ခင်နှင်းယု - နွေနှောင်းရွက်ကျန်
နွေနှောင်းရွက်ကျန်
( ၁ )
ချင်းတောင်၏ ဆောင်းညသည် ရက်စက်စွာ အေးလှသည်။
တောင်တန်းများပေါ်မှ ကျော်ဖြတ်လာသော လေကလည်း အရိုး ခိုက်မျှ အေးလွန်းလှသည်။
ဖလမ်းဆေးရုံ မှန်ပြတင်းပေါက်မှကြည့်ပါက ချင်းတောင် ဆောင်း ညကို ရိုးရိပ်မျှ မြင်နေရသည်။ ကပ္ပတိန်ကျော်မင်းသည် ခြောက်ကပ် အေးစက်လှသော ထိုဆောင်းညကို ငြီးငွေ့လှသည်။ သို့သော် နက်ဖြန်ဆို လျှင် သူ ဆေးရုံမှ ဆင်းခွင့်ရတော့မည်။ ထင်းရှူးပင် ရွက်မွှားလေးများ သည် လရောင်တွင် ဖြာ၍ နွဲ့နေကြသည်။ သူသည် ချင်းကပ္ပတိန် တစ်ယောက်နှင့် ခွင့်ရတုန်း လာလည်စဉ် ဖျားနေ၍ ဖလမ်းဆေးရုံတွင် တက်နေရလေသည်။
အေးစက်လှသော ထိုဆောင်းညကို ကုန်လွန်စေ့ချင်လှပြီ။ သူက မှေး၍ ခပ်မှိန်မှိန်ကျလာသောလရောင်ကို မက်မောစွာ ကြည့်နေမိသည်။ တဖြည်းဖြည်းပင် တိတ်ဆိတ်ခြင်းသည် ရင့်ရော်လာသလောက် လရောင် သည် သစ်လွင်စွာ တောက်ပလာသည်။ သူသည် မှိန်းရာမှ လန်း၍လာ၏။ ချစ်ဖွယ်ကောင်းသော ဂီတသည် သူ့ပတ်ဝန်းကျင်တွင် လွင့်၍ နေပါပကော။ ဂီတသည် သိမ်မွေ့၍ သီချင်းသံက လှိုက်လှဲလှသည်။
“တိမ်ခြေငွေနှင်းပေါင်း .. ငွေနှင်းပေါင်း ... ဝေစီစီ လေပြည် လေညင်း .... လုံနိုင်အောင်သာ... လောင်းပြန်တော့သာလေး.. တဲ့မှ .. ပြောင်းရိုက်ကယ် ဆော်ခါသာ..”
သီချင်းသည် သူ့ကို ခေါ်နေ၏။ သူသည် ခုတင်မှထ၍ ပြတင်းကို စမ်းသွားသည်။ မှန်တံခါးကိုကိုင်၍ အပြင်မှ ဂီတရှင်ကို သူရှာမိသည်။ သီချင်းပိုဒ်များသည် လွန့်၍လွန့်၍ လွင့်သွားကြသည်။
“မိန်း... ရာသီခါမှီ လသာခေါင်... မြလွှာမှောင် တောင်ခိုးမြူး .... ရွှေဖီဖူး ပေါ်ရော့မယ် လေလေ့ ... မေ့ရက်ကယ် နေနိုင်တယ်.....”
ထင်းရှူးပင်အောက်မှ လကို မျှော်ကာ ချစ်ဖွယ်ကောင်းသော နွေဦး ည၏တေးကို တယောဖြင့် ဖက်၍ သီဆိုနေသော ဆရာမလေးကို သနား သွားမိသည်။ ဆရာမလေးမှာ မမြခိုင်ဖြစ်သည်။ ဖလမ်းဆေးရုံတွင် ဗမာမဆို၍ သူတစ်ယောက်တည်းပင် ရှိသည်။ မမြခိုင်၏မျက်လုံးသည် လရောင်တွင် တောက်ပနေသည်။ မျက်နှာက ဝင်းလဲ့လဲ့ဖြစ်နေသည်။ အသံက ကြေကွဲစရာကောင်းလှသည်။ မမြခိုင်အကြောင်းကို သူ လုံးဝ မသိပေမဲ့ ယခု မမြခိုင်၏ ဂီတသည် သူ၏ဘဝကို တီးတိုးဖော်ပြောနေ သလို ထင်လာရသည်။
သီချင်းနှင့် တယောသည် တိတ်၍သွားချေပြီ။ မမြခိုင်သည် တယောကိုပိုက်၍ ထင်းရှူးပင်ရိပ်တွင် ပျောက်၍သွားလေသည်။ ဆောင်း ညသည် ပြန်၍ တိတ်ဆိတ်နေပြန်သည်။ သူသည် ခုတင်ရှိရာသို့ လာ၍ ပျင်းပျင်းရိရိပင် ပြန်အိပ်လိုက်တော့သည်။
