Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အရှင်သုမင်္ဂလ(စစ်ကိုင်း) - ခရမ်းနုရောင်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

[၁]

ရာသီဖွဲ့

‘ရွေးချယ်စီစဉ်သူ ဦးချမ်းမြ” ဟု စာထိုးထားသည့် ကဗျာယဉ်,စာယဉ် လက်ရွေးစင်စာအုပ်၌ ရှေးခေတ်စာဆိုတို့၏ ရာသီဖွဲ့ စာတို့ကို အတော် များများ တွေ့မိသည်။ မြန်မာတို့၏ ဆယ့်နှစ်လကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းစဉ်ထိုးတော့ တန်ခူးလက ရှေ့ဆုံးမှာ။ တန်ခူး၏ သရုပ်မှန်က နွေ။ နွေကိုရောက်တော့ စာဆိုတို့က နွေ၏အလှကို ဖော်ကျူးကြသည်။ နွေကိုရောက်လျှင် ဥဩသံကို ကြားရသည်။ အရွက်ခြွေ သစ်ပင် ကြီးငယ်တို့၏ ရိုးတံပြိုင်းပြိုင်းအလှတရားကို တွေ့ရသည်။ နောက်ပြီး နွေ၏ မိတ်ဖက် အလှတရားက အပူ။ တစ်ခါကတော့ ထိုအပူက မိမိတို့ အညာအရပ်၌ ပို၍ အကဲသာလေ့ရှိသည်။ ခုတော့ အပူက သူ့အလံကို လက်ဆင့်ကမ်း၍ အညာအကြေအနှံ့ ခြေဆန့်ခဲ့ပြီလား မဆိုနိုင်။

“ပျော်ခင်းငယ်မှ သာလှ၊ သည်ချိန်ကျလျှင်

တောဝဂနိုင်၊ စုံသာမြိုင်မှာ

မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့

ထောင်းထောင်းငယ် လျှံငွေ့၊ လောင်ဓလေ့နှင့် လွမ်း၍ငယ်တစေ၊

အလို သေရချည့်

စိတ်လို့ မနိုင်၊ ဘယ့်နှယ်လူ ခိုင်ပါ့မယ်”

စသည်ဖြင့် “စာဆိုတော်ဦးယာက နွေ၏အပူကို သီဖွဲ့ ခဲ့သည်။ ပြောကြစတမ်းဆို စာဆိုတို့ခေတ်က ယခုလောက် တောပြုံးတောင်ပြုံးကာလ မဟုတ်သေး။ သဘာဝပေါက်ရောက် သစ်တောတို့ ယခုလို စည်းပြိုကမ်းပြို မပြုန်းတီးသေး။ မျက်မှောက်ခေတ်၏ အပူကိုသာ စာဆိုမြင်သိလေလျှင် ဘယ်ပုံဘယ်နည်း ဖွဲ့ဆိုမိမှာပါလိမ့်ဟုပင် ကြံကြံဖန်ဖန် အတွေးဝင်မိသေး သည်။

(၂)

မိုး၏ သင်္ကေတက မိုးစက်မိုးပေါက်နှင့် လျှပ်ပန်းလျှပ်နွယ်ဖြစ်သည်။ မိုးနှင့်အတူပါလာသည့် အလှတရားက တောင်ကျချောင်းရေနှင့် တောင်ယာ စိမ်းစိမ်းဖြစ်သည်။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ရာသီ၌ ရွာတောင်က ချောင် ကလည်း ရွာနောက်ကို ပေါင်းတော့သည်။ တောင်သူ ကောက်စိုက်တို့၏တောဓလေ့လုပ်ငန်းခွင်နှင့် ထိုလုပ်ငန်းခွင်ကို အခြေခံ၍ ဖြစ်လာရသည့် လူနေမှု ဘဝဟန်မူရာတို့ကလည်း ထိုရာသီ၌ အလှုပ်ခတ်ဆုံး ဖြစ်သည်။ ထိုလောကအလှကလည်း ရှေးစာဆိုတို့၏ရင်နှလုံးကို များစွာ ရိုက်ပုတ်ခဲ့ဟန် တူပါသည်။

