Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဦးနု - ပြည်ထောင်စုပြည်တော်သာစီမံကိန်း

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

၁။ ဗိုလ်ချုပ်အပေါ်မှာ မေတ္တာရှိကြတယ်ဆိုရင်

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၁ နေ့၊ အသံလွှင့်မိန့်ခွန်း

ကျုပ်တို့ရဲ့ ဗိုလ်ချုပ်နဲ့၊ ရဲဘော်ကြီးများ ဖြစ်ကြတဲ့ သခင်မြ၊ ဦးဘချို မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး၊ ဆရာကြီး ဦးရာဇတ်၊ ဦးဘဝင်းတို့ဟာ ရန်သူရဲ့ လက်ချက်နဲ့ ကျဆုံးကြရပြီဆိုတာကို တိုင်းပြည်က အသိဖြစ်နေ ပါပြီ။ ကျွန်တော်လည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး တိုင်းပြည်ကို အသံလွှင့် ဖို့သင့်တာ အတော်ကြာသွားပြီ။ ဒါပေမဲ့ စိတ်တွေက နောက်ကျိကျိဖြစ်နေတာနဲ့ စကားရှည်ရှည်တယ် မပြောချင်လို့ ယခုထက်တိုင် အချိန်ကြာသွား ရခြင်း ဖြစ်ပါတယ်။

ဗမာ့လွတ်လပ်ရေးတိုက်ပွဲ အကြိတ်အနယ် ဖြစ်နေတဲ့ အချိန်အခါ မှာမှ တစ်တိုင်းတစ်ပြည်လုံးရဲ့ လက်ရုံးကြီးတွေ ကျဆုံးသွားရတာကို လွတ်လပ်ရေး လိုချင်သူအပေါင်းကတော့ အင်မတန်မှ နှမြောတသ ယူကျုံး မရ ဖြစ်ကြမှာပဲ။ ဖြစ်မယ်ဆိုရင်လည်း ဖြစ်ထိုက်ပါပေတယ်။

ဗိုလ်ချုပ်အကြောင်းဆိုရင် တစ်တိုင်းတစ်ပြည်လုံးက ကောင်းကောင်း သိတာပဲ။ ကျွန်တော်ထပ်ပြီး ဖော်ပြနေစရာ မလိုသလောက်ပါဘဲ။ ဒါပေမဲ့ နည်းနည်းတော့ ကျွန်တော် ပြောချင်သေးတယ်။ ဗိုလ်ချုပ်ရဲ့ ဖြူစင်တဲ့ စေတနာတွေ၊ တည်ကြည်တဲ့ သမာဓိတွေရဲ့ အားကိုးနဲ့ ကျွန်တော်တို့တစ်သက်မှာ တစ်ခါမှ မကြုံဘူးအောင် တစ်တိုင်းတစ်ပြည်လုံးဟာ ထူးထူး ကဲကဲကြီး စည်းလုံးညီညွတ်လာပါတယ်။

