Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဦးအေးကျော်(ဘီအေဘီအယ်လ်) - ဖေ့သားချစ်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အမှတ် - ၁

မော်လမြိုင်မြို့။

အောက်တိုဘာလ ၁ ရက်၊ ၁၈၉ ခု။

သား မောင်မျိုးမြင့်

မင်းမေမေတော့ ယနေ့မနက်ပဲ ချောချောမောမောနဲ့ အိမ်ကိုပြန် ရောက်ပြီ။ မင်းမေမေကဖြင့် မင်းကို စာတွေချည်း လုပ်ပြီး ကြိုးစားမနေ ဖို့ရန် စာထဲမှာထည့်ရေးလိုက်ဖို့ရာ ဖေဖေ့ကို အထပ်ထပ်အခါခါ ပြော ရှာတယ်။ ဖေဖေကတော့ မင်းကို စာတွေ သိပ်ပြီး မကြိုးစားဘဲ မနေဖို့ ကိုသာ အကြိမ်ကြိမ်အခါခါ မှာချင်တာပဲ။ မင်းကို ကောလိပ်ကျောင်းပို့ တာဟာ တက္ကသိုလ်ဆိုတဲ့အတိုင်း ပညာဗဟုသုတစုံတဲ့နေရာဖြစ်လို့ ပညာရနိုင်သမျှ ရစေလိုတဲ့သဘောနဲ့ ပို့လိုက်တာပဲ။ တကယ်လို့များ မင်းလက်နားကို ကမ်းလိုက်လို့ရှိရင် ပေးတဲ့ပညာကို တစ်ခါတည်း မိမိ ရရသာ တွယ်လိုက်ပေတော့။ ဒီပညာကို ငါမလိုချင်သေးဘူးလို့ မူလကျီတော့ လုပ်မနေလေနဲ့။ ဘာကြောင့်လဲဆိုတော့ ဖေဖေက မင်းဝေစုကို မင်းရစေလိုတဲ့အတွက် ဒီလိုပြောရတာပဲ။ လောကမှာ ပညာရှာတုန်း အခါဆိုရင် ဘာကိုမှ ရှက်စရာမလိုဘူး။ အရူးလွယ်အိတ်လို တွေ့သမျှ ပညာကို ဆည်းပူးသိုသိပ်ဖို့သာ လိုတာပဲ။ ပညာဆိုတာလည်း မင်းရဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာ ကမ္ဘာနဲ့အမျှ ပျံ့နှံ့နေတယ်။ သို့ပေမဲ့ ပညာတွေ ကို မင်းက ဆည်းပူးသိုမှီးလိုသလောက်သာ ရနိုင်တယ်ဆိုတာကို မကြာ ခင်ပဲ မင်း နားလည်လာလိမ့်မယ်။ မင်းကသာ မသင်ချင်ဘူးဆိုရင်တော့ မိုးပေါ်က သိကြားမင်းကြီးကိုယ်တိုင် နားကင်းကြီးနဲ့ ဆင်းပြီးသင်တောင် မင်း တတ်မှာမဟုတ်ဘူး။ ဒီအတွက်တော့ ဘာမျှမပူနဲ့။ စိတ်သာချနေပေတော့။ အဲ.. ပညာကလွဲရင် ကျန်တဲ့အရာတွေကတော့ ကိုယ်လိုချင်တိုင်း မရနိုင်ဘဲ သော့ပျောက်တဲ့ သော့ခလောက်လို တယ်ပြီး အသုံးအစွဲရခက် တယ်ကွဲ ။ ။

