Skip to product information
1 of 3

Other Websites

ဦးလှ၀င်း(လေသူရဲတစ်ဦး) - ပါပီလွန်းနှင့်ဗင်ကို

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

ငရဲဘုံသို့

          လောကဓံတရား၏ အလွန်ပြင်းထန်သော ရိုက်နှက်ချက်ဟု ဆိုရပါမည်။ မှန်သည်။ ကျွန်တော်သည် ကိုယ့်ဘဝကို ကိုယ့်ခြေကိုယ့်လက်ပေါ် ပြန်ရပ်နိုင်ရေးအတွက် နှစ်ပေါင်း (၃၀) လုံးလုံး ပြန်ကြိုးစားခဲ့ရပါသည်။

          အချိန်မှာ (၁၉၃၁) ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့။

          မနက် (၈) နာရီတွင် အချုပ်ခန်းထဲမှ ကျွန်တော့်ကိုလာထုတ်ပါသည်။ ဤအချုပ်ခန်းမှာ ကျွန်တော်၏ တစ်နှစ်ကျော်နေခဲ့ရသောအခန်းဖြစ်၏။ ကျွန်တော့်ကိုရေမိုးချိုးခိုင်း၏။ အဝတ်သစ်အစားသစ်များကိုယူ၍ လဲခိုင်း၏။ တရားရုံး၌ စီရင်ချက် ချတော့မည့်နေ့ဖြစ်၍ ကျွန်တော့်ကို တင့်တယ်အောင်ပြင်ဆင်နေကြခြင်းဖြစ်၏။

          ကျွန်တော့်အသက်မှာ (၂၅) နှစ်ရှိလေပြီ။ သို့သော် အများက ကျွန်တော့်ကို (၂၀)အရွယ်ဟုပင် ထင်ကြသေး၏။ အချုပ်ခန်းမှ တရားရုံးသို့ ရဲအစောင့် ခြောက်ယောက်ခြံရံ ၍ သွားရ၏။ ရဲများက ကျွန်တော့်ကို ကောင်းမွန်စွာ ဆက်ဆံပါသည်။ တရားရုံးခန်းသို့ ဝင်သည်နှင့် ကျွန်တော့်လက်ကောက်ဝတ်မှ လက်ထိပ်ကို ချွတ်ပေးသည်။ တရားသူကြီး ကုလားထိုင်၏ရှေ့တည့်တည့်မှ ခုံတန်းရှည်တွင် သူတို့ခြောက်ယောက်ဝိုင်း၍ ကျွန်တော့်ကို ထိုင်စေ၏။ ပြင်သစ်တရားရုံး။ ပါရီမြို့ မှ “စိန်း”အမည်ရှိ တရားရုံးကြီးဖြစ်၏။

          မကြာမီ ကျွန်တော့်ရှေ့နေ ရောက်လာ၏။“တို့အပေါ်မှာ သူတို့အပြစ်ပေးနိုင်တဲ့ သက်သေခံအထောက်အထား ဘာတစ်ခုမှ မရှိပါဘူး။ မပူနဲ့။ တို့ကို ဒီနေ့ သူတို့ လွှတ်ရမှာပါ”

          ကျွန်တော့်ရှေ့နေက ကျွန်တော့်ကို “တို့ . တို့နှင့်ပြောသည်ကို ကျွန်တော် စိတ်ထဲတွင် ပြုံးနေမိ၏။ “တို့”ဟုဆိုလိုက်သဖြင့် သူကိုယ်တိုင်လည်း ကျွန်တော် ကဲ့သို့ တရားခံဖြစ်နေ၏။ ယနေ့ ကျွန်တော် အပြစ်ဒဏ်ကျလျှင် သူလည်း အပြစ်ခံမည်လား။

          တရားစီရင်မှု အခမ်းအနား စတော့မည်။

          တရားရုံးခန်းတစ်ခုလုံးမှာ အနီရောင်သုတ်ထား၏။ အနီရောင်တွင်ပင် ရိုးရိုး အနီရောင်မဟုတ်။ သွေးရောင်သုတ်ထား၏။ နံရံအနီ၊ ခန်းဆီးအနီ၊ ကော်ဇောအနီ၊ စားပွဲခင်းအနီ၊ တရားသူကြီးများ ယနေ့ဝတ်ထားသောဝတ်ရုံပင် အနီရောင် ဖြစ်၏။

          “မင်းပရိသတ်အပေါင်းတို့ခင်ဗျား။ တရားစီရင်မှုအခမ်းအနားကို စပါတော့မယ်”

          တရားသူကြီးခြောက်ယောက် စင်မြင့်ပေါ်သို့ လျှောက်လာ၏။ ဥက္ကဋ္ဌ လုပ်သူက အလယ်တည့်တည့်မှ ကုလားထိုင်တွင် နေရာယူ၍ထိုင်လိုက်၏။ သူ ထိုင်ပြီးမှ ကျန်လူများက သူတို့နေရာအသီးသီးတွင် ထိုင်လိုက်၏။ တရားရုံးခန်း တစ်ခုလုံးမှာ တိတ်နေပါသည်။ ဘာသံမျှမကြားရ၊ ဧည့်ပရိသတ်အားလုံး မတ်တတ်ရပ်လျက်ရှိ၏။ ကျွန်တော်ကိုယ်တိုင်လည်း မတ်တတ်ရပ်နေ၏။ တရားသူကြီး ခြောက်ယောက်လုံး ထိုင်ပြီးမှ ကျွန်တော်တို့အတူ ထိုင်လိုက်ကြ၏။

          ဥက္ကဋ္ဌလုပ်သူ၏မျက်နှာမှာ အလွန်ပြည့်ဖြိုးသောမျက်နှာဖြစ်၏။ သူ့ အသားမှာ အနီရောင်သမ်းနေပြီး သူ့မျက်လုံးများမှာ အေးစက်နေသည့်အသွင်ကို ဆောင်၏။ သူ့အမည်မှာ “ဗီပင်ဖြစ်၏။ သူ့ထိုင်ခုံတွင် ထိုင်မိသည်နှင့် ကျွန်တော့် မျက်နှာကို သူစိုက်ကြည့်လိုက်၏။

          ဆွဲချလုပ်သူ၏အမည်မှာ “ပရပ်ဒယ်”ဆိုသူဖြစ်၏။ သူ့ကို တရားခံရှေ့နေတိုင်းက လန့်၏။ သူ အပြောကောင်း၊ သူအလျှောက်ကောင်း၍ သူ့ကြောင့် ခေါင်းဖြတ်စက်တွင် ခေါင်းဖြတ်ခံသွားရသူ၊ တစ်ကျွန်းရောက်သူများ များလှပြီဟုဆို၏။

          ပရပ်ဒယ်သည် လူစိတ်၊ ကြင်နာစိတ်လုံးဝရှိသူမဟုတ်ပါ။ သူ့တာဝန်မှာ အမှန် တရားပေါ်ရေးဖြစ်သော်လည်း တရားမှန်ဟုတ်မဟုတ်ကို လုံးဝမကြည့်ပါ။ သူ့ရုံးရောက်သမျှ တရားခံများကို တရားသူကြီးက အပြစ်ပေးနိုင်အောင် ဖန်တီး ပေးရမည်ဟု ယုံကြည်နေသူဖြစ်၏။ သူသည် စင်မြင့်ပေါ်မှ ကျွန်တော့်ကို လှမ်းကြည့်၏။ သူ့အကြည့်မှာ ကျွန်တော့်ကို မည်သို့အပြစ်ပေးတော့မည်ကို ပေါ်လွင်စွာ သရုပ်ဖော်နေ၏။ ရဲက ယနေ့မနက်မှ ဝတ်ဆင်ပေးလိုက်သော အဝတ်သစ် အစားသစ်များကိုကြည့်ပြီး “တရားရုံးကို အဝတ်သစ်သစ် လွင်လွင်နဲ့များ လာရဲ သေးတဲ့တရားခံ ငါ အပြတ်တွယ်လိုက်ဦးမယ်”ဟု ပြောချင်နေဟန်ရှိ၏။ ရဲကလည်း ကျွန်တော့်ကို ဤသို့ ဆွဲချမျက်စိတွင်ပေါ်လာအောင် ဖန်တီးပေးထားဟန် ရှိ၏။

          မနက် (၁၀) နာရီထိုးပြီ။ ။

          ဂျူရီလူကြီးများမှာ (၁၂)ယောက်ရှိ၏။ ဆွဲချရှေ့နေက ဂျူရီများ၏ တစ်ဦးချင်းမျက်နှာ ကိုကြည့်ပြီး ကျွန်တော် မည်သို့အပြစ်ကျူးလွန်ခဲ့ကြောင်း၊ သက်သေ အထောက်အထား များကို တစ်ခုချင်းပြော၍ ကျွန်တော့်ကိုသေဒဏ် သို့မဟုတ် တစ်ကျွန်းဒဏ် အနည်းဆုံး ချပေးသင့်ကြောင်းတောင်းဆို၍ နိဂုံးချုပ်လိုက်၏။

