အေးကမ္ဘာဒေါက်တာချစ် - ကြုံရဆုံရဆေးလောက
ကျွန်မ အုန်းသီး ပြန်ပေး
တစ်ခါတလေကျတော့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေ တာလေးတွေက ရယ်စရာလည်းကောင်းလှပါတယ်။ အထင်မြင်လွဲဆိုလည်း လွဲလောက်ပါရဲ့။ တစ်ခါတလေကျတော့ ကိုယ်က မမြင်ရဘဲ စွပ်စွဲပြန်ရင် လည်း ကိုယ့်အမှားတွေ ဖြစ်တတ်တယ်။ ဘယ်လိုမှ ရှင်းပြမရပြန်တော့ လက်တွေ့ပြုကြရတယ်။ ဒီအခါမှာ အလွဲအမှားတွေထပ်ဖြစ်၊ ဒီထက်ပိုဆိုး တာက စော်ကားတယ်ဆိုပြီး အထင်ခံရရော။ သို့သော်လည်းပဲ စော်ကားမယ် လို့ ထင်ချင်ရင် ထင်ပါစေတော့။ ခုဖြစ်နေတဲ့ ပြဿနာအတွက် ဖြေရှင်းစရာ နည်းလမ်းကတော့ မဟုတ်ကြောင်း ပြသဖို့က မဖြစ်တော့။ ဒါကိုမှမဖြေရှင်း ပြန်ရင်လည်း တစ်ချက် ထပ်ရမယ်။ ဖြေရှင်းလိုက်တော့ နောက်တစ်ရက်ထပ် ရသော်လည်း ပထမတစ်ရက်အတွက် မဟုတ်ကြောင်း သက်သေပြရုံကလွဲ ဘာမှမရှိ။ နားရှုပ်သွားကြလေမလားပဲ။
ကျွန်ုပ်တို့လူတွေမှာလည်း ဘာကြောင့်မှန်းမသိဘဲ ရောဂါတွေဖြစ်နေ ကြတာတွေရှိတယ်။ ဘာကြောင့် ဒီလိုဖြစ်နေမှန်းမသိဘဲ ဖြစ်နေကျတဲ့ ရောဂါ တွေ၊ တချို့ရောဂါက ဖြစ်ရတဲ့အကြောင်းကိုမသိ။ သို့သော် ဖြစ်နေတယ်။ ဆရာဝန်တွေက ရောဂါကို ရှာဖွေတာလည်းမတွေ့။ သို့သော် ကုပေးလိုက်ရ တယ်။ ပျောက်သွားတယ်၊ တချို့က မပျောက်ဘဲ ပြန်ဖြစ်ကြတယ်။ ကုတာပဲ မှားနေသလား။ ပြန်ပြန်ဖြစ်တတ်တယ်လို့ တချို့ ပြောကြတယ်။ ဟုတ်တာရှိသလို မဟုတ်တာလည်း ရှိပါတယ်။ ဂဃနဏနဲ့ အချက်ကျကျပြောတတ်၊ ရှင်းပြတတ်မှ လူတွေကျေနပ်မှုရနိုင်တာ။ ကိုယ်မတတ်နိုင်ရင်လည်း တတ် နိုင်တဲ့သူဆီမှာ ကုသမှုခံယူဖို့ လွှဲသင့်တယ်။ ဆရာဝန်တွေအားလုံးက မရတော့ပါဘူးဆိုရင်တော့ စိတ်ဓာတ်ကျရပြီး တတ်နိုင်တဲ့သူက နိုင်ငံခြား သွားကု၊ အဲဒီမှာ ပျောက်သွားရင်တော့ ဒီက ဆရာဝန်တွေ သိက္ခာကျရော။
