Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - မကောင်းမှုထူပြောတဲ့လောကထဲမှာကောင်းတဲ့ကလေးတွေပေါ်ထွန်းလာစေဖို့

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အခန်း (၁)

ကောင်းတဲ့ကလေးတွေ ပေါ်ထွန်းလာရေးအတွက် ပျိုးထောင်ပြုစုရခြင်းဟာ ရိုးရှင်းသော်လည်း

လွယ်ကူသောကိစ္စရပ် မဟုတ်ပါ

လွန်ခဲ့သော ၇ နှစ်ခန့်က ကျွန်တော်ဟာ မိတ်ဆွေတစ်ဦးဖြစ်တဲ့ မျက်စိ ဆရာဝန်ထံသွားတွေ့ပြီး ကျွန်တော့်အတွက် ဘိုင်ဖိုကယ်မျက်မှန် လုပ်မယ့် အကြောင်း ဆွေးနွေးလိုက်ပါတယ်။

ဒီအခါ ကျွန်တော့်မိတ်ဆွေ မျက်စိဆရာဝန် ဘော့ဘ်ဗောတ်ဘာဂါ က ကျွန်တော့်အတွက် ခေတ်ပေါ်နည်းပညာကို အသုံးပြုပြီး မျက်မှန် လုပ်ပေးထားတဲ့အကြောင်း ပြောပြတယ်။

ဒီလိုနဲ့ ၁ဝ ရက်လောက်ကြာပြီးတဲ့နောက် သူက ကျွန်တော် အရာရာ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ ပြင်ထားပေတော့လို့ ပြောပြီး ကျွန်တော့်ကို မျက်မှန်တပ်ပေးခဲ့ပါတယ်။

နောက်တော့ ကျွန်တော် သူ့ကို နှုတ်ဆက်ပြီး အပြင်ကို ပြန်ထွက် လာခဲ့တယ်။ ကျွန်တော့်ကားက သူ့ရုံးခန်းနဲ့ ပေ ၅၀ အကွာလောက်မှာ ရပ်ထားတာပါ။ ကျွန်တော်က လမ်းလျှောက်နေရင်း ခြေထောက်တွေကို အမြင့်ကြီးမြှောက်မိတယ်။ ကျွန်တော့်ကားနားကို ရောက်ခါနီးပြီဆိုတာကို ကျွန်တော် သတိမထားမိဘူး ဖြစ်နေတယ်။ ကားရဲ့ ပြတင်းမှန်ကလည်း အလင်းပြန်နေတယ်လေ။ ကျွန်တော်ခြေလှမ်းလိုက်တိုင်း ခြေထောက်တွေက လေထဲ ၂ ပေလောက်မြောက်တက်သွားတာ တွေ့နေရတယ်။ ဒီတော့ ကျွန်တော့် လှုပ်ရှားမှုကို အခြားဘယ်သူကများ ကြည့်နေသလဲလို့ ပတ်ဝန်းကျင် အကဲခတ်လိုက်တာပေါ့ ။ ကျွန်တော့်ကို ဘယ်သူကမှ သတိ ထားပြီး ကြည့်မနေဘူးဆိုတာ သိလိုက်တော့မှ ကျွန်တော့်ကိုယ် ကျွန်တော် တွေးပြီး ပြုံးလိုက်မိတယ်။ ကျွန်တော်ဟာ တော်တော်လေး ရယ်စရာကောင်းတဲ့အလုပ်ကို လုပ်ခဲ့မိပါလားလို့။ တကယ်တော့ ကျွန်တော့်ရဲ့ ဘိုင်ဖိုကယ် မျက်မှန်ဟာ သူ့နေရာနဲ့ သူ့အနီးအဝေးကို ကောင်းစွာမြင်နိုင်ဖို့ လုပ်ခဲ့တာ မှန်ပေမဲ့ သူ့နေရာနဲ့ သူ့ကျွန်တော်က မသုံးစွဲမိတတ်လို့ အခုလို ဖြစ်ရတာပါ။ မျက်မှန်ဟာ ကျွန်တော်တို့ ကြည့်ချင် တွေ့မြင်ချင်တဲ့အရာတွေ ကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်အောင် စွမ်းဆောင်ပေးတယ်။ သေးငယ်တဲ့ အရာတွေကို ထင်ရှားစွာ မြင်နိုင်အောင် ပုံကြီးချဲ့ပေးနိုင်တယ်။ သို့သော်လည်း မူလကတည်းက ကြီးမားထင်ရှားနေတဲ့အရာတွေကို မျက်မှန်နဲ့ကြည့်မိတဲ့ အခါ ကြောက်စရာကောင်းတဲ့အထိ ထင်ရှားကြီးမားသွားစေတတ်ပါတယ်။

