Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးစန္ဒိမာ(စလင်း) - အညာဘုရားပွဲများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

မန်းသုံးတန်ဦးခိုက်ဖူးထိုက်တဲ့ ရွှေစက်တော်

မန်းရွှေစက်တော်မှာ မန်းချောင်းရေချိုးရတာ အခွင့်အရေးတစ်ခုပါ။ သိပ် အရသာရှိတယ်။ အေးမြကြည်လင်ပြီး ပန်းသမျှတွေ လန်းစေတယ်လေ။ မန်းချောင်းရေ ကြည်လိုက်ပုံကလည်း ချောင်းထဲက ကျောက်ခဲတွေ၊ ငါးလေးတွေ အထင်းသား မြင်နေရရဲ့ ။

ဒါတွေကြောင့် စိတ်ကိုကြည်လင် လန်းဆန်းစေတာဖြစ်တယ်။

ရွှေစက်တော်သမိုင်းမှာ မန်းချောင်းရဲ့ အဓိပ္ပာယ်ဒီလို ဖွင့်ဆိုထား ပါတယ်။

“ရောက်ရှိလာသူ များရှင်လူတို့ ကြည်ဖြူစိတ်ဓာတ်၊ မွန်မြတ်သန့်စင်စေလို့ မန်းလို့ ခေါ်တယ်”

နမ္မဒါကျတော့ -

အေးမြကြည်လင်၊ ဖြူသန့်စင်လျက် ကြည်လင်မေတ္တာ၊ မင်္ဂလာအဖြာဖြာကိုဆောင်ယူပေးတယ်လို့ နမ္မဒါလို့ ခေါ်တွင်ပါတယ်။” နမ္မဒါကို ဟိုရှေးအခါတုန်းက မြစ်လို့ခေါ်တွင်ပါတယ်။ နမ္မဒါနဲ့မန်းချောင်းဟာ အတူတူပါပဲ။ နှစ်မျိုးလုံး ခေါ်ဝေါ်လို့လည်းကောင်းတယ်။ အဓိပ္ပာယ်ကလည်း ထိထိမိမိ လှလှပပရှိပါတယ်။ မန်းချောင်းရေဟာ သိပ် ကိုချိုပါတယ်။ ဒါကြောင့် မန်းချောင်းထဲက ငါးတွေချိုပြီး အရသာရှိတာပါ။ မန်းချောင်းရေကို သောက်သုံးရတဲ့ သစ်သီးသစ်ပင်တွေဟာလည်း ဆိမ့်ချို မွှေးတဲ့ အရသာရှိပါတယ်။ စကုမြို့ဆိုတာ မန်းချောင်းနဲ့ ၂၁ မိုင်ပဲ ဝေးပါ တယ်။ စီးဆင်းမှုကလည်း မြို့မြောက်ဘက် နီးကပ်လျက်ရှိပါတယ်။ မန်းချောင်းရေသောက် စကုဗြတ်ဆန်ဆိုတာ ရှေးဘုရင်တွေ မြတ်မြတ်နိုး နိုး စားသုံးခဲ့၊ တကူးတကန့် မှာယူသိုမှီးခဲ့တာပါ။ သိပ်နာမည်ကြီး ထင်ပေါ် ခဲ့တယ်။ စပါးထဲ ဆန်ထဲမှာ အဆင့်မြင့် ဈေးမြင့်ပေါ့။ စာရေးသူတို့ ကလေး ဘဝက စကုဗြတ်ဆန် မီလိုက်သေးတယ်။ ခုခေတ် ပေါ်ဆန်းမွှေးထက် အရသာရှိတယ်၊ မွှေးတယ်၊ နူးညံ့တယ်လို့ ထင်တာပဲ။ ခုတော့ စကုဗြတ် ဆန်ဆိုတာ စပါးထွက်နည်းလို့ စပါးပင်သက်ကြီးလို့ ကွယ်ပျောက်ကုန် ပြီလေ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတောင် ဆုတောင်းကဗျာ မဟာ လေးချိုးကြီးမှာ -

