Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

အောင်စည်သာ - အောင်မြင်သူတွေဘယ်လိုတွေးသလဲ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အခန်း(၁)

အမြင်ကျယ်ကျယ် စဉ်းစားတွေးခေါ်ပါ

အမြင်ကျယ်ကျယ်ရှိတာဟာ ဘယ်သူ့အတွက်၊ ဘယ်နေရာမှာ မဆို အသုံးဝင်ပါတယ်။ GE ကုမ္ပဏီရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ ဂျက်ဆေ့(ခ်) လို ပုဂ္ဂိုလ်မျိုးက သူ့ရဲ့ အလုပ်သမားတွေကို “ဖောက်သည် တွေဆီ ကွန်ပျူတာတစ်လုံး ရောင်းရဖို့ထက် အဲဒီဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေးက ပိုအရေးကြီးတယ်”လို့ ပြောလိုက်ခြင်းက သူ့ အလုပ်သမားတွေကို အမြင်ကျယ်ကျယ်ရှိဖို့၊ အရှည်ကိုစဉ်းစားဖို့ သတိ ပေးလိုက်တာပါပဲ။ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်မှာ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ သူဌေးကြီး ဒေါ်နယ်ထရန့်က ပြောပါတယ်။ ခင်ဗျား အမြဲတမ်း စဉ်းစားနေရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် စဉ်းစားရမယ့် အတူ တူတော့ ကြီးကြီးမားမား၊ ကျယ်ကျယ်ပြန့်ပြန့်ပဲ စဉ်းစားမှာပေါ့” အမြင် ကျယ်ကျယ် စဉ်းစားတွေးခေါ်နိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ အတွေး အခေါ်ကို ကျယ်ပြန့်တဲ့အမြင်နဲ့ ရင့်ကျက်မှုတွေ ယူဆောင်လာပေးပါတယ်။ အဲဒီလို စဉ်းစားတွေးခေါ်နည်းဟာ ဘက်ပေါင်းစုံကို မြင်တွေ့နိုင် ပါတယ်။ အဲဒီလို စဉ်းစားနည်းဟာ ရုပ်ပုံတစ်ခုရဲ့ ဘောင်ကို ပိုကျယ်ပြန့်အောင် ဆွဲချဲ့လိုက်သလိုပါပဲ။ သင်မြင်နိုင်တာတင် မဟုတ်ပါဘူး။ သင် လုပ်နိုင်တာတွေပါ ကျယ်ပြန့်လာတာပါ။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသူတွေနဲ့လည်း အချိန်ဖြုန်းကြည့်ပါ။ အမြင်ကျယ်သူတွေ၊ အရှည် တွေးခေါ်သူတွေဟာ အောက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံနေကြောင်း သင်တွေ့ရှိလာပါလိမ့်မယ်။

စဉ်ဆက်မပြတ် လေ့လာနေကြတယ်

အမြင်ကျယ်ကျယ် စဉ်းစားတွေးခေါ်သူ တွေဟာ သူတို့သိ သလောက်နဲ့ ဘယ်တော့မှ ရောင့်ရဲလေ့မရှိကြပါဘူး။ သူတို့ နေရာအသစ် တွေကို သွားကြတယ်။ စာအုပ်အသစ်တွေ ဖတ်ကြတယ်။ လူအသစ်တွေ နဲ့ တွေ့ကြတယ်။ ပြီးတော့ အရည်အချင်းအသစ်တွေ သင်ယူရရှိကြ တယ်။ အဲဒီအလေ့အကျင့်ကြောင့်ကိုပဲ မဆိုင်ပါဘူးလို့ လူတွေ ထင်တဲ့ အရာတွေကို သူတို့ရအောင် ချိတ်ဆက်နိုင်ကြတယ်။ သူများနဲ့ မတူတာ တွေ မြင်ကြတယ်။ သူတို့ဟာ ဘဝတစ်လျှောက်လုံး သင်ယူလေ့လာနေ ကြသူတွေပါ။

