Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဦးနု - လူငယ်တို့သိကောင်းစရာ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ပြည်တော်ထိန်းကျင့်စဉ်

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှစ၍ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်လာပြီးလျှင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပေသည်။ ဤကဲ့သို့ အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်ဖြစ်ပေါ်လာပုံမှာ မတော်တဆ ဖြစ်ပေါ်ခဲ့သည်လည်း မဟုတ်၊ မိုးကောင်းကင်ပေါ်မှ သိကြားဗြဟ္မာဒေဝါ အပေါင်းတို့က ရော့ယူတော့ဟုဖန်ဆင်းပေး၍ ရရှိခဲ့သည်လည်းမဟုတ်၊ ကျွန်ုပ်တို့ ဘိုးဘွားများ၊ မိဘများသဖွယ်ဖြစ်သော အာဇာနည်မျိုးချစ် ပုဂ္ဂိုလ်ကြီးများက အသက်စည်းစိမ် အပြုတ်ခံ၊ ထောင်တန်းအကျခံ၊ ကြိုးမိန့်ကြိုးဒဏ်ခံ စသော ဒုက္ခဆင်းရဲအမျိုးမျိုးကိုခံကာ သွေးဖြင့်ချွေး ဖြင့် ရင်းနှီးယူဆောင်ပေးခဲ့သောကြောင့် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

ထိုအာဇာနည်မျိုးချစ် ပုဂ္ဂိုလ်ကြီးများသည် မြန်မာ့လွတ်လပ်ရေး အတွက် မည်သို့မည်ပုံ ကြိုးစားဆောင်ရွက်ခဲ့ကြပုံများကို မဖော်ပြမီ မြန်မာ နိုင်ငံတော်သည် မိမိ၏အချုပ်အခြာအာဏာပိုင်ခွင့် ဆုံးရှုံးခဲ့ရပုံများနှင့်တိုင်းတစ်ပါးသားတို့၏ လက်အောက်တွင် အနှစ်တစ်ရာနီးပါးခန့် ကျွန် သပေါက်ဘဝနှင့် နေခဲ့ရပုံများကို အကျဉ်းချုံး၍ ဖော်ပြလိုပေသည်။

နယ်ချဲ့အကြံ

ခရစ် ၁၄၉၇ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဗာစကိုဒဂါးမားဆိုသူသည် အိန္ဒိယသမုဒ္ဒရာကြီးကို ဖြတ်ကျော်၍ ဥရောပတိုက်မှ အရှေ့နိုင်ငံများသို့ သွားရာ ရေလမ်းခရီးကို စတင်တွေ့ရှိခဲ့လေသည်။ ထို့နောက်ပိုင်းတွင် ကား ဒတ်(ချ်) လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ ပြင်သစ်လူမျိုးစသော ဥရောပ တိုက်သားတို့သည် အရှေ့တိုင်းများသို့ အလျှိုအလျှို ရောက်ရှိလာကြ လေသည်။ သူတို့သည် ကျွန်ုပ်တို့မြန်မာနိုင်ငံအပါအဝင် အရှေ့နိုင်ငံများ သို့ ရောက်လာခဲ့ကြသည်မှာ ပျော်ပွဲစား ဘုရားဖူး ထွက်လာခဲ့ကြသည် မဟုတ်။ ဝိသမလောဘလျှင် အကြောင်းခံရှိသော ကုန်စည်ကူးသန်းရေး၊ စားကျက်သစ်ရှာရေး၊ နယ်ပယ်ချဲ့ထွင်ရေး ကိစ္စများအတွက် လာရောက် ကြခြင်းဖြစ်၏။

ထိုသို့လာရောက်ကြပြီးနောက် မိမိတို့ရောက်ရှိရာ နိုင်ငံနယ်ပယ်တို့ ၏ဘုရင်၊ မြို့စားအစရှိသော အကြီးအမှူးတို့ထံမှ မြေနေရာကွက်များကို အသနားခံ တောင်းယူ၍လည်းကောင်း၊ လက်ဆောင်ပဏ္ဏာများ ပေး၍ လည်းကောင်း၊ လက်နက်အားကိုးဖြင့် တိုက်ခိုက်၍လည်းကောင်း အရယူ ကြပြီးနောက် ရှေးဦးစွာ ကုန်တိုက်စသည်တို့ကို တည်ဆောက်ကာ အခြေ တည်ကြလေသည်။

