ကိုငြိမ်း(မန္တလေး) - ဝထ္ထုတိုငါးပုဒ်
ကိုငြိမ်း(မန္တလေး)
ခွင့်လွှတ်ည
ဒီည ဒီညဟာ မတော်တဆ ရောက်လာတာ မဟုတ်ဘဲနဲ့တောင် မတော်တဆ မှောင်နေတယ်။
ဘုရားလက်ဆောင် ဒီလိုခွင့်လွှတ်ည မှောင်ဖို့မသင့်ဘူး။ ရေနီ မြောင်းပေါ် မေးတင်ထားတဲ့ သင်္ချိုင်းကလေးတောင် အိပ်ရေးပျက် တော့မယ်။ ငါ့ကြောင့်။ ပထမမိုးက သည်းသည်း၊ နောက်ဖွဲဖွဲ၊ ပြီး
တော့ မိုးကို အစိုးရသူ နတ်သမီးက မစ်ချင်ပေါင် ပြောတာလည်း ငါ့ကြောင့်။ အို သင်္ချိုင်းပေါက်မှာ မာရ်နတ်တစ်ပါး ခါးထောက် ဘီလူးတစ်ကောင်လို ရပ်စောင့်နေတာလည်း ငါ့ကြောင့်။
ဘာပဲဖြစ်ဖြစ် လေကတော့ လွင်ပြင်ကို ဖြတ်ပြီး သင်္ချိုင်းပေါ် တမာနံ့တွေ သယ်ဆောင်သွားတော့မယ်ဆိုတာကတော့ ငါ့ကြောင့် မဟုတ်ဘူးထင်တယ်။ ရန်ကုန်-မန္တလေး လမ်းမကြီးကတော့ ကဗျာ ဆရာတစ်ယောက်ကို ထမ်းထားရတုန်း။ ငါ့ဆရာပြောတဲ့ ဆွေမဌ အပေါင်းက လမ်းလျှောက်လာ...” ဆိုတဲ့အချိန်မျိုး မဟုတ်ပေမဲ့လွမ်းလောက်စရာ ဖြစ်နေတာကတော့ အမှန်ပါပဲ။
ဒါပေမဲ့ ကားမဲ့တဲ့လမ်းက အလင်းမဲ့တယ်။ အေးခဲတယ်။ ငြိမ်သက်လျစ်ဆိုင်းနေလိုက်တာကလည်းလွန်ပါရော။ လဆိုတဲ့ အကောင် ဘယ်ချောင် ပုန်းအိပ်နေသလဲ။ ငါမသိ။ အထီးကျန်ပုံက “အရိပ်” တောင် မပါဘူး။ ငါရပ်နေတယ်။ ငါရပ်ပြီးနေခဲ့တယ်။
နတ်မိစ္ဆာဟာ မျက်လုံးတွေ လိုက်ပိတ်ဖို့တော့ မမေ့ဘူး။ နတ် မိစ္ဆာတွေ မျက်လုံးပိတ်အောင် မလုပ်နိုင်တာဆိုလို့ ကောင်းကင်က ကြယ်တစ်မျိုးပဲ ကျန်တော့တယ်။ အမြင့်မားဆုံး၊ အကြီးကျယ်ဆုံး ကြယ်တွေကို သူတို့ရဲ့ မျက်လုံးဖွင့်ထားမှုအတွက် ငါကျေးဇူးတင် တယ်။
ကြည့်စမ်းပါဦး။ သင်္ချိုင်းအတွင်းမှာ လင်းလက်တဲ့ မီးရောင် လေး။ ငါ့ဆီက ကျေးဇူးတင်မှု တောင်းခံနေရှာတာကို တွေ့လိုက် ရတယ်လေ။ ကမ္ဘာပေါ်မှာ ငါ့ကိုစိတ်မပျက်တဲ့ နေရာတစ်နေရာမှာ တော့ ရှိသေးတယ်ဆိုတဲ့ သဘောများလား။ ငါဘာပြောရမလဲ။ “ကျွန်ုပ်ဟာ မပျက်သေးတဲ့ သစ်စေ့လား ပျက်ပြီး သစ်သီးပြန့်စေ့မယ့် သစ်စေ့လား” ငါ့ကိုယ်ငါ မသိသေးဘူး။ ငါဘယ်လို သစ်စေ့လဲ။ ဒီအချက် ကို ဖမ်းရခက်သလို “သတ္တိ” ဆိုတာလည်း ငါ့အဖို့ ဖမ်းရခက်နေပြီ လို့ ငါထင်နေပြန်ရော့ သင်းဟာ နတ်မြင်းရိုင်းပဲ။ ပြီးတော့ သင်းဟာ ဇက်ပင်မဲ့တယ်။
(၂)
