Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

အဏ္ဏ၀ါစိုးမိုး - ၀ထ္ထုတိုငါးပုဒ်

Regular price 20 MMK
Regular price Sale price 20 MMK
Sale Sold out

သရုပ်ဆောင်ကောင်းဆု

ဒီနေ့နံနက် ကုက္ကိုပင်ကြီးမှာ မျက်နှာကပ်ပြီး ကြိမ်ဒဏ်ငါးချက် စီ အရိုက်ခံခဲ့ရတဲ့ သာထွန်းအောင်နှင့် မရထွမ်းဖြူတို့နှစ်ယောက်ကိစ္စ ဟာ အရက်ဝိုင်းက စခဲ့တာဟု ပြောရမလို ဖြစ်နေသည်၊ သာထွမ်း အောင်နှင့် မရထွမ်းဖြူဆိုတာတွေက ရခိုင်အမျိုးသားတွေဖြစ်၍ သူတို့ နာမည်တွေကို မြန်မာလို ညက်ညာအောင် အသံထွက်ရမည်ဆိုလျှင် သာထွန်းအောင်နှင့် မြထွန်းဖြူဟူ၍ဖြစ်သည်။ သူတို့နှစ်ယောက်သည် ယနေ့ညကပြမည့် ဇာတ်ပွဲကို ရုံထဲဝင်မကြည့်မီ အရက်သောက်ခဲ့ကြ သည်။

၁၉၅၀ ပြည့်နှစ်လောက်ကဖြစ်သည်။ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲ က ကိန္နရီချောင်းရွာကြီးကို ဇာတ်တစ်ဖွဲ့ရောက်လာသည်။ လေးမျက်နှာ သို့မဟုတ် ငါးသိုင်းချောင်းဘက်က လာကြတာဟု သိရသည်။ ဇာတ် အဖွဲ့ မည်ကာမတ္တမျှသာ ဖြစ်သည်။ ဇာတ်သမားတွေရဲ့ ရုပ်တွေက မည်းပြာ၊ ပိန်ညောင်၊ ပုကွ ပုံစံတွေဖြင့် ယောက်ျားမိန်းမလူနှစ်ဆယ် အစိတ်လောက်ပါတာ တွေ့ ရသည်၊ အရောင်အသွေး မထွက်တော့သည့် ဇာတ်ပစ္စည်းတွေကို တစ်နိုင်တစ်ပိုးစီ ပခုံး ထမ်း ခေါင်းရွက် ကိုယ်စီဖြင့် ရောက်လာကြခြင်းဖြစ်သည်။ ထိုခေတ်က ထိုအရပ်ဒေသ တွင် ရောင်စုံသူပုန်တွေ ကြီးစိုးနေသော ကာလဖြစ်၍ သယ်ယူပို့ဆောင် ရေးအတွက် မော်တော်ကားဆိုတာ အသာထားလို့ နွားလှည်းတောင် သွားလို့ မရသောလမ်းတွေက များနေသည်၊ မင်းသမီးတွေက ကိုယ့် အဝတ်အစားတွေနဲ့ ကိုယ့်လင်ရဲ့ အဝတ်အစားသေတ္တာတွေကို ရွက် လာကြသည်။ သျှောင်ဆံထုံးထုံးထားသည့် မင်းသားအပါအဝင်၊ လူရွှင်တော်၊ ကားဆွဲ၊ နှဲ ဆရာ၊ ပတ်မတီးစသည့် ယောက်ျားတွေက ဇာတ်ပစ္စည်းတွေ ထည့်ထားသည့် ဇာတ်သေတ္တာကြီးတွေကို ထမ်းပြီး ပင်ပန်းကြီးစွာ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

