ကလောင်စုံ - အောက်မေ့ဖွယ်ဟာသ၀ထ္ထုများ(၆)
ငန်ပျပျကလေးဗျ
ကြပ်ကလေး
လူပျိုကြီးကိုသင်းခိုင်သည် အိပ်မက်ကိုတွေးတွေးပြီး ဒေါသထွက် နေ၏။
သူ့ကို ထည့်မမက်ဘဲနှင့် အပေါ်ထပ်က မိန်းမပျိုသည် အိပ်မက်ထဲ သို့ မတရား ဝင်မက်လာသည်။
ထို့ကြောင့်ပင် အတော်ဒေါသထွက်နေ၏။
အခြားအခြားသော လူပျိုကြီးများသည် တော်ရုံချောမွေ့သည့် မိန်းမ ပျိုကလေးများကို မြင်မိလျှင်ပင် အိပ်မက်ထဲ ထည့်ထည့်မက်လေ့ရှိကြ၏။ မမက်မိသည့်အခါများတွင်ပင် စိတ်ထဲ၌မချင့်မရဲရှိကြလေသည်။ အဘယ်ကြောင့် ဤလူပျိုကြီး ကိုသင်းခိုင်ကျခါမှ အိပ်မက်ထဲမက်လာသော မိန်းမပျိုကြောင့် ဒေါသအကြီးအကျယ်ထွက်နေရပါဘိသနည်း။
အကြောင်းကို ဆိုသော်...
x x x
လွန်ခဲ့သော ဆယ်ရက်ခန့်က ဖြစ်သည်။
အပေါ်ထပ်မှ အိမ်ငှားများသည် သူတို့၏အသိမိတ်ဆွေများကို လက်လွှဲပြောင်းရွှေ့သွားသောနေ့ ဖြစ်၏။ ကိုသင်းခိုင်မှာ အပေါ်ထပ်တွင် နေချင်သော်လည်း အပေါ်ထပ်က လူငှားများသည် သူ့ကိုဘာမျှမပြောဘဲ သူတို့၏အသိများကိုသာ အိမ်ရှင်နှင့်မိတ်ဆက်ပေးပြီး ပြောင်းသွားခြင်းဖြစ် လေရာ ကိုသင်းခိုင်မှာ ကိုယ်ကိုယ်တိုင်ကလည်း အိမ်ငှားဖြစ်နေသဖြင့် ဘာမျှမပြောဘဲ အောင့်သက်သက်နှင့် ခံလိုက်ရရှာခြင်း ဖြစ်လေသည်။
ကိုသင်းခိုင်မှာ အသက်သုံးဆယ်နှင့်ရက်စွန်းကလေးမျှရှိသည့် လူပျိုကြီးပေါက်စဖြစ်လျက် အစိုးရရုံးတစ်ရုံးတွင် စာရေးကြီးဖြစ်လေသည်။ ထမင်းကိုဆိုင်တွင်စား၍ အောက်ထပ် တစ်ထပ်လုံး တစ်ယောက်တည်းနေ သူဖြစ်၏။ ဘုရားတရားကို လွန်စွာ ကြည်ညိုသည်ဖြစ်၍ အားရက်အားချိန် တို့တွင် ဥပုသ်စောင့်၊ ပုတီးစိပ်နှင့် ထီးတည်းနေရခြင်းကို လွန်စွာမှနှစ်သက် သူလည်း ဖြစ်လေသည်။ မိန်းမများကို မုန်းသည်ဟု မဆိုသာသော်လည်း စိတ်ဝင်စားခြင်းကင်းသဖြင့်လည်း လူပျိုကြီးပေါက်စဖြစ်နေ၏။ မိန်းမများ ကို စိတ်မဝင်စားဖူးသော်လည်း ထိုနေ့နံနက်က စိတ်ဝင်စားမိလေသည်။ သို့သော် မကောင်းသောစိတ်ဝင်စားခြင်းသာ ဖြစ်ပါသည်။
ထိုနေ့မနက်ဆိုသည်မှာ အပေါ်ထပ်သို့ အိမ်ငှားသစ်များပြောင်းရွှေ့ လာကြသည့် မိုးတိမ်အနည်းငယ်ထူထပ်ပြီး နေသာ မိုးအုံ့ရှိကာ မွန်းလွဲ ပိုင်းတွင် မိုးထစ်ချုန်း ရွာသွန်းလာနိုင်ဖွယ်ရှိလျက် တစ်ခါတစ်ရံ မိုးဖွဲကလေး များကျသည့်နေ့၏ နံနက်ခင်းကလေးဖြစ်သည်။
