အောင်ဝင်းထွဋ် - လယ်ယာသီးနှံစိုက်ပျိုးနည်း
အပိုင်း (၁)
လယ်ယာသီးနှံစိုက်ပျိုးခြင်း
၁။စပါးစိုက်ပျိုးခြင်း
မြေအမျိုးအစား ၊
မြေမျိုးမရွေးစိုက်ပျိုးနိုင်သော်လည်း ဖုန်းပိုကျမြေပါဝင်သော မြေစေး မြေများတွင် စိုက်ပျိုးပါက ပို၍သင့်သည်။ မြေစေးနှင့် နုန်းမြေရောစပ်ပါဝင်သော မြေမျိုးသည် ထွန်ယက်ရာတွင် လွယ်ကူပြီး ရေထိန်းသိမ်းမှုအားကောင်း သည်။ ရေသွင်းရေထုတ်လွယ်ကူသည့်အတွက် ရိတ်သိမ်းမှုနှင့် စပါးရင့်မှည့် မှုညီညာ၍စပါးအထွက်တိုးစေသည်။
ရေစိမ့်ဝင်မှုအကောင်းဆုံးအနေအထားမှာ တစ်နာရီ (၀.၅)စင်တီမီတာဖြစ်သည်။ ရေဝပ်လယ်မြေများသည် ရေတိုက်စားမှုဒဏ်မဖြစ်ပေါ်ပေ။မြေချဉ်ငံဓာတ် (pH) (၄.၅ - ၈.၂)အတွင်းစိုက်ပျိုးနိုင်သော်လည်း pH (၅.၅ - ၇.၅)အတွင်းဖြစ်ပါက စပါးဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်သည်။
မြေယာပြုပြင်ခြင်း
လယ်ယာမြေများကို ပြုပြင်ရာတွင် (က)ထယ်ရေးလှန်ခြင်း (ခ)ရိုး ပြတ်များမီးရှို့ခြင်းမှ ကာကွယ်ခြင်း (ဂ) ကန်သင်းများပြုပြင်ခြင်း (ဃ) ရေ သွင်းရေထုတ်မြောင်းများ ပြုပြင်ခြင်း (င) ထယ်ထိုးခြင်း (စ) ထယ်ရေးဝင်ခြင်း တို့ကို အဆင့်ဆင့် လုပ်ကိုင်သွားရမည်ဖြစ်သည်။
ထယ်ရေးလှန်ခြင်းဆိုသည်မှာ ရိတ်သိမ်းပြီးသော စပါးခင်းများတွင် အစိုဓာတ်မကုန်မီထယ်ထိုးကာ မြေလှန်ထားခြင်းကို ဆိုလိုသည်။ ထယ်ရေး လှန်ထားခြင်းဖြင့် သဘာဝမြေသြဇာများကို ထိန်းသိမ်းထားနိုင်ခြင်း၊ မြေ အောင်း ပိုးမွှားများကို သေကျေပျက်စီးစေခြင်း၊ မြေများတိုးတက် ကောင်းမွန် လာခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည်။ ဤကဲ့သို့ ထယ်ရေးလှန် ခြင်းဖြင့် သီးထပ်သီးညှပ်စိုက်ပျိုးရာတွင် များစွာအထောက်အကူဖြစ်စေသည်။ အကြောင်းအမျိုးမျိုးကြောင့် ရိတ်သိမ်းပြီးသောအချိန်တွင် ထယ်ရေးလှန်ခြင်း မပြုနိုင်ပါက နွေရာသီတွင် စက်အားဖြင့် ထယ်ရေးလှန်ခြင်းပြုလုပ်သင့်သည်။