ကျွန်ုပ်တို့မိဘများအနေနဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် စဉ်းစားရာမှာ မလိုလားအပ်တဲ့နေရာတွေမှာ ချဲ့ကားစဉ်းစားမိခြင်း မရှိစေဖို့ ဤမျက်မှန်ဥပမာကနေ သင်ခန်းစာရယူနိုင်ပါတယ်။

သင့်အနေနဲ့ သင့်ကလေးအတွက် အရေးပါတဲ့ကိစ္စတွေကို စဉ်းစား ရာမှာ သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဂုဏ်သိက္ခာစွမ်းဆောင်မှု မျှော်လင့်ချက် ရည်မှန်းချက်တွေအတွက် ခိုင်မာမှုရှိအောင် တစ်ခါတည်း လေ့ကျင့် သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ကောင်းသောကလေးများ ပေါ်ထွန်းလာစေဖို့ ပြုစုပျိုးထောင် ပေးရာမှာ အခြေခံကျပြီး အရေးပါတဲ့ စည်းမျဉ်း ၂ ရပ်ကို လိုက်နာကျင့်သုံး ရမှာ ဖြစ်ပါတယ်။

သင့်စဉ်းစားပုံ စဉ်းစားနည်းက သင် အမှန်တကယ် ဆောင်ရွက်လုပ်ကိုင်ရမယ့်နည်းလမ်းသာ ဖြစ်ပါတယ်

ပထမဆုံးသော စည်းမျဉ်းအရ သင်က ဘယ်သူဖြစ်တယ်။ သင် ဘယ်နေရာမှာ ရောက်ရှိနေပြီး သင့်စိတ်ထဲမှာ ဘာရှိတယ်။ သင် ဘာဖြစ်တယ်ဆိုတာအပေါ် သင်က ပြောင်းလဲပစ်နိုင်ပြီး သင့်စိတ်ထဲမှာ ဘယ်လို အပြောင်းအလဲဒဏ်တွေကို ခံစားနေရတယ်... ဆိုတာတွေက သင်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ သင် အမှန်တကယ် ဆောင်ရွက်လုပ်ကိုင်ရမယ့် နည်းလမ်းတွေသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ရဲ့ စဉ်းစား တွေးခေါ်မှုတွေက သင့်ရဲ့ လက်တွေ့ ဆောင်ရွက်နိုင်ခြင်းတွေအပေါ် အကျိုး သက်ရောက်စေတဲ့ သဘောဖော်ပြပါတယ်။

လက်တွေ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ သင့်ဘက် က စဉ်းစားတွေးခေါ်မှုတွေ ကြိုတင်မထားဘဲ အကျိုးသက်ရောက်မှု မရှိ နိုင်ပါဘူး။ ဒီနေရာမှာ အခါအခွင့်သင့်တုန်း ကျွန်တော့်အကြောင်းကို နည်းနည်းလောက် ပြောပြလိုပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်ဟာ ကွန်ပျူတာတစ်လုံး ဝယ်ယူဖို့ စိတ်ကူးခဲ့ပြီး ကွန်ပျူတာ အသုံးပြုခြင်းဖြင့် ကျွန်တော့်ရဲ့ ကုမ္ပဏီလုပ်ငန်းတွေကို လျင်မြန်စွာနဲ့ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်သာ ကွန်ပျူတာရဲ့ အကူအညီနဲ့ အလုပ်တွေကို ကောင်းအောင် လုပ်နိုင်မယ်ဆိုရင် လုပ်ငန်းတိုးတက်မှုတွေ လျင်မြန်ပြီး ရည်မှန်းချက်တွေကိုလည်း မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် ကွန်ပျူတာတစ်လုံး ဝယ်ယူမယ့်အရေးကို ကျွန်တော် စိတ်လှုပ်ရှားခဲ့တယ်ပေါ့။

