Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - ဗုဒ္ဓသာသနာအကျိုးပြုကျမ်း

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
သာသနာ့ ဟိတကာရီကျမ်း
နမော တဿ ဘဂဝတော အရဟတော
သမ္မာ သမ္ဗုဒ္ဓဿ။
ဂေါတမမြတ်စွာဘုရားသခင်၏အကြောင်း

          ဂေါတမ မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မမူမီ၊ ဝေဿန္တရာအဖြစ်မှ စုတေလေသော် စတုတ္ထမြောက်ဖြစ်သော တုဿိတာနတ်ပြည်ဝယ်၊သေတကေတု အမည်ရှိသောနတ်သား ဖြစ်၍ လူတို့၏ နှစ်ပေါင်း ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်းစေ့အောင် နတ်တို့၏ စည်းစိမ်ကို ခံစားလျက် နေတော်မူသည်တွင် စကြဝဠာတစ်သောင်း၌ ရှိကုန်သော သိကြား၊ နတ်၊ ဗြဟ္မာ အပေါင်းတို့သည် ဘုရားအလောင်းတော် နတ်သားထံသို့ လာ၍ လူ့ပြည်သို့ ကြွသွားလျက် ဘုရားဖြစ်တော်မူပါဟု လျှောက်ထားတောင်းပန်ကြကုန်၏။ အလောင်းတော် နတ်သားသည် ဘုရား ဖြစ်ပေါ်ထိုက်သော အချိန်ကာလ၊ ဖြစ်ပေါ်ရာဒေသ၊ ဖြစ်ပေါ် ရန် နေရာအရပ်၊ ဖြစ်ရအံ့သော အမျိုးအနွယ်၊ မယ်တော်ဖြစ်မည့် သူ၏ အသက်အပိုင်းအခြားတည်းဟူသော ကြည့်ခြင်းကြီး ငါးပါးကို ကြည့်တော်မူရာ အကြောင်းပြည့်စုံစွာ မြင်တော်မူလေ လျှင် တောင်းပန်လာကြသော သိကြား၊ နတ်၊ ဗြဟ္မာတို့အား ကောင်းပြီဟု ဝန်ခံတော်မူ၏။

          အလောင်းတော်၏ ဘိုးတော် အဉ္စနမင်းကြီးသည် ၈၆၄၅ ခုနှစ်သော သက္ကရာဇ်ကို ဖြိုပြီးနောက် မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ဝါဆိုလပြည့် ကြာသပတေးနေ့ သန်းခေါင်ယံအချိန်တွင် မဇ္ဈိမ ဒေသအချက် သက္ကတိုင်း ကပိလဝတ်ပြည်ရှင် ဘုရင်သုဒ္ဓေါဒန မင်းကြီး၏ မိဖုရားခေါင် တောင်ညာဒေဝီဖြစ်သော ... မဟာ မာယာ မိဖုရားကြီးဝမ်း၌ စွဲလမ်း သန္ဓေတည်နေတော်မူ၏။

          ယင်းသို့ ... သန္ဓေတည်နေတော်မူ၍ ဆယ်လစေ့သော် မဟာမာယာဒေဝီ မိဖုရားသည် ခမည်းတော်၊ မယ်တော်တို့နေသော ဒေဝဒဟပြည်သို့ သွားရောက်လိုသော ဆန္ဒတော်ဖြစ်၍ သုဒ္ဓေါဒန မင်းကြီးအား ကြားလျှောက်ပြီးလျှင် ထွက်ကြွတော်မူ ခဲ့ရာ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်နှစ်ခု၏ အကြားရှိ လုမ္ဗနီ မည်သော အင်ကြင်းတောသို့ရောက်လျှင် တစ်ခုသော အင်ကြင်း ပင်မှ အင်ကြင်းပန်းကို ဆွတ်ခူးတော်မူလို၍ အင်ကြင်းကိုင်းကို လက်တော်ဖြင့် ကိုင်မိသည်နှင့် တစ်ပြိုင်နက် ကမ္မဇလေ လှုပ်၍ လာသော် အထိန်းအယ မောင်းမ၊ ကိုယ်လုပ်တို့သည် တင်းတိမ် အရံဖြင့် ကာရံခယလျက် မစပြုပြင်ကုန်စဉ် လွန်ကဲသော ပုလဲ မှည့်ရတနာသည် အာကာတိမ်ညွန့်မှ မြူးကွန့်ထွက်ဆင်းသကဲ့သို့ သန့်ရှင်းစင်ကြယ်စွာ လက္ခဏာတော် ကြီးငယ်နှင့် ပြည့်စုံသော အလောင်းတော်မင်းသားကို မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်သောကြာနေ့ နံနက်အခါတွင် ဖွားမြင်တော်မူ၏။

