အကြည်တော် - အသည်းကွဲနှစ်ဆယ့်လေးနာရီ
အခန်း(၁)
“အသည်း ကိုဘယ်လိုကွဲဖူးပါသလဲ ...”
ကမ္ဘာပေါ်မှာ အသည်းကွဲနည်းပေါင်း မြောက်မြားစွာ ရှိပေလိမ့် မည်။ ကိုယ့်ချစ်သူက (ကိုယ်ကချစ်ရသူ )မချစ်ဘူးလို့ ပြန်အဖြေပေးချိန်၊ ကိုယ့်ချစ်သူက တခြားတစ်ယောက်နှင့် ချစ်သွားချိန်၊ ကိုယ့်ချစ်သူက နှလုံး ရောဂါသည် မိဘစကားကိုနားထောင်လိုက်ချိန်၊ ကိုယ့်ချစ်သူက အကြောင်း တစ်ခုခုကြောင့် ကိုယ့်ကိုပစ်ပစ်ခါခါနာကျည်းသွားချိန် စသည်ဖြင့် အသည်း ကွဲစရာအကြောင်း မြောက်မြားစွာရှိပေလိမ့်မည်။ သို့သော် ကျွန်တော့်လိုချစ်သူထံမှ အဖြေရသည့်နေ့၌ပင် အသည်းရော အရှက်စုံကွဲသည့် ကွဲပုံမျိုးတော့မည်သူမှကြုံဖူးလိမ့် မည်မထင်ပါ။ ဟုတ်ကဲ့... ကျွန်တော် အသည်းကွဲခဲ့တဲ့ကောင်... ။
ချစ်သူထံမှ ချစ်ပါတယ်ဆိုတဲ့အဖြေရသည့်နေ့၌ပင် ကျွန်တော် ကွဲခဲ့ရပါသည်။
ကျွန်တော့်ကွဲပုံကြားရ၍ မိတ်ဆွေတို့ အထူးအဆန်းဖြစ်နေပေ လိမ့်မည်။
မဖြစ်ပါနှင့်....
ဖြစ်ပုံကိုနားထောင်ကြည့်ပါ...။ ပြီးမှ ကျွန်တော်ကွဲသင့်၊ မကွဲ သင့်ဆုံးဖြတ်ပေးပါရန် ရိုသေကျိုးနွံစွာ တင်ပြလိုက်ရပေသည်။
နားဆင်တော်မူကြပါ အရပ်ကတို့ …
ကောင်လေးအလှပြင်နေသည်။ ကောင်လေး အလှပြင်နေသည် ဟူ၍ မိတ်ဆွေတို့နားထဲတွင် အစိမ်းသက်သက် ကြားနေရလိမ့်မည်။ ဒီကျားကြီးက ဘာလို့အလှပြင်နေသလဲလို့... ။
ဟုတ်ပါသည် ကောင်လေးအလှပြင်နေ၏။
သူ့တစ်ကိုယ်လုံး ရေမွှေးဆွတ်ထားသည်မှာ အမွှေးလွန်ပြီး ကြောင်သေးနံ့ပင်သင်းနေ၏။ ကိစ္စမရှိ။ အဆောင်ရေမကောင်း၍မချိုး ထားသမျှ ထိုကြောင်သေးနံ့နှင့်ပင် ဖုံးလွှမ်းထားပေတော့မည်။
မျက်နှာကိုလည်း (Fairand Lovely)မျက်နှာလိမ်းခရင်(မ်)တွေ ဖို့ပြီး ခပ်ကြမ်းကြမ်းပွတ်ထည့်ထားသည်။ အသားကညိုပေမင့် မျက်နှာတစ်ကွက် တည်း ကွက်ပြီးဖြူနေသည်။ မျက်လုံးလေးစင်းပြီး မျက်စောင်းလေးထိုးကြည့် ၏။ ကြီးကျယ်ကားလျားသော သူ့မေးရိုးကြီးကိုပြန်မြင်ပြီး “ဟိုက် ဘာကြီးလဲ ဟ” ဆို၍ လန့်သွားသေး၏။ လန့်လည်း လန့်ချင်စရာ၊ သူ့မေးရိုးကြီးပုံမှာ ဆယ်ပြားစေ့မျက်နှာဖြစ်ရုံမက တြိဂံလိုဖြစ်နေ၏။ ငယ်ထိပ်နှင့် မေးရိုးက နှစ်ဖက်လုံး လေးဆယ့်ငါးဒီဂရီကိုတန်း... လို့ ...
