Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - မင်းလက်၀ဲနော်ရထာ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

နိဒါန်း

          မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းသည် စာဆိုတော်အထိမ်းအမှတ် ပွဲကြီးများကို နှစ်စဉ်နှစ်တိုင်းပင် ကျင်းပပြုလုပ်ခဲ့သည်။ အထိမ်းအမှတ် အခမ်းအနား ကျင်းပရုံသာမဟုတ်၊ စာဆိုတော်အထိမ်းအမှတ် ဂုဏ်ပြု စာအုပ်လည်း ထုတ်ဝေခဲ့သည်။ ဤသို့ သော စာဆိုတော်ပူဇော်ပွဲကို စာပေလောကတစ်ခုလုံးတွင် မည်သည့်စာပေအသင်းအဖွဲ့ ကမျှ မလုပ် နိုင်ခဲ့ချေ။ ဤ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းတစ်ခုတည်းက သာလျှင် နှစ်စဉ်မပြတ် ကျင်းပပြုလုပ်နိုင်ခဲ့သည်။

          ဤတွင် မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၏ အထိမ်း အမှတ်များကို စာရင်းတိုးချဲ့ ဖော်ပြသင့်လေသည်။

          မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းကို ၁၃၂ဝ ပြည့်နှစ်၊ နတ်တော်လဆန်း ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါ ၁၅ နှစ်တိုင် ပေါက်ရောက်ခဲ့ပြီဖြစ်သည်။

          ၁၃၂၂ ခုနှစ်၊ တော်သလင်းလတွင် အနုပညာလောက အမှတ်(၁)ကို ထုတ်ဝေသည်။ ၁၃၂၃ ခုနှစ်၊ တော်သလင်းလတွင် အနုပညာလောက အမှတ်(၂)ကို ထုတ်ဝေသည်။

          ၁၃၂၄ ခုနှစ်၊ တော်သလင်းလတွင် ဝတို့ဌာနီကို ထုတ်ဝေ သည်။ ၁၃၂၆ ခုနှစ်၊ နတ်တော်လတွင် လယ်တီပဏ္ဍိတစာအုပ်ကို ထုတ်ဝေသည်။ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ကွယ်လွန်သည့် ၂၅ နှစ်မြောက် အထိမ်းအမှတ် ဖြစ်သည်။

          ၁၃၃၀ ပြည့်နှစ်၊ နတ်တော်လတွင် အနုပညာလောက အမှတ်(၃)ကို ထုတ်ဝေသည်။

 

          ( ၁၃၂၄ ခုနှစ်တွင် စာဆိုတော် ဦးပုည နှစ် ၁၅၀ မြောက် အထိမ်းအမှတ်ကို ကျင်းပ၍ စာအုပ်ထုတ်ဝေရန်စီမံနေဆဲ မြန်မာနိုင်ငံ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်က ပူးပေါင်းကျင်းပရန် ဆွေးနွေးကြ သဖြင့် မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်းက သီးခြား မပြုလုပ် တော့ဘဲ ပူးပေါင်းကျင်းပသည်။ စာအုပ်ထုတ်ဝေကြသည်။

         ၁၃၂၈ ခုနှစ်၊ သီတင်းကျွတ်လတွင် မြဝတီမင်းကြီးဦးစ မွေးနေ့ နှစ် ၂ဝဝ ပြည့် အထိမ်းအမှတ်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပ သည်။ 'မြဝတီမင်းကြီး စာအုပ်ကို ထုတ်ဝေသည်။ အီနောင်ဇာတ်ကွက် မန္နက်ကဏ္ဍဂလံ သန်လျက်စိုက်ခန်းကို ပြဇာတ်ကပြသည်။

          ၁၃၃ဝ ပြည့်နှစ် စာဆိုလတွင် စာဆိုအကျော် ရှင်မဟာရဋ္ဌ သာရ မွေးနေ့နှစ် ၅ဝဝ ပြည့် အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ပွဲ ကျင်းပသည်။ ရှင်မဟာရဋ္ဌသာရ” စာအုပ်ထုတ်ဝေသည်။ ထိုနှစ်မှာ ပင် စာဆိုတော်နေ့ ၂၅ နှစ်မြောက် ငွေရတုသဘင် အခမ်းအနားကို ကျင်းပသည်။ စာပေသမိုင်းတစ်လျှောက် ကျော်ကြားသော ကဗျာ၊ လင်္ကာ၊ စကားပြေ များစွာတို့ကို ရွတ်ဖတ်ခြင်း၊ အင်းဝ၊ ကုန်းဘောင် ခေတ် စာပေပြန့်ပွားမှု၊ တိုးတက်မှုအကြောင်းတို့ကို ဟောပြောသည်။ အထိမ်းအမှတ်ကတ်များ ထုတ်ဝေဖြန့်ချိသည်။