အိမ်ငှားများမှာ မများလှပါ။ အဘိုးကြီးနှင့် အမယ်ကြီး၊ သမီးပျို အသက်နှစ်ဆယ့်လေးနှစ် အစိတ်ခန့် မိန်းမငယ်၊ အမယ်ကြီး၏ တူကလေး အသက် ဆယ်နှစ်ခန့်ရှိ သူငယ်ကလေးနှင့် အိမ်တွင် တောက်တိုမယ်ရ ခိုင်းသည့်ကောင်မလေး အားလုံး ငါးယောက်သာ ဖြစ်ပါသည်။
ကိုသင်းခိုင်စိတ်ဝင်စားသည်မှာ အဘိုးကြီးမဟုတ်၊ အမယ်ကြီး လည်းမဟုတ်၊ ကောင်ကလေးနှင့်ကောင်မလေးလည်းမဟုတ်၊ သမီးပျိုကို ဖြစ်လေသည်။ ကောင်းသောစိတ်ဝင်စားခြင်းမဟုတ်ပါ။
ခြံဝက ဝင်လာကတည်းက ကိုသင်းခိုင် မြင်လိုက်မိသည်။ အရပ်ခပ် ပျပ်ပျပ်နှင့် ထမီအကွက်တုံးကြီးကို ဝတ်လာသည်။ ဖိနပ်မှာလည်း သူများ ဖိနပ်နှစ်ရံစာလောက် မြင့်သည်။ လက်ထဲတွင်လည်း စာအုပ်ထူကြီးများကို ပိုက်ထား၏။ နှုတ်ခမ်းနီဆိုးထား၍ ကွင်းမဲမျက်မှန်ကို တပ်ထားသည်။
ဤကဲ့သို့ ဆင်ပြင်ထားသော မိန်းမပျိုတို့၏မျက်နှာများမှာ တိမ်စင်လကဲ့ သို့ ကြည်ရွှင်နေလေ့ရှိကြသော်လည်း ဤမိန်းမပျို၏မျက်နှာထားကား ဗုံးကျဲတော့မည့် ဘီ ၂၉ လေယာဉ်ပျံကြီးများ၏ အသံကဲ့သို့ တည်ငြိမ်လှ သည်။ ဤမျက်နှာထားကို ကိုသင်းခိုင် အမြင်ကတ်ဆုံး ဖြစ်သတည်း။
တစ်ကိုယ်လုံးကို အမြင်ကတ်ပါသည်။
လက်ထဲက စာအုပ်ထူထူတွေကို သာ၍ အမြင်ကတ်သည်။
မျက်နှာထားကို အမြင်ကတ်ဆုံး။
အိမ်ဘေးလှေကားမှ ဒုန်းဒုန်း နှင့် ခပ်ဆတ်ဆတ်ကလေးအပေါ် တက်သွားသောအသံကို ကြားရသောအခါ ဝမ်းထဲမှ ကလိ ကလိ နှင့်မြည် လာအောင်ပင် အမြင်ကတ်လာပြန်တော့သည်။ ဖြစ်နိုင်လျှင် လှေကားထိပ် မှ ဆီး၍ ရင်ဝကို ဖနောင့်နှင့်ပေါက်ချလိုက်ပြီး တလိမ့်ခေါက်ကွေး ကျသွား သည်ကို လက်ခုပ်လက်ဝါးတီးပြီး ရယ်လိုက်ချင်သည်။ ဘယ်လိုရေစက်မှန်းမသိပါ။
သို့သော် ကလေးမသည် ခြေနင်းမကြမ်းလှပါ။ အပေါ်ထပ်တစ် ထပ်လုံးမှာ အနည်းငယ်မျှသောအသံမှတစ်ပါး တိတ်ဆိတ်နေလိုက်သည် မှာ နောက်နေ့ည နေအထိ ဖြစ်ပါသည်။ နောက်နေ့ညနေ၌ကား ကလေး များ လေးငါးဆယ်ယောက်ခန့် တရုန်းရုန်းနှင့် ရောက်လာပြီး အပေါ်ထပ် တက်သွားကြပါသည်။
မကြာမီ
" က ကန်စွန်းပင် ရေမှာရှင်”ဟူသော အသံကိုလည်းကောင်း၊
“ငါးဆယ်လီငါးဆယ်”ဟူသော အသံကိုလည်းကောင်း၊
“ပညာမဲ့ဘိ...ဘဦးရေကူး...ဖားကြီးက..ဉာဏ်မရှိ...နေသည်...
