ကလောင်စုံ - အောက်မေ့ဖွယ်ဟာသ၀ထ္ထုများ(၇)
တက္ကသိုလ်မှ သရဲခြောက်မှုကြီး
မောင်ညစ်ကျယ်(လက်ပံတန်း)
တက္ကသိုလ်ကျောင်းတော်ကြီးကား ကျောင်းဖွင့်ချိန်နီးသောအခါ ကျောင်းတော်မဟာသို့ ပြန်လာကြသော ကျောင်းသားများကြောင့် အင်းဝ၊ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံစသော ဗဟိုကျောင်းဆောင်များနှင့် ရွှေဘို၊ ဒဂုန်(ယခင်က ဥတ္တရနှင့် ဝယ်လင်တန်)ဆောင်များ၊ အင်ဂျင်နီယာများနှင့် ဆရာများကို မွေးထုတ်ရာပြည်နှင့်တကောင်းဆောင်များတွင် ခုံဖိနပ်သံ၊ ဆူသံ၊ ရယ်သံ၊ ရေချိုးခန်းထဲမှအသံဝိဇ္ဇာတို့၏အသံများဖြင့် သာယာစိုပြည်စ ပြုလေပြီ။
ထို့ပြင် လုပ်လဲ့လုပ်လီ ဟန်မူချီ၍ ပလီပလာ တီတီတာတာပြောပြီး မနောခွေသဘောတွေ့အောင် ဆောင်ရွက်နိုင်စွမ်းရှိသူအပျိုဖြူများ၊ မပျို တပျို့များ၊ (အင်း...သူတို့က အပျိုမဖြစ်ကြသေးဘူးလေ)အပြိုများ (စာလုံး ပေါင်းသည်းခံပါခင်ဗျာ)သာ နေလေ့ရှိသော အင်းလျားနှင့်သင်တန်(ယခု သီရိ)ဆောင်များမှာလည်း မော်တော်ကားမျိုးစုံတို့၏ အသံ၊ ရယ်သံ၊ မောသံ၊ ချွဲသံ၊ (အဲ...ဘာသံများကျန်သေးပါလိမ့်၊ ကြားတဲ့လူများရှိရင် ပြောစမ်းပါဦး ဘာဗျ ။ အင်း...ဪ အတင်းပြောသံလည်းပါတယ်...
ဟုတ်ကဲ့။ ကျွန်တော်တော့ မကြားမိပါလား။ ဟဲဟဲ)စသော အသံမျိုးစုံ တို့ဖြင့် တန်ဆာဆင်လျက် အသက်ဝင်စပြုပါပြီ။ ကျွန်တော့် ဝတ္ထုလေးကတော့ အထက်ပါ ကျောင်းတော်ကြီး အသက်ဝင်စပြုတဲ့အချိန်မှာ အစပြုပါ တယ် ခင်ဗျာ။
အင်း..မနှစ်က ၁၉၅၃-ခုနှစ် ကျောင်းစဖွင့်တဲ့အချိန်မှာ ကျွန်တော်တို့ တစ်တွေဟာ ဤလည်းတစ်ဒုက္ခအဖြစ်ဆန်းကလေးကို ကြုံတွေ့ခဲ့ကြရပါ တယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါခင်ဗျာ၊ အစကနေ ဇာတ်ကြောင်းကို လှန်ရရင် ကျွန်တော်တို့တစ်တွေနေတဲ့ နေရာကတော့ ဗဟိုကျောင်းဆောင် များအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျောင်းဆောင်တစ်ဆောင်ရဲ့ အလယ် ထပ် ကျောင်းမျက်နှာစာ အလယ်လှေကားကြီး၏ဘယ်ဘက်မှာရှိတဲ့ အတန်းရဲ့ ထောင့်ဆုံးအခန်း ၂ ခန်း(ဟိုဘက်ထောင့်နှင့် ဒီဘက်ထောင့်ပေါ့ ဗျာ၊ ကြားထဲမှာ အခန်း ၆ ခန်းတိတိခြားပါတယ်) ရယ်၊ အလယ်လှေကား ထိပ်ကနေပြီးကြည့်ရင် ၃ ခန်းမြောက်အခန်းရယ်၊ ကျွန်တော်တို့ နောက် တန်းက အခန်းတစ်ခန်းရယ် ပေါင်း အခန်း ၄ ခန်းမှာပဲ ခင်ဗျာ။ (အဲ..