ဘုရားသခင်ဆိုတာ ခွန်အားဗလ မဟုတ်ဘူး ကြင်နာတဲ့ အမှန်တရားဖြစ်တယ်..။ မမြင်ရတဲ့ လက်ညှိုးတစ်ချောင်းဟာလည်း ဘုရားသခင်ရဲ့ လက်ညှိုးမဟုတ်ဘူး။
အမှန်တော့ ဒါတွေကိုလည်း ငါ ကွဲကွဲပြားပြား မသိသေးပါဘူး။ ဒါပေမဲ့ ခွန်အားဗလတစ်ခုကို ငါ့အဖို့ လက်ဆောင်ရခဲ့တာတော့ အမှန် ပါပဲ။ ဧကန်ထက်တောင် ပိုသေး။
ကြည့်လေ။ နတ်မြင်းရိုင်းရဲ့ လည်ဆံတွေ။ ငါ့ဇက်ပင်ဖြစ်ပြီ။ သူ့ကို ငါ့လို စင်ပင်တွေကို အာလန်အောင် ချိုးဖို့တောင် မလို။ ငါ မြင်းတင်ပါးကို ဖနောင့်ပေးလိုက်တယ်။
“ဟိုက်.. ရော့”
ငါ့မြင်းပျံက သင်္ချိုင်းအဝင်က ရေမြောင်းနဲ့ တံတားအိုကလေး အပေါ် ကျော်ပြီး အဖြတ်၊ လင်းနို့တစ်ကောင်လေ။ ငါ့ဆံပင်တွေကို ဆွဲထူသွားကြတယ်။ ဒီတော့ ခေါင်းပေါ်မှာ ဆံပင်တွေ မတ်တတ် ရပ်လို့။ ငါဝန်ခံပါတယ်။ ဝီရနည်းနည်း ပွန်းရှသွားတယ်ဆိုတာ။ ဒါကို ငါက စကားလုံးတွေနဲ့ မခုခံတော့ဘူး။ ရိုးသားမှုတစ်ခုအဖြစ် ထားလိုက်ပါတော့မယ်။
“အို ကြည့်စမ်းပါဦး ငါ့အိမ်သူရေ ငါ့သမီးလေးရေ.. လမ်းဘေးဝဲယာမှာ သေမင်းက သူအလုပ်မပျင်းကြောင်း အခင်းအကျင်းအစုံစုံနဲ့ သက်သေပြထားလိုက်တာတွေ ကလည်း နည်းမှမနည်းဘဲ...”
ငါကတော့ သေမင်းပြုစုတဲ့ အဘိဓာန်မှာ ခွင့်လွှတ်ခြင်း” ဆိုတဲ့ ဝေါဟာရကို မိုက်မိုက်မဲမဲ လိုက်ရှာခဲ့တဲ့ကောင်ပါနော်။ သူဟာ ညှာ တာခြင်းကို မသိသူ။ လိုက်လျောခြင်းကို မသိဘူး။ အားနာခြင်းကို မသိသူ။ သူသိတာတစ်ခုပဲ ရှိတယ်။ ခွင့်လွှတ်ခြင်းဆိုတဲ့ အလုပ်ကို
တော့ သူ့ အလုပ်မဟုတ်ကြောင်း သေမင်းက ကောင်းကောင်းသိတယ်။ သူ့မှာ လာဘ်သပ်ပကာ မမက်တဲ့ ဂုဏ်တော့ သေချာပေါက်ရှိတယ်။ လာဘ်ထိုးလို့ မရသူကို ပြပါဆိုရင် သူဟာ လက်ညှိုးနဲ့ ဝိုင်းထိုးဖို့ အသင့်ဆုံးလို့ ပြောရမယ် မဟုတ်လား။ အမှန်တော့ သူ့လောက် တာဝန်ကျေနိုင်သူလည်း မရှိပါဘူး။
ဒီခွင့်လွှတ်ညမှာပဲ ကြီးကျယ်မြင့်မြတ်သူတွေဟာ ကောင်းကင် အောက်အထပ်အထိ မြင့်မြတ်တဲ့ ခြေလှမ်းတွေနဲ့ ဆင်းသက်လာတော့ မယ် မဟုတ်လား။ ဒီကြီးကျယ်မြင့်မြတ်က သင်္ချိုင်းထဲက အသံတွေ ကို ကရုဏာစိတ်နဲ့ ကြားနာတော့မယ်။ ငါ့အမိ ငါ့အဖ ငါ့အစ်မ ငါ့အစ်ကိုတော်
ငါ့ဇနီး... ဒီနေရာမှာ အိပ်ပျော်၊ အတော်တောင် ကြာခဲ့ပြီ မဟုတ်လား။ သတင်းကောင်းကို သူတို့နားစွင့်နေကြပြီ။ မျှော်လင့် ခြင်းတွေ သူတို့ စားသုံးနေကြပြီ။ ငါ... မူကား နတ်မြင်းရိုင်းတစ်