          အလောင်းတော်မင်းသားကို ဖွားမြင်သည်နှင့် တစ်ပြိုင် နက် ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓမင်း၏ အမိတ္တာမိဖုရားတွင် ဘဒ္ဒကဉ္စနာ မင်းသမီးကို ဖွားမြင်တော်မူသည်။ ဘထွေးတော် အမိတ္တောဒနတွင်လည်း အာနန္ဒာမင်းသားကို ဖွားမြင်သည်။ ဆန္နအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍိကမြင်းတို့လည်း ဖွားမြင် ကြကုန်သည်။ မဇ္ဈိမဒေသ၌လည်း မဟာဗောဓိညောင်ပင်ပေါက် ရောက်သည်။ ရွှေနန်းတော် အတွင်း၌လည်း ရွှေအိုးကြီး ၄ လုံး ပေါ်သည်။(ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊သောဏ္ဏ၊ ဗုဒ္ဓဟေ။ ဖွားဖက်တော် ခုနစ်ပါး)

          အလောင်းမင်းသားကို ဖွားမြင်တော်မူပြီး လတ်သော် .. သုဒ္ဓေါဒနမင်းကြီး၏ ဆရာတော် ကာလဒေဝီလမည်သော ရသေ့အား တာဝတိံသာ နတ်တို့က ဘုရားအလောင်းတော် ဖွားမြင်ကြောင်းကို အားရဝမ်းသာ ရွှင်ပြသော မျက်နှာနှင့် ပြောကြား၍ သိရလျှင် အားရဝမ်းသာစွာ တာဝတိံသာ နတ်ပြည် မှ ဆင်းသက်ခဲ့၍ မင်းကြီး၏ နန်းတော်သို့ ကြွရောက်ပြီးလျှင် ဖွားမြင်စဖြစ်သော သားရတနာအား ရှုမြင်လိုကြောင်းကိုဆိုသော် မင်းကြီးသည် သားတော်ကို ယူဆောင်ခဲ့စေ၍ မင်းကြီး၏ ရင်ခွင် ထက်၌ထားပြီးမှ ဒေဝီလရသေ့အား ရှိခိုးစိမ့်သောငှာ လက်နှစ် ဖက်ကို ယှက်စေသော် အလောင်းမင်းသား ဖဝါးတော်အစုံသည် ပျံတက်၍ ရသေ့၏ဦးထိပ်ပြင်ထက်၌ တည်လေ၏။ ဤသို့သော အံ့ဖွယ်သရဲ ထူးကဲဖြစ်ပေါ်သည်ကို မြင်လျှင် ရှင်ရသေ့လည်း(ခေါ်) ထ၍ ညွတ်ကျိုး ရှိခိုးဦးတိုက်၏။ ဖခင် သုဒ္ဓေါဒနမင်းကြီးလည်း သားတော်ကို တုံ့ဝပ် ရိုကျိုးရှိခိုးလေ၏။

          အလောင်းမင်းသားကို ဖွား၍ ငါးရက်မြောက်သောနေ့၌ အမည် မှည့်အံ့သောနေ့သို့ရောက်သောအခါ အလောင်းတော်ကို နံ့သာရည်တို့ဖြင့် ခုနစ်ကြိမ်ချိုးလျက် ကိုးပါးသော ရတနာအစု ထက်၌ နေစေတော်မူပြီးလျှင် ဗေဒင်အတတ်၌ ကမ်းတစ်ဖက်ရောက် တတ်မြောက်စွာသော ပုဏ္ဏား ၁၀၈ ယောက်တို့ကို ခေါ်၍ အလောင်းမင်းသား၏ လက္ခဏာနိမိတ်ကို ဆေးမေးတော်မူ၏။ ထိုအခါ ၁၀၈ ယောက်သော ပုဏ္ဏားတို့တွင် ထင်ရှားသော ရာမ၊ ဓဇ၊ လက္ခဏ၊ ဇောတိမန္တ၊ ယည၊ သုဘောဇ၊ သုရာမ ဟူသော ပုဏ္ဏားခုနစ်ယောက်တို့က လက်နှစ်ချောင်းကို မြှောက်ပြီးလျှင် အရှင့်သားမြတ်သည် ကျွန်းရပ်လေးမည်ကို လှည့်လည်ပိုင်နင်းသော စကြမင်းသော်လည်း ဖြစ်လတ္တံ့။ သို့တည်းမဟုတ် လူတွင် ထင်ရှား ဘုရားသော်လည်းဖြစ်လတ္တံ့ဟူ၍ မင်းအားလျှောက်ကြား ကုန်၏။ ကောဏ္ဍညအနွယ် သုဒတ္ထအမည်ရှိသော ပုဏ္ဏား ငယ်တစ်ယောက်မူကား အရှင့်သားသည် သုံးဆယ့်နှစ်ပါးသောယောက်ျားမြတ်တို့၏ လက္ဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ အံ့ဖွယ်တစ်ဆယ့်နှစ်ဖြာ၊ တစ်ရာရှစ်ကွက် သော စက်တော်အစုံပါပေသည်ကို ထောက်သဖြင့် ဓမ္မရာဇ်ထွတ် ထား ဘုရားဧကန်ဖြစ်ပါလိမ့်မည်။ လူတို့ဘောင်တွင် တည်အံ့ သောသူမဟုတ်ပါဟု လက်ညှိုးတစ်ချောင်းတည်းကိုသာ မြှောက် ၍ ကြားလျှောက်၏။