အသက်ရှင် ရပ်တည်နိုင်ရေးအတွက် တတ်သည့်ပညာဖြင့် လုပ်စားရန် ပင်ပန်းစွာ ရုန်းကန်သည်ပိုးလာခဲ့ရသည့် အသွင်သဏ္ဌာန် က သူတို့မျက်နှာတွေမှာ ပေါ်လွင်နေသည်။ ကာလဒေသအခြေအနေ အရ ထိုဒေသက လူတွေ ဇာတ်ငတ်နေခိုက်နှင့် ကြုံကြိုက်နေ၍ ဆိုက် ဆိုက်မြိုက်မြိုက်ရောက်လာသော ချို့တဲ့စုတ်ပြတ်ဇာတ်ကိုပဲ အားရ ပါးရ ကြည့်ကြရန် ပြင်ဆင်နေကြသည်၊ ရွာဦးကျောင်းဥပသကာအဖွဲ့ ရန်ပုံငွေအတွက် ရွာလူကြီးဦးအောင်တင်က ကန်ထရိုက်သဘောမျိုး တာဝန်ယူလိုက်သည်၊ ရပ်ရွာအကူအညီဖြင့် ဇာတ်ရုံကို နေ့ချင်းပြီး ဆောက်သည်၊ အုန်းလက်၊ ဓနိလက်နှင့် ကောက်ရိုးတွေကို မိုးကာပြီး လုံခြုံအောင် လုပ်ကြသည်၊ ရုံဝင်ခမှာ လူကြီးတစ်ကျပ်၊ ကလေးငါးမူး ဖြစ်သည်။ အကြောင်းပေါ်လျှင် မောင်းဆော်ရေး တာဝန်ယူရသည့် ရွာဆော်ကြီး ဦးဖိုးထော်က ကိန္နရီချောင်းရွာ သာမက.. သဖန်းကုန်း၊ ဖိုးလောင်ကွင်း၊ ကျောက်ပါးစပ်၊ ငါးရံ့ကျော်၊ တောင်ပေါ်ကုန်း၊ ကိုင်းခုံ ရွာတွေအထိ သွားပြီး မောင်းထု ကြေညာသည်။

“ဒူ ဟူ ဟူ... ကိုင်းခုံရွာနေဆွေသဟာ အပေါင်းတို့သိစေရန် ကြေညာမောင်း ခတ်လိုက်ပါသဗျို ဒူ ဟူ ဟူ..။ ကိန္နရီချောင်းရွာလှေ ဆိပ်အနီးက ရုံတော်မင်္ဂလာကြီးမှာ ယနေ့ည တင်ဆက်ကပြမှာ ကတော့... စိန် မိသားစု တန်းမြင့်သဘင်ရဲ့ မင်းသားချော စိန်တောကျော် နှင့် မြတောကျော် မင်းသားပြိုင် ညီနောင်နှစ်လက်တို့က မင်းသမီး ချော စိန်သန်းကြည်၊ မြသန်းကြည် တို့နှင့် တွဲဖက်ကာ စွဲမက်စရာ အသုံးတော်ခံကြမည့်အကြောင်း ကြေညာမောင်းပျံ့ ဒူ ဟူ.. ဟူ...။ ယနေ့ည တင်ဆက်ကပြမည့် ဇာတ်အသွားကို မှတ်သားစရာ ကြော်ငြာ ရမှာ ကဖြင့် အော်ပရာက “စန္ဒကိန္နရီ” ပါတဲ့ဗျို့.. ဒူ.. ဟူ.. ဟူ...။အော်ပရာအပြီးမှာ ဖော်သဟာတွေမီးရအောင် တင်ဆက်ကပြမည့် ယနေ့ညအတွက် ပြဇာတ် အသစ်ကတော့ မင်းသားချောမြတောကျော် နှင့် မင်းသမီးချောလေး မြသန်းကြည်တို့ ပါဝင် သရုပ်ဆောင်ကြမယ့် “တောသားလေးမို့ ချစ်အားပိုတယ်” ပြဇာတ်ပါတဲ့ဗျို ဒူး.. ဟူ... ဟူး..။ ပြဇာတ် အပြီးမှာက ဇာတ်ကြီးကို မျှော်နေကြတဲ့ ဦးဦး ဒေါ်ဒေါ် မမတို့အတွက်ကတော့... တဏှာ သမုဒယ မှောင်ကို ဖြတ်မယ့် “မဟာ ပဒုမ ပေါင်တို” ဇာတ်ဖြင့် တင်ဆက်ဖျော်ဖြေမည့်အကြောင်းဆွေသဟာ အပေါင်းတို့ သိစေရန် ကြေညာမောင်းခတ်လိုက်ရပါသဗျိုး... ဒူ... ဟူ... ဒူ.. ဟူ.... ..... ဟူ...။ ။

ရွာဆော် ဦးဖိုးတော်သည် စာမတတ်သော်လည်း တစ်စုံတစ် ယောက်က အလွတ်ချပေးလိုက်သည့် ဤမျှ ရှည်လျားသော ဇာတ်ကြော်ငြာကို အမှားအယွင်းအထစ်အငေါ့ မရှိဘဲ အော်နိုင်အောင် မှတ် ဉာဏ်ကောင်းသူ ဖြစ်သည်၊ စာမတတ်၍ မှတ်ဉာဏ် ကောင်းသော် လည်း မဟာပဒုပမင်းသားနှင့် သူခိုးပေါင်တိုတို့ကို ကွဲပြားစွာ ခွဲခြားပြီး သိသူမဟုတ်။ တစ်ယောက်တည်းဟု ထင်ထားသူဖြစ်သည်။ အမှန်တော့ ခွဲခြားပြီး သိရန်လည်း မလိုပါ။ သူ့အလုပ်က ကြားအောင် အော်ပြီး ကျယ်အောင် ထုရန်သာဖြစ်သည်။