ရှမ်း၊ ချင်း၊ ကချင် အစရှိတဲ့ တောင်တန်းသားများ ဆိုရင်လည်း တခြားအချိန်တွေထက် ဗိုလ်ချုပ်ရဲ့ အရှိန်ကြောင့် ဗမာတွေနဲ့ ပိုမိုရင်းနှီး စည်းလုံးလာခဲ့ကြပါတယ်။ ကရင်အမျိုးသားတွေဆိုရင်လည်း ဗိုလ်ချုပ် ကို ပုဂ္ဂိုလ်စွဲနဲ့ ကြည်ညိုယုံကြည်တာက အစပြုပြီး ဗမာတွေနဲ့ ပိုမိုရင်းနှီး သွေးစည်းခဲ့ကြပါတယ်။ ဗမာလူထုဆိုတာကတော့ အထူးပြောစရာ မလို ဘူး။ လူထုနဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်နဲ့ လူထုဆိုတာ ခွဲမရအောင်ပင် ဖြစ်ခဲ့ ရပါတယ်။ အမှန်စင်စစ် အဲဒီလို ရှင်ခွဲ ခွဲမရလို့ သေကွဲ ကွဲအောင် ဒီလူ ယုတ်မာတွေက ဗိုလ်ချုပ်ကို သေကြောင်း ကြံကြတာပါပဲ။ ဒီလောက်အထိ ဗိုလ်ချုပ်ရဲ့ အရှိန်ကို ခိုးပြီး တစ်နိုင်ငံလုံးဟာ စည်းရုံးလာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀၀ ကျော်ရှိတဲ့ မြန်မာရာဇဝင်တစ်ခုလုံးကို လှန်လှောရှာဖွေလိုက်ရင် မြန်မာတွေ ဒီလိုစည်းလုံးခဲ့တာမျိုးဟာ (၁) အနော်ရထာမင်းစော လက်ထက် မှာ တစ်ကြိမ်၊ (၂) ဘုရင့်နောင်လက်ထက်မှာတစ်ကြိမ်၊ (၃) အလောင်း ဘုရားလက်ထက်မှာ တစ်ကြိမ်၊ (၄) ဆင်ဖြူရှင်မင်းလက်ထက် မှာတစ်ကြိမ်၊ ပေါင်း လေးကြိမ်ပဲ ရှိခဲ့ဖူးပါတယ်။

ရဲဘော်သခင်မြဆိုရင်လည်း ရိုးသားတယ်၊ တည်ကြည်တယ်၊ ဖြောင့် မတ်တယ်၊ သဘောကောင်းတယ် အစရှိတဲ့ ဂုဏ်ပုဒ်တွေကိုတော့ တိုင်းပြည် က အသိပါပဲ။ ဒါပေမဲ့ လူရင်းတွေလောက်သာ သိပြီး တိုင်းပြည်ကကောင်းကောင်း မသိသေးတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ ကျွန်တော် တို့အထဲမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတိုင်းကို ခပ်အေးအေး စဉ်းစားဝေဖန် ဆုံးဖြတ်တဲ့လူဟာ သခင်မြပါပဲ။ ဗိုလ်ချုပ်တို့ ကျွန်တော်တို့က ရှူးရှူး ရှားရှားဖြစ်ပေမဲ့ သခင်မြဟာ ဘယ်တော့မှ ရှူးရှူးရှားရှားဖြစ်ပေမဲ့ မဖြစ်ဘူး။ ဒီတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်စရာရှိရင် သခင်မြကခေါင်းညိတ်လိုက်မှ ဆုံးဖြတ်ချက်ကိုချမှတ်လို့ ပြီးတယ်။ သခင်မြက ဒီလိုခေါင်းညိတ်လိုက်မှလည်း ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ အလွန် အကျွံတွေ မပါဘူး။ အတိမ်းအစောင်း မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ ကိုယ်တိုင်က ယုံကြည်ယူဆကြတယ်။ သခင်မြဟာ ပုံပန်းသဏ္ဌာန်အားဖြင့်ခပ်အေးအေး ခပ်နုနု ဖြစ်ပေမယ့် ဘယ်လောက်ကြမ်းတဲ့ ဆုံးဖြတ်ချက်ကိုပဲ ချချ သခင်မြ မလိုက်နာနိုင်တာ မရှိဘူး။

ဦးဘချိုကတော့ ကျွန်တော် ကောလိပ်ကျောင်းမှာ ပညာသင်ကြား နေတဲ့ အချိန်ကတည်းက စပြီး ဆရာသမားအရင်းအဖြစ်နဲ့ ကိုးကွယ်ခဲ့ပါ တယ်။ ကျွန်တော်ကို အကြောင်းပြုပြီး ဗိုလ်ချုပ်အစရှိတဲ့ ကျွန်တော်တို့ ရဲဘော်တစ်စုဟာ ဦးဘချိုကို ဆရာသမားအဖြစ်နဲ့ပဲ အမှတ်ထားကြပြီး ဆရာလို့ပဲ ရိုရိုသေသေ ခင်ခင်မင်မင် ခေါ်ကြပါတယ်။ ဆရာချိုဟာ ကျန်းမာရေးချို့တဲ့ပြီး အတော်အားအင်ချည့်နဲ့နေပေမဲ့လည်း ကျွန်တော်တို့ တပည့်တွေအပေါ်မှာ သံယောဇဉ်ငြိပြီး ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတိုင်းမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါလာခဲ့ပါတယ်။ ဆရာချိုကို အားအကိုး ရဆုံး ကိစ္စကတော့ တခြားမဟုတ်ဘူး။ ဗမာနိုင်ငံရေးမှာ ကွက်ကျော်တွေ ကလိမ်ခြုံတွေကို ရှင်းပြတဲ့နေရာမှာဖြစ်ရင် သူမတူအောင် ရှင်းပြနိုင်ပါ တယ်။ အားကိုးရလောက်အောင်လည်း မှန်ပါပေတယ်။