ရိုးပြတ်များမီးရှို့ခြင်းတွင် ရိုးပြတ်များကို မလိုလားအပ်ဘဲ မီးရှို့ခြင်းသည် သဘာဝမြေသြဇာများကို ပျက်စီးဆုံးရှုံးမှုဖြစ်စေသည်။ သီးထပ် သီးညှပ် စိုက်ပျိုးရာတွင် အမှန်တကယ်လိုအပ်သော လယ်ကွက်များနှင့် (၂ -၃)နှစ် ပိုးဆက်တိုက်ကျသော လယ်ကွက်များကိုသာ ရိုးပြတ်များ မီးရှို့ သင့်ပါသည်။ ကျန်လယ်မြေများကို မလိုအပ်ဘဲ မီးရှို့ခြင်းမပြုသင့်ပါ။
ကန်သင်းများပြုပြင်ခြင်းတွင် ကန်သင်းကောင်းမှသာအထွက်တိုးကောင်း ပေမည်။ ကန်သင်းကောင်းမွန်မှသာ လယ်မြေအတွက်လိုအပ်သောအောင် ရေထိန်းသိမ်းမှုကို ပြုလုပ်နိုင်မည်။ စပါးနှံထွက်ချိန်တွင် အောင်ရေ ထိန်းသိမ်းမှုမရှိပါကအသီးထွက်ဆုတ်ယုတ်မည်။ ရေသွင်းရေထုတ်ပြုလုပ်ရန် ရေလွှမ်း မိုးမှုကာကွယ်ရန်အတွက် ကန်သင်းကောင်းမွန်မှုရှိမှသာ ပြုလုပ်နိုင်မည်။
ကန်သင်းကောင်း၍ ရေလုံအောင်ထိန်းထားနိုင်မှသာ မြေသြဇာကို ထိန်းသိမ်းထားနိုင်မည်။ ထို့ကြောင့် မလိုလားအပ်သော ထူးပေါက်၊ ကယ် ပေါက်များကိုပိတ်ဆို့ရမည်။ လိုအပ်သောနေရာများတွင် ကန်သင်အသစ်များ ထပ်မံတူးဖော်ရမည်။ ကန်သင်းဖို့ရာတွင် အကျယ် (၂) ပေနှင့်အမြင့်ကိုမူ မိမိလယ်မြေအနေအထားအရ ရေထိန်းသိမ်းနိုင်ရန် လိုအပ်သည့်ပမာဏအထိ ဆောင်ရွက်ရမည်။
ရေသွင်းရေထုတ်မြောင်းများပြုပြင်ခြင်းသည် အထွက်တိုးစပါးစိုက်ပျိုး ရေးတွင် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရေသွင်းရေထုတ်မြောင်း များ တိမ်ကောနေပါက ရေလွှမ်းမိုးမှုကြုံတွေ့ရသည့်အခါ ရေမထုတ်နိုင်ခြင်း၊
အောင်ရေလိုအပ်သည့်အခါ ရေတင်သွင်းရန် ခက်ခဲခြင်းတို့နှင့် ကြုံတွေ့ ရသည်။ ထို့ကြောင့် ရေသွင်းရေထုတ်မြောင်းများတိမ်ကောနေပါက တူးဖော် ပြုပြင်ရမည်။
ထယ်ထိုးခြင်းသည် တမန်းကောင်းရန်အတွက် အဓိကအကျဆုံးနှင့် အခြေခံ အကျဆုံးဖြစ်သည်။ ထယ်ထိုးရာတွင် ခရုပတ်နှင့်ရင်ကွဲဟူ၍ နှစ်မျိုးရှိရာ တစ်မျိုးတည်းကိုသာ နှစ်စဉ်အသုံးပြုပါက မြေအနေအထား အနိမ့်အမြင့် မညီညာမှုဖြစ်လာနိုင်သည်။ ထို့ကြောင့် အလှည့်ကျတစ်နှစ်စီပြောင်း၍ဆောင် ရွက်ရမည်။ ထယ်ထိုးရာတွင် လယ်မြေအနေအထားပေါ်မူတည်၍ တမန်းကောင်းသည်အထိ (၄) လက်မမှ (၆) လက်မအထိ ရရှိစေရန် ထယ်ထိုးရ မည်။ အရေးကြီးဆုံးမှာ မြေရိုးကျွန်းမကျန်စေရန် အထူးဂရုပြုလုပ်ကိုင် ရမည်။