ဦးဖိုးထော်၏ ကြော်ငြာမောင်းသံကို ကြားတော့ အရက်ပုန်း ရောင်းသည့် အိမ်နောက်ဘက်ရှိ သစ်ပင်တွေအောက်မှာ အရက်ထိုင် သောက်နေကြသည့် သာထွန်းအောင်နှင့် မြထွန်းဖြူတို့ လူစု၏ဘဝင် ကို လှုပ်ခတ်သွားသည်။ ဇာတ်ငတ်နေတုန်း တကူးတက ရွာကို လာက သည့် ဇာတ်ကို တဝ ကြည့်လိုက်မည်ဟု အားခဲထားကြသည်၊ ဇာတ် သမားစဉ်အရ အပျိုတော်၊ အော်ပရာ၊ ပြဇာတ်နှင့် မြိုင်ထ နှစ်ပါးသွား ပြီးပါက နောက်ပိုင်းဇာတ်ကြီးပါကမည် ဆို၍ အားရပါးရ ကြည့်ကြ ရတော့မည် ဖြစ်သော်လည်း ဇာတ်သမားတွေရဲ့ ပုံပန်းနှင့် ရုပ်ရည်တွေ က ဆွဲဆောင်မှု လုံးဝ မရှိ၍ သဘာဝကျပြီး ရသမြောက်အောင် သရုပ် ဆောင်နိုင်စွမ်းရှိပါ့မလားဟု စိုးရိမ်နေကြသည်။

“ဟိုလေကွာ.. အသားညိုညို၊ ပိန်ညောင်ညောင် သျှောင်ထုံး နဲ့.. ကွမ်းစား ပါးစပ်တရဲရဲ ရွှေသွားလေး တဖြဲဖြဲလုပ်နေတဲ့လူဟာ မင်းသားဖြစ်ရမယ်ကွ။ ဇာတ်ရုံ ဆောက်နေတုန်းက သစ်ပင်တွေအောက်မှာ ထိုင်နေကြတဲ့ မင်းသမီးတွေ မြင်ရတာတော့ မည်းပြာပြာ၊ ပိန်ခြောက်ခြောက်၊ လိန်ဖယ်ဖယ်၊ ရွဲ့စောင်းစောင်း၊ သွားခေါခေါပုံစံ တွေနဲ့ ဆယ်ကိုးယောက်လောက် မြင်လိုက်တယ်”

အရက် သောက်နေသူတွေထဲက တစ်ယောက်က သာထွန်း အောင်နှင့် မြထွန်းဖြူတို့ ဝိုင်းကို လှမ်းပြောသည်။ ဇာတ်သမားတွေကို ချောချောလှလှ၊ဖြောင့်ဖြောင့်တောင့်တောင့်တွေ ဖြစ်စေချင်ဟန်တူသည်။ ယနေ့ညကပြမည့် ဇာတ်သမားတွေ၏ရုပ်တွေက ဆွဲဆောင်မှုအားနည်း နေ၍ အားမလို အားမရဖြစ်နေသည်။ ဒီကိစ္စမှာ သာထွန်းအောင်နှင့် မြထွန်းဖြူတို့နှစ်ယောက်၏ ခံယူချက်က တစ်မျိုးဖြစ်နေသည်။

“ဇာတ်သမားဆိုတာ ရုပ်ချောစရာ မလိုဘူးကွ။ အပြောအဆို အငိုအလွမ်းတွေ ပိုင်ပြီး ဇာတ်စီးနိုင်ဖို့ အရေးကြီးတယ်။ အသံကောင်း၊ ရုပ်ချော၊ အပြောပိုင်ပြီး ဇာတ်ကြီးကို နိုင်အောင်ကနိုင်တဲ့ မင်းသား မင်းသမီးဆိုတာ ရှားပါတယ်ကွာ။ ရုပ်မချောချင်နေပါစေ... အပြော အဆို အငို အလွမ်းတွေ နဲ့ သဘာဝ ကျအောင် သရုပ်ဆောင် နိုင်ရင် ငါတို့ကတော့ ကြိုက်သဟေ့...”