          ကျွန်တော့်အမှုမှာ ကျွန်တော်တို့မြေအောက်လောကမှ ရဲသတင်းပေး သစ္စာဖောက်တစ်ယောက်ကို သတ်သည်ဟု စွပ်စွဲခံရသည့်အမှုဖြစ်၏။ သက်သေ အထောက်အထား တစ်ခုမျှမရှိပါ။ ရဲက ကျွန်တော့်ကို ပြစ်မှုကျူးလွန်သူပါဟု မျက်ကန်းထွက်ဆို၏။“ကျွန်တော် တို့မှာ တရားရုံးကိုတင်ပြစရာ သက်သေ အခိုင်အမာမရှိပေမယ့် လျှို့ဝှက်ထားတဲ့ သတင်းတွေအရ လူသတ်မှုကျူးလွန်ခဲ့တာ ဒီကောင်ပါပဲ”ဟု တရားသူကြီးကို အစစ်ခံ၏။လူငှားသက်သေတစ်ယောက်ကို ခေါ်၍ ကျွန်တော် လူသတ်မှုကျူးလွန်နေသည်ကို မျက်မြင်တွေ့ပါသည်ဟု တရားရုံး တွင် ထွက်ဆိုစေ၏။

          ကျွန်တော်က “ဒီသက်သေကို ကျွန်တော့်တစ်သက်လုံး တစ်ခါမှ မမြင်ဖူးပါဘူး ခင်ဗျား”ဟု တရားသူကြီးကို အကြိမ်ကြိမ်ပြော၏။ မရ။

          “မင်းကို တကယ်မမြင်ဘဲ သူ တရားရုံးကို ဘာအတွက် သက်သေခံလာမလဲ။ သူက မင်းရဲ့ ရန်သူလဲ မဟုတ်ဘူး မဟုတ်လား”

          “မှန်ပါတယ်။ သူနဲ့ကျွန်တော်ဟာ ရန်ငြိုးရန်စလဲမရှိပါဘူး။ တရားသူကြီး ခင်ဗျား။ ဒီသက်သေဟာ ရဲကငွေပေးပြီး ရုံးခေါ်လာတဲ့သက်သေ၊ ဒါမှမဟုတ် ဒီသက်သေဟာ အရင်က ပြစ်မှုတစ်ခုခု ကျူးလွန်ထားတာရှိပြီး ရဲဖမ်းမှာ ကြောက်တဲ့အတွက် ရဲကထွက်ခိုင်း တဲ့အတိုင်း ကျွန်တော့်အမှုမှာ လာသက်သေထွက်နေတာပါ။ ကျွန်တော့်ကို သူတစ်ခါမှ အရင်က မြင်ဖူးထားတဲ့လူမဟုတ်ပါဘူး ။

          အမှန်တော့ ကျွန်တော့်မှန်းဆချက်များမှာ သွေးထွက်အောင်မှန်ပါသည်။ နောက်ပိုင်း မှ ကျွန်တော်ပြန်သတိရသည်မှာ ဤသက်သေလိမ်မှာ ဘိန်းသမား တစ်ယောက်ဖြစ်ပြီးဘိန်းမှုဖြင့် အကြိမ်ကြိမ်အဖမ်းခံခဲ့ရဖူး၏။ ကျွန်တော့်အမှု စီရင်ချက်ချ၍ မကြာမီပင် ဘိန်းမှုတစ်ခုဖြင့် ပြစ်ဒဏ်ကျသွားသည်ဟု ဆို၏။

          ကျွန်တော့်ရှေ့နေက ကျွန်တော့်ကို အစွမ်းကုန်ကာကွယ်၏။ သို့သော် အစိုးရ ရှေ့နေ (ဝါ) ဆွဲချကိုမမီရှာပါ။ သူ တင်ပြသမျှ ဆွဲချက လိမ္မာစွာ ပယ်ပျက်အောင်၊ သေးသိမ် အောင် လုပ်ပစ်၏။

          ထိုနေ့က တရားရုံး၌ ကျွန်တော့်ကို အပြစ်ဒဏ် ချသင့်မချသင့် ငြင်းခုံချက်မှာ ည (၁၁) နာရီထိုးသည်အထိ ကြာ၏။ မှန်သည်။ ည (၁၁) နာရီထိုးမှပင်..

          “ တရားခံ မတ်တတ်ရပ်ပါ ”

          တရားသူကြီး ဥက္ကဋ္ဌ၏အမိန့်ပေးသံဖြစ်၏။ ကျွန်တော် မတ်တတ်ထ လိုက်၏။ တရားရုံးတစ်ခုလုံး ငြိမ်သက်နေသည်။ အသက်ရှူသံပြင်းပြင်းကိုပင် ဘာမျှမကြားရ။ ဂျူရီလူကြီးအားလုံးက ကျွန်တော့်ကိုစိုက်ကြည့်နေသည်။ အချို့ မျက်နှာများမှာ ကျွန်တော့်ကို ရှက်သည့်ပုံများ ပေါ်နေသည်။