စာရှုသူများ နားမရှင်းရင်တော့ ကျွန်တော်စာရေးပုံရေးနည်း ညံ့လို့သာ ဖြစ်မှာပါပဲလေ) ကျွန်တော်တို့ လူစုကတော့ များများမဟုတ်ပါဘူး။ ၅ ယောက်တည်းပါ။ ကျွန်တော် မောင်ညစ်ကျယ်နဲ့အတူနေသူ ကိုလာဘော်တို့ကတော့ အလယ်လှေကားရဲ့ ဘယ်ဘက်မှာ ကပ်နေတဲ့ထောင့်ခန်းမှာ နေပါ တယ်။ (ကိုလာဘော်ဆိုတဲ့နာမည်က နည်းနည်းဆန်းလေတော့ အကျယ် ရှင်းဖို့လိုပါတယ်၊ သူ ဒီနာမည်ရခဲ့ခြင်းဟာလည်း အင်မတန် ပစ္စလက်ခတ် နေလေ့ရှိလို့ လဘောသရေနိုင်တယ်ဆိုပြီး “လာဘော်လို့ သူငယ်ချင်းက ဝိုင်းပြီး အမည်မှည့် ကြတာပဲခင်ဗျ။ လာဘော်ဆိုတာ လာဘဆိုတဲ့ စကားကဆင်းသက်လာတာ မဟုတ်လို့ “လာဘ်ပေါတဲ့ လူလည်း မဟုတ် ဘူးခင်ဗျာ၊ စသုံးလုံးနဲ့ တွေ့မှာစိုးလို့ ရှင်းနေရတာပါ) မောင်ညစ်ကျယ် ဆိုတာကတော့ ညစ်ကျယ်ကျယ် ပြောတတ် ဆိုတတ် လုပ်ကိုင်တတ်လို့ပဲ မှတ်ကြပါနော်။
အဲကျွန်တော်တို့နဲ့ ၆ တန်းတိတိ ခြားနေတဲ့ ဟိုဘက်ထောင့်စွန်းက အခန်းမှာတော့ ကွမ်းခြံကုန်းရွာ (မင်းသုဝဏ်ရေးတဲ့ ကဗျာထဲက ရွှေခြံဂါမဆို တာကို အတည်ပြုပြီးရေးထားတာကို ငြင်းမယ်မကြံနဲ့ နော်)က လာရောက်ပညာသင်နေတဲ့ ဘုရားအလောင်း၊ အဲလေ ယောင်လို့ အလောင်း ဘုရားဆိုသူ နေပါတယ်။ သူက ကဗျာဆန်ဆန် အလောင်းဘုရားရဲ့ နာမည်တစ်ခုကို နောက်က စာလုံးဖြုတ်ပြီး သူ့နာမည်ဖြစ်အောင် လုပ်ထား တဲ့လူခင်ဗျာ၊ ဒါပေမဲ့ ဆွေမျိုးတော့ တော်မှာမဟုတ်ပါဘူး။ သူကား ခေသူမဟုတ်၊ ဝိဇ္ဇာနောက်ဆုံးတန်း (ကလပ်စ်တက်ရင် နောက်ကျကျနေလို့၊ နောက်ဆုံးခုံမှာ ထိုင်ရလို့ ထင်ပါရဲ့ဗျား) မှာ ပညာဆည်းပူးဆဲဖြစ်ပါ၏။ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ၊ ရှင်ဥတ္တမကျော်၊ ရှင်အုံးညို၊ အဒူမင်းညို၊ နဝဒေးကြီး၊ နတ်သျှင်နောင်၊ ဦးစ အစရှိတဲ့ ပုဂ္ဂိုလ်ကျော် စာဆိုတော်များရဲ့ ရတု ကဗျာများကို နှုတ်တက်ရွရွ အလွတ်ကျက်ထား တဲ့သူခင်ဗျာ။ သူနဲ့တစ်ခန်းတည်းနေမည့်သူ မလာသေးလို့ ခုတော့တစ် ယောက်တည်းနေရတုန်းပေါ့ ဗျာ။
ကျွန်တော်တို့အခန်း ဘယ်ဘက်တစ်ခန်းကျော်မှာ နေတဲ့မင်းသား တစ်ယောက်ရှိပါတယ်။ သူကတော့ ကျောက်သံပတ္တမြား ပေါများသည့် အရပ်မှလာခဲ့သူဖြစ်ပြီး ဇာတ်လိုက်မင်းသားမြင့်အောင်ကဲ့သို့ပင် ချောမော သူဖြစ်သောကြောင့် ကျွန်တော်တို့က သူ့ကို ကိုမြင့်အောင်ဟုခေါ်ကြပါ သည်။ ကျွန်တော်တို့နှင့်ကျောချင်းကပ် နောက်တန်းမှာနေတဲ့ ရဲဘော်ကြီး တစ်ယောက်ကိုတော့ ခပ်လွယ်လွယ်'ကိုမဲ့ပြုံး”လို့ မှတ်ထားကြပါ။ သူကတော့ တစ်မျိုးပဲခင်ဗျ။ သူပြုံးလိုက်ရင် တခြားသူတွေနဲ့ မတူဘူး။ ပြုံးပုံကိုက သူ့ရည်းစား သူ့နောက်လိုက်မယ့်အတိုင်း၊ အဲလေ သူများနောက် လိုက်သွား တဲ့အတိုင်း မဲ့ပြုံးကလေးခင်ဗျ။ ဟဲဟဲ...