Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

အထောက်တော်လှအောင် - ချေသော်မကြေ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

“မတူးရေ ဘယ်လိုလဲဟေ့၊ ကောက်ရိတ်ရလို့ လက်တွေ ကျိန်းနေ ပြီလား၊ မိုးပေါ် မော့ကြည့်လိုက်စမ်းပါဦး၊ ငှက်ကလေးတွေနဲ့ အတူ တူ နေရောင်လက်နေတာ မလှဘူးလားကွ”

စာဝတီးတစ်အုပ်သည် လယ်ကွင်းထဲမှာ စပါးနှံများကို ခြွေယူနေကြ၏။ မည်သူ တစ်စုံတစ်ယောက်မျှ သူတို့ကို ခြောက် လှန့်ခြင်း မရှိ။ သို့သော်လည်း လည်ဆံကိုဆန့်၍ ခေါင်းများကိုထောင်ကာ ဝဲယာသို့ကြည့်ပြီး ဝုန်းခနဲ ထပျံသွားကြသည်။ သူတို့၏ အတောင်ပံများဖြင့် နေရောင်ကို သယ်ဆောင်သွားကြသယောင် ထင်မှတ်ရလေသည်။

မတူးသည် ကောက်လှိုင်းများမှ စပါးများကို ခြွေနေရင်းတန်း လန်းက မလေးယု လှမ်းပြောလိုက်သောစကားကြောင့် ထပျံသွား သည့် ငှက်အုပ်ဆီသို့ မျက်လုံးဝေ့လိုက်သည်။ တစ်ဆက်တည်း မလေးယုကိုလည်း ပြန်ပြောလိုက်သည်။

“မကျိန်းသေးပါဘူး မမရယ်၊ အလုပ်မှ ဟုတ်တိပတ်တိ မလုပ်ရသေးဘဲ၊ ဒါပေမဲ့ ကျွန်မတို့ မြန်မြန်လုပ်ကြမှနော်၊ နှေးနှေး ကွေးကွေး လုပ်နေရင် ရှိသမျှ စပါးတွေကို ပြင်သစ်တွေ လာသယ် သွားတာနဲ့ စားစရာ မကျန်ဘဲ ဖြစ်နေဦးမယ်။ အဲဒီအခါကျတော့မှတောထဲသွားပြီး မျောက်ဥ၊ ကြွေးဥ တူစားရမှာ”

မတူးနှင့် မလေးယုသည် စကားစပြတ်သွားကာ ကောက်လှိုင်းများကို ဆက်ခြွေ ကြရင်းဖြင့် သီချင်းတစ်ပုဒ်ကို သံပြိုင်ဆိုနေကြသည်။

“စပါးရွှေဝါ၊ မှည့်ဝင်းလို့လာ၊ ငှက်ကလေးတွေရာ၊ အဝေးသို့ပျံပါ၊

ကောက်သစ်ဦးမို့ ဆွမ်းတော်တင်ဖို့ ရည်စူးတာ၊

ပြီးတော့မှ ပြန်လာကာ ကျန်တာကို စားပါ။

မင်းတို့အတွက် ကောက်သင်းတွေ အများကြီးကျန်မှာ၊

ပေါ်ဦးစပါးကတော့ တို့အတွက်ပါ။

မနက်ရောညပါ၊ တို့တစ်တွေမှာ၊

တောင်းကိုထမ်းလို့ လယ်တောသွားရတာ။

တို့လက်ကဖြစ်တဲ့ စပါးရွှေဝါ၊

တို့ကိုယ်တိုင်စိုက်တဲ့ စပါးရွှေဝါ...”

တဖြည်းဖြည်း အချိန်ကုန်လာသည်နှင့်အမျှ သူတို့ကျောပေါ်တွင် သိုင်းလွယ် ထားသည့် တောင်းများသည်လည်း စပါးများဖြင့် ပြည့်လာ၏။ မလေးယုသည် မတူးကို နှစ်ကြိမ်၊ သုံးကြိမ် လှမ်းကြည့်လိုက်သည်။ ထို့နောက် မတူး အနီးသို့ ကပ်သွားကာ မေးလိုက်သည်။

“မတူးရေ၊ မနက်တုန်းက သီအုန်းစမ်းချောင်းမှာ ရေသွားခပ်သေးသလား”

“ခပ်တယ် မမ၊ ကျွန်မ သုံးခေါက်ရခဲ့တယ်၊ ဘာဖြစ်လို့လဲ၊ ရေဆာလို့လား၊ တဲထဲမှာ သွားသောက်ချေလေ”