အဲဒီလို သင်ယူလေ့လာလိုတဲ့ အကျင့်ကောင်းတစ်ခု ရရှိဖို့ဆိုရင် ကျွန်တော်လုပ်လေ့လုပ်ထရှိတာကတော့ မနက်တိုင်း မနက်တိုင်း အချိန် အနည်းငယ်ယူပြီးတော့ ဒီနေ့တစ်နေ့တာမှာ ကျွန်တော့်အတွက် ဘာတွေ သင်ယူလေ့လာနိုင်ဖို့ အခွင့်အလမ်းရှိနေသလဲဆိုတာကို စဉ်းစားပါတယ်။ ကျွန်တော့်ရဲ့ ပြက္ခဒိန်နဲ့ လုပ်ရမယ့် အချိန်ဇယားကို အပြန်ပြန်အလှန်လှန် ကြည့်ရှုလေလေ၊ ဒီနေ့ ကျွန်တော်ဘယ်သူနဲ့ တွေ့မယ်၊ ဘာတွေ ဖတ်ရ မယ်၊ ဘယ်လိုအစည်းအဝေးတွေ တက်ရမယ် စတာတွေကို မှတ်မိလာတာနဲ့အမျှ အဲဒီကတစ်ဆင့် ဘာတွေလေ့လာနိုင်သလဲဆိုတာကိုပါ စဉ်း စားလာနိုင်ပါတယ်။ အဲဒီနောက်တော့ ကျွန်တော့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲကမှ ကျွန်တော့်ကို တစ်နည်းတစ်ဖုံ တိုးတက်လာနိုင်စေ မယ့် အခြေအနေတွေကိုလည်း အမြဲလေ့လာ ခေါင်းသွင်းထားပါတယ်။ အကယ်၍ သင်ဟာ ဘဝတစ်လျှောက်လုံး သင်ယူလေ့လာတဲ့ အလေ့အ ကျင့်တစ်ခု ဖန်တီးချင်တယ်ဆိုရင် သင့်တစ်နေ့တာကို ဘယ်လိုသင်ယူ စရာအခွင့်အရေးတွေ ရှိနေသလဲဆိုတဲ့အချက်နဲ့ စတင်စဉ်းစားဖို့ အကြံပြု လိုပါတယ်။

စူးစူးစိုက်စိုက် နားထောင်ပါ

အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ သင့်ဗဟုသုတပမာဏကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုက အဲဒီနယ်ပယ်မှာ အတွေ့အကြုံများစွာရှိတဲ့ ပညာရှင်တွေရဲ့ စကားကို နားထောင်ဖို့ပါ။ ကျွန်တော်ဟာ အဲဒီလို အခွင့်အရေးတွေကို အမြဲတမ်း လိုက်ရှာနေတတ် တယ်။ တစ်နှစ်မှာ ဘောလုံးနည်းပြနဲ့ သင်တန်းဆရာပေါင်း ကိုးရာကျော်ကို စကားပြောခဲ့ရပါတယ်။ အဲဒါက သူတို့ရဲ့ ဘောလုံးသင်တန်း တစ်ခု သင်တန်းဆင်းပွဲမှာပါ။ အဲဒီပွဲမှာ ကျွန်တော့်ရဲ့ သား မက် စတိ(ဗ်) မေလာနဲ့ အတူတူ တက်ရောက်ခဲ့ပြီး ထင်ရှားတဲ့ နည်းပြချုပ်တွေဖြစ်တဲ့ ဒေ့(ဗ်)ဝမ်းဆက်(ဒ်)၊ ဘက်(ဂျီ)ဒေးဗစ် စသူတို့နဲ့ ညစာ စားခွင့် ရရှိခဲ့ ပါတယ်။ အဲဒါဟာ အလွယ်တကူရရှိနိုင်တဲ့ အခွင့်အရေး မဟုတ်ပါဘူး။ အဲဒီတော့ အဖွဲ့ အစည်းစိတ်ဓာတ်နဲ့ ပတ်သက်လို့ သူတို့ကို ကျွန်တော် မေးခွန်းတချို့ မေးနိုင်ခဲ့ပါတယ်။ ပြီးတော့ သူတို့ပြောတာတွေကို နားထောင်ခွင့်ရခဲ့ပါတယ်။ အဲဒီ ညနေ အပြန်လမ်းပေါ်မှာ ကျွန်တော့်သား မက်က ကျွန်တော့်ကို ပြောပါတယ်။ “ဂျွန်ရေ၊ ခင်ဗျား သူတို့ကို မေးခဲ့တာ မေးခွန်းပေါင်းတစ်ရာလောက် ရှိမယ်ထင်တယ်”လို့ ဆိုပြီးတော့ပေါ့။ အကယ်၍ ကျွန်တော်တို့ဟာ တိုးတက်ချင်တယ်၊ သင်ယူချင်တယ်ဆိုရင် ဘယ်လိုမေးခွန်းမျိုး မေးရမလဲဆိုတာနဲ့ ရတဲ့အဖြေကို ဘဝမှာ ဘယ်လို ပြန်ပြီး အသုံးချရမလဲဆိုတာကို သိရပါမယ်။ နားထောင်ခြင်းဟာ စကား ပြောခြင်းထက် ပိုပြီး လေ့လာခွင့်ရစေတယ်လို့ ကျွန်တော်ကလည်း ပြန်ပြောလိုက်ပါတယ်။ ။