ထွန်ရေးဝင်ခြင်းကို ထယ်ထိုးပြီး နောက်ဆက်လက်လုပ်ဆောင်ရမည်။ အပင်များ အနေဖြင့်လိုအပ်သော အာဟာရများကို အမြစ်မှစုပ်ယူစားသုံး ရာတွင် မြေဆီလွှာအတွင်းရှိ အာဟာရများမှာ တမန်းပြင်အတွင်းကောင်းစွာပျံ့နှံ့ပျော်ဝင်နေရမည်ဖြစ်သည်။ ထို့ကြောင့် စပါးပင်နှင့် ကိုက်ညီမည့် တမန်း ထုနှင့် တမန်းညက်ညက် ရရှိရန်လိုအပ်သည်။ ထွန်ယက်ရာတွင်လယ်၏ အလျား၊အနံအနေအထား၊ မြေအနိမ့်အမြင့်ကိုမူတည်၍လျားစောင်း၊ နံစောင်း၊ လေးကွက်ကျား၊ ထောင့်ကြီးအုပ်၊ ဆစ်ချိုးစသည့်နည်းများကို အသုံးပြု၍ တမန်း ပြင်ညီညာမှုရရှိရန် ထွန်ယက်ရမည်။ လယ်အနေအထား အရတမန်း ပုပ်စေရန် အနည်းဆုံး (၆)စပ်နှင့် (၁၂)စပ်ကို အလှည့်ပေးထွန်ယက်ရမည်။
ကောင်းစွာ ပုပ်ဆွေးကြေပျက်ခြင်းမရှိသော ပေါင်းမြက် ခေါင်းနှင့် အမှိုက် သရိုက်များကို ကောက်ပစ်ရမည်။
မျိုးရွေးချယ်ခြင်း
မျိုးရွေးချယ်ရာတွင် ကြိတ်ခွဲရာတွင် ဆန်ထွက်ကောင်းရမည်။ ချက် ပြုတ်ရာတွင်အိုးတက်ရမည်။ စားသုံးရာတွင်ကောင်းရမည်။ အထွက်ကောင်း ရမည်။ အထွက်နှုန်းတည်ငြိမ်ရမည်။ ပိုးမွှားဒဏ်ခံနိုင်ရမည်။ မိုးခေါင်ဒဏ် ခံနိုင်ရမည်။ ပင်ပွားထွက်အားကောင်းရမည်။ ဓာတ်မြေသြဇာနည်းနည်း ထည့်သော်လည်း စပါးအထွက်နှုန်း သင့်တင့်ရမည်။
ယေဘုယျအားဖြင့်စပါးပင်တို့၏ သက်တမ်းကိုလိုက်၍ လေးမျိုး ခွဲခြားမှတ်သားထားကြသည်။ ၎င်းတို့မှာ -
(၁) ကောက်လျင်စပါးများ -သက်တမ်းမှာ ရက်ပေါင်း (၁၄၀ – ၁၅ဝ)အထိဖြစ်၍ သီတင်းကျွတ်လပြည့် ကျော်ခန့်မှသာ ရင့်မှည့်ကြသည်။
(၂) ကောက်လတ်စပါးများ-သက်တမ်းမှာ ရက်ပေါင်း (၁၅ဝ - ၁၇၀)အထိဖြစ်၍ တန်ဆောင်မုန်းလဆန်းခန့်တွင်
ရင့်မှည့်သည်။ )
(၃)ကောက်ကြီးစပါးများ-သက်တမ်းမှာရက်ပေါင်း(၁၇၀-၂၀၀)အထိဖြစ်၍နတ်တော်လဆန်းခန့်တွင်မှသာရင့်မှည့်ကြသည်။
(၄) မုရင်းစပါးများ - ဆောင်းဦးပေါက်ရာသီတွင် စိုက်ပျိုးထုတ်လုပ်ရသောစပါးဖြစ်သည်။ သက်တမ်းမှာ ရက် ပေါင်း (၁၄၀ - ၁၅၀) ဖြစ်သည်။
စိုက်ပျိုးရေးသုတေသန (ရေဆင်း)မှ ထောက်ခံထားသည့် ရေ၊မြေ၊ ဒေသစိုက်စနစ်အလိုက် ရွေးချယ်စိုက်ပျိုးရမည့် မျိုးများမှာ အောက်ပါအတိုင်း ဖြစ်သည်။ .