သာထွန်းအောင်နှင့် မြထွန်းဖြူတို့နှစ်ယောက်က စိတ်တူ သဘောတူဖြစ်သည်။ သူတို့ကြိုက်ပြီဆိုလျှင် ထိုက်ထိုက်တန်တန် ဆုချလေ့ ရှိသူတွေဖြစ်သည်၊ သရုပ်ဆောင်မှု အနုပညာကို နားလည် ခံစား တတ်သူတွေလို့တောင် ပြောနိုင်သည်။

“ဆိုင်းဝိုင်းတောင် မပါဘဲ ခြောက်လုံးပတ် တစ်တွဲ၊ နှဲတစ်လက် နဲ့ အရပ်တကာ လည်ပြီး ဗလာပွဲ နွှဲနေတဲ့ ဇာတ်အဖွဲ့ နဲ့ တူပါတယ် ကွာ..၊ တော်ရိလျော်ရိပဲ နေမှာပေါ့...။ သဘာဝကျအောင် ဘယ်လို လုပ်ပြီး သရုပ်ဆောင်နိုင်မှာလဲကွာ...”

“ဒီလိုပြောလို့တော့ ဘယ်ရမလဲကွ..၊ ဒီည စောင့်ကြည့်စမ်း ပါဦး”

ဒီညမှာ အသေအချာကို စောင့်ကြည့်မယ့် သာထွန်းအောင်နှင့် မြထွန်းဖြူတို့လူစု အရက်သောက်လို့ ကောင်းတုန်းအချိန်မှာတော့ ဇာတ် ရုံက ပတ်မကြီး တုတ်ပြီး လူခေါ်နေပြီဖြစ်သည်။ စိန်မိသားစုတန်းမြင့် သဘင် ဆိုသည့် ဇာတ်ရုံ နဖူးစီးဆိုင်းဘုတ်က လက်နှီးစုတ်လို ညိုညစ် မှေးမှိန်နေသည်။ မင်းသား စိန်တောကျော်၏ ပန်းချီပုံမှာ မျက်လုံးတစ် လုံးသာ ကျန်တော့သည်။ ဇာတ်အဖွဲ့ ၏ ချို့တဲ့နွမ်းပါးသည့် လက္ခဏာ ကို ဖော်ပြနေခြင်းဖြစ်သည်။ ကိန္နရီချောင်းရွာက အောက်လင်းဓာတ်မီး အိမ် ငှားစားသည့် ဦးညီညီ၏ရေနံဆီသုံး အောက်လင်းမီးအိမ်တွေ၏အစွမ်းကြောင့်သာ တစ်ရုံလုံး လင်းထိန်နေခြင်းဖြစ်သည်၊ ဇာတ်အဖွဲ့ပိုင် မီးတွေဖြင့် ဆိုပါမူ အလင်းရောင်ရရန် ဖယောင်းတိုင် ကူထွန်းပေးရမည် ထင်သည်။

ပွဲငတ်နေသည့် ရွာသူရွာသားတွေ၏အားပေးမှုကြောင့် အစော ကြီး ရုံပြည့်သွားသည်။ ဇာတ်အဖွဲ့ ကလည်း ပွဲကြည့်ပရိသတ်ကို အလေးထားလေးစားသည့်အနေဖြင့် ညဦးပိုင်း ရှစ်နာရီတွင် အပျိုတော် စ ထွက်သည်။ သေးသေးသွယ်သွယ်ဖြစ်၍ နေ့လယ်က မြင်ကြရသည့် မည်းပြာပိန်ခြောက်တွေထဲက တစ်ယောက်ဖြစ်မည်။ တစ်ကိုယ်လုံးကို ပေါင်ဒါမျက်နှာချေ ဖွေးနေအောင်လိမ်းပြီး နှုတ်ခမ်းနီ ပါးနီတွေ ဆိုးထား၍ မီးရောင်အောက်မှာ ကြည့်ကောင်းနေသည်။ အပျိုတော် ဆယ့်နှစ်ခန်းကို မမောမပန်း မနားတမ်း ကပြသွားတာ တစ်နာရီ လောက် ကြာသည်။ ဒီမင်းသမီးအက မဆိုးဘူးဟု ပြောကုန်ကြသည်။