သင် လူတွေနဲ့ တွေ့တဲ့အခါ သင့်မှာ သင်ယူလေ့လာဖို့ အစီအစဉ် ကောင်းကောင်းတစ်ခု ရှိနှင့်သင့်ပါတယ်။ အဲဒါဟာ သင်မလုပ်နိုင်တာ တွေကို လုပ်နိုင်တဲ့ လူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်း တစ်ခုပါပဲ။ ကျယ်ပြန့်စွာ တွေးခေါ်နိုင်သူတွေဟာ သူတို့အရာအားလုံးကို မသိနိုင်ဘူးဆိုတာကို ဝန်ခံကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နားလည်မှုနဲ့ အတွေးအခေါ်ကို ကျယ်ပြန့်ကြီးထွားစေဖို့ ဖောက်ထွက်တဲ့ မေးခွန်းတွေကို မကြာခဏ မေးလေ့မေးထရှိကြတယ်။ သင်သာ ပိုတော်တဲ့ အမြင်ကျယ် ကျယ်စဉ်းစားနိုင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နားထောင်သမား ကောင်းတစ်ယောက်ဖြစ်အောင် အရင်ကြိုးစားပါ။

မျက်စိတစ်ဆုံး ကြည့်ရှုပါ

စာရေးဆရာ ဟင်နရီဒေးဗစ်သိုရူးက ပြောခဲ့တယ်။ တစ်ခါတစ်ရံ မှာ မျက်စိအောက်မှာ ရှိနေပေမဲ့လည်း အချို့ အရာဝတ္ထုတွေက မမြင် နိုင်ပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ရဲ့ ဉာဏ်ပညာက မသိလို့ပါ”တဲ့။ လူတွေဟာ သူတို့ မြင်နေကျဟာကိုပဲ အရင်မြင်လေ့ရှိတယ်။ ဥပမာကျွန်တော်တို့ ကုမ္ပဏီကလုပ်တဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ကို လူတွေရောက်လာပြီဆိုရင် သူတို့မြင်ချင်၊ သိချင်တဲ့အရာက ဘယ်မှာ ကားပါကင်ထိုးရမယ်၊ သက်သောင့်သက်သာထိုင်ခုံကို ဘယ်မှာရှာရမယ်။

စပီကာဖွင့်ထား၊ မထားနဲ့ နားချိန်တွေဟာ မှန်ကန်စွာရှိ မရှိ စတာတွေ ပါပဲ။ အဲဒီ ဆွေးနွေးပွဲကိုပဲ ကျွန်တော်ရောက်တဲ့အခါ ကျွန်တော် သိချင်၊ မြင်ချင်တာက အလင်းရောင် ကောင်း မကောင်း၊ အသံပိုင်းဆိုင်ရာ စနစ်တွေ ကောင်းကောင်း အလုပ်လုပ် မလုပ်၊ ပရိသတ်နဲ့ ဟောပြောသူ အကြား နေရာအထားအသို မှန်၊ မမှန် စသည်ဖြင့်ပေါ့။ သင်ဟာ ဘယ် လိုလူစားလဲဆိုတာကို ဆုံးဖြတ်ပေးမှာက သင်ဘယ်လိုတွေးသလဲဆိုတာ နဲ့ သင်ဘာကို မြင်သလဲဆိုတာပါ။

ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်သူတွေဟာ သူတို့ရဲ့ မြင် ကွင်းထဲမှာ သူတို့မမြင်သေးတဲ့အရာတွေ ရှိနေတယ်ဆိုတာ သိကြတယ်။ သူတို့ကိုယ်ထဲက သူတို့ မမြင်နိုင်တဲ့အခါ အခြားသူရဲ့ ကမ္ဘာထဲကို အခြားသူရဲ့ မျက်စိထဲကတစ်ဆင့် ကြည့်ကြတယ်။ ဘောင်ထဲမှာနေရင် ဘယ်လိုရုပ်ပုံမျိုးလဲဆိုတာကို သိဖို့ ခက်ခဲပါတယ်။ ဘောင်ပြင်ထွက်ပြီး ကြည့်မယ်ဆိုရင်တော့ ရုပ်ပုံတစ်ခုကို ကောင်းစွာမြင်နိုင်မှာပါ။ သူများတွေ ဘယ်လိုမြင်လဲဆိုတာကိုသိဖို့ သူတို့ဘယ်လိုစဉ်းစားလဲဆိုတာကို အရင် ဆုံးသိရပါမယ်။ နားထောင်သမားကောင်းတစ်ယောက် ဖြစ်လာခြင်းဟာ အဲဒီကိစ္စကို ကောင်းစွာ အကူအညီပေးနိုင်ပါလိမ့်မယ်။ သင့်အလုပ်ကို သင်လုပ်ရင်းပဲ သူတစ်ပါးရဲ့ ရှုထောင့်ကို သင့်ဂရုစိုက်ရပါလိမ့်မယ်။