ကျွန်တော်ဟာ မစ္စစ္စပီမြစ်ကမ်းဘေးမှာရှိတဲ့ မြို့လေးတစ်မြို့ကနေ လာတာဆိုတော့ တောသားပီပီ ပစ္စည်းအသစ်အဆန်းလေးတစ်ခုကို ဝယ်ယူဖို့အတွက် စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က ကွန်ပျူတာဝယ်နိုင်ဖို့အရေး တွေ့ ရသမျှလူတိုင်းကို ပြောပြမိတယ်။ ကျွန်တော့် အတွေးထဲမှာ ကွန်ပျူတာက အရာရာတိုင်းကို စွမ်းဆောင်ပေးနိုင်မယ် ဆိုတာကို ယုံကြည်နေမိတယ်။

ဒီလိုနဲ့ ၆ လလောက်ကြာပြီးတော့ ကျွန်တော် ကွန်ပျူတာ ဝယ်ဖြစ် သွားတယ် ကျွန်တော်ကွန်ပျူတာကို အထင်ကြီးလေးစားစွာနဲ့ အသုံးပြု လိုက်တယ်။ နောက်တော့ သိပ်မကြာခင်မှာပဲ ကျွန်တော် အဲဒီကွန်ပျူတာ ကို ဝယ်ခဲ့တဲ့ ဈေးနှုန်းထက်များစွာ လျှော့ချပြီး ပြန်ရောင်းလိုက်တယ်။ ကျွန်တော် ကွန်ပျူတာရောင်းရတဲ့ ရည်ရွယ်ချက်ကတော့ နည်းပညာတိုးတက်နေတဲ့ကာလမှာ ပစ္စည်းသစ်တစ်ခု ထွက်ပြီးတိုင်း အဲဒီပစ္စည်းကနောက်ထပ်ထွက်ပေါ်လာမယ့် ပစ္စည်းထက် မော်ဒယ်စွမ်းဆောင်ရည်၊ လွယ်ကူ လျင်မြန်မှုတွေ လျော့ကျနေစမြဲဖြစ်တာကြောင့် ထုတ်ကုန်ပစ္စည်း အသစ်တွေကို ဝယ်ယူနိုင်စွမ်းမရှိသေးတာကြောင့် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စဉ်းစားစရာရှိတာက ကွန်ပျူတာအသုံးပြုခြင်း ကြောင့် အရာရာနီးပါး လွယ်ကူအဆင်ပြေစေတာကို သိရုံနဲ့ မပြီးသေးဘဲ ဆက်တိုက်ထွက်ပေါ်လာတဲ့ ကွန်ပျူတာတွေကို မော်ဒယ်မြင့်ရင်မြင့်သလို သုံးနိုင်ဖို့လည်း လိုသေးတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ကွန်ပျူတာတွေဟာ မော်ဒယ်မြင့်လျှင် မြင့်သလို သတင်း အချက် အလက်တွေကို ထည့်သွင်း၊ သိုမှီးထားနိုင်သလို သတင်းအချက်အလက် တွေကိုလည်း ပြန်လည်ထုတ်ပေးနိုင်စွမ်း မြင့်မားနေမှသာ စွမ်းဆောင်ရည် ကောင်းတဲ့ ကွန်ပျူတာအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

