒေါက်””

          ဒီတစ်ကြိမ်တွင်မတော့ လက်ဆစ်များ နာလာသည့်တိုင်အောင် ခတ်ကြမ်း ကြမ်း အဆက်မပြတ် ခေါက်ပစ်လိုက်သည်။ လှုပ်ရှားမှုတစ်ခုလိုလို အသံတိုးတိုးများ ကြားလာရပြီး ဆင်ဝင်တွင် တပ်ဆင်ထားသည့် ငါးတိုင်အား မီးသီးနီကျင်ကျင်လေး တစ်လုံး လင်းလက်လာသည်။ မရှေးမနှောင်းပင် တံခါးမကြီးနောက်ကွယ်မှ ခြေသံ များကြားရပြီး တံခါးပွင့်သွားခဲ့ကာ အသက် ငါးဆယ်ခန့်အမျိုးသမီးကြီးတစ်ဦးကိုတွေ့လိုက်ရသည်။ ဖျော့တော့သော အသားအရေ၊ အရောင်ကင်းမဲ့နေသော မျက်လုံး မွဲခြောက်ခြောက်များ၊ ပိန်လှီလှသော ခန္ဓာကိုယ်ဖြင့် အမျိုးသမီးကြီး။ အဖြူရောင် လွှမ်းနေသော ကျဲပါးသည့် ဆံပင်ချောင်း အချို့တို့ကမျက်နှာ တစ်ဖက်တစ်ချက်တို့တွင် တွဲရရွဲကျနေသည်။ သို့သော် ပျိုမျစ်ခြင်းနှင့်ဇရာတို့ ခြားနားစွာဖြစ်တည်နေသော်လည်း မြင်လိုက်ရသည်နှင့် သူသိလိုက်ပါပြီ။ လျှပ်တစ်ပြက်မြင်ခဲ့မိပေမဲ့ သူမပေါ့။ အမျိုး သမီးကြီး၏ မျက်နှာကျ၊ မျက်လုံးမျက်ခုံးနှင့် နှာတံများက မကြာသေးမီက သူ့ကားကို စီးလာခဲ့သည့် မိန်းကလေးနှင့် အတော်ပင် ဆင်တူနေသည်။ သူချက်ချင်း ဆုံးဖြတ် လိုက်သည်။ ထိုအမျိုးသမီးကြီးသည် သူ့ကားတွင်စီးလာခဲ့သော မိန်းကလေး၏ အမေပင် ဖြစ်ရပေမည်။ ဆုံးဖြတ်ချက်နှင့် အတူ တစ်ဆက်တည်းပြောလိုက်သည်။

          “လွန်ခဲ့တဲ့ ငါးမိနစ်လောက်ကပဲ ကျွန်တော် အချို့သမီးကို ကားမောင်းပြီး ဒီအိမ်ကို ပို့ပေးခဲ့တယ်၊ ကားလည်း အိမ်ရှေ့မှာရပ်လိုက်ရော သူချက်ချင်း ပျောက်သွား တယ်။ အချို့သမီးအိမ်ထဲမှာ ရှိတယ်မို့လား”

          အလောတကြီးနှင့် စကားပလ္လင်မခံဘဲ သိချင်သည့်အချက်ကို ကိုသိန်းမြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။

         “ အော်”

          ကိုသိန်းမြင့်အရင်စလိုပြောသလောက် အမျိုးသမီးကြီး၏ တုန့်ပြန်မှုက အေးစက်လှသည်။ “အော်” ဟု ဆို့နင့်သည့် အသံတစ်ခုသာ ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီး၏ မျက်ဝန်းများအတွင်း မျက်ရည်များ ရစ်ဝဲလာသည်ကို မှိန်ပျပျအလင်းရောင်အောက်တွင် တွေ့လိုက်ရသည်။ နောက်မှ လေးတွဲသောအသံဖြင့်

          “ဟုတ်ပါတယ်သားရယ်။ ဒီလိုမျိုး မြူတွေဆိုင်းတဲ့ ညဦးပိုင်း ကာလတွေမှာ တစ်ခါတစ်လေ သမီးအိမ်ကိုပြန်လာတတ်ပါတယ်”