ကျောင်းတည်ရာ မန်းညာစကုဆီက

၎င်းသည်တစ်ဝါ ကမ္မဋ္ဌာန်းဘာဝနာရှုတဲ့ပြင် x x x x x

(အမယ်မင်း) နုနုဖတ်ဖတ်ကနဲ့ “အပြုအစုနပ်တဲ့ တစ်ခုလပ် နှစ်ခုလပ်တည်းဟူသော အရွှန်းအနိပ် အကျွန်းမိတ်တွေက အတိတ်ပြပြပြီးချိတ်ကြ ရိပ်ကြပေမယ့် (သော်) နိပ်သမျှတွေမှာ အဘိဇ္ဈနနှင့် အနိစ္စသင်္ခါရေတကားရယ်လို့ (ကိုယ်မှိုင်းမှာကွယ်) ယခုတစ်ဇာတ်ကစပြီး ပုပုပြတ်ပြတ်ကလေးတွေကဖြင့် () စကုဗြတ်ဆွမ်းတစ်သပိတ်လောက်ကမျှ စိတ်က ခင်မင်ပါစေသော။ လို့ ဖွဲ့ဆိုထားတာ တွေ့ရပါတယ်။

မန်းချောင်းဆိုတာ အဝိညာဏက သက်မဲ့ပင်ဖြစ်သော်ငြား စက်တော်ရာ(ခြေတော်ရာ) နှစ်ဆူကို သုံးကြိမ်ဦးခိုက်လို့ အလိုလို တန်ဖိုး မြင့်တက်သွားတာပေါ့။ ဒါကြောင့် ကြည်လင် မေတ္တာ အဖြာဖြာကို ဆောင် ယူပေးတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် “မန်းသုံးတန်ဦးခိုက်ဖူးထိုက်တဲ့ စေတီ” ရယ်လို့ ရွှေစက်တော်ရဲ့ ထူးခြားမှု၊ မန်းချောင်းရဲ့ ဆန်းကြယ်ပုံ ပြောစမှတ် တွင်ရစ်တာပါ။ အနောက်အရပ်က စီးဆင်းလာတဲ့ မန်းချောင်း ရေဟာ ရဟန္တာခြေတော်ရာရဲ့ ရသေ့တောင်ခြေရင်းကပတ်ပြီး မုဆိုးတောင် စေတီကို ဦးတိုက်တဲ့ မန်းဦးအထက်ခြေတော်ရာကို ဦးတိုက်ခြင်းဟာ ပထမ ဦးခိုက်တယ်လို့ ခေါ်ပါတယ်။

ကွေ့ကောက်လာတဲ့ မန်းချောင်းဟာ မန်းသောင်ပြင်ကို ကျော် ဖြတ်စီးဆင်းလျက် မန်းသောင်ပြင်ကနေ အထက်ခြေတော်ရာနဲ့ အောက်ခြေတော်ရာကို ဦးခိုက်ပြန်ပါတယ်။ ဒါဒုတိယ ဦးတိုက်ခြင်းဖြစ်သလို ခြေတော် ရာ နှစ်ဆူကြားကနေ တောင်ကြားထဲကို တိုးဝင်သွားပြီး လှေတင်ကနေ ပြန်ဆင်းလာရင်း ထုံးဘိုဒေသက ခြေတော်ရာနှစ်ဆူကို ဦးတိုက်တာဟာ တတိယအကြိမ် ဦးခိုက်ခြင်း ဖြစ်ပါတယ်။ ဒီနေရာသုံးခုကို အထက်စက်တော်ရာက လှမ်းကြည့်ရင် အထင်းသား မြင်တွေ့နိုင်ပါတယ်။ ကွေ့ကွေ့ ဝိုက်ဝိုက် ပိုက်ပိုက်ထွေးထွေး အနီးအဝေးမှ မန်းချောင်းရဲ့ ဦးသုံးကြိမ်တိုက်ပုံ ရှုမြင်ကွင်းကလည်း ကြည့်မ၀ ရှုမငြီးနိုင်အောင်ဆွဲငင်အားကောင်းလှပါ တယ်။

မန်းရွှေစက်တော်ရဲ့ ထူးခြားမှုတွေဟာ စေတီပုထိုး တန်ဆောင်း တွေ တင့်တယ်သပ္ပာယ်မှု၊ တောအလှ၊ တောင်အလှ၊ ချောင်းအလှ၊ သဘာဝ ရေ မြေ၊ သစ်ပင် ပတ်ဝန်းကျင် ကျေးငှက် တိရစ္ဆာန်အလှတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။