“မိုးစရိုက်ပေမို့

ပျိုးပိုက်ကယ် ပျော်ပျော်

လက်စားငယ်ခေါ်သည်

မျက်ဝါးဖော် သူငယ်ချင်းတွေနှင့်

လယ်ခင်းပြန့် သမန်းပြင်မှာ

အငန်းတွင် သူငါဆင်းပါလို့

မူရာချင်း မြို့သူမှီပေါင်

တို့တူညီ သံချိုတေးငယ်နှင့်

ဇန်ညိုအေး ချိန်လောက်ဆီကို၊

အိမ်ရောက်မီ ကြဲပြန်ရတယ်လေး”

ဆိုသည့် မိုးဖွဲ့ လွမ်းချင်း စာတစ်ပုဒ်၌ လယ်ဆင်းကောက်စိုက် လုံမပျို တို့၏ တောဓလေ့သဘာဝနှင့် မိုးလရာသီကို 'စာဆိုတော်ဦးကြီးက အလှပေါ် အောင် ခြယ်မှုန်းခဲ့သည်။

“တို ထဘီငယ်

ဟိုဆီဖုံးရုံ၊ အလုံးခြုံကို

ကုန်းပုံက ညီ၊

ခေါင်းရေနှက်တဲ့ တဖက်နီနှင့်

ပလီလိုက်ကာ

ကုပ်ပေါ်ရောက်တဲ့ ဆံတောက်ဟာကို

တကြော့ရည်ရုံး လျော့ရီထုံးလို့

ပွင့်လုံးငယ် ခတ္တာ”

စသည်ဖြင့် စာဆိုက ဆက်၍ သီဖွဲ့ သည်။ ထိုအဖွဲ့ အနွဲ့၌ ပျိုးပင်ကို လက်တစ်ဖက်ကကိုင်၍ ရေလွှမ်းနေသည့်လယ်ခင်းထဲ စွပ်ခနဲစွပ်ခနဲ ကုန်း စိုက်နေကြသည့် လယ်သူမတစ်သိုက်၏ ယိမ်းညီသည့် အလှ၊ ခပ်ပြေပြေ ထုံးဖွဲ့ထားသည့် လည်ကုတ်ပေါ်ထောက်နေသော ဆံထောက်ဖားဖားအလှကို တွေ့ရသည်။ ခုကာလမှာတော့ ဆံတောက်ဖား ဖား”ကလည်း မရှိသလောက် ရှားသည့် ဆင်ယင်ထုံးဖွဲ့မှုတစ်ခု ဖြစ်ခဲ့ပြီ။ မိမိတို့ အညာစောပိုင်းအရပ်၌ပင် ဆံတောက်ဖားဖားကို သိပ်မမြင်မိတော့။

(၃)

“ဒီနှစ်ဆောင်းက ပိုအေးတယ်” ဆိုသည့် စကားကို ခုတလော ကြား ကြားနေရသည်။ တကယ်တော့ သည့်ထက်မကအေးသည့် ဆောင်းမျိုးကို ယခင့်ယခင်နှစ်အချို့က ကြုံဖူးခဲ့သည်သာ။ သို့သော် လူ့သဘောက လောလောလတ်လတ် ပြဿနာကိုသာ ပြဿနာအကြီးစားဟု ထင်ချင်တတ်တာ လည်း ပါလိမ့်မည်ထင်သည်။ ဆောင်းဆိုလျှင် မြင်လေရာတိုင်း၌ မြူနှင်းတို့ ဝေမြဲ။ ခိုက်ခိုက်တုန်အောင် အေးမြဲ။