ရေတော်မိုးတော်ဒေသများတွင် စိုက်ပျိုးသင့်သောစပါးများမှာ - ကျော်ဇေယျ၊မနောသုခ၊ရွှေဝါထွန်း၊ရွှေသွယ်ထွန်း၊ဆင်းသီဆင်းဧကရီ-၂၊ဆင်းဧကရီ-၃၊ဆင်းသီရိဆင်းရွှေဝါ၊ဆင်းသွယ်လတ်၊ဆင်းနွယ်ရင်၊မှော်ဘီ၁၊ မှော်ဘီ - ၂၊ မှော်ဘီ-၃၊မှော်ဘီ -၅၊ ရွှေသွယ်ရင်၊ ရွှေမြန်မာ၊ ရေဆင်း လုံးသွယ်၊ သုခရင်၊ ပုလဲသွယ်၊ ရွှေသွယ်လေး၊ လုံးသွယ်မွှေးတို့ဖြစ်ကြသည်။
ရေနေတစ်တောင်ခန့်ရှိသော လယ်ကွက်များအတွက်မူ - ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေမန်း - ၁၊ အင်းမရဲဘော်၊ ငကျွဲ၊ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းရင်၊ ရေတဆုပ်၊ ရေနက် -၃၊ ရေနက် - ၄တို့ဖြစ်ကြသည်။ ။
ရေနက်ကွင်းဒေသများအတွက်မှာ - ရေနက် -၁၊ ရေနက် – ၅၊ ဆစ်ပွား၊ တတောင်ပိုး၊ တောင်ထိ၊ ယိုးဒယားတို့ဖြစ်ကြသည်။
ဆားငန်ရေဝင်သောဒေသများအတွက်မှာ - ဆားငန်ခံ -၂။ ဆားငန်ခံ - ၃၊ ဆားငန်ခံ - ၄၊ လက်ရုံးကြီး၊ ရခိုင်သူမတို့ဖြစ်သည်။
မိုးပါးရေရှားဒေသများအတွက်မှာ - ယာ -၂၊ ယာ -၄၊ ယာ-၅၊ ယာ - ၈၊ ယာ -၉၊ ယာ - ၂ထွန်း၊ ခေါက်ဒင်မျိုးများဖြစ်သည်။ ။
တောင်ပေါ်ဒေသများအတွက် လယ်စပါးမှာ - သီးထပ်ရင်၊ ဆင်း ရွှေဝါ၊ မှော်ဘီ -၂၊ ဆင်းဧကရီ -၃၊ စိန်တလေး၊ ရွှေရင်အေး၊ ရေဆင်းလုံး သွယ်၊ သုခရင်၊ ဘာစမာတီ -၃၇ဝ၊ ကုန်းမြင့် -၂၊ ကုန်းမြင့် -၄တို့ဖြစ်ပြီး၊ ယာစပါးမှာ ဒေသစပါးမျိုးများဖြစ်သည်။
. နွေစပါး (မျိုးစေ့တိုက်ရိုက်ချစနစ် စိုက်ပျိုးရန်မျိုးများမှာ - ရွှေရင် သွယ်၊ သီးထပ်ရင်၊ ရတနာအောင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ရေဆင်း “၂၊ ဆင်းနွယ်ရင်နှင့် ရတနာတိုးမျိုးများဖြစ်သည်။
ထွန်ယက်စိုက်ပျိုးခြင်း
ထွန်ယက်စိုက်ပျိုးရာတွင် အောက်ပါအချက်များကို အဆင့်ဆင့် ဆောင်ရွက်ပြုလုပ်သွားရမည်။
ပျိုးထောင်ခြင်း - ပျိုးထောင်ရာတွင် ရာသီဥတုအခြေအနေကို ကြည့်၍စောစီးစွာပျိုးထောင်နိုင်ပါက ပို၍ကောင်းသည်။ ပျိုးထောင်ရန်အတွက် မြေ နေရာရွေးချယ်ရာတွင် ရေသွင်းရေထုတ်လွယ်ကူပြီး ရေမဝပ်သောနေရာဖြစ် ရမည်။