(သည်းခံပါဗျာ) ။
အဲအဲ ဒါနဲ့ဝတ္ထုဘယ်ရောက်နေပါလိမ့်၊ အာ...စမှ မစရသေးဘဲ။ ကဲကဲ သည်းခံပါခင်ဗျာ။ ဝတ္ထုစပါပြီ။ ဒီလိုပါခင်ဗျ။ ကျွန်တော်လည်းကျောင်းဆောင်ကို ပြောင်းလာတော့ ခုနကရဲဘော်ကြီးတွေက အရင်ရောက် နေကြလို့ နေသာထိုင်သားကျနေပါပြီ။ ဟိုအလောင်းဘုရားဆိုသူကတော့ ဒီနှစ်မှ အပေါ်ထပ်ကို တက်လာသူမို့ ကျွန်တော်တို့နဲ့ ဆက်ဆံရာမှာ ခပ် တန်းတန်းပင် ရှိနေပါသည်။ သို့သော် ကိုလာဘော်ကို အကြောင်းပြု၍ မကြာမီပင် အလောင်းဘုရားနှင့် ရင်းနှီးသွားကြပါတော့သည်။
ကိုလာဘော်နဲ့ အလောင်းဘုရားတို့ကတော့ တစ်တန်းတည်းသားတွေ ကိုး။ အဲ အလောင်းဘုရားကြီးက ဒီဝတ္ထုမှာ ဇာတ်လိုက်ကျော်ဆိုတော့ သူ့အကြောင်းကို နည်းနည်းလေ့လာပါရစေတော့။ သူကား အလွန်ကြောက်တတ်၏။ (အလောင်းမင်းတရားကြီးသာ ဒီအကြောင်းသိရရင် ရှက်တာနဲ့သေမှာပဲ။ အဲလေ နတ်ရွာစံမှာပဲထင်ပါ့) စိတ်လည်းကောက် တတ်၏။ (အဲ အဲ သည်းခံပါဗျာနော်) အနေအထိုင် ကဗျာဆန်၏။ သို့သော် အဝတ်အစားကျတော့ အင်္ကျီအစိမ်းရင့်ရင့်လက်ရှည်ကိုဝတ်ပြီး ဘန်ကောက် လုံချည်နီစပ်ဖွဲ့ကြီးကို ဝတ်တတ်လေတော့ အင်း ပုတ်သင်ညို ဆေးနီဘူးထဲ ကိုယ်တစ်ပိုင်းလိမ့်ကျနေသလိုပဲ။ အင်း ပြောရတာ အားနာစရာဗျာ၊ ဟဲဟဲ။ အဲဒီအလောင်းဘုရား ကိုယ်တော်ကြီးဟာ ရေချိုးခန်းမှာ ကုလားမသရဲရှိ တယ်ဆိုလို့ ၇ ရက်၊ ၇ ညတိတိ ဆီးမသွား ချာမပီးဘဲနေခဲ့ရဖူးသဗျ။ အဲသလောက် သတ္တိပြောင်တာကိုး၊ ဒီလိုကြောက်တတ်မှန်းသိတော့ ကျွန်တော်တို့က သူ့ကို ခြောက်လှန့်ပြီး မဟုတ်တာတွေ ပြောရာက ဒီဝတ္ထု လေး ဖြစ်လာရတာပဲ။
တစ်ညတော့ ကျွန်တော်တို့ ၅ ယောက်သား အလောင်းဘုရားရဲ့ အခန်း ထဲမှာ လက်ဖက်ရည်အကြမ်း၊ ပဲကြီးလှော်သုပ်တို့နှင့် တခမ်းတနား စကား ပြောပွဲကြီး ကျင်းပကြတာကိုးဗျ။ ကျွန်တော်တို့ကလည်း သူ့ကို “ဒီအခန်းထဲ မှာ သရဲရှိတယ်ဆိုတာသေချာကြောင်း၊ မနှစ်ကရဲဘော်ကြီးတစ်ဦး ဒီအခန်းထဲမှာနေတုန်းက ညဘက်မှာ တစ်ရေးနိုးလို့ထကြည့်တော့ ခုတင် ခြေရင်းမှာ လူတစ်ယောက်ထိုင်နေတာတွေ့လို့ အမှတ်တမဲ့ မီးဖွင့်လိုက် တော့ ပြတင်းပေါက်နဲ့ တံခါးမကြီးလည်း မပွင့်ပါဘဲနဲ့ ရုတ်တရက် ပျောက် သွားလို့ ဒီအခန်းထဲမှာ မနေရဲတော့ဘဲ တခြားကို ရွှေ့ သွားရကြောင်း၊ ည ၁၂ နာရီလောက်ကို ထကြည့်မယ်ဆိုရင် ကျောင်းဆောင်ရှေ့က သစ်ပင် အောက်မှာ သရဲတစ်ကောင်ထိုင်နေတာကို တွေ့ရမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ အဆောင်က ရေချိုးခန်းမှာ ကုလားမ သရဲရှိကြောင်း၊ သထုံဆောင်နှင့်အင်းဝဆောင်ကို ဆက်ထားတဲ့လမ်းကူးကလေးက ရုံ”ကလေးကို ဂျပန်ခေတ်တုန်းက ဂျပန်တွေက ရင်ခွဲရုံအဖြစ် အသုံးပြုခဲ့ကြောင်း၊ လ မသာတဲ့ညဆိုရင် အင်းယားကန်ဘက်က အော်သံကြီးကို ည ၁ နာရီလောက်မှာ ကြားရလေ့ရှိကြောင်း စသည်ဖြင့် မဟုတ်တာတွေရော ဟုတ် တာတွေပါ ရောနှောပြီး သူကြောက်လာတဲ့အထိ ပြောကြတာပါပဲ။
အဲ သူကြောက်တယ် မကြောက်တယ် ဆိုတာကတော့ သူ့မျက်လုံး ကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။ မျက်လုံးကြီး ကလယ်ကလယ်နဲ့ ဝိုင်းပြီး မျက်ခုံးမွေး(သူများလိုထူထူမရှိပါ။ တစ်ပင်နှစ်ပင်လောက်သာရှိပါတယ်) တွေ ထောင်လာပြီဆိုရင် အဲ သူတကယ်ကြောက်နေပြီလို့ ဆုံးဖြတ်နိုင်ပြီ ပေါ့ခင်ဗျား။ အဲ ၁၁ နာရီလောက်ကျတော့ ကျွန်တော်တို့အခန်းကို ပြန်မယ် လုပ်ကြတော့ သူလည်း လိုက်အိပ်ပါ့မယ်၊ အိပ်ပါရစေလို့ အသနားခံတာ ကိုး။ ဒါပေမဲ့ ကျွန်တော်တို့က သူ့ကို “အံမယ်ခင်ဗျား ဒီအသက်အရွယ် ကြီး ရှိနေပြီ ကြောက်တုန်းပဲလား၊ ကလေးမှမဟုတ်တာဗျာ။ အိပ်စမ်းပါ” ဆိုပြီး အတင်းပြန်ခဲ့ကြတာပါပဲ။ သူ့မျက်လုံးကြီးတွေကတော့ ဖန်ဂေါ်လီ လုံးတွေလိုပဲခင်ဗျ၊ ဝိုင်းစက်ပြီးနေတာကို တွေ့ရပါတယ်။ အင်း အခုတောင် တွေးပြီး ရယ်ချင်သေးတယ်။
ကျွန်တော်တို့လည်း ဒါနဲ့ အခန်းပြန်ပြီးအိပ်ကြတာပေါ့ ဗျာ။ အဲ အိပ်ပျော်လို့ သိပ်မကြာသေးဘူး၊ ၁၁ နာရီခွဲလောက်ပဲ ရှိဦးမယ်ထင်တယ်။ သူကျွန်တော်တို့ အခန်းကို အပြင်က အတင်းလာခေါက်ပြီး နှိုးတော့တာပဲ။ ကျွန်တော်တို့ကလည်း အိပ်မှုန်စုံမွှားနဲ့ “ဘယ်လိုဖြစ်တာလဲဗျ အလောင်း ဘုရားကြီးရ၊ ခင်ဗျားအခန်း သူခိုးကပ်လို့လား”ဆိုတော့“သူခိုးမဟုတ်ဘူး ဗျ။ သရဲခြောက်နေလို့ ကျွန်တော်လည်း ကြောက်နေပြီ”လို့ ပြာသိုလမှာ ရေခဲရေအလောင်းခံရတဲ့ကြောင်လို တဟီးဟီးနဲ့ညည်းနေရင်း တုန်တုန်ယင် ယင်နဲ့ ပြောပါတယ်။