မန်းဘခိုင်ကတော့ ကရင်အမျိုးသားတွေထဲမှာ ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ အယုံအကြည်ဆုံး၊ အားအကိုးဆုံး ကရင်ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးလို့ ဖ၊ ဆ၊ ပ၊ လ သာ အစိုးရ ဖွဲ့နိုင်ရင် မန်းဘခိုင်ကို ဒုတိယ ဝန်ကြီးချုပ် ခန့်မယ်လို့ ဖ၊ ဆ၊ ပ၊ လ အလုပ်အမှုဆောင် အစည်းအဝေးတိုင်းမှာလိုလိုပဲ ဗိုလ်ချုပ်ဟာ မကြာခဏ ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ဟာ စေတနာမရှိဘဲ ဘယ်သူ့ကိုမှလောကွတ်ပြောတဲ့ လူစားမဟုတ်ဘူးဆိုတာ တစ်နိုင်ငံလုံး အသိပဲ။ ဒီတော့ မန်းဘခိုင်ကို ဘယ်လောက် ကြည်ညိုလို့၊ ဘယ့်လောက်စေတနာထားလို့၊ ဘယ့်လောက်အားကိုးလို့ ဒီစကားကို ခဏခဏ ထုတ်ဖော်ပြောတယ်ဆိုတာ ဟာ အပုံကြီး ရှင်းပါတယ်။ မန်းဘခိုင်ဟာ ပြောစရာရှိရင် ဘွင်းဘွင်း ပြောတတ်တဲ့ ဘွင်းဘွင်းသမားဆိုတော့ ဘွင်းဘွင်းကြိုက်တဲ့ ဗိုလ်ချုပ်ရဲ့ သိပ်တည့်တာပေါ့။ ကရင်ဗမာရဲ့ နောင်ရေးကိုလည်း အမြင်ကျယ်ကျယ် ထားပြီးကောင်းမယ်၊ မှန်မယ်ထင်တာကို ဘယ်သူ့ကိုမှ အားနာခြင်း၊ ကြောက်လန့်ခြင်း၊ ကိုယ်ကျိုးငဲ့ခြင်းမရှိဘဲ တည့်တည့်မတ်မတ် ဆောင်ရွက် လေ့ရှိပါတယ်။

မိုင်းပွန်စော်ဘွားကြီးဆိုတာမှာလည်း ကျွန်တော်နဲ့ဆိုရင် ဂျပန် လက်ထပ်ကတည်းက အလွန် ခင်မင်ရင်းနှီးခဲ့ပါတယ်။ ရှမ်း ဗမာညီညွတ် သွေးစည်းရေးကို အထူးစိတ်ဝင်စားရုံသာမက မဖြစ်မြောက် ဖြစ်မြောက် အောင် လူပန်း စိတ်ပန်းခံပြီး ကြိုးစားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ စော်ဘွား ကြီးရဲ့ စိတ်ထားကောင်းခြင်း၊ တည်ကြည် ဖြောင့်မတ်ခြင်းတို့ကြောင့် ရှမ်းလူထုရဲ့ အကြည်ညိုကိုလည်း အများဆုံး ခံယူရသူတစ်ဦးလည်း ဖြစ် ဖြစ်ပါသည်။