အမေဝယ်လာပေးသည့် အနွေးထည်နှင့် ခေါင်းစွပ်ကို ဆင်မြန်းခွင့် ရတော့မည်မို့ ဆောင်းဝင်တော့မည် ဆိုကတည်းက ပျော်နေမိသည့် ကလေးဘဝတို့ ရှိခဲ့သည်။ ငယ်ငယ်တုန်းကတော့ ဆောင်း၏ အဆောင်အယောင်က မီးဖိုဖြစ်သည်။ မိမိတို့အရပ်၌ ညဦးပိုင်း အမှောင်သမ်းပြီဆိုကတည်းက ပဲစင်းငုံရိုးတွေ ဘေးပုံပြီး မီးလှုံသည့် အလေ့ရှိခဲ့သည်။ ရံခါ အမေဝယ်လာ သည့် ပဲမြစ်ပြုတ်အိုးက မီးဖိုပေါ်မှာ။ အိုးနှုတ်ခမ်းက အငွေ့ထွက်ပြီလားဆို ပဲမြစ်များ နပ်ပြီလားရယ်လို့ ခဏခဏ ဖွင့်ကြည့်နေရသည်ကိုက ရင်ခုန်ချင် စရာ။ တစ်ခါတစ်ခါ ကောက်ညှင်းကျည်ထောက်ကို မီးကင်ပြီး စားကြ သည်။ မြို့က ဘာမှဝယ်မလာဖြစ်သည့် အခါမျိုး၌ ကုလားပဲနွယ်အထွေး လိုက်ကို မီးမြိုက်ပြီး ဖုတ်စားကြသည်။ စားစရာတစ်ခုတလေမျှ မရှိလျှင် မီးဖိုဘေးထိုင်နေရသည်ကိုက တစ်ခုခု လိုနေသေးသယောင် စိတ်က ထင်ခဲ့ဖူး သည်။

ကိုရင်ဝတ်ပြီး စစ်ကိုင်းတောင်ကို ရောက်သွားချိန်၌ ဂေါ်သဇင် စိန်သဇင်ဆိုသည့် ပန်းရုံကြီးနှစ်ရုံကို တွေ့ရသည်။ ဂေါ်သဇင်ပန်းစင်က ခပ်ယဲ့ယဲမို့ ပန်းရုံတွေပေါ်တက်ပြီး ပန်းခူးသည့်အလုပ်က အငယ်ဆုံးဖြစ် သည့် မိမိတို့အလုပ်။ စိန်သဇင်ရုံက တောင်ထိပ်မှ စေတီတော်ဘေးမှာ ရှိသည်။ ထိုစင်ကတော့ မာသည်။ စင်ပေါ်တက်ပြီး ပန်းခူးချိန်တိုင်း တစ်ည လုံးကျထားသည့် နှင်းတွေက ခြေရော၊ လက်ရော၊ သင်္ကန်းရောကို လူးတော့ သည်။ အေးလို့ စိမ့်လို့။ ရကန်ဆရာကြီး ဦးတိုးကတော့ -

“နေရောင်မခံ

ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဖက်

ခက်လက်စိမ်းမြ၊ မိုးမခဘူး။

နွေလသန်ပေါက်၊ ယဉ်ချိန်ရောက်ခါမှ

နှင်းသောက်ကယ် ရွှင်ရွှင်၊ ပွင့်ဖူးတွေ ဆင်ကြသည်”

ဟု ဆောင်း၌ပွင့်သည့် သဇင်ကို ဖွဲ့နွဲ့ သည်။ နောက်ပြီး သူက သဇင် ကို သာမန်အရပ်သားများနှင့် မထိုက်သည့် “ဘုန်းနှင့်ကံနှင့် ရွှေသဇင်” ဟုလည်း တင်စားခဲ့သည်။

“ပန်းဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံချင်းတွင်

ဝေယန်နန်း ပင်မြင့်၊ ပင်တိုင်းတင့်မို့

မြို့ဝန်မင်းစာ၊ လိပ်မပါဘဲနှင့်

ကွယ်ရာ ဈေးပြင်၊ ရောင်းလို့များ မြင်မလား

သေချင်သေ ရှင်ချင်ရှင်၊ အင်မတန့် အင်မတန်

ရာဇဝတ်တော် ခံရမည်”