မလေးယုသည် ခေါင်းကိုအသာယမ်းခါလိုက်ရင်း နဖူးပေါ်သို့ ကျလာသည့် ဆံပင်များကို လက်တစ်ဖက်ဖြင့် သိမ်းတင်လိုက်သည်။

“ရေဆာလို့ မဟုတ်ပါဘူးကွယ်၊ မသောက်တော့ပါဘူး။ မမ မေးရဦးမယ် မတူး။ မင်း သီအုန်းစမ်းချောင်းကို ရောက်တုန်းက ကိုညိုပု တစ်ယောက်များ မတွေ့ မိဘူးလား။ တောင်းတစ်လုံးလွယ်၊ ဓားတစ်ချောင်းကိုင်ပြီး ဒတ်ဟ္မာချောင်းဘက်ကို ဆင်းသွားတာလေ”

“တွေ့တယ် မမ၊ အစ်ကိုညိုပုရယ်၊ ဒီပိုးကို ဆားဝယ်သွားမလို့တဲ့”

မလေးယုသည် လုပ်လက်စအလုပ်များကို ရပ်နားကာ မတူးကို လေသံဖြင့် ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး ညီမရဲ့ ၊ ကိုညိုပု အန်ခေးကို သွားတာ”

မလေးယုသည် မျက်မှောင်တစ်ချက် ကုတ်လိုက်ရင်း သူ့စကားကို ဆက်ပြန် ၏။

“တို့ ကောင်”ရွာက ပြင်သစ်ကို ထောက်ခံတာ မဟုတ်ဘူး။ ပြင်သစ်က တို့ကို ချွေးတပ်လာဆွဲတိုင်း တို့ဘယ်တုန်းက လိုက်ဖူးလို့လဲ။ တို့ကို အခွန်ကောက်ရင် လည်း တို့က မပေးဘူး မဟုတ်လား။ တို့ကို သူတို့လာတိုက်ရင်လည်း ရွာကိုစွန့်ပြီးတောင်ပေါ်ကို တို့ထွက်ပြေးကြတယ်။ ဒါကြောင့် ပြင်သစ်တွေရှိတဲ့ အန်ခေးကို တို့ အခုသွားရင် တို့ကိုဖမ်းပြီး ထောင်ထဲများ သွင်းထားမလားကွယ်”

“သူတို့သိရင်တော့ ဖမ်းပြီး ထောင်ချထားမှာ သေချာပါတယ်။ ဒါပေမဲ့ အစ်ကို ညိုပုကတော့ အန်ခေးကိုသွားတာ မဟုတ်ပါဘူး။ အစ်ကိုညိုပု ဒီပိုးကိုသွားတာပါလို့ သူ့အမေက ကျွန်မကို ပြောတာပဲ”

“ကိုညိုပုက သူ့အမေကို အမှန်အတိုင်းပြောတာ မဟုတ်ပါဘူးကွယ်။ သူ အန်းကို သွားချင်နေတယ်။ တကယ်လည်း အန်းကို သွားတာပါပဲ။ သူ့ပါးစပ် ကသာ ဒီပိုးကို သွားတာပါလို့ သူ့အမေကို ပြောတာ။ သူ အန်ခေးကို သွားမယ်လို့ လည်း မမကို သူ ပြောဖူးတယ်”

“ဘာသွားလုပ်မှာတဲ့လဲ”

“ပြင်သစ်တွေကို ကြည့်ချင်လို့တဲ့”

“ပြင်သစ်တွေကို ကြည့်ချင်လို့၊ သူမို့လို့ မကြောက်တယ် မမရယ်။ ဆီးပြီး ဖမ်းထားလိုက်ရင် သူ ဘယ့်နှယ်လုပ်မလဲ”

မလေးယုသည် သူ့ရင်ထဲမှာ တင်းကျပ်နေသည့် အစိုင်အခဲကြီး သက်သာလို သက်သာငြား မတူးကို အကျိုးအကြောင်း ပြောပြလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူထင်သလို မဖြစ်။ သောကက ပို၍သာ ကြီးထွားလာလေသည်။