ကောင်နှင့် ရင်ထဲမှာ မြှုပ်နှံ့နေတဲ့ ခံစားမှုကို ဆက်ပြီး မြှုပ်မြုံ မျိုသိပ် ပြီး နှုတ်ပိတ်မနေဖို့ ငါလာပြီ။
နတ်မြင်းရိုင်းကြီး စီးလို့...။
၃
“အဖေရဲ့ အဖေ အဖေလဲကျသွားမှာ မစိုးရိမ်နဲ့နော်
သား ခိုင်ခိုင်မာမာကြီး ဖက်ထားမယ်” မှန်တယ်။ ငါက အဖေ့ကို ခိုင်ခိုင်ကြီး ဖက်ထားတယ်။ ရင်ထဲ မှာတော့ ဘာတွေ ဘောင်ဘင်ဝေနေမှန်း ငါမသိ။ သည်းပွတ်တွေ က သည်းထန်ပုံတောင် သဲ့သဲ့ကြားရရဲ့။ ဒါပေမဲ့ ဒီအသံကို ကဗျာ ဆရာဖြစ်တဲ့ ငါ မှဲ့မယူနိုင်ဘူး။ မမျှော်လင့်တဲ့အရပ်က သံကြိုးစာ တစ်စောင် ရောက်လာသလိုပဲ။
“နိဗ္ဗာန်ဟာ မင်းတို့အတွက် ဖြစ်ပါစေ” ငါ ဒီလိုအော်တယ်။ သူတို့ဆီက ပြန်လာတဲ့အသံတွေကလည်း။
“ငါတို့ရတဲ့ ။ နိဗ္ဗာန်တစ်ဝက်တစ်ဝက်ကိုလည်း သင်ရပါစေ” ငါဘေးကိုကြည့်တော့လည်း ငါက ငါ့အဖေကို ဖက်ထားတုန်း ပါပဲ။ ငါဝင်လာတုန်းက တစ်ယောက်တည်း ဖြစ်တယ်ဆိုတာတောင် ငါမေ့သွားပြီနဲ့ တူပါတယ်။ အဖေက ပြောတယ်။
“မင်းအမေဆီ သွားမယ် ။ ငါ့သားသမီးတွေဆီ သွားမယ် မင့်မိန်းမ ငါ့ ချွေးမကြီးဆီ သွားမယ်” ဒီလိုနဲ့ ငါဟာ ပန်းမဲ့မြေအိမ်ကလေးတွေအကြားမှာ လျှောက် သွားနေမိတယ်။ နှင်းရည်အနံ့တွေက ငါ့ကို ပွေ့ဖက်တယ်။ ကျန်ရစ် သူများရဲ့ အဆင့်အတန်းပြ သင်္ကေတတွေကြားမှာ ကဗျာဆရာမိသားစု ရဲ့ မြေအိမ်တွေကတော့ ခပ်မှိန်မှိန်ပဲ ရှိကြတော့မှာ အမှန်ပါပဲ။
ငါ့ရဲ့မေ့လျော့မိုက်မဲ ပေါ့တန်ပျင်းရိမှု အမှတ်လက္ခဏာတွေလို့ ပြော ရင်လည်း ငါငြင်းအားမရှိ၊ ငြင်းဖို့ အခွင့်အလမ်းကလည်း မဲ့လှပါ တယ်။
မှတ်မိနေသေးတယ်။ ဟိုး.. လွန်ခဲ့တဲ့ နှစ်အတော်ကြာက ဒီလို ခွင့်လွှတ်ညမျိုးမှာ အဖေနဲ့ငါ နှစ်ယောက်တည်း အဖေရှိရာကို ညသန်း ခေါင်အချိန် ရောက်ခဲ့တာလည်း မေ့လို့မရသေးဘူး။
အဲဒီတုန်းကညမှာ မာရ်နတ်က သူ့ပိုက်ဆံမကုန်တိုင်း သင်္ချိုင်း ပေါ် မိုးတွေ သွန်ချနေတယ်ဆိုတာကို...။ လေတွေကိုလည်း ဟိုး အဝေးကြီးကနေ ဒီအထိ သူ့ပိုက်ဆံမကုန်တိုင်း ကော်ဆဲပြီး ပြေးလာ စေတာကို...။ ကောင်းကင်မည်းမည်းမှာ အလင်းတွေ ရုတ်တရက် ဖြစ်သွားအောင် ဖန်ကျည်တောက်တွေ အများကြီး သူ့ပိုက်ဆံမကုန် တိုင်း ပစ်ဖောက်ဖြုန်းတီးပြီး မာရ်နတ်က သူ့တန်ခိုးဖြန့်ကြက်ဖို့ ကြိုး စားနေကြတာတွေကို။