ပျိုးခင်းပြုပြင်ခြင်း - ပျိုးခင်းကို တမန်းကောင်းစွာရရှိစေရန် ထွန်မှသာ ပျိုးနုတ်ရာတွင် လွယ်ကူစေမည်။ (ပျိုးခင်း (၁) ဧကမှထွက်သော ပျိုးပင်များ သည် စိုက်ခင်း (၁၀) ဧကအတွက် လုံလောက်မှုရှိနိုင်သည်။) ထယ်ထိုးရာ တွင် တမန်းမှာ (၃-၄) လက်မထက်ပို၍ မနက်စေရပါ။ တမန်းနက်ပါက - ပျိုးမြစ်များရှည်ပြီး ပျိုးနုတ်ရာတွင် ခက်သည်။ ပျိုးခင်းတမန်းမျက်နှာပြင်သည် ညီညာပြီးရေအစိုအခြောက်ပါ ညီညာစေရန် အထူးဂရုပြုရမည်။ ထို့ကြောင့် လယ်ထွန်သည့်နေရာတွင် အောက်မြေမာသည့်နေရာ၌ လိုအပ်သည့်အနက် ရရှိစေရန် ထွန်ကိုဖိထွန်ပြီး မြေပျော့သည့်နေရာတွင် လိုသည်ထက်ပိုမနက် စေရန် ထွန်ကိုထိန်းပေးရမည်။
မျိုးစေ့ချခြင်း - မျိုးစေ့ချရာတွင် မျိုးစေ့ကို ပထမဆုံးအပင်ဖောက်ရန် လိုအပ်သည်။ အောင်မြင်သောမျိုးစေ့ရရှိစေရန် ဆားရည် (သို့မဟုတ်) ရွှံ့ ရည်စိမ်၍ ရွေးချယ်ရပါမည်။ ရေ (၄) ဂါလံတွင် ဆား (၄) ပိဿာထည့်ဖျော် ပြီး ထိုအထဲသို့ စပါး (၅) ပြည်ခန့်ထည့်စိမ်ရမည်။ ရေပေါ်တွင် ပေါ်နေသော မျိုးစေ့များကို ဖယ်ရှားပြီးမြုပ်နေသည့်မျိုးစေ့များကို ဆယ်ယူ၍ရေစင်အောင် ဆေးကြောရမည်။ ထိုဆားရည်တွင် စပါး (၅) ပြည်နှုန်းဖြင့် (၅) ကြိမ်ပြုလုပ် နိုင်ပါသည်။ ရေစင်အောင်ဆေးပြီးပါက (၃၆) နာရီခန့်ရေကောင်းစိမ်ပေးရ မည်။ ရေစိမ်ပြီး (၁၄-၁၆) နာရီအကြာတွင် ရေသစ်လဲပေးပါ။
ရေစိမ်ပြီးသောမျိုးစပါးများကို မျိုးဖြန့်ရန်အတွက် ပြုလုပ်ထားသော နေရာတွင် အောက်မှဂုန်နီအိတ်ခင်းပြီး မျိုးစပါးကိုအထူ (၂-၃) လက်မခန့် ညီညာစွာ ဖြန့်ခင်းပေးရမည်။ ထို့နောက် မျိုးစပါးပေါ်တွင် ဂုန်နီအိတ် (သို့မဟုတ်) ကောက်ရိုး (၄) လက်မထူအောင် ဖုံးပေးရမည်။ စပါးစေ့များကို တစ်နေ့တစ်ခါ အထက်အောက်မွှေပေးရမည်။ ရေအစိုဓာတ်မနည်းစေရန် (၁၂) နာရီမှ (၁၄) နာရီတစ်ကြိမ်ရေဆွတ်ဖျန်းပေးရမည်။ တစ်ရက်ခွဲ (၃၆) နာရီအကြာတွင် အညှောင့်ကလေးများ ပြု (စပါးစပ်ပြူ) လာသည်။