သို့သော်လှ၏။သူ့ကိုယ်သူကြည့်ပြီးလှ၏။ ချောသည်၊ ခံ့သည် ဟူသောစကားများသုံးပါက ပေါ့နေပေလိမ့်မည်။ ထိုသို့သုံးရန်မလို...။
ကောင်လေးလှ၏။ လှတာမှ သမိန်ပေါသွပ်ကာတွန်းထဲတွင်ပါသော အာတာလွတ်မြို့စား လှပုံမျိုး..။ နှုတ်ခမ်းမွေးစစနှင့်...။
သူ့လက်မောင်းအိုးနှင့် ပခုံးရိုးကိုကြည့်သည်။ ကျယ်ပြန့်ကားလျား သောပခုံးရိုးကြီးကိုကြည့်ပြီး သူ အလွန်သဘောကျနေ၏။ ပခုံးသားပေါ် ဖြာကျဲနေသော ညှင်းစက်ညှင်းပေါက်ကလေးများက မိုးစက်လေလား နှင်းပေါက်လားသို့ပခုံးသားကို ဖြူယောင်ဆောင်ထားသည်ကိုက အလှတစ် မျိုး။
ကောင်လေး သဘောကျစွာ ပြုံးလိုက်၏။
သူ့အပြုံးကြောင့် သူ့ရဲ့ ထော်လန်လန်နှုတ်ခမ်းက ရှေ့ သို့လက်လေး လုံးခန့် ချွန်တက်လာသည်။ ထိုဖူးချွန်ချွန်နှုတ်ခမ်းလေးကိုပင် ကောင်လေးက စံပယ်ချွန်ဟု အမည်ပေးထားသည်။ သူ့ရဲ့ မေးရိုးကားကားကြီးနှစ်ဖက်ကို လက်နှင့်အုပ်ပြီး မျက်လုံးပေကလပ်ပေကလပ်လုပ်၍ ကြည့်သည်။ မဆိုး . .. ညှို့အားအပြည့်ပါသည့် ခွေးသူခိုးကြည့်ဟု သူ့ဘာသာသူမှတ်ချက် ပေးသည်။
အောက်ကိုတော့ သူဆက်မကြည့်တော့။ ကျယ်ဝန်းသော ပခုံးနှင့် မတန်အောင် ရှူးကျနေသည့် တင်ပါးဆုံငွေ့ငွေ့ကို မမြင်လို၍ ဖြစ်သည်။
ကောင်လေးနောက်ကျောလှည့်၍ တင်ကိုကောက်ကြည့်၏။ ကောက်သင့်သလောက်တော့လည်း ကောက်၏။
တင်ပါးဆုံတွင်ကပ်နေသော ဖုန်မှုန့်များကို သူ့လက်ဝါးပြားနှင့် တဖုတ်ဖုတ်ပုတ်ခါလိုက်ပြီး... သဘောကျလောက်သည့် အနေအထား ကိုရောက်မှ ကျော်ကိုကိုထံမှငှားထားသော နားကြပ်ကက်ဆက်ကိုတပ်ပြီး ခွင်ကောက်၊ ခွင်ကောက်နှင့် ထွက်သွားလေတော့သည်။
ကောင်လေး၏ နားထဲတွင်တပ်ထားသော နားကြပ်ကက်ဆက်မှ (Marilyn Manson ,Modern Rock )သီချင်းများ ဆူညံနေသည်။ ဆူညံပါစေ ကောင်လေးကတော့မမှု...။ အဘယ်ကြောင့်ဆိုသော် ချစ်သူ ပွားပွား' နှင့်တွေ့ပြီး အဖြေတောင်းချိန် စိတ်ငြိမ်ဖို့က လိုသည် မဟုတ်လား...။ ဒီလို ကက်ဆက်ကျယ်ကျယ်ဖွင့်ထားမှ စိတ်ပြောင်းပြီး “ပွားပွားရှေ့ ကတုန်ကယင်ဖြစ်နေသည့် စိတ်ကိုအနည်းငယ်ထိန်းနိုင် ပေလိမ့်မည် မဟုတ်ပါလား...။ (ဒါ.. တက်ကနစ်နော်.. မှတ်ကြ)