ဒီလို အငြိုးတကြီး တိုက်မှုတွေအကြားမှာ ငါက အသက် (၈၀) ကျော်အဖေကို ဖက်လို့။ လက်တွဲလို့..။ အခုည အဲဒီအဖေအိုရဲ့ ဓမ္မသံချိုမြ အခု ငါကြားရတယ်။ မှန်တယ်။ အမေ့မြေအိမ် မီးထိန်
အောင် လုပ်သူဟာလည်း ဒီအဖေပါပဲ။ ငါ့ အစ်ကို ငါ့အစ်မ မြေအိမ် မီးထိန်အောင်လုပ်သူဟာလည်း ဒီအဖေပါပဲ။ အဖေဟာ အလင်းရောင်မီးများကို ထွန်းညှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အဖေ လည်း ဒီနေရာမှာ အိပ်ပျော်သွားပါပြီ အဖေ။ကြီးမြတ်မှုတစ်ခုရဲ့ အလိုတော်ကို သရုပ်ဖော်ရတဲ့ ငါ့အဖို့က တော့ ဘာများတတ်နိုင်ပါ့မလဲ။
ဒါပေမဲ့ ငါကတော့ ဒူးထောက်ထိုင်နေတုန်းပဲ ရှိပါသေးတယ်။ အဖေနဲ့နှစ်ယောက်တည်း လာတုန်းက ခွင့်လွှတ်ညလို မိုးပေါက်ကြမ်းကြမ်းတွေ မရှိ။ မိုးကလေးတစ်ဖွဲ့နှစ်ဖွဲလောက်တော့ ရှိတယ်။ အဝေး လာပြီး ကော်ဆဲမယ့်လေကြမ်းမျိုး မရှိ။ လေပြည်ကလေး တစ်သုန် နှစ်သုန်တော့ ရှိတယ်။ ဖန်ကျည်တောက်တွေ လျှပ်ပြက်သလို ခြောက် လှန့်အလင်းတွေနေရာမှာ သင်္ချိုင်းအတွင်း ထွန်းညှိထားတဲ့ လျှပ်စစ် မီးတွေ ဝင်းပအောင် ပြန်လင်းလာပြီမို့ မာရ်နတ်ကိုယ်တိုင် သူ့ကိုယ်သူ ချုံ့ရင်းပျံ့ရင်း တဖြည်းဖြည်း ကျုံ့ဝင်နေတာကို ငါမြင်လိုက်ရပြီ။ အမှောင်က သင်္ချိုင်းကို မျိုထားလို့မရတော့။
ငါ့ဦးခေါင်းတွေ လင်းလာတယ်။ ငါ့ဆံပင်တွေ လင်းလာတယ်။ ငါ့တစ်ကိုယ်လုံး မလင်းတဲ့နေရာရယ်လို့ မရှိဘူး။ မာရ်နတ်က လိမ်း ပေးထားတဲ့ ငါ့ကိုယ်ပေါ်က ဘိန်းရည်တွေ ခွင့်လွှတ်ညရဲ့ လက်ဆောင် ကြောင့် အားလုံး အားလုံး အရည်ပျော်ပြီး သင်္ချိုင်းထဲ ရောက်သွားပြီ။
မှန်တယ်။ ဘယ်မြေအိမ်မှ ပန်းမရှိဘဲ မနေဘူး။ အညီအမျှရှိ နေကြပြီ။ သင်္ချိုင်းလေး အရှေ့ဘက်က ရေနီနီနဲ့ ချောင်းကလေးဟာ လည်း ငါ့သီချင်းကို လေညင်းအကူအညီနဲ့ ရနံ့ပါအောင် တောင်ဘက် ဆီ ကုသိုလ်ဖြစ် သယ်ဆောင်သွားပါပြီ။ ။
လေကောင်းလေသန့် တစ်ချက်လောက် အားရပါးရ ရှူပြီးတဲ့ အချိန်မှာ ငါဟာ ဖက်ရွက်လေးတစ်ရွက်၊ စက္ကူလေးတစ်စ ဖြစ်သွား တယ်။ မြင်းရဲ့ လည်ဆံတွေ လက်ထဲ အလိုလို ရောက်လာတယ်။
ဝိညာဉ်ရဲ့ ဂုဏ်ဒြပ်၊ အစပ်ပြုတ်တဲ့ ရုပ်အလောင်းတွေရဲ့ အကြား နဂါးလိမ်တင်းတိမ်ခင်းနေတာ ဘယ်သူများ မှတ်သလဲ။ နတ်မြင်းရိုင်း မြင်းပျံကြီးစီးကာ ချစ်သူတွေဆီ ငါပြန်လာပြီ။ ချစ်သူတွေဆီ ဒီကောင် ပြန်လာပြီး...။