ဖေဖေ မင်းတို့အရွယ်တုန်းက အခု မင်းရတဲ့ အခွင့်အရေးမျိုးကို မရခဲ့ပေဘူး။ ဒါပေမဲ့ မင်းလည်း ဖေဖေရခဲ့တဲ့ ဗဟုသုတမျိုးကိုတော့ ရနိုင်မယ်မဟုတ်ဘူးကွဲ။ “လူအမျိုး နတ်အထွေထွေ”ဆိုတဲ့စကားအတိုင်းလောကမှာ လူချင်းတူပေမဲ့ အကျိုးပေးပုံချင်းကတော့ အင်မတန်မှ ကွာ ခြားတာကလား။ တချို့ လူတွေဟာ ပိုက်ဆံကြေးငွေ တစ်ပြားတစ်ချပ်မှ မရှိတဲ့အတွက် သူတို့တစ်ဝိုက်မှာ သန်းပေါင်းများစွာရှိတဲ့ငွေထဲက နည်း နည်းပါးပါးရအောင် အပတ်တကုတ် ကြိုးစားအားထုတ်ပြီး ရှာရင်း ရင်းနဲ့ ငွေတွင်းနက်တဲ့အကြောင်း၊ ငွေရဲ့ တန်ဖိုးရှိတဲ့အကြောင်းကို သိပြီး လာကြပေမဲ့ တချို့လူတွေကျတော့ ငွေလေးငါးသောင်းကို ကုတ်ကုတ် ကတ်ကတ် ရှာဖွေစုဆောင်းပြီးထားခဲ့တဲ့ မိဘတွေဆီက အမွေရလိုက်တော့ သူတို့ကိုယ်ကိုသူတို့ တစ်နှစ်မှာ ဝင်ငွေလေးငါးသောင်း ရတယ်လို့ များ သဘောထားသလားမသိဘူး။ ငွေကို ရေလိုသုံးပြီး ငွေရဲ့ တန်ဖိုး လုံးလုံးပဲ မသိရှာကြဘူးကွဲ။

တချို့လူတွေဟာ လူလိမ်လူကောက်တွေနဲ့ ပေါင်းသင်းဆက်ဆံ ရင်းပဲ သစ္စာတရားရဲ့ တန်ဖိုးကို နားလည်လာကြတယ်။ တချို့ကျတော့ လည်း သီခင်းနေ့မှာ ကျောင်းကန်ဘုရားသွားပြီး တရားပေစာ ကြားနာရင်းနဲ့ပဲ သစ္စာတရားရဲ့ တန်ဖိုးကို အလိုလို သိလာကြတာပဲ။ တချို့တော့သေရည်သေရက်ကြောင့် ဒုက္ခမျိုးစုံကို တွေ့ကြုံခံစားရတယ်ဆိုတဲ့ သင် ခန်းစာကို အဖေ အရက်သမားထံက ရသလို တချို့လည်း အမိကောင်း သား ဖြစ်ရတဲ့အတွက် အရက်ရဲ့ ဆိုးဝါးမှုသဘောတရားကို နားလည်လာ ကြတယ်။ တချို့ လူတွေဖြင့် စာနယ်ဇင်းတို့ကို ဖတ်ရှုခြင်း၊ ပြည်သူ့ပိဋ ကတ်တိုက်များသို့သွားခြင်း၊ အများနဲ့ ပေါင်းသင်းဆက်ဆံခြင်းတို့ကို ပြုလုပ်တာနဲ့ပဲ ပညာဗဟုသုတရကြတယ်။ တချို့ကျတော့လည်း ပါမောက္ခတွေ၊ စာအုပ်ပေစာတွေထံက ပညာရကြပြန်တယ်။ လိုရင်းကတော့ ဘယ်နည်းနဲ့ ရရ ပညာရတာကိုသာ အဓိကထားရမယ်။ ကုန် ပစ္စည်းတစ်ခုကို မျက်စိကျပြီးတဲ့နောက်မှ ဒီအပေါ်ကထုပ်ထားတဲ့ စက္ကူ ကို ဘယ်သူက ဂရုမူဦးမှာလဲ။ ဒီစက္ကူဟာလည်း ထုံးစံအတိုင်းဆိုရင် အမှိုက်ခြင်းထဲကိုသာ မြန်းရမယ်မဟုတ်လား။ လူတိုင်းလိုပဲ အဓိကထား တဲ့အချက်ကတော့ အလုပ်ထဲမှာရှိတဲ့ ကုန်ပစ္စည်းသာဖြစ်တယ်။ ဒီပစ္စည်း တောင်မှ စားဖိုဆောင်က စားတော်ကဲထံကို ရောက်တာနဲ့တစ်ပြိုင်နက် ကောင်းတယ်၊ ဆိုးတယ်ဆိုတာ တစ်ခါတည်း ကွဲပြားပြီး နန်းဇာတိရုပ် ပေါ်လာမှာပဲ။