အပျိုတော်ဝင်သွားပြီး နာရီဝက်လောက်အကြာမှာ အော်ပရာ စထွက်သည်။ စန္ဒကိန္နရီ အော်ပရာမှာတော့ ကိန္နရာအဖိုအဖြစ် သရုပ် ဆောင်သော မင်းသားမြတောကျော်နှင့် ဗြဟ္မဒတ်မင်းအဖြစ် သရုပ် ဆောင်သည့် လူရွှင်တော်တစ်ယောက်ကလွဲ၍ ကျန်တာတွေက မည်း ပြာ၊ ပိန်ခြောက်၊ ကွေးကောက်ရွံ့ စောင်းတွေ စုပေါင်းထားသည့် ကိန္နရီ မလေးတွေဖြင့် လှပစွာ ကပြသွားကြသည်။ အဝတ်အစားတွေ အရောင် အသွေး မထွက်တာကလွဲလို့ အော်ပရာလည်း မဆိုးဘူးဟု ချီးကျူး ကြရပြန်သည်။ ။

ပြဇာတ်ထွက်တော့ ည ဆယ့်နာရီတောင် ထိုးနေပြီဖြစ်သည်။ မင်းသားမြတောကျော်က ပြဇာတ်မင်းသားအဖြစ် သရုပ်ဆောင်သည်။သျှောင်ထုံးကို ဖုံးကွယ်ရန်အတွက် နောက်မြင့်ရှေ့ပြားသက္ကလတ်ဦးထုပ် ကို အမြဲဆောင်းထားသည်။လယ်ပိုင်ရှင်၊ မြေပိုင်ရှင်သူဌေးသမီး မြို့သူမြသန်းကြည်က သူတို့ပိုင် လယ်တွေ ကိုင်းတွေရှိရာ တောရွာကို အပန်း ဖြေ လာလည်ရင်း သူတည်းခိုနေသည့် အိမ်က လယ်သူရင်းငှား တော သားလေး မြတောကျော် နှင့် ချစ်ကြိုက်သွားကြသည့် ဇာတ်လမ်းဖြစ် သည်။ သူဌေးသမီးနှင့် လူကြီးချင်း စေ့စပ်ထားသည့် မြို့သားနှင့် ထိုးကြကြိတ်ကြသည့်အခန်းမှာ မကြာခဏ ဦးထုပ်လွင့်ကျ၍ သျှောင် ထုံးကြီး ပေါ်ပေါ်လာတာကိုမြင်ကြရသည်။ သဘာဝယုတ္တိရှိတာ မရှိ တာ အပထားလို့ ဆိုင်ရာဇာတ်ဝင်ခန်းတွေမှာ အပြောတွေ အပြတွေနဲ့ အဆင်ပြေအောင် လုပ်ပြသွားကြသည်။ ပြဇာတ်လည်း ကောင်းသားပဲ ဟု ပြောကြပြန်သည်။

အများ မျှော်လင့်စောင့်စားနေကြသည့် နှစ်ပါးသွားနှင့် နောက် ပိုင်း ဇာတ်ကြီး ခင်းရန်အတွက် ဝန်နှစ်ပါးထွက်လာပြီး စကားပြောခန်း စသည့်အခါ မိုးလင်းခါနီး၍ သုံးနာရီပင် ထိုးနေပြီဖြစ်သည်။ လူရွှင် တော်တွေဖြစ်ဟန် တူသည့် ပုပုကွကွတစ်ယောက်နှင့် ပိန်ရှည်ရှည် တစ်ယောက်တို့ ဝန်ကြီးအဝတ်အစားအဆောင်အယောင် ခပ်နွမ်းနွမ်း တွေ ဝတ်ထားကြသည်။ ရိုးသားပြီး တရားစောင့်သည့် ဝန်ကြီးတွေ ဖြစ်မည်၊ ဖိနပ်တောင် စီးစရာမရှိတာ တွေ့ရသည်။

“ဝန်မင်းဗျား... သားတော်ခုနစ်ပါး တက္ကသိုလ်ပြည်မှာ ပညာ သင်ဖို့ သွားကြတာ ပညာသာမက ကြင်ရာပါစုံလို့ ရွှေဘုံကို ပြန်လာ ကြတာ တိုင်းတော်ပြည်တော်ကို ဒီနေ့ပြန်ရောက်မယ်ဆိုလို့ အကြို တော်ထောက်ဖို့ ဝန်မင်းတို့ ကျုပ်တို့တာဝန်ကျသမှုတ်လားဗျ...”

“အကြိုထောက်ရုံ သက်သက် မဟုတ်ဘူးလေ ဝန်မင်းရဲ့ ၊ သား တော်ကြီး မဟာ ပဒုမမင်းသားနှင့်တကွ ညီတော်နောင်တော် ခုနစ်ဖော် တို့ ပြည်တော်အပြန်မှာ မြို့တွင်းကို အဝင်မခံစေဘဲ တိုင်းတော် ပြည်တော်မှအပ ဝေးရာသို့ သွားကြစေလို့ မြို့အပြင်က စောင့်ပြီး နှင်ထုတ်