“ဗိုလ်ကျော်မင်း ထတော့လေ”
“ဟင်”
သူသည် လက်နှင့် လာပုတ်သူကို ဖယ်လိုက်ရင်း မျက်စိဖွင့်လိုက် သည်။ နေရောင်များသည် နှင်းမှုန်များကိုဖြတ်၍ ပြတင်းမှ လျှောကျနေ သည်။
“ဘယ့်နှယ် ကပ္ပတိန် လျင်းထန်၊ ကျုပ် နေမြင့်သွားတယ်ထင်တယ်”
ကပ္ပတိန်လျင်းထန်က ပြုံးရင်း “ဟုတ်တယ်၊ ခင်ဗျား သိပ်အိပ် ကောင်းတယ်ထင်တယ်၊ ဆရာဝန်ကြီးကရော မမြခိုင်ကရော ပြောတယ်၊ ခင်ဗျား အခြေအနေသိပ်ကောင်းလာပြီတဲ့ဗျ။ ဒီနေ့ ကလေးထိအောင် ဆင်းနိုင်မယ်တဲ့၊ ဒါပေမင့် ကျုပ်ကတော့ လုံဘမ်းမှာ နားချင်သေးတယ်။ ပြီးတော့ ဆရာမ မမြခိုင်လည်း ခွင့်ရလို့ ကလေးထိ လိုက်မယ်တဲ့” “အို.. မမြခိုင်လား”
ကျော်မင်းသည် စိတ်ဝင်စားစွာမေးရင်း ထလိုက်သည်။ “ကောင်းတယ်ဗျာ၊ ညက မမြခိုင်ရယ် ကျုပ်တွေ့လိုက်တယ်” “ဗျာ.. ဘယ်မှာလဲ၊ ညကြီးမှာ ခင်ဗျားနဲ့တွေ့လား”
“မဟုတ်ဘူးလေ၊ ဒီလို ညက ထင်းရှူးပင်အောက်မှာ မမြခိုင် တယောထိုးနေတာကို ကျုပ်တွေ့တာ ပြောတာ၊ ခင်ဗျားကတော့ ချင်း ဆိုတော့ ဗမာ့ဂီတကို အရသာခံတတ်မှာ မဟုတ်ဘူး၊ ကျုပ်တော့ ညကဖြင့် မမြခိုင်ဂီတနဲ့ မမြခိုင်ရုပ်ကို မေ့လို့မရတော့ဘူး”
“ကဲ ကဲ ဒီနေ့တစ်နေ့လုံး ခရီးအတူသွားရမှာ၊ သူ အဆင်သင့် ပြင်ပြီး စောင့်နေတယ်ဗျာ၊ လာ.. ခင်ဗျားပစ္စည်းတွေလည်း အဆင်သင့်ပဲ”
ကျော်မင်းသည် အိပ်ရာမှထ၍ အဝတ်အစားများကို ပြင်ဆင်ဝတ် ကာကပ္ပတိန် လျင်းထန်နှင့်အတူ ဆေးရုံမှ ထွက်လာခဲ့လေသည်။ သူတို့ သည် ဆေးရုံဝင်းအတွင်းရှိ မမြခိုင်အိမ်သို့ ရောက်လာကြသည်။ မြင်းများ မှာ ပစ္စည်းအပြည့်အစုံ တင်ပြီးဖြစ်နေလေသည်။ ချယ်ရီပင်အောက်မှာ မမြခိုင်ကို သူတို့တွေ့ရသည်။ သက္ကလတ်နက်ပြာ ဂါဝန်တိုနှင့် ဆွယ်တာအပြာရောင်လက်ရှည်ကို ဝတ်ထားသည်။ ပိုးပဝါအပြာနုကို ခေါင်းတွင် စည်း၍ထားသည်။
“ကဲ.. ကော်ဖီဝင်သောက်ပြီး သွားစို့လား”
မမြခိုင်က သူတို့အားခေါ်၍ အိမ်ထဲဝင်သွားသည်။ မမြခိုင်က အတော်ကို ဗိုလ်ဆန်နေပါသည်။ ကပ္ပတိန်ကျော်မင်းသည် ညက ဗမာ ဆန်သောဂီတနှင့် မမြခိုင်ကို ယခုမနက် ဗိုလ်ဆန်သောမမြခိုင်နှင့် ယှဉ်ရင်း အံ့အားသင့်နေသည်။ သူသည် ညလယ်က တေးကိုပဲ တွေးနေမိသည်။ ဒါပေမဲ့ မမြခိုင်၏ တည်ကြည်တောက်ပသော မျက်နှာထားမှာ ကလေး ကလား ပျံ့နှံ့သော အမူအရာ လုံးဝမရှိပေ။ ကော်ဖီသောက်ပြီး မြင်းများ ရှိရာသို့ ထွက်လာကြသည်။ မမြခိုင်က သွက်လက်စွာ သူ့မြင်းပေါ်သို့ တက်ရင်း ရှေ့မှ စထွက်သည်။ ။ “အို.. မမြခိုင် မြင်းစီးကျွမ်းကျင်သားပဲ”