ကုတော့ကုနေကြတာပဲ၊ အကောင်းဆုံး အမှန်ကန်ဆုံးဖြစ်အောင်တော့ လုပ်ဖို့လိုပါတယ်။ ဒီတော့ ပညာရပ်ကို ကောင်းစွာ သင်ယူနားလည်ပြီး စဉ်ဆက်မပြတ် စာပေလေ့လာကြပါလို့တော့ တိုက်တွန်းချင်ပါတယ်။ ခက် တာက မြန်မာစကားမှာ မမှားသောရှေ့နေ၊ မသေသော ဆေးသမားဆိုတာ ရှိပါတယ်။ သို့သော် သေသင့်သေထိုက်တာမျိုးဆိုရင် ဘယ်တတ်နိုင်မလဲ။ ကံတရားပေါ့နော်။ လူနာတွေကလည်း ရောဂါကျွမ်းမှ ဆေးခန်းတွေ၊ ဆေးရုံ တွေကို သွားပြသကြတာ။ အစပိုင်းက ငွေကုန်၊ အချိန်ကုန်မှာကြောက်တာ လားတော့မသိ။ ဆေးမြီးတိုတွေနဲ့ ကုနေကြတာ။ ဒီနေ့ကာလ ဆေးရုံတွေမှာ လူနာတွေ ဆက်တိုက်အော်နေကြတယ်။ တစ်ခုက အခမဲ့ကြောင့်လား၊ တစ်ခု က လူတွေ ဆင်းရဲတွင်းနက်နေကြလို့လားတော့ မသိ။ ဆေးရုံဆရာဝန်တွေ ထမင်းစားချိန်တောင် မရှိကြဆိုပဲ။ ကုသိုလ်ရတာပေါ့ဗျာ။
ဇာတ်လမ်းလေးပြန်ဆက်ချင်တယ်။ ဒါပေမဲ့ ရောဂါတစ်ခုအကြောင်း ရှင်းပြချင်ရဲ့။ ယောက်ျားတွေရဲ့ ရောဂါ၊ လမ်းလျှောက်ပြီး ဆေးခန်းထဲဝင် လာတဲ့ပုံက ကွတကွတ။ ခြေထောက်နှစ်ချောင်း ကားတားတား။ ပေါင်ခြံ နှစ်ခုကြား ဖောင်းတောင်းတောင်း၊ လှန်ကြည့်၊ ဖွင့်ကြည့်လိုက်တော့ ကပ်ပယ်အိတ်က အကြီးကြီး။ ဘာကြောင့်ဖြစ်လဲဆိုတော့ ဘယ်သိလိမ့်မလဲ။ ဆင်ခြေထောက်ပိုး ရှိ၊ မရှိကတော့ စစ်တာလည်း မတွေ့ကြပါဘူး။ ဘာပဲဖြစ် ဖြစ် ခွဲမှပျောက်တာ။ အရည်အိတ်ကိုဖွင့်၊ အမြှေးပါးကို ပြောင်းပြန်လှန်ပြီး လှေဆန်ကို အပြင်ထုတ်ပြီးချုပ်တဲ့ ခွဲစိတ်ခြင်းပါ။ “ဂျပိုလေး”ခွဲစိတ်ခြင်းလို့ ခေါ်ချင်ပါတယ်။ ဖြစ်ခါစခွဲမှ မဟုတ်ရင် ထိုင်ရသွားရ ခက်ရုံတင်မက အုန်းသီးသည်ရဲ့ ရှေ့ သွားထိုင်မိရင်ဖြင့် -
တစ်ခါက အုန်းသီးသည်တစ်ယောက် သူ့အုန်းသီးတစ်လုံးလျော့နေ တယ်ဆိုပြီး သူ့ရှေ့မှာ ကားတားတားနဲ့ ထိုင်နေတဲ့သူကို
“ရှင် ကျွန်မ အုန်းသီးယူထားတာ မဟုတ်လား၊ ကျွန်မ သိတယ် ပြန်ပေးပါ”တဲ့။ အမှီပုဂ္ဂိုလ်ကလည်း စွပ်စွပ်စွဲစွဲ နှင့်အုန်းသီးကို ဘာကြောင့် ယူရမှာလဲလို့ ပြောတာပေါ့၊ မဟုတ်ဘူး၊ အတင်းငြင်း၊ အုန်းသီးသည်က လည်း ကျွန်မ တွေ့နေတာကို ဗြောင်လိမ်တယ်ဆိုပြီး စွပ်စွဲတာပေါ့၊ ဟိုလူ ကလည်းငြင်း၊ နောက်ဆုံး “ရှင့်ပေါင်ကြားထဲမှာ အုန်းသီးဖွက်ထားတာ ပြန်ပေး”လုပ်ရော။ ဒီတော့ အဲဒီလူလည်း မတတ်နိုင်တဲ့အဆုံး လုံချည်ကို လှန်ပြပြီး ဘယ်မှာတုန်း အုန်းသီးဆိုပြီး သူ့ရဲ့အုန်းသီးအရွယ်ရှိတဲ့ ရေမုန့်ကို အဲဒီမိန်းမကို လှန်ပြလိုက်တော့မှပဲ အရပ်ကတို့ရေ ပထမတစ်ရက်အတွက် ဖြေရှင်းနည်းက ဒုတိယတစ်ရှက်ကွဲမှ ပြီးသွားတာ မဟုတ်လား။
ဆရာ့အားကိုးနဲ့ မိုက်နေတာ
ဆရာ လက်ကိုင်ရှိတယ်ဆိုပြီး လူတချို့ ပြောတတ်ကြတယ်။ ဆရာ လက်ကိုင်ရှိတာထက် အသက်ဉာဏ်စောင့် နေထိုင်စားသောက်နိုင်ရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။ တစ်ခါတလေ ဆရာတော့ရှိပါရဲ့ ဆရာတောင် ဆေးမမီလိုက်တဲ့လူတွေက ဒုနဲ့ဒေး။
ချမ်းသာတိုင်း၊ ရာထူးကြီးကြီးရှိတိုင်း ဆေးမီတယ်မထင်လေနဲ့၊ ကိုယ် က နိုင်ငံခြားကိုတောင် သွားကုနိုင်တာဆိုပြီး သိပ်အပြောမကြီးလေနဲ့။ ဆရာကို လက်ကိုင်ထားတာ၊ ဆရာက မိသားစုဆရာဝန်၊ နေ့နေ့ညည ပင့်လို့ရတယ်ဆိုတိုင်း အသက်ရှည်ရှည် အနာမဲ့ပြီး နေနိုင်မယ် မထင်လေနဲ့။ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။
ရောဂါဆိုတာ လျှပ်တစ်ပြက်ဝင်တတ်တာ။ အထူးသဖြင့် သွေးတိုးနဲ့ နှလုံးရောဂါတွေပါပဲ။ အဲဒီနှစ်ခုက ချက်ချင်းဒုက္ခပေးတတ်တဲ့ ရောဂါဆို တာ မှတ်ပါလေ။ ကျန်တာတွေက တဖြည်းဖြည်းချင်းဆိုတော့ ဆေးမီနိုင် တယ်။ ဒါတောင် အသိနောက်ကျရင် မလွယ်ဘူးမှတ်။ ဖြစ်တဲ့ရောဂါတိုင်းမှာဆေးရှိတာမှ မဟုတ်တာ။ အနာသိရင် ဆေးရှိတယ်လို့ ပြောကြတယ်။ မဟုတ်ပါ၊ ကုနိုင်တဲ့ဆေးရှိမှ အဲဒီဝေဒနာနဲ့ အဲဒီအနာကို ပျောက်စေနိုင်တာ။
အနာသိ ဆေးရှိဆိုရင် ဆရာဝန်ကြီး အထူးကုသမားတော်ကြီးတွေ ဘယ်သေတော့မှာလဲ။ရောဂါထဲမှာ ကုမရတဲ့ရောဂါ။ ဆေးမရှိတဲ့ရောဂါလောက် ကြောက် စရာမရှိ။ သိလျက်နဲ့ လက်ပိုက်ကြည့်နေလိုက်ရတာက တစ်ပုံတစ်ပင်။
ကင်ဆာရောဂါ၊ အေ့စ်ရောဂါ၊ ခေတ်သစ်နောက်ဆုံးပေါ် ဗိုင်းရပ်စ် ရောဂါ၊ (အီဘိုလာလိုမျိုး၊ ဆားစ်လိုမျိုး)တွေမှာ ရောဂါသိပြီး ပျောက်အောင် ကုနိုင်တာမဟုတ်။ သက်သာအောင် ရောဂါပိုးမပွားနိုင်အောင်လောက်ပဲ လုပ်နိုင်တာ။ အဲဒီဆေးတွေ မထုတ်တော့ရင်တော့ သေပြီ ဆရာပဲ။