ပျိုးပင်သန်မာစေရန်နှင့် ပျိုးနုတ်ရာတွင် လွယ်ကူစေရန် (မြေပွစေ ရန်) တမန်းပြင်ရာတွင် နွားချေး၊ အမှိုက်ဆွေး၊ သစ်ရွက်ဆွေး၊ ကောက်ရိုး ဆွေးနှင့် စက်ဖွဲပြာများကို ချပေးထားရမည်။ ယူရီးယားဓာတ်မြေသြဇာ (၂၈) ပေါင်ချပေးပြီး ထွန်မွှေဖုံးအုပ်ပေးရမည်။
ပျိုးခင်းတွင် ပျိုးကြဲသည့်အခါ ရေလက်လေးသစ်မှ တစ်မိုက်ခန့်ရှိ သင့်သည်။ သို့မှသာ ပျိုးကြဲသည့်အခါ မျိုးစေ့များကို ရေကအရှိန်သတ်ပေး သောကြောင့် သမန်းပေါ်တွင် အလိုက်သင့်ရှိနေမည်ဖြစ်သည်။ (အချို့မှာ ပျိုးမကြဲမီ ပျိုးခင်းထဲမှ ရေကိုကုန်စင်အောင် ဖောက်ထုတ်ပြီးမှသာ ပျိုးကြဲ ကြသည်။) စပါးပင်ကလေးများ အပင်ထမြန်စေရန် ရေထုတ်ရေသွင်း မကြာ ခဏပြုလုပ်ပေးရမည်။ ရာသီဥတုပူပြင်းသည့်အခါ စပါးပင်ငယ်များ ရေပူ မမိစေရန် သတိပြုရမည်။ ။
သတိပြုရမည်မှာ ပျိုးခင်းတွင်ရေ (၂ -၃) လက်မသာရှိနေစေရ မည်။ ရေများလျှင် ခါးလျားရှည်၍ ပျိုးပင်ပျော့တတ်ပြီး ပျိုးကိုင်မခံပေ။ အထွက်ကောင်းသောစပါးမျိုးများမှာ သက်တမ်းအလိုက်သီးပွင့်သောစပါး မျိုးဖြစ်သဖြင့် မိမိရိတ်သိမ်းလိုသောအချိန်နှင့် ချင့်ချိန်၍ပျိုးထောင်ရမည်။ ပျိုးပင်လေးများ (၂)လက်မရှည်ထွက်လာလျှင် ရေ (၁) လက်မခန့်အနက်သာ သွင်းပေးရမည်။ မိုးများသောဒေသဖြစ်ပါက ပျိုးပင်ကလေးများ (၄-၅) လက်မရှည်သည်အထိ ပျိုးခင်း၏'ကန်သင်းကို အပေါက်ဖောက်ထားရန် လိုအပ်သည်။
ပျိုးနုတ်ခြင်း -
ပျိုးနုတ်ရာတွင် အထွက်ကောင်းစပါးမျိုးကို သက်တမ်း(၂၅-၃ဝ) ရက်အတွင်းပျိုးနုတ်နိုင်သည်။ ထို့ထက်စော၍ နုတ်ပါက ပျိုးသက်နုသဖြင့် ပျိုးကိုင်မခံဘဲ ခါးပြတ်တတ်သည်။ ထို့ထက် ကျော်သွားလျှင် ပျိုးသက်ရင့် သွားသဖြင့် အပင်လုပ်ချိန် နည်းသွားပြီး အပင် ပွားခွဲနည်းကာ စပါးအထွက် ကို ထိခိုက်နိုင်ပါသည်။ သို့သော် မည်သည့် စပါးမျိုးကိုမဆို စောစောနုတ်၍ စိုက်ပျိုးနိုင်ပါက အပင်ပွားနှုန်းကောင်းကာ စပါးအထွက်များလေဖြစ်သည်။