          ၁၃၃၂ ခုနှစ် နတ်တော်လတွင်မူကား ပုဂ္ဂိုလ်ကို မဟုတ်မူ၍ ကျမ်းသက်အရ ကျော်အောင်စံထား ဆရာတော်ဘုရားကြီးမူ၏ “ဝေါဟာရတ္ထပကာသနီ” ကျမ်းသက် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပသည်။ “ကျော်အောင်စံထား စာအုပ် ထုတ်ဝေ သည်။

          ၁၃၃၃ ခုနှစ် နတ်တော်လတွင် စာဆိုတော် စိန္တကျော်သူ ကွယ်လွန်သည့် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာ ရွတ်ပွဲ ကျင်းပသည်။ စိန္တကျော်သူစာအုပ် ထုတ်ဝေသည်။ ထိုနှစ်မှာပင် ကင်းဝန်မင်းကြီး၏ နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာ ရွတ်ပွဲ ကျင်းပသည်။

          ၁၃၃၅ ခုနှစ်တွင် မွန်အမတ်ကြီး ဗညားဒလ နှစ် ၄ဝဝ ပြည့် အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနား ကျင်းပသည်။ မွန်-မြန်မာနှစ်ဘာသာ ရာဇဓိရာဇ်အရေးတော်ပုံကျမ်းထွက် တဘောင်သီချင်း များကို သီဆိုဖော်ထုတ်သည်။ “ဗညားဒလ စာအုပ် ထုတ်ဝေသည်။

         ၁၃၃၅ ခုနှစ်တွင်ကား မင်းလက်ဝဲနော်ရထာ နှစ် ၂၅၀ မြောက် မွေးနေ့သည် လည်းကောင်း၊ အနန္တသူရိယအမတ်ကြီး နှစ် ၈၀၀ မြောက် ကွယ်လွန်သည့်နေ့သည်လည်းကောင်း ကြုံကြိုက် တိုက်ဆိုင်လှလေသည်။ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းသည် “မင်းလက်ဝဲနော်ရထာကို အခမ်းအနားလည်း ကျင်းပမည်၊ စာအုပ် လည်း ထုတ်ဝေမည်ဟု ဆုံးဖြတ်သည်။ စာအုပ်ထုတ်ဝေရာတွင်လည်း ယခင် ထုတ်ဝေခဲ့ပြီးသော အထိမ်းအမှတ်စာအုပ်များကဲ့သို့ စာရေး ဆရာများ စုပေါင်းရေးသား ထုတ်ဝေသည့် ထုံးကို စွန့်လွှတ်၍ နှစ်ဦး သုံးဦးမျှဖြင့် စာအုပ် ပြီးမြောက်စေရန် ရေးသားထုတ်ဝေမည်ဟု အမှု ဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ စာအုပ်ရေးရန်အတွက် မောင်ကျောက်တိုင်၊ ရှေးဟောင်း စာပေသုတေသီတစ်ဦး၊ နန်းညွန့်ဆွေ နှင့် မောင်ကြည်ရှင်တို့အား အပြီးအပြတ် လွှဲအပ် တာဝန်ပေးအပ်လိုက် ပေသည်။ လိုအပ်သော ပေပုရပိုက်စာအုပ်စာတမ်းများကို အသင်း၏ ဒုတိယဥက္ကဋ္ဌစာရေးဆရာ နန်းညွန့်ဆွေက ကြိုးစားပမ်းစား ရှာဖွေ စုဆောင်းပေးသဖြင့် မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းက အထူး ပင် ကျေးဇူးတင်ရှိရပေသည်။