မီးဖိုချောင်ဆိုတဲ့စကားကို ရောက်သွားလို့ ဆက်ပြီးပြောရဦးမယ်။ ဥပမာ-မင်းဟာ ဝက်သားကို သရက်သီးကုလားတည်နဲ့ ဟင်းလေးချက် ရင်လည်းရတယ်။ ကြက်သွန် ငရုတ်သီး များများထည့်ပြီး ဝက်သားနီ ဆီပြန်ကလေးချက်ရင်လည်း ဖြစ်နိုင်တာပဲ။ ဘယ်နည်းနဲ့ချက်ချက် စား လို့တော့ ကောင်းမှာပဲမဟုတ်လား။ ဒါပေမဲ့ မင်းချက်တဲ့ဝက်သားဟာ အသားကောင်းဖြစ်ဖို့ရန်လိုတယ်။ တကယ်လို့သာ အသားမကောင်းခဲ့လို့ ရှိရင် ဘယ်လိုပဲချက်ချက် ကုန်ကုန်ပြောမယ်ကွယ်။ ဝိသုကြုံနတ်သား ဆင်းချက်တောင် မကောင်းတဲ့ဝက်သားဟာ အရသာပေါ်ပြီးမလာနိုင်ဘူး။ ဒီလိုပဲ ပင်ကိုဇာတိက ဓာတ်ခံမကောင်းတဲ့လူကျရင်လည်း မင်းက ဘယ်လိုပဲပြုပြင်ပြုပြင် ချက်မရတဲ့ ဝက်သားအပုပ်လို ဇာတိရုပ်တော့ ပြစမြဲပဲ။

အမှန်အတိုင်းပြောရမယ်ဆိုရင် ပညာဆိုတာ ဦးစွာပထမ ရှာဖွေ ဆည်းပူးတဲ့သူရဲ့ အကျင့်စာရိတ္တကို ကောင်းမွန်လာအောင် ပြုပြင်ပေးရ မယ်။ ဒုတိယအချက်ကတော့ တကယ့်ပညာအစစ်ကိုပေးရမယ်။ အဲဒီနှစ် ချက်ကို အဓိကထားမိတော့ ဖေဖေဖြင့် မင်းကို တက္ကသိုလ်ကျောင်းပို့ဖို့ စဉ်းစားတုန်းက အတော်ပဲ ရင်လေးမိခဲ့တယ်။ ဒီလိုရေးလိုက်တာနဲ့ ဖေဖေ က မင်းကို ဆုံးမစကားပြောကြားချင်လို့ စပြီး ပဏာမပျိုးတာပဲလို့ မင်း စိတ်ထဲမှာ အထင်မလွဲစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သဘာဝဓာတ် ခံကောင်းတဲ့ လူငယ်မှန်ရင် တခြားလူတွေက မဆုံးမရဘဲ သူကိုယ်ကို သူ့ရဲ့ အဇ္ဈတ္တဓာတ်ခံအတိုင်း ပိုမိုပြီး ပြုပြင်တတ်တဲ့အလေ့ရှိတာကို ဖေဖေ က ကောင်းကောင်းကြီးသိတာကိုး။ ပြီးတော့လည်း ဒီလိုဓာတ်ခံကောင်း တဲ့ လူငယ်ကလေးတွေကျရင် အမှားကို ပြလိုက်ရုံနဲ့ လမ်းမှန်ကို ရှာကြံပြီး သွားနိုင်တဲ့သတ္တိလည်း ရှိတာပဲ။