ကောင်လေး သူ့ကိုယ်သူသဘောကျစွာ ပြုံးလိုက်သည်။ ပြုံးလိုက် တိုင်း ကားတက်လာသောမေးရိုးကို ပွတ်ကြည့်လိုက်ပြီး... ဒါကလည်း အလှတစ်မျိုးပါပဲလေဟု ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်လိုက်၏။
သူ့ရှေ့တည့်တည့်မှ သူနှင့်အခန်းဖော် ဝတုတ်နိုင်လင်းဖြတ်လာ ၏။ ပြုံးစေ့စေ့နှင့် မြောက်ကြွမြောက်ကြွဖြစ်နေသော ကောင်လေးကိုကြည့် ပြီး နိုင်လင်းမျက်မှောင်ကြုတ်သွား၏။ နောက်မှ ကောင်လေးနားထဲက နားကြပ်ကိုမြင်၍ ကောင်လေးကို “နောက်ချင်သွား၏။ သူ့ပါးစပ်နား လက်ကိုထမင်းစားသည့်ပုံလုပ်ပြီး ထမင်းစားဆောင်ဘက် လက်ညှိုးထိုးကာ
“ဟေ့ကောင်... မင်းညီမလေး ငါယူမှာနော်...”
အမူအရာနှင့် စကားသံကတခြားစီ။ ဒါကို ကောင်လေးက အမူ အရာကိုသာကြည့်ပြီး
“အေး...ယူလိုက်လေ... ငါမယူဘူး... ဆိုင်မှာပဲ ချစ်သူနဲ့ စားတော့မယ် ဟီး ဟီး...”
ကောင်လေး၏ မဆီမဆိုင်စကားကြောင့် နိုင်လင်းပို၍ အူရွှင်သွား သည်။ လက်ကို လမ်းမဘက်ပြပြီး...
“အေး...ငါနဲ့ မင်းညီမနဲ့ညားရင် မင်းဘယ်နားရှောင်ပေးမှာ
နိုင်လင်းအပြုအမူကို ကောင်လေးကလည်း ဘယ်သွားမလဲမေး သည်မှတ်ပြီး...
“ဒီနားပဲ”
နိုင်လင်းပြုံးပြီး ခေါင်းကိုတဆတ်ဆတ်ညိတ်၏။ ဒါကို ကောင် လေးကလည်း သဘောကျစွာရယ်ပြီး ခွင်ကောက်ခွင်ကောက်နှင့် ထွက်သွား လေသည်။ (ခွန်ကောက်ခွင်ကောက်ဆိုသည်မှာ ခြေထောက်က ခွင့်ပြီး တင်ပါးဆုံကကောက်နေ၍ ဖြစ်၏။)
ချစ်သူ"ပွားပွား ́နှင့်ချိန်းထားသော လက်ဖက်ရည်ဆိုင်သို့ ရောက် သောအခါ ကောင်လေး လမ်းမဘက်ကျောပေးထားသောခုံကို ရွေးချယ်၍ နေရာယူလိုက်၏။ ချစ်သူထံမှ ချစ်အဖြေတောင်းမည်ဖြစ်၍ ခုန်ထွက်နေ သောရင်အစုံကို ငြိမ်သက်စေရန် နားကြပ်ကက်ဆက်ကို( Volume)ထပ်ချဲ့ လိုက်၏။ ထိုအချိန်မှစ၍ ပတ်ဝန်းကျင်မှအသံကို သူဘာမှမကြားရတော့ပါ။
စားပွဲထိုးလေးတစ်ယောက်က သူ့နားလာပြီး... “အစ်ကို ကျဆိမ့်ပဲလား...”
