ဦးအောင်သိမ်းမြတ် - မြန်မာရိုးရာဟာသပုံပြင်များအမှတ်(၃)
လူဖြစ်လိုက်၊ မျောက်ဖြစ်လိုက်
“ကယ်တော်မူပါ ဘုရား၊ ရွှေနန်းရှင် ကယ်တော်မူပါ ဘုရား”
အနောက်နန်းတစ်ခုလုံးမှာ ငိုသံတွေ ဖုံးလွှမ်းနေသည်။ မောင်းမ အချို့သည် ဘုရင်မင်းမြတ်ထံ ငိုယိုကာ ပြေးလာကြသည်။
ဘုရင်မှာ လွှတ်တက်ကာ တရားစီရင်နေခိုက် ဖြစ်သည်။
“သမီးတော် ချိုးရေတော် သုံးနေတုန်းမှာ လူစင်စစ်က မျောက်ဖြစ် သွားကြောင်းပါ ဘုရား”
ဟယ်ခနဲ၊ ဟင်ခနဲ၊ ဟာခနဲ အော်သံတွေ ညံသွားသည်။
“ဟဲ.. ဟဲ... ပြန်တင်စမ်း”
“အရှင့် သမီးတော် ချိုးရေတော် သုံးနေရာက မျောက်ဖြစ် သွားပါပြီ ဘုရား၊ ကယ်တော်မူပါဦး ဘုရား”
အထိန်းတော်ကြီး၏ ဒုတိယတင်လျှောက် စကားသည် ပထမ စကားကို မချေဖျက်နိုင်ချေ။ ထပ်မံ၍သာ အတည်ပြုသည်။ သို့ဖြစ်၍ အမှုကို ရွှေ့ဆိုင်းသည်။
ဘုရင်မင်းမြတ် ကိုယ်တော်တိုင် သမီးတော်စံရာ မြနန်းတော်သို့ လိုက်လံရှုစားသည်။
တိုင်းအလီလီ၊ ပြည်အစို့စို့မှ မင်းညီမင်းသားများ လာရောက် စေ့စပ်ပြောဆိုကြသော်လည်း ခေါင်းခါလွှတ်သော သမီးတော်။ လှပါ ပေသည်၊ ယဉ်ပါပေသည်ဟု မြင်သူတိုင်း ချီးမွမ်းရသော သမီးတော်။
သည်သမီးတော် စံနေကျ ရွှေသလွန်တော်ထက်၌ ဘုရင့်သမီးတော် အစား မျောက်တစ်ကောင် ရောက်နေသည်။ မျောက်သည်လည်း မောင်းမမိဿံများနှင့် မယ်တော် မိဖုရားနည်းတူ ငိုကြွေးနေသည်။ ဘုရင့် သမီးတော် သုံးဆောင်နေကျ အဝတ်တွေ ဝတ်ထားသည်။ ရတနာတွေ ဆင်ယင်ထားသည်။ သန့်စင်ပန်းတစ်ခက် ပန်ဆင်ထားသည်။
“မြင်ရချက် မသက်သာပါကလား သမီးတော်ရယ်”
ထိုအခါတွင် “ကယ်မသနားတော်မူပါဦး အရှင်မင်းကြီး ဘုရား” ဟု မိဖုရားကြီး ငိုယိုလျှောက်ထားသည်။ “သမီးတော်ရဲ့ အဖြစ်ကို မြင်ဝံ့သေးရဲ့ လား ဘုရား”
မျောက်ထံမှ ထွက်ပေါ်လာသော အသံမှာ သမီးတော်၏ အသံ ဖြစ်သည်။
ဤသည်မှာ သမီးတော်ပေတည်းဟု ဘုရင်မင်းမြတ် လက်မခံဘဲ နေ၍မရတော့ပေ။
“ဘယ်လိုက ဘယ်လိုဖြစ်သွားတယ်ဆိုတာ လျှောက်တင်စမ်းပါဦး သမီးတော် ကလေးရယ်” ။
ဝမ်းနည်းစရာထဲမှ ဝမ်းသာစရာ ဖြစ်သည်။ လူစင်စစ်က မျောက် ဖြစ်သွားသဖြင့် လူစကားပြောတတ်တော့မည် မမျှော်လင့်။ ယခုကဲ့သို့ အသံထွက်လာသောအခါ ရုပ်မမြင်ရပေမဲ့ အသံတော့ ကြားနေရသေး သည် မဟုတ်သလော။
