Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - အောက်မေ့ဖွယ်ဟာသ၀ထ္ထုများ(၉)

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ဗုဒ္ဓကန့်လန့်ကာ

မောင်စည်သူ

          ဝန်မင်းဦးကျောက်လုံးသည် နိုင်ငံရေး၏ ကွေ့တစ်ကွေ့တွင် လောကဓံ တရားကို မလွန်ဆန်နိုင်သည့်အတွက် အရှုံးနှင့်ရင်ဆိုင်ခဲ့ဖူးလေသည်။ သူ၏ပါတီမှာ မမျှော်လင့်ဘဲနှင့် ပြိုကွဲသွားခဲ့လေသည်တွင် သူသည် ဝန်မင်းဘဝမှပင် ကမ်းနားသစ်ပင်ကဲ့သို့ လျှောကျရရှာသည်။ သို့သော် သူ သည် နိုင်ငံရေးသမားပီပီ သံဝေဂရရမှန်း မသိဘဲ သူ၏ ပြန်လည်ကောင်းစား ရေးအတွက် အကြံဉာဏ်ထုတ်ရင်း ဘုရားကို နာနာရှိခိုးလိုက်၊ သူနှင့် အတိုက်အခံအပြိုင်အဆိုင် လုပ်နေသည့် ခေါင်းဆောင်များ၏ ပျက်စီးရာ ပျက်စီးကြောင်း ရှာဖွေကြံစည်လိုက်ဖြင့် အလုပ်များ မအားမလပ်ဘဲ ရှိလေသည်။

          အစမှာတော့ သူ့ဘက်က အတော်ရှုံးနေရှာလေသည်။ ယခင် သူအာဏာရစဉ်က သစ္စာခံလျက်ရှိသော နောက်လိုက်များသည် သူ၏ အတိုက်အခံများဘက်သို့ ပြောင်းသွားကြလေသည်။ အစက သူ့ဘက်မှရှိသော သတင်းစာများလည်း ယခုလေသံပြောင်းကုန်ကြလေသည်။ သူ၏ ရန်သူများသည်လည်း အတော်ခြေသွက်နေသဖြင့် ဦးကျောက်လုံးမှာ လှိမ့်ခံနေရ လေသည်။ သူပိုင်သတင်းစာကလေးတစ်စောင်၊ နှစ်စောင်နှင့် အတော်ခုခံ နေရရှာလေသည်။ ဆဲနေရရှာလေသည်။ သူ့ရန်သူများ၏အပြစ်အနာ အဆာများကို အချို့ဟုတ်သလောက်လည်းကောင်း၊ အချို့ကိုမူ လုပ်ကြံ၍လည်းကောင်း ဝါဒဖြန့်နေရလေသည်။ တစ်ခါတစ်ခါ သူက ဉာဏ်များ၍ ပရိယာယ် ကြွယ်သူပီပီ မသိမသာကလေး နှက်လေသည်။ တစ်ခါတစ်ခါ ခပ်ဆတ်ဆတ် ထုလေသည်။ တစ်ခါတစ်ခါ အတုံးလိုက် အတစ်လိုက် ကလော်တတ်သေးသည်။ သူ့အားလည်း သူက ဆဲ, ကလော်, ထုသည့်နည်းတူ အခြားတစ်ဖက်ကလည်း ထု,ဆဲ,ကလော်လေသည်။

          ထိုအခါ ဦးကျောက်လုံးသည် သူ၏ ရန်သူများဘက်မှ ဆဲသမျှကို ခံနိုင်ရည်ရှိဖို့ အလိုအပ်ဆုံးဟု သိထားသည့်အတိုင်း သူခံနိုင်အောင် ကြိုးစား လေသည်။ ဆဲဖို့၊ ထုဖို့၊ ကလော်ဖို့သည် နိုင်ငံရေးတွင် အရေးကြီးသည့် အတိုင်း သူကဆဲသလို တစ်ဖက်က ဆဲလိမ့်မည်ကိုလည်း သူ သိထားသည်။ ထို့ကြောင့် သူသည် စောစောကပင် အကာအကွယ် ယူထားပြီး ဖြစ်လေသည်။

          “ဟေ့....ခင်..။ အစ်ကိုကြီး ဟိုနေ့က ပြောလိုက်တဲ့ မိန့်ခွန်းဟာ ဟိုခွေးသားတွေကို သိပ်ထိတာပဲတဲ့။ သခင်မျိုးအံ့ဆိုတာ ဒေါပွလွန်းလို့ အစ်ကိုကြီးချည်း တစ်နေ့လုံး ထိုင်ဆဲနေတာပဲတဲ့။ ဒေါသဖြစ်လွန်းလို့ ထမင်းတောင်မစားနိုင်ဘူးတဲ့။ အိပ်လို့လည်းမရလို့ ဆရာဝန်တောင် ခေါ်ရတယ်ဆို ပဲ..။ ဟား..ဟား နိုင်ငံရေးဆိုတာ အဲဒီလို ကိုယ့်အပြိုင်တွေကို ကျန်းမာရေး စိတ်ဓာတ်တို့ကအစ ကျဆင်းအောင် လုပ်ပေးရတယ် သိလား။”