ယင်းသည့်နောက်တွင် သူတို့ခိုလှုံနိုင်သောနိုင်ငံ ပြည်တွင်းရေးများ တွင် တဖြည်းဖြည်း မသိမသာ ဝင်ရောက်စွက်ဖက် လာကြလေတော့ သည်။ ဥပမာအားဖြင့် ပြည်တွင်းရှိနယ်စားအချင်းချင်း မသင့်မတင့်သည့် အခါတွင် လည်းကောင်း၊ ဘုရင်နှင့်ညီတော်၊ သားတော်၊ မြို့စား၊ နယ်စားများ မသင့်မတင့်ဖြစ်ကြသည့်အခါတွင် လည်းကောင်း၊ မိမိတို့၏ အခွင့် အရေး သာမည့်ဘက်သို့လိုက်၍ အားပေးအားမြှောက် ပြုကြသည်။ ထိုသို့ အချင်းချင်း စစ်ပြိုင်တိုက်ခိုက်ကြသဖြင့် နှစ်ဦးနှစ်ဖက်စလုံး အားအင်နည်းပါး လာသောအခါ ထိုအားအင်နည်းပါးလာသော ပြည် နယ် သို့မဟုတ် တိုင်းပြည်ကို တစ်နည်းနည်းအားဖြင့် အနှေးနှင့်အမြန် မိမိတို့လက်တွင်းသို့ သက်ဆင်းရလေအောင် ပြုမူလေကြတော့၏။

ခရစ် ၁၅၉၉ ခုနှစ်တွင် အင်္ဂလိပ်တို့က အရှေ့ဘက်နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရန်ဟုဆိုကာ အရှေ့အိန္ဒိယကုမ္ပဏီကို စတင်တည်ထောင်ခဲ့လေသည်။ ၁၆ဝ၂ ခုနှစ်တွင် ဒတ်(ချ်) လူမျိုးတို့ကလည်း အရှေ့ အိန္ဒိယကုမ္ပဏီအမည်ဖြင့် တည်ထောင်လိုက်ကြသည်။ ၁၆ဝ၄ ခုနှစ်တွင် ပြင်သစ်တို့က တစ်ဖန် ယင်းနည်းနှင့်ပင် ကုမ္ပဏီတည်ထောင်ပြန်သည်။ ထိုအချိန်တွင် ပေါ်တူဂီလူမျိုးတို့သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေ ရှိ ဂိုအာမြို့ကို တိုက်ခိုက်သိမ်းယူထားသည်မှာပင် နှစ်ပေါင်းတစ်ရာခန့် ရှိလေပြီ။

ခရစ် ၁၅၁၉ ခုနှစ်တွင် ပေါ်တူဂီတို့သည် မုတ္တမမြို့၌ ကုန်တိုက် ခွဲတစ်ခု စတင်ဖွင့်လှစ်ခဲ့၏။ ခရစ် ၁၆၂၇ ခုနှစ် (အနောက်ဘက်လွန် မင်းတရားကြီးလက်ထက်) တွင် အင်္ဂလိပ်လူမျိုးတို့ပိုင် အရှေ့အိန္ဒိယ ကုမ္ပဏီနှင့် ဒတ်(ချ်) လူမျိုးတို့ပိုင် အရှေ့အိန္ဒိယကုမ္ပဏီတို့က မြန်မာနိုင်ငံ ၌ ဆိုင်ခွဲကလေးများဖွင့်၍ ရောင်းဝယ်ဖောက်ကားကြသည်။ သန်လျင်၊ အင်းဝ၊ ဗန်းမော်နှင့်ပြည်မြို့တို့တွင် အင်္ဂလိပ်ဆိုင်ခွဲများရှိ၍ ဒတ်(ချ်)ဆိုင်ခွဲ များလည်း သန်လျင်၊ ပဲခူးနှင့် အင်းဝမြို့များတွင် ရှိလေသည်။

ပြည်တွင်းရေး ဝင်စွက်ခြင်း

ကာလအတန်ငယ်ကြာလတ်သော် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုကုန်သည်တစ်စုတို့သည် မြန်မာနိုင်ငံပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက် လာကြလေတော့ သည်။