ဤ ဝမ်းသာစိတ်ဖြင့်ပင် ဝမ်းသာအားရ မေးမိသည်။
“ရံရွေတော်များ အသင့်ပြင်ဆင်ပေးထားတဲ့ ချိုးရေတော် သုံးဖို့ အခန်းထဲကိုဝင်ပြီး သမီးတော် ရေချိုးပါတယ် ခမည်းတော်ဘုရား၊ ဒူးတွေ၊ လက်တွေဆွတ်၊ မျက်နှာဆွတ်ပြီး ကုပ်ပေါ်က လောင်းအချမှာ ဘယ်က အမှိုက်တွေ လက်ပေါ်ရောက်လာပါလိမ့် အတွေးနှင့် လက်ဖမိုးကို ပွတ်သပ် ပါတယ်။ ဒါပေမဲ့ ပွတ်မယ့် လက်မှာ အမွေးတွေ ပေါက်နေပါတယ်။ သမီးတော်လည်း အထိတ်တလန့်နှင့် လက်မောင်းကို ကြည့်တော့ အမွေး တွေ၊ ဒါနှင့် မှန်ထဲကိုလည်း ကြည့်လိုက်ရော အမယ်လေး.. မျောက်ကြီး အော်မိရာက သမီးတော် သတိလစ်သွားတာပါပဲ ခမည်းတော်ရဲ့ ၊ ဘယ်လိုလုပ်မတုန်း ဘုရား”
ကြမ်းပေါ်တွင် ဒူးထောက် ခစားနေသော မျောက်က ဘုရင်ကို ဖက်ပြီး ငိုကြွေးရှာသည်။
ဘုရင်မှာလည်း ပျောက်၏ ခေါင်းကို မရဲတရဲ ပွတ်သပ် ပေးရင်း နှစ်သိမ့်ရသည်။
“သမီးတော် ဘာမှမပူနှင့်၊ အောက်လမ်းဆရာ၊ အထက်လမ်း ဆရာ ပေါင်းစုံကို ပင့်ပြီး ခမည်းတော် ကုသပေးမယ်။ ပျော်ပျော်သာ စံမြဲ စံစေဗျား”
ထိုသို့ နှစ်သိမ့်အပြီးတွင် အထိန်းတော်အား လှမ်းမေး၏။
“မယ်မင်းတွေ့ပုံ တင်စမ်းဟဲ့”
“အရှင့် သမီးတော် ငယ်သံပါအောင် အော်တဲ့အသံကြားလို့ ချော်ပဲလဲသလား၊ ဖားပျံပဲ တွေ့သလား စိုးရိမ်တကြီး ပြေးသွားတော့ သခင်မကို ရေချိုးရုံ အဆောင်တော်ထဲမှာ မတွေ့ပါဘူး ဘုရား၊ ကြေးမုံပြင် ရှေ့မှာ ခွေခွေလေးလဲနေတဲ့ မျောက်ဝံကြီးကို တွေ့ရပါသ ဘုရား”
“အေးပေါ့၊ အဲဒါဟာ သမီးတော်ပေါ့”
“သို့ပေမဲ့ ဝတ်ထားတဲ့ ဝတ်လဲတော်၊ ဆင်ယင်ထားတဲ့ ဘယက် တန်ဆာ ဒွါဒရာတွေနှင့် သန့်စင်ပန်းကို ထောက်ရှုရရင် အရှင့် သမီးတော် ပဲ ဖြစ်ရမယ်ဆိုပြီး အဆောင်တော်ထဲကို သယ်ခဲ့ရတာပါ ဘုရား”
ဘုရင်မင်းမြတ်သည် ခေါင်းတညိတ်ညိတ် နားထောင်အပြီး၌ အားပေးစကား ထပ်မံပြောကာ သမီးတော်၏ မြနန်းမှ ပြန်ကြွခဲ့သည်။
ပညာရှိ သုခမိန်များကို ရှေ့တော်သို့ခေါ်၍ တိုင်ပင်တော်မူသည်။ | ပညာရှိများကလည်း စုန်းတိုက်၊ နတ်တိုက်၊ သူပြု၊ ပယောဂမို့သာ လူစင်စစ်က မျောက်ဖြစ်ရသည်။ အထက်လမ်းဆရာများနှင့် ကုသပါရန် တိုက်တွန်းကြသည်။
သို့အတွက် တော်ပေ့၊ ကျော်ပေ့ သတင်းကြီးသော ဘိုးတော်၊ ဘတော်၊ ဘွားတော်၊ မယ်တော်၊ အဘိုး အစရှိသည့်သူများကို တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်သည်။ သမီးတော်ကို ပြသသည်။ ကုသနိုင်ပါမည်လော။
