အောင်ဝင်း(စိတ်ပညာ) - နုပျိုစွာအသက်ရှည်ပါ
အမှာ
(ဤအမှာကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါ သည်။ အဆုံးတိုင် ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် အဆွေ ၏ စိတ်သည် ရွှင်မြူး၍ လာပေလိမ့် မည်။ ဖတ်ဆဲ၌လည်း အင်အားတစ်မျိုးသည် အဆွေ၏ အသိဉာဏ်အတွင်းသို့ ဝင်ရောက်၍ လာပေလိမ့်မည်)
ချစ်စွာသော စာဖတ်သူ
အဆွေသည် ၇ နှစ်မှ ၇ဝ ရှိသူတစ်ဦး ဆိုကြပါစို့ ၊ အဆွေ၏ ပထမဆုံးဖြစ်သည့် တာဝန်မှာ မိမိကိုယ်မိမိ ကျန်းမာအောင်၊ အသက်ရှည်အောင် စွမ်းဆောင်နိုင်ရန်ပင် ဖြစ်သည်။
လူ့ဘဝ၏ စည်းစိမ်ချမ်းသာကို အစွမ်းကုန် ခံစားလို ပါလျှင် ကျန်းမာသူ ဖြစ်ရပေမည်။ မကျန်းမာသူသည် မည် သည့်အရာကိုမျှ ပြည့်ပြည့်ဝဝ မခံစားနိုင်ပါ။ ထိုနောက်အသက်လည်း ရှည်ရပေလိမ့်ဦးမည်။
မကျန်းမာသူသည် မိမိကိုယ်ကိုသာ ဒုက္ခပေးသည် မဟုတ်သေး၊ မိမိ၏သားမယား၊ မိမိ၏ ဆွေမျိုးမိတ်ဆွေများ ကိုလည်း ဒုက္ခပေးသောသူ ဖြစ်လေသည်။ တစ်နည်းအား ဖြင့် ကြည့်လျှင် မိမိတိုင်းပြည်ကိုလည်း ဒုက္ခပေးသူသာ တည်း။
ထိုကြောင့် အဆွေ၏ ပထမဆုံးဖြစ်သည့်တာဝန်မှာ မိမိကိုယ်မိမိ ကျန်းမာအောင်၊ အသက်ရှည်အောင် စွမ်းဆောင် နိုင်ရန် ဖြစ်သည်ဟု ဆိုပါသည်။
ဤစာအုပ်ကို ရေးသားခြင်း၏ ရည်ရွယ်ချက်မှာ လူတိုင်း ကျန်းမာရန်၊ သန်စွမ်းရန်၊ နုပျိုရန်၊ ထို့နောက် အသက်ရှည်ရန် ဖြစ်ပါသည်။ ဤရည်ရွယ်ချက်များသည် မြင့်လှချေ၏ဟု အထင်မရောက်စေလိုပါ။ ကျန်းမာရေး၊ သန်စွမ်းရေး၊ နုပျိုရေးနှင့် အသက်ရှည်ရှည်နေနိုင်ရေးမှာ လူများစွာတို့၏ လက်လှမ်းမီရာ အရပ်၌ ရှိနေပါသည်။ ထိုလက်လှမ်းမီရာအရပ်သို့ ဤစာအုပ်က အဆွေအား ကြိုးစားပြီး ဆွဲခေါ်၍ သွားပါမည်။ လမ်းတစ်လျှောက်တွင် စိတ်အားတက်ကြွဖွယ်ရာ အကြောင်းအရာများကို အဆွေ တွေ့မြင်ရမည် ဖြစ်ပါသည်။ ။
ဤစာအုပ် ခေါ်ဆောင်ရာ လမ်းတစ်လျှောက်ကို လိုလို ချင်ချင် အဆွေလိုက်လိုစိတ် ပေါ်ပေါက်လာရန်နှင့် ယုံကြည် စိတ်ရှိရန်အတွက် ရှေးဦးစွာ ဤအမှာကို ရေးသားရခြင်း ဖြစ်ပါသည်။
အသက်ရှည်ရှည်နေနိုင်ရေး ဆိုသည်မှာ ယခု လူသားတို့၏ ယေဘုယျသက်တမ်းထက် ကျော်လွန်၍ နေနိုင်ရေးကို ဆိုပါသည်။ ။