သက္ကရာဇ် ၉ဝ၂ ခုခန့်တွင် တပင်ရွှေထီး မုတ္တမကို ချီတက်တိုက် ခိုက်စဉ် မုတ္တမစားဘက်မှ ပေါ်တူဂီလူမျိုး အမြောက်အမြား ပါဝင်တိုက် ခိုက်ခဲ့လေသည်။ ထိုအချိန်လောက်မှာပင် ရခိုင်ပြည်ဘက်တွင်လည်း ပေါ်တူဂီများသည် ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရုံမျှမက ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းယူရန်ပင် ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ရခိုင်လူမျိုးများက သတ္တိပြောင်ပြောင်ဖြင့် ဖိနှိပ်လိုက်သောအခါမှ ပေါ်တူဂီ များအညံ့ခံ၍ ရခိုင်ဘုရင်အောက်တွင် အမှုထမ်းလာခဲ့လေသည်။ ဖိလစ် ဒီဘရစ်တို (ခေါ်) ငဇင်ကာမှာ ရခိုင်ဘုရင်မင်းရာဇာကြီး၏ ကျွန်ယုံအမှု ထမ်း ဖြစ်လေသည်။ မင်းရာဇာကြီးက သန်လျင်မြို့တွင် မိမိတို့၏ ကိုယ် စားလှယ်အဖြစ် ထားခဲ့စဉ် ရခိုင်သားတို့ကိုမောင်းထုတ်၍ ခံတပ်နှင့် အကောက်တိုက် အပိုင်စီးလိုက်ပြီးလျှင် သန်လျင်ကို သိမ်းပိုက်လေတော့ သည်။ ဒီဘရစ်တိုသည် သန်လျင်မြို့ကိုခြေကုပ်ရလျှင် မုတ္တမစားနှင့်ပေါင်း ၍ တောင်ငူကိုပင် တိုက်ခိုက်လိုက်သေး၏။ ဒီဘရစ်တိုကား မြန်မာရာဇ ဝင်ကို ဇာတ်ရှုပ်အောင် လုပ်ခဲ့သူတစ်ဦးဖြစ်သည်။

ခရစ် ၁၈၇ ခုနှစ်(မြန်မာ ၁၀၄၉)ခုနှစ်ခန့် ဝမ်းဘဲစံမင်းလက်ထက် တွင် မြန်မာနှင့်မွန်တို့ တိုက်ခိုက်နေကြသဖြင့် တိုင်းပြည်မငြိမ်မသက်ရှိနေ စဉ်အတွင်း အင်္ဂလိပ်ပိုင်အရှေ့အိန္ဒိယကုမ္ပဏီသည် လက်နက်အလုံး အရင်းနှင့် ပုသိမ်မြို့အနီးရှိ ဟိုင်းကြီးကျွန်းကို အတင်းတိုက်ခိုက်သိမ်းယူ လိုက်လေသည်။

သစ္စာမတည်

အလောင်းမင်းတရားကြီးလက်ထက် မွန်နှင့်မြန်မာတို့ အခင်းပွား ကြလေရာ၊ အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် တစ်ခါတစ်ရံတွင် မြန်မာတို့ ဘက်မှ ကူညီကြပြီးလျှင် တစ်ခါတစ်ရံတွင် မွန်ဘက်မှ ကူညီကြလေ သည်။ သူတို့သည် သာမည်ထင်သည့်ဘက်သို့ ပြောင်းလဲအားပေး တတ်ကြသဖြင့် မွန်လူမျိုးနှင့် မြန်မာလူမျိုးနှစ်ဖက်လုံးက မယုံမကြည် ဖြစ်လာကြလေသည်။

နောက်ဆုံး၌ အင်္ဂလိပ်တို့ သစ္စာမစောင့်စည်းကြောင်းကို ကောင်း စွာသိရှိလာသောအခါ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်ခံတပ်နှင့် ကုန်တိုက်တို့ကို တိုက်ခိုက်ဖျက်ဆီး စေလေသည်။

အင်္ဂလိပ်မြန်မာစစ်ပွဲကြီးများ မဖြစ်ပွားမီ အချိန်ကပင် မြန်မာနိုင်ငံ သို့ ရောက်ရှိနေကြသော ဥရောပတိုက်သားတို့သည် မြန်မာနိုင်ငံအပေါ် ၌ မည်သို့မည်ပုံ သဘောထားခဲ့ကြပုံကို ဤမျှနှင့်ပင် သိလောက်ပေပြီ။