ပျိုးနုတ်ရာတွင် ပျိုးမနာစေရန်အတွက် (ခါးမကျိုးမနာစေရန်) လက်သပ်ပျိုးနုတ်ပါ။ ပျိုးနုတ်ရာတွင် လွယ်ကူစေရန် ပျိုးခင်းမခြောက်မီ အစိုဓာတ်ကောင်းကောင်းရှိရန် လိုအပ်သည်။ ပျိုးနုတ်သောအခါ ပျိုးခေါင်း မပြတ်၊ ခါးမကျိုး၊ ပျိုးမနာစေရန် သတိထားရမည်။ ထိုသို့ဖြစ်သော ပျိုးကို နုတ်မိပါက ကောက်ထွက်ပျက်ခြင်း၊ ကောက်ပင်အမြစ်စွဲနောက်ကျပြီး အပင် ပွားမှုနောက်ကျခြင်းတို့ ဖြစ်တတ်ပါသည်။ ထို့ကြောင့် သန်မာပြီး အနာ ကင်းသောပျိုးဖြစ်ရန် ဂရုတစိုက်ဆောင်ရွက်ရမည်။
စိုက်ခင်းပြုပြင်ခြင်း - ကောက်စိုက်မည့်လယ်ကွက်အား (၆) လက်မ အနက်ရှိရန် ထယ်ထိုးပြီး သမန်းကောင်းစွာညက်ရန် ထွန်အနည်းဆုံး (၈)စပ် လိုက်ပေးရမည်။ ပေါင်းမြက်များ ကုန်စင်အောင်ပေါင်းလိုက်ပေးပါ။ ထို့နောက် လယ်ကွက်ထဲတွင် ရေစပ်စပ်သာထားရှိပြီး အမိုနီယံဖော့စဖိတ် (သာကူစေ့ မြေဩဇာ)တစ်ဧကလျှင် (၃) ပိသာနှုန်းညီညာစွာ ကြဲချပေးပါ။
စိုက်ပျိုးခြင်း - လိုအပ်သော ကောက်ချက်အနက် (၁) လက်မထား၍ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ရမည်။ လက်ဆ (၁)ပင် သာစိုက်ပါက ကျင်းပျောက်၊ ပင်ပျောက်များနိုင်သည်။ လက်ဆ(၃)ပင် ထက် များပါက စပါးပင်အချင်းချင်း ယှဉ်ပြိုင်လာပြီး ပင်ပွားနည်း၍ ပင်ပွားအထွက် နောက်ကျမည်။ ပိုးမွှားများခိုအောင်းပွားများပြီး မျိုးစေ့ပို၍ ကုန်ကျစေသည်။
ကောက်ကွက်မှာ မြေညံ့ပါက ပင်ကြား၊ တန်းကြား (၉x ၄) လက်မ (သို့မဟုတ်) (၆x ၆) လက်မထား၍ စိုက်ပျိုးရမည်။ မြေအသင့်အတင့်နှင့် မြေကောင်းများတွင် ပင်ကြားတန်းကြား (၈x ၆) လက်မထား၍ စိုက်ပျိုးရ မည်။ ရာသီစပါးများအား (၈x ၈) လက်မ အကွာထား၍ စိုက်ပျိုးပါ။ကောက်စိုက်ပြီး (၃) ရက်မြောက်နေ့တွင် ကောက်ပင်လှန်သည်။ ပျိုးသက် (၃၀) ရက်သားရှိသော ကောက်ပင်ထက် ပျိုးသက် (၁၅) ရက်သား ရှိသော ကောက်ပင်မှာ ပင်ပွား (၃) ပင်ပို၍ထွက်ရှိသည်။ ပျိုးသက်ရက် (၂၀) ဆိုပါက ပင်ပွား (၂) ပင်ပိုထွက်သည်။ (၁၀) ရက်ခန့် နောက်ကျပြီး အပင်လှန်သော ကောက်ပင်တစ်ပင်ထက် ပင်ပွား (၂) ပင်ခန့်ပိုထွက်သည်။