စားပွဲထိုးလေး၏စကားကို ကောင်လေးဘာမှ မကြားသော်လည်း ကြားသလိုဟန်မျိုးနှင့် မိန့်မိန့်ကြီးပြုံးပြီး ပြန်အော်သည်။
“အေး... ပဲကြော်ပါထည့်ပေး၊ ခပ်စပ်စပ်လေးလုပ်နော်.. ငရုတ်သီးများများ...”
ကျယ်လောင်သောအော်သံကြောင့် စားပွဲထိုးလေးလန့်ပြီး အနီးက တိုင်ကိုလှမ်းဖက်လိုက်၏။ နောက်မှ နားကြပ်ကက်ဆက်ကိုတပ်ထားသည်ကို သတိထားမိပြီး...
“မဟုတ်ဘူးလေအစ်ကို ... ကျဆိမ့်မဟုတ်လား...”
ဟုအော်၍ပြောသည်။ ဒါကိုကောင်လေးက သူ့နားထဲဆူညံတဲ့ အသံနှင့် ဘာမှမကြားဘဲ စားပွဲထိုးကို စိတ်ဆိုးသွားသလိုဟန်မျိုးနှင့်...
“အေးလေကွာ... ပဲကြော်ထည့်၊ ငရုတ်သီးများများ....”
ဟုအော်လိုက်ပြန်သည်။ သူ့အော်သံကြောင့် တစ်ဆိုင်လုံးမှ သူ့ကို ဝိုင်းကြည့်ကြသည်။ ကောင်လေးကတော့ ဂရုမစိုက်။ သူ့ဖီး(လ်) နှင့်သူ (Marilyn Manson Modern Rock) ကိုစည်းချက်လိုက်နေ၏။ စားပွဲထိုးလေးက စိတ်ရှုပ်သလို ခေါင်းကိုကုတ်ပြီး...
“မဟုတ်ဘူးလေ အစ်ကိုရာ... အစ်ကိုမှာတာ မုန့်ဟင်းခါး လား...”
“အေး... ကျဆိမ့်..”
ကောင်လေးစကားကြောင့် စားပွဲထိုးလေး မျက်လုံးပြူးပြီး ပါးစပ်ကြီး ဟသွား၏။ နောက်တော့ သူ့ခေါင်းကိုသူပြန်ကုတ်ပြီး...
“မဟုတ်ဘူးလေ... အစ်ကို၊ အစ်ကိုမှာတာ လက်ဖက်ရည်လား မုန့်ဟင်းခါးလား၊ အဲဒါ ရှင်းရှင်းပြော၊ ဘယ်အထဲကို ပဲကြော်နဲ့ငရုတ်သီး ထည့်ရမှာလဲ... အဟွတ်... အဟွတ်..”
စားပွဲထိုးလေးမှအသံပြာထွက် ချောင်းခြောက်ပါဆိုးသည်အထိ အော်၏။ ဒါကို ကောင်လေးမှ မျက်မှောင်ကြုတ်ပြီး...
“ငါဘယ်တုန်းက ဗီးဂက်(စ်)သောက်ဖူးလို့လဲ၊ လန်ဒန်ပဲချ...”
“ဗျာ...”
စားပွဲထိုးလေး၏ဗျာသံမှာ အတော်ရှည်သွား၏။ ပြီးတော့ ကောင်လေးကို ဂြိုဟ်သားတစ်ယောက်ကိုမြင်ရသလို အထူးအဆန်းကြည့်၏။ အတန်ကြာမှ သဘောပေါက်သွားသလို ခေါင်းကိုခါရမ်းပြီး...
“အတော်နောက်တဲ့လူဗျာ” ဆိုပြီးလှည့်ထွက်သွား၏။ ဒါကိုပင် ကောင်လေးကအော်ကြီးဟစ် ကျယ်နှင့်..