ဒီအလှတွေကို ခံစားချင်လို့ ရောက်ဖူးပြီးသားလူတွေကလည်း ထပ်မံလာရောက်ချင်၊မရောက်ဘူးသေးတဲ့ လူတွေကလည်း တစ်ဆင့်စကား နဲ့ လာရောက်ချင်ကြတာ ဖြစ်ပါတယ်။ ရောက်သခိုက် ဒီလိုထူးခြားမှုတွေကို ခံစားစေချင်ပါတယ်။ ရွှေစက်တော်ရောက်ခဲ့ရင် နမေနကေ နမော်နမဲ့မနေဘဲ အဲဒါလေးတွေ လေ့လာစေချင်ပါတယ်။

ဒီလိုထူးခြားမှုတွေ သိမှလည်း ခရီးသွားရကျိုး၊ ငွေကုန်ရကျိုး နပ်ပါလိမ့်မယ်။

နောက်တစ်ခု မန်းချောင်းရေရဲ့ ထူးခြားမှုက ပူပူအိုက်အိုက်နဲ့ မန်းချောင်းထဲ ရေဘယ်နှစ်ကြိမ် ဆင်းချိုးချိုး ဖျားတယ်၊ နေမကောင်းတယ်။ အပူရှပ်တယ်ဆိုတာမျိုး မဖြစ်တာဘဲ။ အကြောင်းအပေါင်းသင့်လိုက်ပုံများ တချို့ဘုရားပွဲတွေမှာ ရေရှားတာ၊ ရေဈေးကြီးတာတွေကြောင့် အကုန်အကျ များတတ်ပေမယ့် ရွှေစက်တော်မှာကတော့ သဘာဝတရားရဲ့ မျက်နှာသာ ပေးမှုရယ်ကြောင့် ချိုးရေဖိုး၊ သောက်ရေဖိုးမကုန်ဘဲ သဘောရှိ ကရောဟိ ဆိုတဲ့ အထဲကပါပဲ။ ပွဲတော်ရက်က သုံးလတောင်ခင်းတာပါ။ နှစ်စဉ် တပို့တွဲလဆန်း (၅) ရက်ကနေ နှစ်ဆန်း (၂) ရက်တိုင်အောင်ပေါ့။ မြန်မာ ပြည်မှာ ပွဲလမ်းသဘင် ပျော်ပွဲ ရွှင်ပွဲမရှိဘဲနဲ့ ထူးထူးခြားခြား ရက်ရှည် စည်ကားတာ ကျိုက်ထီးရိုးဘုရားပွဲနဲ့ ရွှေစက်တော်ဘုရားပွဲသာ ရှိတာပါ။ အံ့သြစရာပါပဲ။

ရွှေစက်တော်ဘုရားပွဲဟာ တပို့တွဲလမှ စတင်ဖွင့်လှစ်တာဆိုတော့ မပူလွန်း၊ မအေးလွန်း ခရီးသွားလို့ အကောင်းဆုံး အချိန်ပေါ့ ။ လူစည် ကားတာလည်း မပြောနဲ့ မူလတန်းမှ (၉) တန်းအထိ ကျောင်းသူ၊ ကျောင်း သား စာမေးပွဲ ပြီးချိန်နဲ့လည်း တိုက်ဆိုင်ရဲ့။ ဆယ်တန်းကျောင်းသား ကျောင်းသူတွေ စာမေးပွဲကြီးပြီးချိန်နဲ့လည်း မီရဲ့။ ။

ဒီတော့ ရွှေစက်တော် ဘုရားပွဲချိန်ဟာ ဆောင်းအရသာရော နွေအရသာရော ခံစားရပြီပေါ့။ နွေအခါ ပူပူအိုက်အိုက်နဲ့ ပိုက်ဆံမကုန်ဘဲ မန်းရေချိုးတာကိုက အခွင့်အရေးတစ်ခုပေပေါ့။ စားရေးအတွက်ကလည်း စားသောက်ဆိုင်ကြီးတွေ၊ မုန့်ဟင်းခါး၊ ကြာဆံ၊ ခေါက်ဆွဲ၊ ရှောက်သီးသုပ်၊ တို့ဟူးသုပ် ဆိုင်တွေကလည်း စီလို့၊ ဆိုင်းထမ်းနဲ့သယ်ရောင်းတဲ့ လက်သုပ် သည်တွေကလည်း နေရာတကာမှာ ရှိနေတာဆိုတော့ ဆီ ဆား အစုံနဲ့စားရုံပဲလေ။အကြော်စုံ၊ကောက်ညှင်းပေါင်း၊ အသားကြော်ဆိုတာလည်း တဲကျောင်းရှေ့ လာရောင်းသူထံ အသာဝယ်စားရုံနဲ့ ကိစ္စပြီးသကိုး။ အအေး မျိုးစုံ သရေစာမျိုးစုံကို အထက်စက်တော်ရာမှာလည်း ပေါမှပေါပါပဲ။