ဟုပင် ဆိုခဲ့သည်။

ကျောင်းကြီး၏ ထောင့်ချိုး၌ စိုက်ထားသည့် ဆိပ်ဖလူးရုံကလည်း ဆောင်းရောက်ပြီဆို ပွင့်ရိပ်ပွင့်ရောင်ပြပြီ။ သူပွင့်ပြီဆို သူ့ရနံ့ကို ညကတည်း က ရနှင့်သည်။ ပွင့်ချပ်ကလေးတွေက နုဖတ်ဖတ်နှင့် လက်ထဲထည့်ပြီး ခြေမွလိုက်မည်ဆို အရည်ပျော်သွားမလားပင် ထင်ရသည်။ နီပြေပြေအဆင်း ရှိသည့် ရိုးတံနုနုလေးနှင့် စကြာပုံ ပွင့်ဖတ်ဖြူသဲ့သဲ့လေးများကို လက်တစ်ဖက် ဖြင့်ကောက်ပြီး ရေချိုးဖလားထဲ ထည့်ရသည်။ ပြီးလျှင် ဖလားထဲမှ တိုက် ပန်းကန်ပြားထဲ ပြောင်းထည့်။ ဘုရားကို ဆိပ်ဖလူးပန်းကပ်ပြီးမှ ချောင်ထဲကို ဆွမ်းစားဆင်းကြရသည်။

(၄)

မြန်မာစာပေသမိုင်း၌ “ရှင်ထွေး” အမည်ခံ စာဆိုနှစ်ဦး ရှိခဲ့သည်။ တစ်ဦးက ရှေးပုဂံကောင်းစားစဉ် ခေတ်က မြန်မာနန်းတွင်းသူတို့ ထုံးဖွဲ့ သည့် ဆံထုံးထုံးနည်း ၅၅ မျိုးအကြောင်း “အန်ချင်း” ရေးခဲ့သူ “ရဝေရှင်ထွေး” ဖြစ်၍ နောက်တစ်ဦးက ရတုများဖြင့် ထင်ရှားခဲ့သူ “ရှင်ထွေးနားသိမ်” ဖြစ်သည်။ သူတို့နှစ်ဦး၏ ကိုယ်ရေးအကျဉ်းက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ကြသည်။ “ရဝေရှင်ထွေးက တောင်ငူမှ အင်းဝသို့ ရောက်လာသည့် မိန်းမ စာဆို ဖြစ်၍ 'ရှင်ထွေးနားသိမ်”က အင်းဝမှ တောင်ငူသို့ ရောက်သွားသည့် ယောက်ျားစာဆို ဖြစ်သည်။

ရွှေနန်းကြော့ရှင်ဘုရင်နရပတိ၏ ရန်ကိုကြောက်၍ အင်းဝမှ တောင်ငူ သို့ ပြေးဝင်ခိုလှုံခဲ့သူတို့၌ ရှင်ထွေးနားသိမ်လည်း ပါဝင်ခဲ့သည်။ ရှင်ထွေး နားသိမ် ကွယ်လွန်ချိန်၌ သူ့ခေါင်းအုံးအောက်မှ စာတစ်စောင်ကို မင်းကြီးညို က တွေ့သည်။ ရာသီက မိုးအကုန် ဆောင်းအကူး။ ချမ်းမြမြ ညနေခင်း၏ မြင်မြင်သမျှ အရာတိုင်းကလည်း မှုန်တရီ ဝိုးတဝါး၊ စစ်ကိုင်းဘက်ကို လှမ်းကြည့်မိပြန်တော့ အံ့မှိုင်းနေသည့် မြူနှင်းများအကြားမှ ပုညရှင်စေတီတော်ကို မပီတပီ လှမ်းမြင်နေရသည်။ အင်းဝ၏ ဆောင်းညနေမြင်ကွင်းကို သူက ဘယ်လိုမှ မေ့မရနိုင်ခဲ့။ အင်းဝကို လွမ်းစိတ်ဖြင့် ရေးခဲ့သည့် ထိုရတုက စာဆို၏ ကျော်ကြားလှသည့် ရတုတစ်ပုဒ်လည်း ဖြစ်သည်။

“နတ်တော်ဆန်း၍

ထွန်းလျှံရောင်ဝါ၊ သူရိယာလျှင်

အဝါမမူ၊ အဖြူ အနီ

စုံစီခြယ်လွင်၊ ပြင်ထပ်တင်၍

နေဝင်မြင်သည်၊ ဝရွှေပြည်ကား

ဆည်းရည်ပတ်ချုပ်၊ မှိုင်းအုပ်ပျပျ၊

ပုညတောင်ဆီ၊ ရီလျက်မလင်း

မဝင်းအံ့မှိုင်း၊ စစ်ကိုင်းတဖက်

သန်လျက်ပေါ်ထွန်း၊

ကျွန်းများတံခွန်၊ နန်းဗိမာန်သည်

လေသွန် ဖြည်းလှည့်လိမ့်တကား”။

(၅)

