Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - နိဗ္ဗာန်သို့မဟုတ်အတုမဲ့ချမ်းသာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

စွဲယူဖို့မဟုတ်၊ ထွက်မြောက်ဖို့သာ

          အို... ရဟန်းတို့၊ သြဃလေးဖြာ သံသရာမှ ကူးမြောက်စိမ့် သောငှာ သြဃလေးဖြာ သံသရာ၌ မမျောအောင် ဖောင်ဥပမာဖြင့် ဟောကြားအံ့။ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။

             ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် ဘေးဥပါဒ် တို့နှင့်ပြည့်သော ဤမှာဘက်ကမ်းမှ ကြောက်မက်ဖွယ်မရှိ၊ ဘေး မရှိသော ဟိုမှာဘက်ကမ်းသို့ ကူးမြောက်ရန် အလွန်ကျယ်ဝန်းသော ရေပြင်ကို မြင်လေရာ၏။ ဟိုမှာဘက်ကမ်းသည် ဘေးမှ ကင်း၏၊ ကြောက်ဖွယ်မရှိ၊ လှေလည်းမရှိ။ အကယ်၍ ငါသည် မြက်၊ ထင်း၊ သစ်ခက်၊ သစ်ရွက်အပေါင်းကို ဖောင်ဖွဲ့ ၍ ထိုဖောင် ဖြင့် လက်၊ ခြေတို့ဖြင့် အားထုတ်လှော်ခတ်၍သာ ချမ်းသာသဖြင့်ဟိုမှာဘက်ကမ်းသို့ ကူးရမူကား ကောင်းလေရာ၏ဟု ကြံ၍ ထို အကြံဖြင့် ဟိုမှာဘက်ကမ်းသို့ ချမ်းသာစွာ ကူးမြောက်ခဲ့လေရာ၏။ ကူးမြောက်ပြီးသော် ထိုယောက်ျားသည် ဤသို့ အကြံဖြစ်၏။ ဤဖောင်သည် ငါ့အား ကျေးဇူးများလှပေ၏။ ငါသည် ဤဖောင်ကို အမှီပြု၍ ချမ်းသာစွာ ကူးမြောက်ခဲ့ရလေပြီ။ ငါသည် ဖောင်ကို ဦးခေါင်းဖြင့် ရွက်၍လည်းကောင်း၊ ပခုံး၌ ထမ်းပိုး၍လည်းကောင်း အလိုရှိရာအရပ်သို့ သွားရမူကား ကောင်းလေရာ၏ဟု ကြံစည်ရာ၏။

           ရဟန်းတို့၊ ဤသို့ ကြံစည်ခြင်းသည် ဤဖောင်၌ သင့် လျော်သော အမှန်အတိုင်း အမှုကိုပြုခြင်း ဖြစ်ပါသလော။

          မြတ်စွာဘုရား၊ ဤသို့ပြုခြင်းသည် ထိုဖောင်၌ သင့်လျော် သော အမှုကို ပြုခြင်းမဖြစ်ပါဟု လျှောက်ကြကုန်၏။

          ရဟန်းတို့၊ ထိုယောက်ျားအား ဤဖောင်သည် ငါ့အား များသော ကျေးဇူးရှိပေ၏။ ငါသည် ဤဖောင်ကို အမှီပြု၍သာ လျှင် ဘေးကင်းစွာ၊ ချမ်းသာစွာသာလျှင် လက်၊ ခြေတို့ဖြင့် အား ထုတ်လျက် ဘေးကင်းသော တစ်ဖက်ကမ်းသို့ ကူးမြောက်ခဲ့ရလေ ပြီ။ အကယ်၍ ဤဖောင်ကို ကုန်း၌တင်၍လည်းကောင်း၊ ရေ၌ မျှော၍လည်းကောင်း အကြင်အလိုရှိရာအရပ်သို့ သွားရမူကားကောင်းလေရာ၏ဟု ကြံ၏။ ရဟန်းတို့၊ ဤသို့ ပြုခြင်းသာလျှင် ထိုဖောင်၌ သင့်လျော်သော အမှုကို ပြုခြင်း ဖြစ်ရာ၏။

          ရဟန်းတို့၊ ဤအတူသာလျှင် သြဃလေးဖြာ သံသရာမှ ထွက်မြောက်စေခြင်းအကျိုးငှာ၊ မနစ်မွန်း မမျောပါကြစေခြင်း အကျိုးငှာ “သင်တို့သည် သမထ၊ ဝိပဿနာမှုတို့၌သော်လည်း ဆန္ဒာရာဂကို ပယ်စွန့်အပ်၏။ ရွာသူတို့၏ အကျင့်အဓမ္မ အယုတ်တရားတို့ကား အဘယ်မှာ ဆိုဖွယ်ရာ ရှိတော့အံ့နည်း ပယ်စွန့် အပ်သည်သာ ဖြစ်ကုန်၏”။

           ဘုရားရှင်ကိုယ်တော်မြတ်၏ ဤဖောင် ဥပမာဖြင့် ဟော တော်မူရာတွင် ဟောတော်မူသော တရားတော်တို့သည်ပင် “စွဲယူ ဖို့ရာမဟုတ် ထွက်မြောက်ဖို့သာ” ဖြစ်သည်မှာ ထင်ရှားပေသည်။

          ထို့ကြောင့် ဤနေရာ၌ အထက်က ဖော်ပြခဲ့သည့်အတိုင်း “အတုမဲ့ချမ်းသာ” ကို အလိုရှိသူသည် စွဲယူခြင်း၊ တပ်မက်ခြင်း၊ ကာမဂုဏ်ချမ်းသာဟူသမျှကို ခံစားလိုခြင်း၊ တရား၌ပင်လည်း နှစ်သက်တွယ်တာ၍နေခြင်း၊ မစွန့်လွှတ်နိုင်ခြင်း ရှိနေသေးလျှင် “အတုမဲ့ချမ်းသာ” ကို တွေ့နိုင်ရန် လွယ်ကူမည် မဟုတ်ပါ။ သို့သော် အတုမဲ့ချမ်းသာ၏ အာရုံကို ရိပ်စားမိ၊ စမ်းဝါးမိနိုင်က အင်္ဂလန်၊ ဂျပန်၊ အမေရိကန်၊ ရုရှား စသော နိုင်ငံများ၏ အကြောင်းကို စာအုပ်ဖတ်ခြင်း၊ တစ်ဆင့် ပြောသိရခြင်းဖြင့် သွား လိုစိတ်သည် ပြင်းပြလာ၍ သွားဖြစ်အောင်၊ သွားနိုင်အောင် ကြိုး စားသူကဲ့သို့ “အတုမဲ့ ချမ်းသာ” ကြောင့် ကာမဂုဏ် ချမ်းသာများကို စွန့်ဝံ့သောစိတ်များ ပေါ်ပေါက်လာစေရန်ကား မုချ ဖြစ်ပေါ်လာ လိမ့်မည်ဟု ယုံကြည်ပါသည်။

          ထို့ကြောင့် ကျွန်တော်တို့သည် “အတုမဲ့ချမ်းသာ” ကို ထုတ်ဝေဖြန့်ချိရာတွင် ကျမ်းဂန်တတ်၊ စာတတ်ပုဂ္ဂိုလ်များအဖို့ထက် မြန်မာစာတတ်သူတိုင်းအတွက် “အတုမဲ့ချမ်းသာ” ၏ အရသာကို ခံယူနိုင်ရန် ရည်ရွယ်၍ စီစဉ်ထုတ်ဝေပါသည်။