သင့်ကိုယ်သင် မညှာတာမှသာ ဘဝမှာ လွယ်ကူအဆင်ပြေမှုရှိစေပါလိမ့်မယ်

အကယ်၍ သင်က အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်တယ်ဆိုရင်... (သို့) ကော်ပိုရေးရှင်းတစ်ခုရဲ့ အရာရှိဖြစ်တယ်ဆိုရင် (သို့) ပြေးခုန်ပစ် အားကစားသမား (သို့) အားကစားနည်းပြတစ်ယောက် ဖြစ်တယ်ဆိုရင်.. ကိုယ့်ကိုယ်ကိုယ် အမြဲတစေ မညှာတမ်းခိုင်းစေနိုင်မှ.. မနားမနေကြိုးစား အားထုတ်နေနိုင်မှသာ ဘဝရပ်တည်မှုအတွက် အဆင်ပြေချောမွေ့နေမှာ ဖြစ်ပါတယ်။

လောကမှာ အောင်မြင်မှုတစ်ယောက် ပေါ်ထွက်လာဖို့အတွက် မိဘ တွေရော သားသမီးတွေကပါ ပူးပေါင်းကြိုးစားနိုင်စွမ်းရှိဖို့ လိုပါတယ်။ မကောင်းမှုတွေ ထူပြောပြီး ကြမ်းတမ်းခက်ခဲမှုတွေ ရှိနေတဲ့လောကမှာ မိဘတွေဘက်က ကြိုးစားအားထုတ်မှုတွေကို ထုတ်ပြပေးနိုင်မှ သားသမီး တွေကလည်း နမူနာကောင်းအဖြစ် တုပလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

မကောင်းမှုတွေ ထူပြောတဲ့လောကထဲမှာ ကောင်းတဲ့ကလေးတွေ အဖြစ် မွေးထုတ်ပေးနိုင်ဖို့ မိဘတွေရော သားသမီးတွေကပါ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ထားနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် မိဘများက သား သမီးတွေ ငယ်ရွယ်စဉ်ကာလကတည်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သူ တွေဖြစ်အောင်... အရာရာ အမှားနဲ့ အမှန် အကောင်းနဲ့ အဆိုး ခွဲခြား တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးပါ။

သားသမီးတွေကို ပျိုးထောင်ပြုစုခြင်းမရှိ လေ့ကျင့်သင်ကြားပေးမှု မရှိခြင်းဟာ... အဲဒီကလေးအတွက် ဘေးဒုက္ခ အန္တရာယ်အသွယ်သွယ်ကို ဤရောက်စေတတ်ပါတယ်။ ကလေးတွေကို ကောင်းမွန်စွာ လေ့ကျင့်ပျိုးထောင် ပေးခြင်းကြောင့် သူတို့ဘာသာ လောကထဲမှ ရှင်သန်ခွင့်ရတဲ့အခါ... ဘေးကင်း လုံခြုံမှုအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့အပြင် ဘဝ တိုးတက်ရာ လမ်းကြောင်းတွေကိုလည်း သူတို့ကိုယ်တိုင် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

သားသမီးတွေကို ချစ်လွန်းပြီး အလိုလိုက်မိတဲ့ မိဘတွေဟာ ညှာတာမှု ကင်းမဲ့တဲ့ လောကထဲ မိမိတို့သားသမီးတွေကို တွန်းပို့နေတဲ့သဘောဆောင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိဖို့ ပြုစုပျိုးထောင် လေ့ကျင့်ရာမှာ လိုအပ်သလို နာကျင်ခံစားရတဲ့ အတွေ့အကြုံတွေများများ ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်။

အောင်မြင်မှုက အလွယ်တကူရောက်မလာတတ်ပါ

ကျွန်တော့်ဘဝမှာ လူအများအတွက် အသိပညာတွေ ပွင့်လန်းဖို့ နေ့စဉ်ပြောဆိုဆွေးနွေးမှုတွေ လုပ်နေရတာဟာ လွယ်ကူတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ကျွန်တော်က ပြောဆိုဟောပြောမှုတွေလုပ်တိုင်း အခကြေး ငွေတော့ ရရှိပါတယ်။ တစ်နေ့မှာ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို လမ်းမှာ တွေ့ရင်း အခုလို စပြောတယ်။