ဆရာကြီး ရာဇတ်မှာဆိုရင် မန္တလေးက နိုင်ငံရေး တော်လှန်ရေး တို့မှာ စွမ်းစွမ်းတမံ လုပ်ခဲ့တဲ့ လူငယ်လူရွယ်တွေမှန်သမျှဟာ သူ့တပည့် တွေသာ များတာပဲ။ ဖ၊ ဆ၊ ပ၊ လ အပေါ်မှာ သစ္စာအရှိဆုံး ပုဂ္ဂိုလ် တွေထဲမှာ ဆရာကြီးရာဇတ်လည်း တစ်ဦးအပါအဝင်ပဲ။ ။

ဦးဘဝင်းကတော့ ကျွန်တော်နဲ့ ကောလိပ်ကျောင်းမှာ နေစဉ် ကတည်းက ကျောင်းနေဖက်ဖြစ်တယ်။ နိုင်ငံရေးမှာ ရိုးသား ဖြောင့်မတ် တဲ့ ဂုဏ်တွေကြောင့် သူလုပ်ကိုင်သွားတဲ့ ဝန်ကြီးနေရာမှာ သူ့ကို ခန့်ထားဖို့ နဲ့ ကျွန်တော် မေမြို့မှာ ဗိုလ်ချုပ်နှင့် တွေ့တုန်းက ကျွန်တော်ကပဲ အကြံပေးခဲ့ပါတယ်။

ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ကျုပ်တို့ရဲ့ ဗိုလ်ချုပ်နဲ့ ကျုပ် တို့ရဲ့ ရဲဘော်ကြီးတွေဟာ ယခုတော့ဖြင့်ရင် ကြက်ငှက်ကလေးများလို ရန်သူတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားကြရရှာပြီ။ ကျွန်တော်တို့တစ်တွေမှာ စိတ်တွေကိုသာ ချုပ်တည်းထားရတယ်။ အသည်းတွေကတော့ ဆတ်ဆတ် ကို တုန်နေတာပါပဲ။ စိတ်ကို အတင်းချုပ်တည်း ထားရတာက တခြားကြောင့် မဟုတ်ပါဘူး။ ပန်းတိုင်နားကို ရောက်လုနီးနေအောင် ဗိုလ်ချုပ် နဲ့ ကျုပ်တို့ရဲ့ ရဲဘော်ကြီးများ ချသွားတဲ့ လမ်းစဉ်ကြီးအတိုင်း ဗမာနိုင်ငံ ကြီးကို ပန်းတိုင်ကြီးသို့ ရောက်အောင်ပို့ပေးစေချင်တယ်ဆိုရင် ကျုပ်တို့ တစ်တွေဟာ စိတ်ကို အတင်းချုပ်တည်းထားကြရမှာပဲ။ အဲဒီပန်းတိုင်ကြီးကို မျက်ခြည်မပြတ်ဘဲ ချီတက်ချင်ကြတယ်ဆိုရင် ကျုပ်တို့တတွေဟာ စိတ်ကို အတင်းချုပ်တည်း ထားကြရမှာပဲ။ အဲဒီပန်းတိုင်ကြီးကို အာရုံထဲ စွဲပြီး ချီတက်ချင်ကြတယ်ဆိုရင် ကျုပ်တို့တစ်တွေဟာ စိတ်ကို အတင်းချုပ်တည်း ထားကြမှာပဲ။