          အမျိုးသမီးကြီး၏စကားအဓိပ္ပါယ်ကို သူအတိအကျနားမလည်။ သို့သော် သူသိချင်သည့်မေးခွန်းကို ကိုသိန်းမြင့် ထပ်ကာမေးလိုက်ပြန်သည်။

          “ဟုတ်တယ်လေ၊ အဲဒါကျွန်တော်ပြောတာပေါ့။ ငွေကြေးကြောင့်တော့ မဟုတ်ပါဘူး။ ပိုက်ဆံပါမလာရင်တောင် ကျေးဇူးတင် စကားလေးတော့ ပြောသင့် တာပေါ့။ ခုတော့ ဘာမှပြောဘဲ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ပျောက်သွားတာ ကျွန်တော်အံ့သြမိတယ်။ အခုဘယ်မှာလဲ”

          ကိုသိန်းမြင့် တောက်လျှောက်ကြီးပြောပစ်လိုက်သည်။ အမျိုးသမီး ကြီးထံမှ လေးတွဲသော သက်ပြင်းချသံ တစ်ခုကိုကြားလိုက်ရပြီး

          “တောင်းပန်ပါတယ် သားရယ်၊ သူအဲဒီလိုရည်ရွယ်မှာ မဟုတ်ပါဘူး။ သိပ်ပြီး စိတ်သဘောထား ကောင်းတဲ့ သူလေးပါ”

          ဟု ပြန်ပြောလိုက်သည်။ ကိုသိန်းမြင့်က

          “ကျွန်တော်လည်း အဲဒီလိုမထင်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်သွားတာ ကျွန်တော် မတွေးတတ်အောင်ဖြစ်နေတယ်၊ ကျေးဇူးပြုပြီး တစ်ဆိပ်လောက် တွေ့ခွင့်ပြုပါ။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ပျောက်သွားတာ ကျွန်တော် မယုံနိုင်လောက် အောင်ဖြစ်နေရတယ်”

          ဟုပြောလိုက်ရင်း အဖွားကြီး၏ပခုံးပေါ်မှကျော်ကာ နောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

သည့်နောက်တွင်ကား အမျိုးသမီးကြီးမျက်နှာပေါ်တွင် တစ်ခုခုအား ဆုံးဖြတ်လိုက်သည့် အမူအယာနှင့် သက်ပြင်းတစ်ချက် ချလိုက်ခါ

          “သားရယ်၊ အဟောင်းတွေ အသစ်ဖြစ်မှာမို့ အဒေါ်ပြန်မပြောလိုတော့ပါဘူး။ ဒါပေမဲ့ မပြောမဖြစ်တဲ့ တိုက်ဆိုင်မှုတွေကလည်း ဖြစ်လာနေတော့ အမေပြောမှ ဖြစ်တော့မယ်”

          အမျိုးသမီးကြီးသည် ခေတ္တရပ်နားလိုက်ပြီး ရင်ဘတ်အားလက်နှင့် ဖိကာ ပင့်သက်တစ်ချက်အား ကြိုးစားရှိုက်လိုက်ရင်း

          “ သမီးလေးဆုံးခဲ့တာ ၅ နှစ်ကျော်ခဲ့ပါပြီသားရယ်”

          ကိုသိန်းမြင့် ခေါင်းနပန်းကြီးသွားမိသည်။ နောက်ကျောဆီမှ ကျောရိုး တစ်လျှောက် အအေးလှိုင်းတစ်ခုဖြတ်သွားသလိုမျိုး ခံစားလိုက်ရသည်။ အံ့ဩခြင်းနှင့် အတူ ဘာပြောရမှန်းမသိအောင်ပင် ဆွံ့အသွားခဲ့သည်။ ထိုစဉ် သူ့ဘေးမှ တစ်စုံတစ်ခု ပွတ်တိုက်ရွေ့လျားလိုက်သလိုမျိုး လေတစ်ချက်တိုး သလိုမျိုး ခံစားလိုက်ရပြန်သည်။ နောက်သို့ဆတ်ခနဲလှည့် ကြည့်လိုက်မိသည်။ မှိန်ပျပျအလင်းရောင်အောက်တွင် အိမ်ရှေ့က အုတ်လမ်းဖြူဖြူပေါ်တွင် လွင့်မျောနေသော အရိပ်တစ်ခုကို မပီဝိုးတဝါး လှစ်ကနဲ မြင်လိုက်ရသည်။ သူမပြန်ပြီလား။

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)