အသက်ရာကျော် နေနိုင်သည် ဆိုကြပါစို့။ ကောင်း ကောင်း မစားနိုင်၊ မသွားနိုင်၊ ခါးကုန်း၊ နားသီ၊ မျက်စိမွဲ ဘဝနှင့်ကား မည်သူမျှ အသက်မရှည်လိုသည်ကို သဘော ပေါက်ပါသည်။ အသက်လည်း ရှည်ရမည်။ သွားမကျိုး၊ နားမထိုင်း၊ အရေမတွန့်၊ ခါးမကုန်း၊ ရုပ်လုံးလှလှနှင့် ကြွကြွ ရွရွနေနိုင်ရန်ကို ရည်စူးပါသည်။
ဖြစ်နိုင်ပါမည်လောဟု သံသယရှိပါလျှင် ဖြစ်နိုင် ကြောင်း သက်သေသာဓကထုတ်ပြရန် အကိုးအကားအမျိုး မျိုး ရှိပါသည်။ ရှေးဦးစွာ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး စီရင်ရေးသားအပ်သော ရူပဒီပနီကျမ်း စာမျက်နှာ ၁၅၆ တွင် အောက်ပါအတိုင်း ရေးသားဖော်ပြပါရှိသည်ကို တင်ပြပါမည်။
“အိုခြင်းအမှု၏ မအိုရအောင် ကြံဆောင်ကုစားခြင်း အမှုကို ပြုခြင်းငှာ တတ်ကောင်းသည် သာလျှင်တည်း။
သေခြင်း၏ကား မသေရအောင် ကြံဆောင်ကုစား ခြင်းအမှုကို ပြုခြင်းငှာ မတတ်ကောင်း။
မသေရအောင် မတတ်ကောင်း ဟူသည်မှာ အမြဲနေရ အောင် မတတ်ကောင်း ဆိုလိုသည်။ မအိုရအောင် တတ် ကောင်းပါ၏ ဟူသည်မှာ မသေမီအတွင်း သွားကျိုးခြင်း၊ ဆံဖြူခြင်း၊ အရေတွန့်ခြင်း၊ နားလေးခြင်း၊ မျက်စိသီခြင်း၊ အားခွန်ဗလ လျော့ပါးခြင်းများကို သေခါနီးတိုင် မရှိစေရ အောင် ကြံဆောင်ခြင်းငှာ တတ်ကောင်းပါ၏ ဆိုလိုသည်။ ဤစကားဖြင့် မနာရအောင်လည်း တတ်ကောင်း ပါ၏” ဟူသော အနက်သည်လည်း ပြီးပါ၏။ (လယ်တီ ဆရာတော်၊ ရူပဒီပနီ)
ရသာယန၊ ရသဓာတ်ကို အရှည်ခိုင်ပွား စေနိုင်သော အာယုဝဍန ဆေးဝါးများသည်ကား အလွန်ရှည်ကြာ သည် တိုင်အောင်လည်း အသက်ကို တည်စေခြင်းငှာ တတ်နိုင်သည်သာတည်း။
ထိုမှတစ်ပါး ဤရူပဒီပနီကျမ်း စာမျက်နှာ ၁၅၅ တွင် ဤသို့ ရေးသားပါရှိပါသည်။ ။
“ဝိဇ္ဇာမယ ဝိဓိဖြင့် စီရင်လုပ်ဆောင်၍ ထမြောက်သော ပြဒါးဓာတ်ဆီ၊ သံဓာတ်ဆီ၊ ကျောက်ဓာတ်ဆီများကို သုံးဆောင်ဆက်လက်ပါလျှင်လည်း အသက်တစ်ရာ တမ်းတွင် တစ်ထောင်မကပင် နေရပါ၏”
ဤနောက်ဆုံးစာပိုဒ်ကို ဖတ်ပြီးလျှင် အဆွေ၏စိတ်တွင် အသက်ရှည်ရှည်နေနိုင်ရေးအတွက် အဂ္ဂိရတ်နည်းဖြင့် ရအပ်သော ပြဒါးဓာတ်လုံး၊ သံဓာတ်လုံး၊ သွပ်ဓာတ်လုံးများ အဆောင်ခိုင်းလိမ့်မည်ဟု တွေးများ တွေးမိလိမ့်မည်လား။ ဤအဂ္ဂိရတ်ပညာနည်းလမ်းမှာ လူတိုင်း၏ လက်လှမ်းမီရာ အရပ်၌ မရှိပါ။ အငြင်းပွားဖွယ်ရာဖြစ်သော အလွန့် အလွန် လျှို့ဝှက်ထားသောအရပ်၌ ရှိပါလိမ့်မည်။ ထိုနေရာသို့ ဤစာအုပ်က ခေါ်ဆောင်၍ သွားနိုင်စွမ်းမရှိပါ။