ထိုနေ့မနက်က သီအုန်းစမ်းချောင်းသို့အသွား ကိုညိုပုကို မလေးယု တွေ့ခဲ့ သည်။ ကိုညိုပုသည် စမ်းချောင်းအလယ်ရှိ ကျောက်တုံးတစ်ခုပေါ်မှာ ရပ်နေသည်။ စမ်းချောင်းရေတို့သည် သူ့ခြေထောက်ပေါ်မှ ကျော်ဖြတ်စီးဆင်းနေကြ၏။ ရေစီးသည် ညင်သာလှပါ၏။ သို့သော်လည်း ကျောက်တုံးတစ်ဝိုက်တွင်မူ ရေစီးအားဖြင့် ကျောက်တုံးကို ပြေးလာတိုးတိုက်ရင်း ဒေါသတကြီးဖြင့် ရေပန်းရေမြှုပ်များ ပြန့်ကျဲထွက်သွား သည်။ ကိုညိုပုသည် စမ်းချောင်းမှရေကို လက်ခုပ်ဖြင့် ခပ်ယူသောက်လိုက်သည်။ ပြီးတော့ အမျိုးသမီးခါးစည်းတစ်ခုကို မလေးယုအား လှမ်းပေးလိုက်သည်။

“မင်းအတွက် ကိုယ်ပေးတာပါ”

မလေးယုက ရွှင်မြူးစွာ လှမ်းယူလိုက်သည်။ ခါးစည်းကို သူ့ခါးမှာ ပတ်ကြည့် လိုက်သည်။ ပြီးတော့ ရှက်စနိုးဖြင့် ခေါင်းငုံ့ချလိုက်သည်။ တောက်ရွှန်းနေသည့် သူ့မျက်လုံးများကို ဖုံးကွယ်လိုက်သည့်သဘောပင်။

“ညတုန်းက ကိုညိုပု ပလွေမှုတ်နေတာ ကျွန်မကြားတယ်။ နားထောင်လို့ သိပ်ကောင်းတာပဲ။ ဒါထက် အခု ဘယ်သွားမလို့လဲ”

“ကိုယ် အန်းကို သွားမလို့”

မလေးယုသည် အံ့သြတကြီးဖြင့် သူ့မျက်နှာကို စိုက်ကြည့်လိုက်သည်။

“ဘာဖြစ်လို့ အန်ခေးကို သွားမှာလဲ၊ ပြင်သစ်တွေကို မကြောက်ဘူးလား။ ပြီးခဲ့တဲ့လက ဘာလန်းရွာသားတွေ ချွေးတပ်ဆွဲတာ မလိုက်လို့ သူတို့ရွာကို ပြင်သစ်က ဗုံးလာကြဲတယ်လေ။ ရွာသား သုံးဆယ်တောင် သေသွားပါရောလား။ တစ်မြန်နေ့တုန်း ကလည်း ဒေတန်းရွာသားတွေ ဓမ္မာရုံမှာ အစည်းအဝေးလုပ်နေကြတုန်း စက်သေနတ် နဲ့ လာပစ်လို့ ဆယ့်ခုနစ်ယောက်တောင် သေသွားတယ်။ ကျွန်မတို့ ဘာနားလူမျိုးတွေ ကို ပြင်သစ်တွေက သိပ်မုန်းနေတာ။ ဘာဖြစ်လို့များ ဒီပြင်သစ်တွေကို သွားကြည့်ချင်ရ တာလဲ ကိုညိုပုရယ်”

ကိုညိုပုသည် ကျောက်တုံးပေါ်မှာ ကပ်နေသည့် ရေမှော်ပင်ကလေးများကို သူ့ခြေဦးဖြင့် ထိုးခွာနေသည်။

“မလေးယု၊ တို့ ဘာနားလူမျိုးပေါင်းများစွာကို ပြင်သစ်တွေက သတ်ခဲ့ကြပြီ။ ဒါကြောင့် သူတို့ကို ပြန်တိုက်ရင် ရနိုင်မလားဆိုတာ သိချင်လို့ သွားကြည့်မှာပဲ။ ကဲ ကိုယ်သွားတော့မယ်။ နေတောင်အတော်မြင့်လာပြီ”

မလေးယုသည် ဘာမှမတတ်နိုင်တော့။ နေရာမှ မရွှေ့ဘဲ ကိုညိုပုသွားရာကို လှမ်းမျှော်ကြည့်နေသည်။ ကိုညိုပု၏ ဆံပင်များသည် လေထဲမှာ ဝဲပျံသွား၏။ ပြီး တော့ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

မလေးယုသည် ကိုညိုပုပေးသွားသည့် ခါးစည်းကိုဖြုတ်ကာ ပျော့ပျောင်းသွားစေ ရန် ရေထဲတွင် နှစ်လိုက်သည်။ ပြီးတော့ အလိုက်သင့်ခွေပြီး တောင်းထဲထည့်ကာအောက်ဆုံးတွင် ဝှက်ထားလိုက်သည်။ ထို့နောက် ကမ်းပေါ်သို့တက်ကာ လယ်ကွင်း ဘက်သို့ လျှောက်လာခဲ့၏။