          “တရားခံ ပါပီလွန်၊ ဂျူရီအားလုံးက မင်းအပေါ် အပြစ်ရှိတယ်လို့ ယူဆတယ်။ ငါ မင်းအတွက် တစ်သက်တစ်ကျွန်းဒဏ်အပြစ်ကို ချလိုက်တယ်။ မင်း တရားရုံးတော်ကို တင်ပြစရာရှိသေးလား”

          ကျွန်တော် အလွန်ဒေါသဖြစ်သွား၏။

           တစ်ကိုယ်လုံး မွှန်ထူသွား၏။ ကျွန်တော် ဘာအပြစ်မျှ ကျူးလွန်ခဲ့သူ မဟုတ်ပါ။ လူသတ်မှုနှင့်အစွပ်စွဲခံရပြီး အသတ်ခံရသူကိုပင် မြင်ဖူးသူမဟုတ်။ ဤအဖြစ်ကို သူတို့ အားလုံးသိသည်။ ဘာကြောင့် မတရားအပြစ်ဒဏ်ကို ကျွန်တော့်အပေါ် ချရသလဲ။ ကျွန်တော် မခံနိုင်တော့ပါ။ တရားသူကြီးနှင့်ဂျူရီလူကြီးအားလုံး ကို တရားခွင်တစ်ခုလုံးကြားအောင် ကျွန်တော် အော်ဆဲလိုက်၏။ ပြင်သစ်တရား စီရင်ရေးစနစ်၏ ရက်စက်ယုတ်မာမှုများကိုလည်း ကြားရသူများ နားမခံသာအောင် ရှုတ်ချလိုက်၏။

          “ရဲတွေ၊ တရားခံကို ခေါ်ထုတ်သွားကြစမ်း”

          ရဲအစောင့်များက ကျွန်တော့်ခန္ဓာကိုယ်ကို ဝိုင်းညှပ်ပြီး ရုံးခန်းအပြင် ရောက် အောင်ခေါ်ထုတ်သွား၏။ ရုံးခန်းတံခါးဝရောက်လျှင် တရားသူကြီးရှိရာသို့ ကျွန်တော် ပြန်လှည့်ပြီး

          “ဥက္ကဋ္ဌကြီး၊ မကြာခင် တွေ့ကြသေးတာပေါ့ဗျာ။ ကျွန်တော် ခင်ဗျားကြီး ရှိရာကိုမရောက်ရောက်အောင် တစ်နည်းနည်းနဲ့ပြန်လာမှာပါ။ ခင်ဗျားရဲ့ မတရားမှုကို ပြန်စာရင်းရှင်းဦးမှာပါ”

          တရားခွင်ရှိမြေအောက်လောကမှ ကျွန်တော့်ရဲဘော်များက ကျွန်တော့်ကို ဆူညံစွာ အားပေးလိုက်ကြ၏။ သူတို့အားလုံး ကျွန်တော့်သတ္တိကိုသိပါသည်။ အမှု၏မတရားပုံကိုလည်း နားလည်ပါသည်။ ကျွန်တော်သည် မတရား အစွပ်စွဲခံရသော်လည်း မြေအောက်လောကမှ မည်သည့်ရဲဘော်ကိုမျှ ကျွန်တော် ပြစ်ဒဏ် သက်သာအောင်၊ ရဲမျက်နှာသာရအောင် ဖော်ထုတ်ပြောခြင်း၊ သစ္စာဖောက်ခြင်း မလုပ်ခဲ့။ သူတို့အားလုံး ကျွန်တော်၏သံမဏိစိတ်ထား ကို ဂုဏ်ယူကျန်နေရစ်ကြမည်ဖြစ်၏။

          ရုံးခန်းအပြင်သို့ ရောက်လေပြီ ။

          ရဲတစ်ယောက်က ကျွန်တော့်ကိုလက်ထိပ်ခတ်လိုက်၏။ ကျန်တစ်ယောက်က ကျွန်တော့်ခြေနှစ်ဖက်ကို သံခြေချင်းများခတ်လိုက်၏။ ရုံးလှေကားအဝတွင် ထောင်သို့လိုက်ပို့ မည့် ရဲလက်နက်ကိုင် (၁၂) ယောက်က ကျွန်တော့်ကို အဆင်သင့် စောင့်နေ၏။

          ကျွန်တော့်ကို အချုပ်ကားပေါ်သို့ တက်ခိုင်း၏။ “ထောင်ကြီးကို တိုက်ရိုက်မောင်းပေါ့” ရဲအစောင့် (၁၂)ယောက်၏ ခေါင်းဆောင် တပ်ကြပ်ကြီးလုပ်သူက အမိန့်ပေးလိုက်၏။

ထောင်ရှိရာသို့ ဦးတည်ထွက်ခဲ့ကြလေပြီ။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)