ကျော်မင်းက တအံ့တသြ နောက်မှ လှမ်းပြောလိုက်သည်။ “ကျွန်မ စီးနေကျပဲ ဗိုလ်ကျော်မင်း၊ အားလပ်ချိန်ဆို ဒီရွက်ကြွေ တောတွေထဲမှာ ကျွန်မအဖို့ မြင်းပဲအဖော်ရှိတယ်” ။
သူတို့၏ မြင်းသုံးစီးသည် ယှဉ်၍ထွက်လာသည်။ “တောပစ်သလား” “ဘုရားရေ.. ဗိုလ်ကျော်မင်းရယ် ဒီလိုမဟုတ်ပါဘူး၊ သံသရာမှာ ကြောက်စရာကြီး၊ မလုပ်ရက်ပါဘူး”
ကျော်မင်းသည် မမြခိုင်၏ ဒီလိုပုံမှ ထွက်လာသောစကားကို အံ့အား သင့်သွားပြန်သည်။
သူတို့သည် ချယ်ရီပန်းများနှင့် လှပသောဖလမ်းမြို့တော်မှ ထွက်ခဲ့ ကြသည်။ ဖလမ်းမြို့ပြင်ရောက်လေလေ လမ်းများမှာကျဉ်း၍ မြင်းသုံးကောင် တန်းလျက်မသွားသာတော့ပေ။ မမြခိုင်သည် ရှေ့ဆုံးမှ မှန်မှန်ပင် စီးသွားလျက်ရှိသည်။ သူတို့နှစ်ယောက်သည် စကားပြောရင်း နောက်မှ လိုက် လာကြသည်။ ခွင့်ရက်စေ့လု၍သာပြန်ခဲ့ရသည်။ ကျော်မင်းသည် ဖလမ်း မှ မခွာချင်ပေ။ လျင်းထန်အဖို့လည်း ဇာတိဌာနေမှ ထွက်လာခဲ့ရသည် ကို စိတ်မပါလှတော့ပေ။
ဖလမ်းသည် တောင်ကုန်းများပေါ်မှ ပတ္တမြားပွင့်လေး ဖြစ်သည်။ နီထွေးသောလမ်းများ ရစ်၍ပတ်နေသော တောင်ပေါ်မြို့လေးဖြစ်လေသည်။ နေအတော်မြင့်လာပေမင့် အအေးဓာတ်မှာ မလျော့သေးပါ။ လမ်းမသည် ပို၍ကြမ်းလာသည်။ မမြခိုင်သည် သူတို့ကို လှည့်၍စကားမပြော။ သူ့မြင်း ကိုသာ ခပ်သွက်သွက် မှန်မှန်ကြီး နှင်လျက်ရှိလေသည်။ နောက်ဆုံးမှ ပစ္စည်းများတင်လာသော မြင်းများကို ဆွဲလာသည့် ချင်းတောင်ပေါ်သား တစ်စုသာ သူတို့၏တောင်ပေါ်တေးကို ညည်းလျက် လျှောက်လာကြ သည်။
တစ်ခါတစ်ရံ မမြခိုင်သည် မြင့်မားသော တောင်တန်းကြီးများကိုမျှော်ကြည့်နေတတ်လေသည်။ ကပ္ပတိန်လျင်းထန်ကမူ မမြခိုင်ကို ဖလမ်းမြို့သားတစ်စုနှင့်တကွ လုံဘမ်း၊ တီးတိန်တို့မှ ချင်းအမျိုးသားတို့ ချစ်ခင်ကြကြောင်းကို ဝမ်းသာအားရပြောလာသည်။ ကျော်မင်းကမူ ရှေ့ဆုံးမှ မမြခိုင်၏လှုပ်ရှားသမျှအားလုံး သူ စိတ်ဝင်စားစရာချည်း ဖြစ်နေ လေသည်။ တစ်ခါတစ်ရံ မမြခိုင်သည် တောင်ကြားလမ်းကွေ့လေးများတွင် ပျောက်၍ ပျောက်၍ သွားသည်။
“ဒီမှာကပ္ပတိန်လျင်းထန်၊ မမြခိုင်ဟာ တောအတော်ကျွမ်းပုံရတယ်”
“အို.. သူ ဒီကိုရောက်နေတာ ငါးနှစ်လောက်ရှိနေပြီ။ ကိုကျော်မင်း.. အရင်ကတည်းကလည်း ရှမ်းပြည်နယ်ဇာတိဆိုတော့ တောတောင်တွေ မှာသူကျင်လည်ပြီးသားပဲ၊ မမြခိုင်က ရှမ်းစပ်လို့ပြောသံကြားတယ်၊ တစ်နှစ် မှာ တစ်ခါတော့ သူ ကောင်းကောင်းခွင့်ယူတယ်ဗျ။ ဆရာဝန်ကြီးတွေက