“ရှင်က ဟောပြောဆွေးနွေးတဲ့ ပွဲလေးနည်းနည်းလောက် လုပ်လိုက် တာနဲ့ ပိုက်ဆံရတာပဲနော်” ဒီတစ်ခါ ကျွန်တော်က သူမကို အခုလို ပြန်ရှင်း ပြရတာပေါ့။

“မဒမ်က ဘယ်က ဘယ်လိုကြားပြီး အခုလို ပြောတယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ မဒမ်ကို သိစေချင်တယ်။ ကျွန်တော်က ပွဲစီစဉ် ပေးတဲ့ လိုင်းရင်းကလပ်မှာ ပွဲပေါင်း ရာနဲ့ချီပြီး ဟောပြောခွင့်ရတဲ့သူပါ ကျွန်တော် ဟောပြောပေးနိုင်သလောက်လည်း ပိုက်ဆံက ရတယ်လေ” ကျွန်တော်က ပိုက်ဆံရသလောက်လည်း ပြန်ကုန်ရတဲ့အကြောင်းက ရှိနေ ပါတယ်။ ကျွန်တော်တစ်နေရာက တစ်နေရာ ခရီးသွားရတဲ့စရိတ်တွေ စားသောက်တည်းခိုတဲ့ စရိတ်တွေပေါ့။ ကျွန်တော့်စရိတ်နဲ့ ကျွန်တော်ဟောပြောပွဲတွေကို သွားရတာ... ဒါကြောင့် ရလာသမျှ အိတ်ထဲသာ အကုန် ထည့်လို့မရဘူး မဒမ်။ တစ်ခါတလေ “မိုတယ်ခ”ပေးဖို့ ပိုက်ဆံပြတ်တတ်သေး တယ်။ ဒါကြောင့် ဘဝဆိုတာ လွယ်လွယ်နဲ့ ရပ်တည်ခွင့်မရသလို အောင်မြင်မှု ဆိုတာကလည်း အလွယ်တကူ ရောက်လာတတ်တာ မဟုတ်ဘူးလေ..”

ကိုယ်ပိုင်တန်ဖိုးများကို ချင့်တွက်ခြင်း ၊

အောက်ပါမေးခွန်းများဖြင့် ချင့်တွက်နိုင်ပါတယ်။

၁။ ကောင်းသောကလေးတွေ ဖြစ်ထွန်းစွာ မွေးထုတ်နိုင်ဖို့အတွက် အဓိကအရေးပါတဲ့ စည်းမျဉ်းစည်းကမ်းက ဘာလဲ။

၂။ သင့်ဘဝတစ်သက်တာအတွင်း တိကျတဲ့ သဘောထားရပ်တည်ချက်ကို ဘယ်လိုထားရှိနိုင်မယ်ဆိုတာ စဉ်းစားပေးပါ။ သင့်ရဲ့ စဉ်းစား တွေးခေါ်မှုတွေက သင့်ရဲ့ လက်တွေ့ စွမ်းဆောင်မှုတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ။

၃။ ကောင်းသော ကလေးတွေအဖြစ် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးနိုင်ဖို့ ဒုတိယ အရေးပါတဲ့ စည်းမျဉ်းစည်းကမ်းက ဘာလဲ။

၄။ သင့်ကလေးတွေကို ခက်ခဲကြမ်းတမ်းတဲ့နေရာကနေ ဆွဲထုတ်ပြီးကာကွယ်ပေးလိုပါသလား။ ။

၅။ သင့်စည်းမျဉ်းစည်းကမ်းများအား အပြောင်းအလဲလုပ်နိုင်မည့်နည်းလမ်းအချို့ကို စဉ်းစားပြီး သင့်သားသမီးတို့အတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်ပါသလား။

၆။ သင့်မိဘတွေက သင့်ကို ဇွဲ ခံနိုင်ရည်အားကောင်းဖို့ သင်ကြားပေးခဲ့ပါသလား။ သင်ကြားပေးတယ် ဆိုပါက ဘယ်လိုဘယ်နည်း သင်ကြားပေးပါသလဲ။