          ဤသို့ တစ်ခါ သူသည် ဝမ်းသာသော လေသံကြီးဖြင့် သူ့ဇနီးခင် အား နိုင်ငံရေးအကြောင်း ပြောပြလေရာ

          “အစ်ကိုကြီးကိုလည်း သူတို့က တစ်ခါတုန်းက ဆဲဆိုတာပဲမဟုတ် လား...။ အဲဒီတုန်းကလည်း အစ်ကိုကြီးအတော်ဒေါပွပြီး အဲဒီလိုဖြစ်လိုက် သေးတယ်မဟုတ်လား...။”ဟု မေးသည့်အတွက်... ။

          “အေး..ဟုတ်တယ်လေ ခင်။ ဒါပေတဲ့ အစ်ကိုကြီးက သူတို့လောက် ကြာရှည်အဖြစ်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုကြီးက ဟိုဆရာတော် ကြီး ပေးထားတဲ့နည်းကို သုံးတတ်တာကိုး...။ အဲဒီအခါဆိုရင် ဘုရားခန်းထဲ တစ်ခါတည်းဝင်...၊ ဘုရားကိုနာနာရှိခိုးပြီးတော့...ထွက်သက် ဝင်သက်ကို သမာဓိဖြစ်အောင်လုပ်...၊ အဲဒါတွေ မေ့ကုန်ရင် ဘာမှမဖြစ်တော့ဘူး...။

          အဲဒီနည်းကလေး သိထားတာ သိပ်ဟုတ်တာပဲ..။ ကိုယ်က ဆဲရင် သာ သူတို့ကို ထိမယ်..။ သူတို့က ဆဲရင် အဲဒါနဲ့ကာကွယ်လိုက်တော့ ကိုယ့်ကိုမထိဘူး..။ မထိမှ အကြံကောင်း ဉာဏ်ကောင်းထွက်မယ် မဟုတ် လား။ ဒါမှ နိုင်ငံရေးအကွက်တွေကို ခြေလှမ်းမမှားဘဲ ခေါင်းအေးအေးထား ပြီး စဉ်းစားနိုင်မယ် ဟဲ...ဟဲ..ဟဲ...။”

          သူသည် ဝမ်းသာသည့်လေသံကြီးဖြင့် ပြောရင်း ဘုရားခန်းဆီသို့ ဝင်သွားလေသည်။

          ဟုတ်ပါသည်။ အရင်ကဆိုလျှင် ဦးကျောက်လုံးသည် သူ့အားဆဲ သည့် အကြောင်း၊ ပုတ်ခတ်သည့်အကြောင်းပါသည့် သတင်းများကို မဖတ်ရဲ ပေ။ သူ၏အတွင်းရေးမှူး မိန်းကလေးအား ထိုသတင်းစာမျိုး သူရှေ့ မရောက်ဖို့ သတိပေးထားလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဒေါသကြီးသူ တစ်ယောက် ဖြစ်သောကြောင့် ဖြစ်လေသည်။ ခံနိုင်ရည်လည်း မရှိပေ။ ထို့ကြောင့် သူသည် သူ့အား ချီးကျူးသည့်သတင်း၊ အသားပေးသည့် သတင်းပါသော သတင်းစာများကိုသာ ဖတ်လေသည်။ သူ့အား ဝေဖန်ထား သည့် သတင်းမျိုး၊ ဆောင်းပါးမျိုး၊ ဝတ္ထုမျိုးဆိုလျှင် အလျဉ်းမဖတ်ပေ။ ယခုကဲ့သို့ တရားသိပြီးသည့်နောက်မှာတောင်မှပင် သူသည် သူ၏တစ်ဖက် ရန်သူများကိုသာ မခံချင်အောင် ဆွသည်။ ပုတ်ခတ်သည်။ သူအား ပုတ်ခတ် သည့်အကြောင်းများကိုတော့မူ မဖတ်မိအောင် အတော်သတိထားလေသည်။ သူ့ အတွင်းရေးမှူးက မဖတ်မဖြစ်၍ ပြသည့်အခါများ၌ ဖတ်ရလျှင်လည်း သူသည် မထိခိုက်အောင် ဗုဒ္ဓတရားတော်ဖြင့် ခုခံနိုင်ရန် အမြဲအသင့်ပြင် ထားပြီး ဖြစ်လေသည်။

          ဤနည်းဖြင့် ဦးကျောက်လုံးသည် သူ၏ နိုင်ငံရေးအတွက် ဘုရားကို အားထား ယုံကြည် ကိုးစားမိလေသည်။ ဗုဒ္ဓရှင်တော်မြတ်၏ တရားအကျိုး ကိုလည်း ခံစားရလေသည်။ တကယ်ဆိုတော့ သူကား ခံစားတတ်သူလည်း ဖြစ်သည် မဟုတ်ပါလား။

          ဗုဒ္ဓ၏တရားသည် လူကောင်း လူဆိုးမရွေး သောက်သုံးတတ်သူအဖို့ အေးမြသော အကျိုးကို ပေးသော သဘောရှိသည်ကို သူသိသည်။