ဆင်းရဲသား၏သားသမီးဖြစ်ပါမူ လှည့်စားကောင်း လှည့်စားမိ မည်။ ဘုရင်ကိုကား မလုပ်ရဲကြ။ အချိန်မရွေး ရာဇဒဏ်သင့်နိုင်သည် မဟုတ်လော။ ထိုကြောင့် ရိုးသားစွာ ဝန်ခံကြ၏။ မတတ်နိုင်ပါ ဘုရား။ ဘုရင်မင်းမြတ်သည် အောက်လမ်းဆရာ အတော်ဆုံး၊ အတတ်ဆုံးတွေ ကို ဆင့်ခေါ်ပြန်သည်။ သူတို့လည်း မလှည့်စားရဲ။ မလိမ်ညာရဲ။ အမှန် အတိုင်းသာ လျှောက်ထားကြ၏။ မကုသနိုင်ကြောင်းပါ ဘုရား။
ဆေးဝါးဓာတ်စာဖြင့် ကုသသောဆေးသမားတွေ၏ တင်လျှောက် စကားမှာမူ ရှင်းလှသည်။
“ရောဂါ တစ်စုံတစ်ရာဖြစ်တာ မဟုတ်ရင် မကုသနိုင်ပါ ဘုရား၊ အရှင့် သမီးတော်ရဲ့ အဖြစ်အပျက်ဟာ တွေးတောကြံဆလို့ မရအောင် ထူးဆန်းလှပါသ ဘုရား”
ဘုရင်မင်းမြတ်၏မျှော်လင့်ချက်မှာ တစ်နေ့ထက်တစ်နေ့၊ တစ်လ ထက်တစ်လ လျော့ပါးလာခဲ့သည်။
နောက်ဆုံးတွင် မောင်းခတ်ကြေညာရန်သာ ရှိတော့သည်။
သမား အကျော်အမော်တွေပင် ခေါင်းခါသွားလျှင် မောင်းကြော် ၍ကော ဘာများထူးခြားလာပါမည်နည်း။ ရလိုရငြား၊ ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက် ဖြစ်ပါသည်။
မြို့ရွာ အသီးသီးတွင် ရွက်ပုန်းသီး ပညာရှင်တွေ ရှိတတ်သည်။ သူတို့ကြားသောကြောင့်၊ သူတို့သိသောကြောင့် ထွက်လာခဲ့ကြသော် ဟူသည့် မရေမရာ မျှော်လင့်ချက်အရ မောင်းကြော်ခြင်း ဖြစ်သည်။
“တိုင်းသူပြည်သား လူအများတို့လေး...
ဘုရင်မင်းမြတ်၏သမီးတော်တွင် ထူးဆန်းသောရောဂါကျ ရောက် ဖိစီးနေခဲ့ရာ ရှင်းလင်းကင်းစင်အောင် ကုသပေးနိုင်သူ မည်သူ့ အားဖြစ်စေ စည်းစိမ်ထက်ဝက်ခွဲ၍ အိမ်ရှေ့ ဥပရာဇာအရာ ချီးမြှင့်တော်မူ မည်ဖြစ်ကြောင်း ဘုရင့် အမိန့်တော်” ။
အိမ်ရှေ့ ဥပရာဇာအရာသည် ဘုရင်၏ တစ်ဝက်အရေးပါသူ ဖြစ်ရာ လူတွေ သွားရည်ယို၏။ ဘုရင့် မောင်းကြော်သံတွင်လည်း ဘာရောဂါဟု မပါသည့်အတွက် လူကြီး၊ လူလတ်၊ လူရွယ်တွေ ဥဒဟို လာကြ၏။
“မောင်မင်းဟာ လိပ်ပြာကို လူ၊ လူကို လိပ်ပြာဖြစ်အောင် စွမ်းဆောင်နိုင်ပါ့မလား”
ဘုရင့် သမားတော်ကြီး၏ ဆီးကြို အမေးဖြစ်သည်။
“အဲဒါတော့ မစွမ်းပါ ခင်ဗျား”
“မစွမ်းရင် ပြန်တော့” သုံးရက်မြောက်သောနေ့တွင် ညှိုးညှိုးနွမ်းနွမ်းနှင့် လူငယ်