ဆောင်းရောက်လျှင် နေက တောင်ဘက်စောင်းစောင်း လမ်းကြောင်း အတိုင်း ရွေ့လျားသည်။ နေ့တာတို၍ ညတာရှည်သည်။ ။

“ဆောင်းလရက်လျှင်၊ ရာသီဝင်က

လျှံထင်ဝင်းဝါ၊ သူရိယာလျှင်

တောင်ညာအနား၊ လှည့်၍သွားသော်

နေ့အားကားနည်း၊ ညဉ့်အားသည်းသည်

ခရီးရှည်ခဲ့”

ဟု ‘ထောင်သင်းမှူးနဝဒေးကြီး” က ဆိုသည်။

မိမိတို့ အညာဒေသ၌ နှင်းတွေ အတွဲလိုက်ကြီးခဲနေသည့် မြင်ကွင်းမျိုး ကို မတွေ့ခဲ့စဖူး။ အေးလှပါသည်ဆိုသည့် မေမြို့ ဆောင်း၌ပင် ထိုမြင်ကွင်းမျိုး ကို မတွေ့မိစဖူး။ သို့သော် မြန်မာပြည်မြောက်ပိုင်း တစ်နေရာ၌ကား သစ်ပင် ထိပ်ဖျား၊ အိမ်ခေါင်မိုးဖျား စသည်တို့၌ ပိတ်ပိတ်သည်းသည်း တွဲလွဲခိုနေသည် ထိုမြင်ကွင်းမျိုးရှိနေကြောင်း ဓာတ်ပုံ၊ ဗွီဒီယိုတို့မှတစ်ဆင့် သိလိုက်ရ သည်။

“ပုလဲဥ နှင်းပေါက်

ကင်းထောက်တဲ့ လေပြန်

မင်းမြောက်ဝေ့ ဟေမန်

မသေကျန် ကံကောင်း။

လူမို့သာ လျလျခံတယ်

မြရေနံ ခဲရတဲ့ဆောင်း”

ဟု ဖွဲ့ဆိုထားသည့် ဦးပုည၏ ဆောင်းဖွဲ့ တေးထပ်တစ်ပုဒ်မှာတော့ သူ့ဆောင်းက မိမိတို့သိသည့် ဆောင်းထက် ပိုအေးနေခဲ့သည်။

“အေးလှလို့ ဝဇီရာ၊

ဗီဇနာ မကောင်း၊

ကတ္တီပါစောင်ပေါင်း၊

ထောင်သောင်းလောက် ခြုံတယ်”

ဟုလည်း သူက ဆိုပြန်သည်။

“ဆောင်း၏ နှင်းပွင့်နှင်းစက်တို့က စိန်သွားနှင့် အလားတူသည်။ စိန်သွားဖြင့် အထိုးခံရသည့်အလား စူးစူးခိုက်ခိုက် အေးလှပါသည်။ ကတ္တီပါစောင်တို့ကို ထောင်ချီ သောင်းချီ ခြုံထားရပါ၏” ဆိုသည့် အဆိုကတော့ သိသိသာသာ အကဲပိုလေပြီဟု ဆိုရမည်သို့ ရှိပါ၏။ သို့သော် ဤသို့ဆိုကာ မျှဖြင့် စာဆိုကို “ပလီနိုင်လွန်းသူ”ဟုကား ဆိုသင့်၏မထင်။ ရာသီဖွဲ့ စာတို့၌ ဤသို့သော အပြောက်အမွှမ်းတို့ကလည်း အမှန်တကယ် လိုအပ်ခဲ့မည်သာ ဖြစ်ပါ၏။ ထိုအပြောက်အမွှမ်းတို့ကြောင့်ပင် ရာသီ၏အလှက ရုပ်လုံးကြွ တက်လာခြင်း ဖြစ်ရာ၏ဟုလည်း ဆောင်းအေးအေး၌ တွေးနေမိပါသည်။

Daily Eleven

19-1-2017

ကျမ်းကိုး - စာဆိုတော်များ အတ္ထုပ္ပတ္တိ (မောင်သုတ)