ဤစာအုပ်က ခေါ်ဆောင်သွားမည့် လမ်းတစ် လျှောက်မှာ ယခုခေတ် သိပ္ပံနည်းကျကျ တည်ဆောက်ထား သော ခေတ်မီလမ်းမကြီးအတိုင်းသာ ဖြစ်ပါသည်။ အဆွေ၏ ပထမဆုံးလိုအပ်ချက်မှာ ဤလမ်းမကြီးပေါ်တွင် ပျော်ပျော် ကြီး လျှောက်တော့မည်ဆိုသော ဆုံးဖြတ်ချက်ကို ယောက်ျားကောင်းပီသစွာ၊ မိန်းမကောင်းပီသစွာ မြဲမြဲကြီး ချမှတ်ရန်သာ လိုပါသည်။
လမ်းမကြီးပေါ်ကို တည်ငြိမ်စွဲမြဲသောစိတ်ဖြင့် အတန် ငယ် လျှောက်မိလျှင် အဆွေသည် ပထမဦးစွာ ကျန်းမာရေး ပိုမိုကောင်းမွန်လာသည်ကို တွေ့ရပါမည်။ ကျန်းမာရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ သန်စွမ်း၍ လာရပေမည်။ ကျန်းမာသန်စွမ်းသူတိုင်းအား နုပျိုစေရန် ပြုလုပ်ပေးဖို့ မခက် ခဲတော့ပါ။ ဆက်လက်၍ အသက်ရှည်ရှည်နေနိုင်ရေးမှာ အတွေးမဟုတ်၊ တကယ်လက်တွေ့ဖြစ်နိုင်ကြောင်း အဆွေ သဘောပေါက်လာပါလိမ့်မည်။
ဤနေရာတွင် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော မိတ်ဆွေများအား အဆွေတို့၏ အထင်မှား၊ အမြင်မှား ရှိနေ ခဲ့လျှင် အမြင်မှန်ကို မြင်လာစေရန် ထုတ်ဖော်ပြသဖို့ လိုပေ လိမ့်မည်။ ငါ အသက်ကြီးပြီ၊ ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ကတော့ ဝင်လာရတော့မှာပဲ။ အိုခြင်း၊ နာခြင်းဆိုတာ ဘယ်သူ မှ ရှောင်ကွင်းလို့ ရတာမှမဟုတ်ဘဲ။ အပျက်ဘက်၊ အရှုံး ဘက်ကိုသာ ကြည့်တတ်သည့် စွဲလမ်းစိုးရိမ်စိတ်များ အဆွေ တို့၏ နှလုံးသားတွင် ကိန်းအောင်းနေတတ်ပါသည်။ ဤသို့ အမြင် မှားနေသည့် စိုးရိမ်စိတ်များ ပပျောက်သွားရန်အတွက် ၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် နေ့ထုတ် နယူးယောက် တိုင်းမဂ္ဂဇင်း၌ ဖော်ပြပါရှိသော ဒေါက်တာ ဒေးဗစ်ဒီစတုန်း ဆိုင်ဖာ (ဂျူနီယာ) အမ်ဒီ၏ “old Age Need Not Be 'old' အသက်ကြီးသည့်အတွက် အိုရန်မလိုပါ” ဆောင်းပါး၌ ပါရှိသည့် စာတစ်ပုဒ်ကို ဖော်ပြရပေမည်။
Most people expect their bodies to degenerate automatically with age and develop such frightening diseases as arthritis, cataracts and heart attacks. But these diseases are not caused by growing old. The damage is caused by persistent strain to an organ, or bad nutrition. There are probably no diseases caused by growing old. Diseases associated with old age are simply ones which require decades to develop and don't usually show up in young people. There is nothing about old age which necessitates poor health"
“အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မိမိတို့၏ ကိုယ်ခန္ဓာမှာ အလိုအလျောက်ပင် ဆုတ်ယုတ်ပျက်စီးပြီး ကျန်းမာရေးလည်း မကောင်းနိုင်တော့ပါ ဟူသော ယုံကြည်မျှော်လင့်ချက်များသည် လူအားလုံးလောက်၏ စိတ်တွင် ရှိနေတတ်ကြသည်။ ကြောက်စရာကောင်းသော အဆစ်ရောင်ရောဂါ၊ မျက်လုံး၌ တိမ်ဖုံးသည့်ရောဂါ၊ နှလုံးရောဂါ စသည်များသည် အသက်ကြီးလျှင် ဖြစ်ပွား ရမည်ဟူ၍ စွဲမှတ်ထားကြသည်။ သို့ရာတွင် ထိုရောဂါ များသည် အသက်ကြီးရင့်လာသည့်အတွက် ဖြစ်ပွား စွဲကပ်လာသော ရောဂါများ မဟုတ်ချေ။ ဤရောဂါများ စွဲကပ်ရခြင်း၏ အကြောင်းရင်းမှာ လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ထိခိုက်အောင် အမြဲတစေ ပြုအား ကြီးခြင်း သို့မဟုတ် အာဟာရဓာတ်ပြည့်ဝအောင် မမှီဝဲ မစားသုံးဘဲ ကြာရှည်စွာ နေထိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်လေသည်။ အသက်ကြီးရင့်ခြင်းကြောင့် မည်သည့် ရောဂါမျှ စွဲကပ်နိုင်ဖွယ်ရာ အကြောင်းမရှိပါ။ အသက် ကြီးရင့်သူများ ခံစားရသည့်ရောဂါများမှာ ဤရောဂါများ စွဲကပ်နေပြီဟု မသိရမီ နှစ်ပေါင်းအတော်ကြာကြာ ငယ်ရွယ်စဉ်ကပင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။ ထိုရောဂါများစွဲကပ်ခါစ ငယ်ရွယ်စဉ်အချိန်ကမူ ရောဂါ စွဲကပ်နေကြောင်း ထင်ထင်ရှားရှား ပြသလေ့မရှိခဲ့ပေ။ သို့ဖြစ်ရာ အသက်ကြီးသည့်အတွက်ကြောင့် ကျန်းမာရေး ချူချာရသည် ဆိုသည့် အကြောင်းများသည် မရှိနိုင် တော့ပေ။
ကျွန်တော်တို့၏ ကိုယ်ခန္ဓာ ကျန်းမာရေး၊ သန်စွမ်း ရေး၊ နုပျိုရေးအတွက် ဗီတာမင်ဓာတ်အားများပါသော အစား အစာများကို အချိုးကျမှီဝဲရန် အလွန်အရေးကြီးပေသည်။ ထိုဗီတာမင်ဓာတ်အားများနှင့် ပတ်သက်သော အသိဉာဏ် များကို ရရှိရန် သုတေသနပြုလုပ်၍ စာပေများ ရေးသားခြင်း ဖြင့် ကျော်ကြားနေသူ ဒေါက်တာသောမတ် အက်စ်ဂါဒီနာက အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုထားပေသည်။
“ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (အသည်း၊ အဆုတ်၊ နှလုံး၊ ကျောက်ကပ်) ဖွဲ့စည်းတည်ရှိနေပုံကို လေ့လာသောအခါတွင် ယခု ကျွန်ုပ်တို့၏ ပျမ်းမျှ