ခဲမပစ်ပါနှင့်... အသိမလုပ်ကြဆို၏။”ဟူသော ရောနှောနေသည့် ပြိုပြွမ်း သံများကိုလည်းကောင်း ကိုသင်းခိုင်သည် ဆူညံစွာကြားရလေသည်။
အပေါ်ထပ်မှ မိန်းမပျိုကို ပို၍ မုန်းလာမိပြန်၏။
“ ငါတော့ စိပ်ပုတီးစိပ်လို့ ရမှာမဟုတ်ပါဘူး”
အကောင်းမဟုတ်သော်လည်း မကောင်းသဖြင့်ကား သူစိတ်ဝင်စား ပါသေးသည်။ ထို့ကြောင့်ပင် တစ်ညနေတွင် စာသင်လာသော အသက်ဆယ့်နှစ်နှစ်ခန့် ကောင်ကလေးကို ညာတာပါတေးနှင့် မိတ်ဖွဲ့ခြင်းဖြစ်၏။ “ဟေ့ သူငယ် လာပါဦးကွ”
ကောင်လေးမှာ လှေကားပေါ်မတက်ဘဲ သူ့ဆီသို့ကွေ့ လာလေ၏။ “ ဦးလေး ဘာလုပ်မလို့လဲ” “မင်းနာမည် ဘာလဲကွ” “ကျွန်တော့်နာမည်မောင်မောင်ရွှေတဲ့၊ ဦးလေးနာမည်ကကော”
ကိုသင်းခိုင်မှာ ကြောင်သွားလေသည်။ ကောင်ကလေးက သူ့ နာမည်ပြန်မေးလိမ့်မည်ဟု မမျှော်လင့်ဘဲနှင့် ဤသို့ ပြန်မေးလိုက်ရာ ကိုယ့်နာမည်ကိုပင် အတော်ပြန်ပြီးစဉ်းစားရမလို ဖြစ်နေမိလေသည်။ ဤကောင်ကလေးနှင့်မိတ်ဖွဲ့မိခြင်းကား သူ၏ မဟာအမှားတော်ပုံကြီး တည်း။ စကားသွက်သောကလေးသည် လောကတွင် ကြောက်စရာ အကောင်းဆုံးဖြစ်သည်ကို လူပျိုကြီးများသိခဲ့၏။ သိသည့်အခါတွင်ကား နောင်ကြဉ်သွားတတ်ကြလေသည်။
“ငါ့နာမည် သင်းခိုင်တဲ့ကွ၊ အပေါ်ထပ်က အမြင်ကတ်စရာကောင်း တဲ့မိန်းမဟာ ဆရာမလားကွ”
“ဟာ ဦးလေးကလည်း ဘယ်ကအမြင်ကတ်စရာရမှာလဲဗျ။ ချစ်စရာ လေးပါ။ တော်တော်ကြာ ဦးလေးက ဆရာမကို ချစ်မိပြီဖြစ်နေမှာပါ”
ကိုသင်းခိုင် အောင့်သွားသလိုနှင့် ရှုံ့မဲ့လိုက်ပြီး... “ထွတ် ငါအမြင်ကတ်လွန်းလို့” “အမြင်ကတ်ရင်လည်း ဘာဖြစ်လို့ ဆရာမအကြောင်းကို သိချင်တာလဲ...
ဤနေရာတွင် မောင်မောင်ရွှေကလေးမှာ မနုဿသျှတ္တရတွင် ကိုသင်းခိုင်ကို သာလွန်သွားသည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေချေတော့သည်။
“ငါမုန်းလွန်းလို့ မေးတာပေါ့” “ချစ်မုန်းမာန်လား”
“ရှည်လိုက်တာကွာ။ ငါမေးတာဖြေစမ်းပါ”
“ဟုတ်တယ် ဆရာမပဲ။ ကျောင်းမှာလည်းစာပြတယ်၊ အိမ်မှာလည်း ညကျောင်းသင်တယ်၊ အပျိုခင်ဗျ၊ နာမည်က...”
“တော်ပြီ တော်ပြီ”
မောင်မောင်ရွှေသည် ကိုသင်းခိုင်ကို ပြုံး၍ကြည့်လိုက်ပြီး ကိုသင်းခိုင် ၏ထိပ်ပြောင်ကို မြင်သဖြင့်...
“ ဦးလေးထိပ် ဘာဖြစ်လို့ပြောင်တာလဲ” “ဟ ဆံပင်မပေါက်လို့ပေါ့ ကွာ” “ဆရာမက ပြောတော့ ပွေလို့ဆိုပါလား”
ကိုသင်းခိုင်သည် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
ထိုခဏ၌ အပေါ်ထပ်မှ“မောင်မောင်ရွှေ”ဟူသော ဆရာမခေါ်သံကို ကြားလိုက်ရသောအခါ မောင်မောင်ရွှေမှာ ကိုသင်းခိုင်ထံမှ ပြေးခွာလာကာ အပေါ်ထပ်သို့ တက်ပြေးလေ၏။
ဆရာမအနားသို့ ရောက်သောအခါ ဆရာမက... “ဘာသွားလုပ်နေတာလဲ” “သူကခေါ်လို့ပါ” “ဘာခေါ်လုပ်တာလဲ”
ဆရာမကလည်း စိတ်ဝင်စားနေပြန်ပါသည်။ မောင်မောင်ရွှေကား အတော်ပင် လည်ပတ်သော ကောင်လေးဖြစ်သည့်အလျောက် ကိုသင်းခိုင် ပြောသမျှ ပြန်ပြောလျှင် ဆရာမဒေါပွမည်ဖြစ်သဖြင့် ဆရာမ ကျေနပ်စေရန် ထိုးဇာတ်ခင်းလေတော့သည်။