          “အစ်ကိုကြီး ကြည့်စမ်း..ကြည့်စမ်း...။ အစ်ကိုကြီးကို သူတို့ သတင်းစာထဲမှာ ခွေးနဲ့ ဥပမာထားပြီး ရုပ်ပြောင်ဆွဲထားတယ်။ စော်ကား လိုက်ကြတာ မခံနဲ့ အစ်ကိုကြီး။ အဲဒီသတင်းစာကို အရေးယူပါ”

          ဦးကျောက်လုံး၏ ဇနီး ခင်သည် သတင်းစာတစ်စောင်ကိုကိုင်လျက် အိပ်ရာမှ နိုးခါစ အကြံဉာဏ် ယူနေသော ဦးကျောက်လုံးဆီသို့ အပြေးက လေးလာလေရာ ဦးကျောက်လုံးသည် ရုတ်တရက် လှမ်းယူကာ ကြည့်နေ လိုက်မိလေသည်။

          ဦးကျောက်လုံးသည် ချက်ချင်းပင် ပါးကြောကြီးများ ထောင်လာလေ သည်။ မျက်လုံးများလည်း နီလာလေသည်။ နောက် သတင်းစာကိုလုံးချေ ပြီး ပစ်လိုက်လေပြီးနောက် သူ၏ဇနီးအား မျက်ထောင့်နီကြီးဖြင့် စိုက်၍ ကြည့်နေလေသည်။ သူ့ပါးစပ်မှ ဒေါသကြောင့် မည်သည့်စကားလုံးများမျှ ထွက်မလာ။

          သူ၏ဇနီးခင်သည် ကြောက်ရွံ့ လှသဖြင့် မျက်နှာသေကလေးဖြင့် ရပ် ကြည့်နေရှာလေသည်။ မကြာမီ ဦးကျောက်လုံး၏အတွင်းရေးမှူးမကလေး ပြေးလာပြီး...

          “အစ်ကိုကြီး သတင်းစာ ကြည့်ပြီးပလား။ မြင့် အဲဒီ သတင်းစာက အဲဒီ ကာတွန်းကို ညှပ်ပစ်မလို့၊ ခဏအပြင်ထွက်သွားတုန်း မမလာပြတာနဲ့ ပဲမြင့်အမီပြေးလိုက်လာတာ...။”

          သူမက ရှင်းပြလေသည်။ ထိုအခါ ဦးကျောက်လုံးသည် သူ့ဇနီး ဖက်သို့ လှည့်၍...

          “ခင်...မင်း တယ်မိုက်ပါလားကွာ..။ အဲဒါမျိုးဆို ငါ့ကိုမမြင်ပါစေနဲ့ လို့ ငါပြောထားတယ်မဟုတ်လား..။ မြင်တော့ ငါ့မှာ ဘာအကျိုးထူးမလဲ။ ဒေါပွတာပဲ အဖတ်တင်။”

          “ ဒါတော့ အစ်ကိုကြီး ခံနိုင်ရည်ရှိရမယ်လေ”

          “ဟေ့ တော်စမ်းကွာခင်...။ ငါ ပုထုဇဉ်ကွ ပုထုဇဉ်။ ချက်ချင်းတော့ ဒေါသမဖြစ်ဘဲ မနေနိုင်ဘူး။ နောက်မပြပါနဲ့ကွာ- ငါတောင်းပန်ပါတယ်။ ကဲ..ငါစိတ်ပြေအောင် လုပ်လိုက်ဦးမှပဲ။ ဒီနေ့ည သတင်းစာ ကွန်ဖရင့်မှာ ဟိုကောင်တွေကို အုပ်ဖို့ ညက ပုတီးစိပ်ပြီး ခေါင်းအေးအေးထားနေတုန်း မှာ မင်းလာနှောင့်ယှက်တာပဲ...တောက်.....။”

          “ဟုတ်တယ်မမ။ အစ်ကိုကြီးကို အဲဒီ သတင်းမျိုးတွေ မပြပါနဲ့ ။ မြင့် အဲဒီ သတင်းမျိုး၊ ဓာတ်ပုံမျိုးတွေကို ဖြတ်ဖို့ တာဝန်ပေးထားတာ အစ်မ ကြီး သိသားနဲ့။”

          “အို...ဒီလို စော်ကားတာကိုတော့။”

          “တော်စမ်းကွာ-ခင် တော်စမ်း။ မင်းကလည်း နားဝေးလိုက်တာ... ကဲ ဟွေမြင့်၊ ဒီနေ့ မနက် ဘယ်သူလာလာ ငါဘုရားဆောင် ဝင်နေလို့ မတွေ့နိုင်ဘူးလို့ စောင့်ပြော သိလား။”

          ထိုသို့ပြောပြီး ဝန်မင်းဦးကျောက်လုံးသည် သူ လေ့ကျင့်ထားသော ဝင်သက် ထွက်သက် တရားများဖြင့် သူ့ဒေါသများကို ပျော့ပျောင်းစေရန် ဘုရားခန်းထဲသို့ ဝင်သွားလေတော့သည်။