ပြည့်ဝစွာ နေထိုင်ပါ

ပြင်သစ်စာရေးဆရာ မိုက်ကယ်အီကမ်ဒီမွန်တိန်းက ရေးသားခဲ့ တယ်။ “ဘဝရဲ့ တန်ဖိုးတွေဟာ ဘယ်နှရက် ရှင်သန်ရသလဲဆိုတာနဲ့ မဆိုင်ပါဘူး။ ဘဝမှာ ဘယ်လောက်ပဲ ရှင်သန်ချိန်နည်းပါစေ အဲဒီ အချိန်ကို ဘယ်လို အသုံးချသလဲဆိုတာဟာ သင့်ဘဝရဲ့ တန်ဖိုးပါပဲ” တဲ့။ ပြောချင်တဲ့သဘောတရားက သင်ဟာ သင့်ဘဝကို ဘယ်လိုနည်းမျိုးနဲ့မဆို ဖြတ်သန်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါပဲ အသုံးချ နိုင်မှာပါ။ အမြင်ကျယ်တဲ့သူတစ်ယောက် ဖြစ်လာခြင်းဟာ ဘဝကို ပြည့် ပြည့်ဝဝ အသုံးချနိုင်မှာပါ။ အမြင်ကျယ်တဲ့ သူတွေဟာ သူတို့ရဲ့ အတွေ့ အကြုံတွေကို တိုးချဲ့လိုကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သူတို့ရဲ့ ကမ္ဘာကို ကျယ်ပြန့်ချင်ကြတယ်။ ရလဒ်ကတော့ အမြင်ကျဉ်းတဲ့ သူတွေထက် သူတို့ဟာ ပိုပြီးအောင်မြင်ကြတယ်။ ပြီးတော့ မလိုလား အပ်တဲ့ အံ့သြဖွယ် ဖြစ်ရပ်ဆန်းတွေကိုလည်း ကြုံတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဘယ်လိုအခြေအနေမျိုးမှာကိုမဆို အရာ ဝတ္ထုတော်တော်များများကို တွေ့ဆုံဖို့ ပိုပြီး အခွင့်အလမ်းရှိလို့ပါပဲ။ လူတွေ၊ ဆက်ဆံရေးတွေ၊ အချိန်တွေ၊ တန်ဖိုးတွေနဲ့ ပြဿနာရပ်တွေ အကုန်လုံးပေါ့။ အဲဒီတော့ သူတို့ဟာ ဘဝနဲ့ ပတ်သက်လို့ သာမန်လူ တွေထက် ပိုပြီး ခံနိုင်ရည်ရှိကြတယ်၊ အတွေ့အကြုံများကြတယ် ဆိုတာ ပြောစရာ မလိုတော့ပါဘူး။ သူတို့ဟာ သူတို့ဘဝကို အမြင်ကျယ်ကျယ်နဲ့ ပြည့်ပြည့်ဝဝ နေထိုင်ခဲ့ကြသူတွေပါ။

အမြင်ကျယ်ဖို့ ဘာလို့ လိုအပ်သလဲ

ယေဘုယျအားဖြင့်တော့ အမြင်ကျယ်ကျယ်စဉ်းစားခြင်းကို အကျိုးရှိတယ်လို့ အသိအမှတ်ပြုရမှာပါ။ လူအချို့က ဦးနှောက်အပိတ် ထဲမှာ နေထိုင်နေကြတယ်။ ဘယ်သူမှတော့ အဲဒီနည်းလမ်းကို မကြိုက် ကြဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံ သင့်မှာ လိုချင်စိတ် သိပ်မရှိတဲ့အခါမျိုးမှာ သင့်ဦးနှောက်က ပိတ်မိနေတတ်ပါတယ်။ သင်ဘာလို့ အမြင်ကျယ်သူ တစ်ယောက် ဖြစ်လာဖို့ လိုအပ်သလဲဆိုတဲ့ အကြောင်းပြချက်အချို့ကို ကြည့်ကြည့်ရအောင်။