“ဟေ့ကောင် ဘာလို့နို့ဆီလျှော့ထည့်ရမှာလဲ... အကျရည် သာလျှော့ရင်လျှော့ နို့ဆီတော့မလျှော့နဲ့ ...”
ဟုနှုတ်ခမ်းတလန် ပန်းတလန်နှင့် ပြန်အော်သည်။
အမှန်တော့ သူ့နားကြပ်ထဲကြားနေရသော ဆူညံသော (Music) အသံကို ကျော်လွန်အောင် အော်နေရသည့် အတွက် သူ့ အသံ မည်မျှကျယ်နေမည်ဖြစ်ကြောင်း သူမသိ။ သူကတော့ သူ့ဘာသာသူတိုးတိုးလေးပြောနေသည်ဟုမှတ်နေ၏။ လူတွေဝိုင်းကြည့်နေကြတာကိုပင် သူ့ကိုလှလို့ကြည့်နေ ကြသည်အောက်မေ့၍ လားမသိ၊ မိန့်မိန့်ကြီးပြုံးပြီး မျက်နှာသေကလေးနှင့် လိုက်ရယ်ပြရသေး၏။
သူ့ရင်တွေကလည်း (Marilyn Manson) သီချင်းသံနှင့်အတူ ပြင်းစွာခုန်လှုပ်နေ၏။ နာရီကိုလှမ်းကြည့်လိုက်သည်။ နာရီကိုပင် ယောင်ပြီး ရယ်ပြမိသေး၏။ နောက်မှသတိရပြီး အသေအချာကြည့်လိုက်တော့ ကိုးနာရီထိုးရန်ငါးမိနစ်။ ရင်ကပို၍ အခုန်မြန်သွား၏။ သိပ်မကြာခင် အချိန် အတွင်း ချစ်သူ “ပွားပွား” ရောက်လာတော့မည်။ ပွားပွားရောက်လာလျှင် ဘယ်က စပြောရမည်ကို စဉ်းစားရင်း သူအရှက်သည်းစွာ အကြောင်းမဲ့ လက်သည်းခွာနေမိ၏။
လမ်းမဘက်ဖျတ်ခနဲ ဝေ့ကြည့်လိုက်၏။ အို.... ကြည့်စမ်း။ အချိန်တိကျတတ်တဲ့ချစ်သူ ‘ပွားပွား’ သူနဲ့ချိန်းထားရာ လက်ဖက်ရည်ဆိုင် ဘက်ကို မူနွဲ့စွာလျောက်လှမ်းလာပါပြီ...။
လှလိုက်တဲ့ချစ်သူ။ ထူထဲလှသည့်ဆံပင်ကို ကျစ်ဆံမြီးနှစ်ချောင်းခွဲ ကျစ်ထားပြီး မျက်နှာပေါ် သနပ်ခါးပါးပါးလေးလူးထား၏။ အင်္ကျီကတော့
သူဝတ်နေကျအနွေးထည် အပြာရောင်ပွပွကို ကပိုကရိုလေး ဝတ်ထားသေး သည်။ ဒါကိုပဲ ကောင်လေးတို့အသည်းယားနေတာ...။
အို... ကြည့်စမ်း... ပွားပွားရဲ့နားထဲမှာလည်း သူ့လိုနားကြပ် ကက်ဆက်လေးတပ်လာပါလား...။ ကောင်လေးပို၍ ကြည်နူးသွား၏။
ဟုတ်တယ်လေ... သူ့ခမျာလည်း ချစ်သူကိုအဖြေပေးရမှာဆိုတော့ ငါ့လိုပဲ ရှက်ရှာမှာပေါ့ဟုတွေးရင်း ခြေထောက်နှစ်ချောင်းကြား လက်ထည့်၍ လက်သည်းတွေ အကြောင်းမဲ့ခွာနေမိ၏။
"ပွားပွား” ရှက်ပြုံးလေးပြုံးပြီး ဆိုင်ထဲဝင်လာ၏။ ပြီးနောက် ကောင် လေးကိုမြင်သည်နှင့်..
“ရောက်နေတာကြာပြီလား”