ဒါ့ပြင် ဇရာထောင်းလာရင်လည်း လက်လျှော့လိုက်ရတာပဲ မဟုတ် လား။ ဆရာဝန်တွေက ဒါတွေကို သိသော်လည်း လူအတော်များများက အသက် ၈ဝ ဖြစ်နေတဲ့ လူဆုံးသွားရင် နောက် ငါးနှစ်လောက် အသက်ရှင် စေချင်တာ။ အသက် ၄ဝ ဆိုရင် အသက်တစ်ရာ နေစေချင်တာ။ လူ့အလို နတ်မလိုက်နိုင်။ ။
လူတချို့က ဆရာ လက်စွဲထားကြတယ်။ ဘယ်ဆရာဝန်နဲ့ စွဲကုနေ တာ၊ ဘယ်ဆရာဝန်နဲ့မှပျောက်တာ။ အဲဒီ ဆရာဝန်ပြောသမျှ လိုက်နာကြ တာ။ တချို့ ကတော့ ဘယ်ဆရာဝန်ကိုမှ လက်စွဲမထား။ နောက်ဆုံး ဆေးခန်း ပြဖူးတာတောင်မဟုတ်။ သူတို့တစ်တွေရဲ့လက်စွဲက စံချိန်စံညွှန်းမပြည့်တဲ့ ထုပ်ပိုးမှု မသပ်ရပ်တဲ့ ဆေးဝါးတွေကို သုံးစွဲနေကြတာ။ ကြွက်လျှောက်တန်း တို့ စားပွဲပေါ်မှာကြည့်ရင် အဲဒီဆေးပုလင်းတွေပဲ တွေ့နေရတယ်။ ဆရာဝန် တွေ ရှိပါလျက်နဲ့တောင် အဲဒီဆေးဝါးတွေကို စိတ်ရှိတိုင်း သုံးစွဲနေရော။ ဘယ်အချိန်မှ အဲဒီဆေးတွေကို မသုံးတာ။ နောက်ဆုံး ဘာအပြစ်တင်စကား ပြောသလဲဆိုရင် အဲဒီဆေးသောက်ရင်းက ကျောက်ကပ်၊ အသည်းထိခိုက်ပြီး သေကောင်ပေါင်းလဲ ဖြစ်တော့မှ ဆေးရုံရောက်၊ ဆရာဝန်က စေ့စေ့ပေါက် ပေါက် လိုက်စစ်ရင်းက တရားခံတွေ့၊ ဒီတော့ အဲဒီဆေးကို ဆက်မသောက် ကြတော့။ တစ်ရပ်ကွက်လုံးကိုတောင် လိုက်ကြေညာကြတော့တာ။ သို့သော် သူစွဲကိုင်ထားတဲ့ အဲဒီဆေးအားကိုးတစ်ခုကြောင့်ပဲ အသက်ဆုံးရှုံးသွားရ တော့တာ။
တစ်ခါတလေ ဆရာ့အားကိုးဆိုရာမှာ ဆေးပညာနယ်ပယ်က ကျယ် ပြောလှတာဆိုတော့လည်း ခွဲစိတ်တာအလုပ်တတ်ကြတဲ့ ဆရာဝန်တွေလည်းရှိကြတယ်။ သူ့လိုင်းနဲ့သူ တချို့က ကိုယ့်ဆရာစကား သိပ်နားထောင်ပြီး တခြား ခွဲစိတ်တဲ့ ဆရာဝန်ဆီပြောင်းမပြ၊ သို့မဟုတ် သူတို့အားကိုးတဲ့ ဆရာဝန်က မညွှန်တဲ့အတွက် အခြေအနေဆိုးလို့ဖြစ်ဖြစ် ကုန်ကျစရိတ်ပိုတဲ့ တခြားဆေးခန်းတစ်ခုကို ရောက်သွားရော။ ဆရာအားကိုးနဲ့ ဆရာ့စကား မြေဝယ်မကျ နားထောင်ပြီး မိုက်နေကြရော။