ကိုညိုပု၏ လယ်ကွင်းများကို ဖြတ်ကျော်မိသောအခါ မလေးယုသည် လယ်ကွင်းများကို ရပ်ပြီးကြည့်နေမိ၏။ စပါးအားလုံး ကောင်းစွာ ဝင်းမှည့်နေကြပြီ။ တကုန်းကုန်းဖြင့် ကောက်ရိတ်နေသော ကိုညိုပု၏ မိခင်ကိုလည်း လှမ်းမြင်ရသည်။ ကိုညိုပု၏ လယ်များသည် အလွန်ဖြစ်ထွန်းအောင်မြင်၏။ အလွန်လည်း ကျယ်ပြော ၏။ မိမိတို့ ကောင်ဟာရွာတွင် ကိုညိုပု၏လယ်က အကျယ်ဆုံးဖြစ်သည်။ သူ့လယ် အကျယ်အဝန်းကို တစ်စုံတစ်ယောက်က တစ်ထွာ၊ နှစ်ထွာ၊ တစ်တောင်၊ နှစ်တောင် တိုင်းတာ၍ပင် လွယ်မည်မဟုတ်။ တစ်ထွာ၊ နှစ်ထွာတိုင်းရုံမျှဖြင့် အဆုံးသို့ ရောက်နိုင် အံ့ မထင်။ အပြန့်ကျယ်သလို အလျားလည်း ရှည်လွန်းသော လယ်ကွင်းများ ဖြစ် သည်။

သည်လယ်ကွင်းကို ကိုညိုပု မရှင်းမီက မြေရိုင်းသက်သက် ဖြစ်သည်။ ကြီးမား သော သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသည်။ လူလေးယောက်၊ ငါးယောက် ဖက်သော် လည်း မမီနိုင်လောက်အောင် ကြီးမားသည့် သစ်ပင်ကြီးများ ဖြစ်သည်။ ထိုမျှမကသေး ငှက်တစ်ကောင်၏ အရွယ်မှ ကျွဲတစ်ကောင်၏ အရွယ်မျှအထိ ကြီးမားသော ကျောက်တုံးကြီးများဖြင့်လည်း ဖုံးလွှမ်းပြန့်ကျဲနေသော မြေရိုင်းများ ဖြစ်သည်။

ကိုညိုပုသည် ဖတဆိုး ဖြစ်၏။ သူ နှစ်နှစ်သားအရွယ်ကတည်းက သူ့အဖေ ဆုံးခဲ့သည်။ မိခင်အိုနှင့် ညီငယ်တစ်ယောက်သာ ရှိသည်။ ညီငယ်ကလည်း ဥမမည် စာမမြောက်သေး။

ဇွဲကြီးသော ကိုညိုပုသည် ကိုယ့်အားကိုယ်ကိုးသူဖြစ်၏။ ကြီးမားသည့် သစ်ပင် ကြီးများကို ကိုယ်တိုင်လှဲသည်။ ကြီးမားသည့် ကျောက်တုံးကြီးများကို ကိုယ်တိုင် ဖယ်ရှားသည်။ တောတန်းကို ခုတ်ထွင်ရှင်းလင်းပစ်သည်။ လယ်မြေကို စိတ်ကြိုက် ပြုပြင်ပြီးသောအခါ စပါးနှင့် ပြောင်း စိုက်သည်။ သို့ဖြင့် သည်ရွာထဲတွင် သူ့မိသားစု သည် ချောင်ချောင်လည်လည် ဖြစ်လာကြတော့သည်။

ဦးလေးပါနှင့် ဘကြီးဆန်းတို့ကဲ့သို့သော ရွာမိရွာဖများက ကိုညိုပုကို အလွန် သဘောကျကြသည်။ ချီးကျူး၍မဆုံး ရှိကြသည်။ ရွာလယ်ဓမ္မာရုံမှာ လူစုမိကြပြီ ဆိုလျှင် ကိုညိုပုအကြောင်းကိုသာ သူတို့ စကားဦး လှည့်မိကြစမြဲ ဖြစ်သည်။

“မောင်ညိုပုတို့ကတော့ကွယ်၊ ရှာမှရှားသား။ လိမ္မာရေးခြားကလည်းရှိ၊