ဗိုလ်ချုပ်အပေါ်မှာ ကျုပ်တို့တစ်တွေ မေတ္တာရှိကြတယ် ဆိုရင်၊ ဗိုလ်ချုပ်အပေါ်မှာ ကျုပ်တို့တစ်တွေ သစ္စာရှိကြတယ် ဆိုရင်၊ ဗိုလ်ချုပ် ကိုယ်တိုင် အပြီးသတ်မသွားနိုင်တဲ့ လုပ်ငန်းကြီးကို ကျုပ်တို့တစ်တွေ အင်တိုက် အားတိုက် အပြီးသတ် လုပ်ပေးကြရလိမ့်မယ်။ ဗိုလ်ချုပ်နဲ့တကွ ကျဆုံးသွားကြတဲ့ ရဲဘော်ကြီးများ အပေါ်မှာ ကျုပ်တို့တစ်တွေ မေတ္တာသစ္စာ ရှိကြရန်မှာ ဒီနည်းလမ်းအပြင် အခြားနည်းလမ်း မရှိတော့ဘူး။ ကျွန်တော် နှင့်တကွ ယခု အသစ်ဖွဲ့စည်းလိုက်တဲ့ ဖ၊ ဆ၊ ပ၊ လ အလုပ်အမှုဆောင် အဖွဲ့ဝင်များဟာ၊ သစ္စာရှိသော ရဲဘော်များပီပီ ကျုပ်တို့ရဲ့ ဗိုလ်ချုပ်နှင့် ကျုပ်တို့ရဲ့ ရဲဘော်ကြီးများ လက်စသတ်မသွားနိုင်ရှာသော လုပ်ငန်းကြီး ကို လက်စသတ်အောင်၊ ဆုံးခန်းတိုင်ရောက်အောင်၊ အစွမ်းကုန် အင်တိုက် အားတိုက် ကြိုးပမ်းကြရန် သစ္စာ အဓိဋ္ဌာန်ပြုပြီးကုန်ကြပြီ။ တိုင်းပြည်နဲ့ လူထုကသာ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးသွားကြသော ရဲဘော်ကြီးများက အသက်ရှိစဉ်က ကဲ့သို့ ဥမကွဲ သိုက်မပျက် ကြိုးစားကြပါကုန်။ လွတ်လပ် ရေး တစ်ခုတည်းသို့ အားသွန်၍ မဲနေကြသော ကျွန်ုပ်တို့အား အာရုံ ထွေပြားခြင်း မဖြစ်စေရလေအောင် လူမျိုးရေး အဓိကရုဏ်းများကိုလည်းကောင်း၊ စည်းမဲ့ ကမ်းမဲ့ ဆူပူသောင်းကျန်းမှုများကိုလည်းကောင်း အထူး ဂရုပြု၍ တားမြစ်ကြပါကုန်။

ကျွန်ုပ်တို့၏ သွေးချင်းသားချင်း ဖြစ်ကြကုန်သော ရှမ်း၊ ချင်း ကချင်၊ ကရင် အစရှိသည်တို့အားလည်း ကျွန်ုပ်တို့သည် ဗိုလ်ချုပ်၏ သစ္စာရှိသော ရဲဘော်များ ပီသစွာ ရှမ်း၊ ချင်း၊ ကရင်၊ ကချင် အစရှိ သည်တို့နှင့် ပတ်သက်၍ ဗိုလ်ချုပ်ကိုယ်တိုင် ထင်ရှားစွာ ပြခဲ့ဖူးသော စေတနာတို့ကို အနည်းငယ်မျှ တိမ်းပါးချွတ်ချော်ခြင်း မရှိဘဲ အကောင် အထည် ဖြစ်လာအောင် အားသွန်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျွန်ုပ် တို့က ထပ်မံ ကတိပြုပါတယ်။ အဆွေတော် သွေးချင်း သားချင်းတို့က လည်း ဗိုလ်ချုပ် ရှိစဉ်အခါကကဲ့သို့ပင် လွတ်လပ်ရေးလုပ်ငန်းကြီးကို စည်းစည်းလုံးလုံးနှင့် ဝိုင်းဝန်းဆောင်ရွက်ကြပါကုန်။ “နွားကွဲလျှင် ကျားကိုက်” ဟူသော စကားပုံကဲ့သို့ ကျွန်တော်တို့တစ်တွေ ကွဲလျှင် ကျေကုန်ကြ လိမ့်မည်ဖြစ်ရာ အကျေခံရသည့် ဘဝသို့ မရောက်ဘဲ ကျွန်တော်တို့အားလုံး ချစ်မြတ်နိုးကြကုန်သော လွတ်လပ်ရေးပန်းတိုင်ကြီးသို့ အလျင်အမြန် ရောက် ကြရလေအောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ဆက်လက်ချီတက် ကြပါစို့။