နေရာကျလိုက်ပုံများ ပြောပါတယ်။

ရွှေစက်တော်မှာ သိစရာတွေ ထူးခြားမှုတွေက အများကြီးပဲ။ တချို့က မေးတတ်ကြသေးတယ်။ ဘုရားခြေထောက်ရာ ချတော်မူတာ ဘယ်ဘက်လား၊ ညာဘက်လားတဲ့။ ဒါလည်းမေးသင့်မေးထိုက်တဲ့ မေးခွန်း ဖြစ်သလို၊ သိသင့်ထိုက်တဲ့ အဖြေဖြစ်ပါတယ်။

ခြေတော်ရာ နှစ်ဆူလုံး ဘယ်ဘက်ခြေတော်ရာချည်းဖြစ်ပါတယ်။ ဒါကြောင့် “ဇမ္ဗူမှာ ဒွေး၊ ရာမှာ ဧ”လို့ ပြောစမတ် ရာဇဝင်တွင်ခြင်းဖြစ်ပါ တယ်။ အထက်ခြေတော်ရာက သစ္စဗန္ဓရသေ့တောင်းပန်လို့ အောက်ခြေတော်ရာက နမ္မဒါ နဂါးမင်းတောင်းပန်လို့ ချတော်မူခဲ့တာဖြစ်ပါတယ်။ ပွင့်ဖြူ ကျောင်းတော်ရာ ဘုရား၊ မင်းဘူးစက္ကိန်းတဲဘုရား၊ မကွေးမြသလွန် ဘုရား၊ အဓိကရ နေရာတွေဟာ ရွှေစက်တော်နဲ့ ဆက်စပ်နေပါတယ်။ အဋ္ဌကထာကတော့ မူတစ်မျိုးဖွင့်ဆိုပါတယ်။

သမိုင်းဆိုတာကတော့ ငြင်းမယ်ဆိုရင် ငြင်းစရာတွေရှိနေမယ် ထင်ပါတယ်။ သုတေသနဆိုတာ လက်ကုန်နှိုက်ရင် အကောင်းဆုံးပါပဲ။ရွှေစက်တော်က ခြေတော်ရာနှစ်ဆူကို ဒွတ္တဘောင်မင်းကလည်း လာရောက် ဖူးမြော်ခဲ့တယ်။ အင်းဝ ဘုရင်ဒုတိယမင်းခေါင် လက်ထက်မှာတော့ ရှင်မဟာရဋ္ဌသာရ စာဆိုတော်အရှင် လာရောက်ဖူးမြော်ရာက “ရွှေစက်တော် သွားတောလား”ကို ရေးသားပူဇော်ထုတ်ဖော်ခဲ့လို့ ပိုပြီး လူသိများလာပါ တယ်။ သိုလ်ဟန်ဘွား လက်ထက်ကစပြီး နှစ်ပေါင်း ၁၂၇ နှစ် မင်းပေါင်း (၉)ဆက်တိုင်တိုင်၊ စက်တော်ရာနှစ်ဆူ ချုံနွယ်တွေဖုံးပြီး တိမ်မြုပ်ပျောက် ကွယ်ခဲ့တယ်။ ၉၉၆ ခုနှစ် သာလွန်မင်း လက်ထက်ရောက်တော့ စလင်း သား တောင်ဖီလာ ဆရာတော်က အဋ္ဌကထာကျမ်းများမှာ တွေ့ရှိချက်အရ အနန္တဓဇဆရာတော်၊ အရိယာလင်္ကာရဆရာတော်၊ တိလောကလင်္ကာရ ဆရာတော် အပါအဝင် နောက်ပါရဟန်း သံဃာ ၁၂ ပါးနဲ့ ရွှေစက်တော်က ခြေတော်ရာနှစ်ဆူကို ရှာဖွေပူဇော်နိုင်ခဲ့ပါတယ်။ ဘုရားဆုပန် တောင်ဖီလာ ဆရာတော်ဟာ ခြေတော်ရာကို နှစ်ထပ်သင်္ကန်းကြီးနဲ့ လွှမ်းအုပ်ပူဇော်ကာ ဘုရားဖြစ်မည် ဧကန်မှန်ပါက ထူးခြားတဲ့ နိမိတ်ပြပါရန် အဓိဋ္ဌာန်တဲ့အခါ သင်္ကန်းကြီးက ကြိုးကြာရုပ်သဏ္ဌာန် ကုန်းထလာပါသတဲ့၊ ကြိုးတော့ကြိုးစား ကြာမယ်ဆိုတဲ့ သဘောပေါ့။