ဒါနဲ့ ဖေဖေမှတ်မိသေးတယ်။ ဖေဖေငယ်ငယ်တုန်းက တခြား လူငယ်ကလေးတွေလို မမိုက်ခဲ့မတွေ့ခဲ့ဘူး။ ဖေဖေတို့ကိုးကွယ်တဲ့ ဆရာတော် ဦးသုမနကတောင် ဖေဖေ့ကို သံသရာဘောင်ထဲကထွက်ပြီး လော ကုတ္တရာဘက်ကို ကူးလိမ့်မယ်လို့ အမြဲအထင်ရှိတယ်။ ဒါကြောင့်လည်း တရားပွဲမှာများ လူစည်ကားလာပြီဆိုမှဖြင့် ဆရာတော်က ဖေဖေ့ကို လူ လယ်ကောင်မှာထားပြီး မင်းသံသရာဝဋ်ထဲက လွတ်မြောက်လိုတဲ့စိတ် မရှိဘူးလားလို့ အမြဲမေးတာပဲ။ ဖေဖေ့မှာတော့ ဆုံလည်နွားလိုနေတဲ့ သံသရာဝဲသြဃထဲက လွတ်မြောက်လိုတဲ့စိတ်တော့ အနည်းနဲ့အများရှိ တာပေါ့။ ဒါပေမဲ့ အမှန်အတိုင်းပြောရမယ်ဆိုရင် ခုလို လူလယ်ကောင်ကနေပြီး လူသိနတ်ကြား နိဗ္ဗာန်သွားလိုတဲ့အကြောင်းပြောရမှာ ဖေဖေဖြင့် အတော်ပဲ ဝန်လေးမိခဲ့တယ်။ အဲဒီတုန်းက ဖေဖေ့အဖြစ်အပျက်ဟာ သင်္ဃဇာဆရာတော်ဘုရားမိန့်ကြားသွားတဲ့ စကားပုံကလေးတစ်ခုနဲ့ ခပ် ဆင်ဆင်တူတာပဲ။ ရှေးတုန်းက အဘိုးကြီးတစ်ယောက်ရှိသတဲ့။ ဒီအဘိုး ကြီးက နေ့တိုင်းပဲ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ဘုရားရှိခိုးသတဲ့။ ဘုရားရှိ ခိုးအဆုံးမှာလည်း နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏။ နိဗ္ဗာန်မရခင်စပ်ကြား၌ နတ်တို့၏စည်းစိမ်ကို အကြိမ်ကြိမ် ခံစားရပါလို၏ အရှင်ဘုရားလို့ အသံကျယ်ကြီးနဲ့ ဆုတောင်းသတဲ့။ ဒီတော့ကာ ကာလ သား ခပ်နောက်နောက်တစ်ယောက်က နားငြီးတာနဲ့ တစ်နေ့တော့ နတ် ဝတ်တန်ဆာတွေကို ချုပ်ပြီး အဘိုးကြီးဘုရားမရှိခိုးခင် ဘုရားစင်အောက် မှာ ဝင်ပြီး ပုန်းနေပါရောတဲ့။ အင်း.. ဘုရားရှိခိုးလည်းဆုံးလို့ နိဗ္ဗာန်ကို ရက်တိုတိုနဲ့ ရပါလို၏လို့ ရွတ်တာလည်းဆုံးရော ဖြုန်းခနဲ ဘုရားစင် နောက်ကထွက်လာပြီး အဘိုးကြီးလက်ဆွဲရင်း ပါးစပ်ကလည်း “ဘကြီး၊ ခင်ဗျားဟာ နေ့တိုင်းနေ့တိုင်း နတ်စည်းစိမ်ကို ခံစားရပါလို၏လို့ ဆုတောင်းတာနဲ့ အကျွန်ုပ်သိကြားမင်းဟာ မနေနိုင်၍ ဘကြီးကို ကိုယ်တိုင် ပဲလာခေါ်ရတယ်” လို့ပြောသတဲ့။ ဒီတော့ အဘိုးကြီးလည်း ဒူးတွေဘာတွေတုန်ပြီး နတ်မင်းကိုလည်းရှိခိုးပြီး “လိုက်တော့ လိုက်ချင်ပါတယ် နတ်မင်းရယ်။ ဒါပေမဲ့ ရှင်မကို တိုင်ပင်ရအောင် ခဏကလေး ခွင့်ပေး စေလိုပါတယ်” လို့ပြောပြီး အောက်ကို ကပျာကယာဆင်းပြေးသတဲ့။ အဲဒီကတည်းကစပြီး ဒီအဘိုးကြီးလည်း ဘယ်တော့မှ အော်ကျယ်ဟစ် ကျယ် ဆုမတောင်းတော့ဘူးတဲ့။ ဖေဖေ့မှာလည်း ဒီနည်းအတိုင်းပဲ။ နိဗ္ဗာန်ကိုသွားဖို့ထားဦး၊ နိဗ္ဗာန်ကိုသွားချင်တဲ့အကြောင်းကို လူထဲကနေပြီး ပြောရမှာကို အတော်ပဲ ကြောက်မိခဲ့တာပဲ။

စင်စစ်တော့ လူငယ်တစ်ယောက်ဟာ အမိကောင်းသားဖြစ်ခဲ့ရင်