ထို့ကြောင့် ပျိုးသက် (၁၅) ရက်မှ ရက် (၂၀) သားတွင် ကောက်စိုက်ရမည်။ ကောက်စိုက်အပြီး (၆) ရက်မြောက်တွင် ကျင်းပျောက်ပင်ပျောက်များကို ဖာထေးရမည်။ ဖာထေးရန်နောက်ကျပါက အနှံထွက်ချိန်နှင့် ရင့်မှည့်ချိန်များ - မတူညီဘဲ ရိတ်သိမ်းရာတွင် အစိမ်းရောင်စပါးလုံးများ ပါလာပေမည်။
ကောက်ပင်များညှိုးနွမ်းမှုမရှိစေရန်နှင့် အမြစ်များနေလောင်ပြီး ထိခိုက်မှုမရှိစေရန် ကောက်စိုက်ပြီး ချက်ချင်းရေသွင်းပေးရမည်။ ရေသွင်း ရာတွင် ကောက်ပင်အမြင့် သုံးပုံနှစ်ပုံခန့်အထိ ရေနေရေထိုင်ရှိရမည်။ ရေနေ ရေထိုင်မှာ (၇) ရက်ခန့်အထိ ထိန်းသိမ်းထားရမည်။ (ရေနေရထိုင် (၃) လက်မခန့်သာရှိပါက ကောက်ပင်နှင့်အမြစ်များ ရေပူလောင်ပြီး ထိခိုက်နိုင် သည်ကို သတိပြုရမည်။) ပေါင်းနည်းပြီး မိုးမကြာခဏရွာပါက (၇) ရက် နောက်ပိုင်းတွင် ရေကို ပြောင်စင်အောင်ခါထုတ်ထားပါ။ သို့မှသာ အမြစ် များ သန်မာဖွံ့ဖြိုးပြီး ပင်ပွားထွက်အားကောင်း၍ ပင်ပွားသန်စွမ်းမှုရှိပေမည်။
မျိုးစေ့တိုက်ရိုက်ချစိုက်နည်းများ
မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းကို လူလုပ်အားနည်းပါးလျှင် ဖြစ်စေ၊ ဆည်ရေသောက်ဒေသနှင့် နွေစပါးစိုက်ပျိုးရာဒေသတို့တွင် ဆောင်ရွက်သင့် သည်။ မျိုးစေ့တိုက်ရိုက်ချစနစ်တွင် အစိုသမန်းပြင် မျိုးစေ့တိုက်ရိုက်ချနည်း နှင့် အခြောက်သမန်းပြင် မျိုးစေ့တိုက်ရိုက်ချနည်းဟူ၍ (၂) မျိုးရှိသည်။
အစို သမန်းပြင် မျိုးစေ့တိုက်ရိုက်ချနည်း
အစိုသမန်းပြင်မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးရာတွင် နည်းလမ်းများမှာ
- ကြိုးတန်းဆွဲပြီး မျိုးစေ့ကို ကြွက်မြီးတန်းချခြင်း။
ကြိုးတန်းဆွဲပြီး မျိုးစေ့ကို ဆက်ရက်ခုန်လက်စုချခြင်း။
မျိုးစေ့ကြဲပက်ခြင်း။
- မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်း။
ရေနေရထိုင် (၄)လက်မခန့်ထားရှိ၍ မျိုးစေ့ကြဲခြင်း။