          မင်းလက်ဝဲနော်ရထာကား အလောင်းမင်းတရားကြီး၏ ခြောက်ကျိပ်ကိုးယောက်မြောက်သော သူရဲကောင်းပေတည်း။ အမည်နေ ဆိုသည်နှင့်ပင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် နိမိတ်ကောင်းယူကာ အပါးတော်တွင် ထား၍ အသုံးပြုခဲ့သည်။ ယင်း သည့် ဦးနေမှာ လက်ဝဲသုန္ဒရဘွဲ့ကို ဦးစွာရသည်။ နောက်မှ လက်ဝဲ နော်ရထာဘွဲ့ကို ရသည်။

          ဦးနေ လက်ဝဲနော်ရထာဘွဲ့ကို ရချိန်တွင်မှ ဦးမြတ်စံသည် လက်ဝဲသုန္ဒရဘွဲ့ကို ရသည်။ မန်ကျည်းတုံ လက်ဝဲသုန္ဒရပေတည်း။ မုံရွေးလက်ဝဲသုန္ဒရ ဦးနေ၏ စာပေများနှင့် မန်ကျည်းတုံ လက်ဝဲသုန္ဒရ ဦးမြတ်စံ၏စာပေများသည် အရောရော အနှောနှောဖြစ်ခဲ့သည်။ မဲဇာ တောင်ခြေ၏ ကျော်ကြားမှုသည် လက်ဝဲနော်ရထာ၏ တန်ခိုးဂုဏ်သတ္တိကို ဖုံးလွှမ်းသကဲ့သို့ ရှိပေသည်။ လက်ဝဲနော်ရထာသည်ပင် မန်ကျည်းတုံရွာသား ဦးမြတ်စံ ဖြစ်သကဲ့သို့လည်းကောင်း၊ ဦးမြတ်စံ သည်ပင် မုံရွေးဇာတိ ဦးမြတ်နေ (ဦးမြတ်သာနေ) ဖြစ်သကဲ့သို့လည်းကောင်း အမျိုးမျိုး ပြောဆိုယူဆရေးသားလာကြသည်မှာ နှစ်နှင့် ခေတ် နှင့်ချီ၍ ကြာခဲ့ပြီ။

          ယခု မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းသည် မင်းလက်ဝဲ နော်ရထာ နှစ် ၂၅၀ မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်၍ စာအုပ်ရေးသား ထုတ်ဝေလိုက်ပေပြီ။ နှစ်ကိုယ့်တစ် စိတ်ကဲ့သို့ဖြစ်နေသော ရင်ချင်းဆက် စာဆိုညီနောင်နှစ်ဦးကို မြန်မာ နိုင်ငံ စာပေပြန့်ပွားရေးအသင်းသည် ခွဲစိတ်ကုသလိုက်လေပြီ။ တစ်ဦး ချင်း တစ်ကိုယ်စီ ခြားနားလင်းရှင်းသွားပေပြီ။

            အနန္တသူရိယ အမတ်ကြီးအတွက်မှာကား၊ နှစ် ၈ဝဝ ပြည့် အထိမ်းအမှတ် အခမ်းအနား ဟောပြောပွဲနှင့် ကဗျာရွတ်ပွဲကို အသင်း က ကျင်းပသည်။

          အနန္တသူရိယ နှစ် ၈ဝဝ ပြည့် အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ပွဲ ကျင်းပရန်အတွက် ဆရာဦးမာဃသည် မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေးအသင်းသို့ အလှူငွေ ကျပ် နှစ်ရာ့ငါးဆယ်တိတိ ထည့်ဝင် လှူဒါန်းသည်ကို ကျေးဇူးတင်ရှိကြောင်း အလျဉ်းသင့်၍ ဖော်ပြအပ် ပေသည်။

          မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းသည် “မင်းလက်ဝဲ သုန္ဒရ နှစ် ၂၅၀ မြောက် အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း၊ စာအုပ်ထုတ်ဝေခြင်းဖြင့် စာပေ၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပေးဆပ် မည် ဖြစ်ပါကြောင်း ကြိုတင်၍ အစီရင်ခံ တင်ပြအပ်ပါသတည်း။

      မောင်ကြည်ရှင်

အထွေထွေအတွင်းရေးမှူး

 မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း

 ၁၃၃၅ ခုနှစ်၊ တပေါင်းလပြည့်နေ့။