တောင်ဖီလာဆရာတော်ရဲ့ ကျေးဇူးကြောင့် ယခုခေတ်လူငယ်တွေ ခုလို လွယ်လင့်တကူ ခြေတော်ရာနှစ်ဆူကို ဖူးတွေ့နိုင်တာပါ။ ဒီနောက် ဘုရားတန်ဆောင်းတွေ ပြုပြင်တည်ဆောက်ခဲ့တဲ့ ရသေ့ကြီး ဦးခန္တီနဲ့ နယ်ခံ ကမကထပြုသူ ဆရာတော်များ၊အကျိုးဆောင် လူပုဂ္ဂိုလ်များရဲ့ ကျေးဇူးတွေ လည်းပါပေသပေါ့။ မိုးတွင်းအခါ ရေတွေဘယ်လောက် ပေါင်းလန်အောင် တက်တက် အောက်ခြေ စက်တော်ရာကိုတော့ ရေမရောက်ပါဘူးတဲ့။ အထက်စက်တော်ရာ တက်တဲ့ လှေကားထစ်ပေါင်းကလည်း ၅၂၈ ထစ်ရှိပါ တယ်။ ၅၂၈ သွယ်မေတ္တာကို သင်္ကေတပြုထားပုံက ရင်ကို အေးမြစေသလို မှတ်သားလို့လည်း လွယ်ကူပါတယ်။ မန်သုံးတန် ဦးခိုက်ဖူးထိုက်တဲ့ ရွှေစက်တော်ကတော့ ရောက်လာသူအပေါင်းကို ဘေးမခဘဲ အေးမြ ကြည်လင်စေတာ ရောက်ဖူးသူတိုင်း သိရှိပြီးသား ဖြစ်ပါတယ်။ ရွှေစက် တော်ဒေသဟာ စာရေးသူတို့ နေထိုင်ရာနှင့် တိုင်းတစ်ခရိုင်တူအတွင်း ဖြစ် တာမို့ အထူးဂုဏ်ယူကျေနပ်နေမိတာအမှန်ပါ။ နောက်တစ်ကြောင်းက လည်း ရှိနေပါသေးတယ်။

ဒေသတစ်ခုသည် “ရွာ” ဖြစ်ချင်ဖြစ်မည်။“တော” ဖြစ်ချင်ဖြစ်မည်။

“ချိုင့်ဝှမ်း” ဖြစ်ချင်ဖြစ်မည်။ “ကြည်းကုန်း” ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်များနေထိုင်ရာဖြစ်ရိုးမှန်ပါက ထိုနေရာ ထိုဒေသသည် ကမ္ဘာ့မြေအပြင်တွင် မွေ့လျော်ဖွယ်အကောင်းဆုံး ဖြစ်၏။ (ဓမ္မပဒဂါထာ ၉၈) လို့ဆိုတဲ့အတိုင်း ဘုရားကျောင်းကန်၊ ရဟန်း သံဃာတော်များတည်ရှိတဲ့ ရွှေစက်တော်ဒေသဟာ မွေ့လျော်ဖွယ်အကောင်း ဆုံးနေရာများထဲက တစ်ခုသောနေရာဒေသဖြစ်လို့ပါပဲ။

ဂမ္ဘီရမဂ္ဂဇင်း ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