အကြည်တော် - သူခိုး
သူခိုး အပိုင်း ၁
"ငပိန်”
ဒီနာမည်ကြားတာနဲ့ လူတိုင်းက
“ဟာ ဒီကောင် သူခိုး”
ဆိုပြီး တန်းထိုးကြတော့တာပဲ။
ဟုတ်ပ၊ ငပိန်သူခိုး။ သူခိုးငပိန်။ ဒီကောင်က သူခိုးအစစ်။သူပြောတာကတော့ မျိုးရိုးကိုက သူခိုးချည်းပဲဆိုပဲ။
“ငါ့ရဲ့ ဘစ်တော်က အင်းဝနယ်တရိုးမှာ လူ ပြောများခဲ့တဲ့ 'ခိုးသားကြီးငတက်ပြား' ဆိုတာပေါ့ကွယ်။(ဘစ်တော်ဆိုသည်မှာ ဘေးတော်၏ အဘိုး ရဲ့အဖေကို ရည်ညွှန်းပုံရ၏။)
အောင်မာသူကလဲ သူ့ဘစ်တော်လို၊ လိုအပ်ရင် ဘုရားတည်ဦးမတဲ့။
ဆန်းတာက ငပိန်က သူခိုးလို့သာ သမုတ်ခံရတာ။ (သူ့အပြောအရ) သူ့ဘစ်တော်ခိုးသားကြီး ငတက်ပြားလို ရှင်ဘုရင်တွေ၊ သူဌေးသူကြွယ်၊ မူးကြီးမတ်ရာတွေဆီက ခိုးပြီး လူဆင်းရဲတွေကိုပြန် ဝေမျှတဲ့ ခိုးသားကြီးမျိုးမဟုတ်ဘူး။
ထဘီစုတ်ရ ထဘီစုတ်ခိုး။ ဒန်အိုးပေါက်ရ ဒန်အိုးပေါက်ခိုးတဲ့ တကယ့်ကလေက၀သူခိုး။
ယုတ်စွအဆုံး၊ အလှူအိမ်မှာ ဖိနပ်စုတ်ဝင်ခိုးလို့ အချုပ်ခုနစ်ရက် ကျဖူးတဲ့ သူခိုးမျိုး။
ဘယ်လောက်ထိလဲဆို ရပ်ရွာထဲ ဘာလေးပျောက်လိုက်ပျောက်လိုက် ငပိန်ကို ဂုတ်ကဆွဲပြီး ခါချလိုက်ရင် ပြန်ကျလာတာချည်းပဲ။
အချုပ်ဆိုတာလဲ မကြာခဏ ကျပါရဲ့။ ဒါပေမယ့် စိတ်မှတ်မရှိဘူး။
“အချုပ်ကျတော့ ရှာစားရသက်သာတယ်လေ”
အဲ့လိုကောင်မျိုး။ မသိရင် အစိုးရကပဲ သူ့မအေလင်ကျနေတာ။
"ငပိန်ဆိုတာ နာမည်ရင်းလား"
ဆိုရင် နာမည်ရင်းလို့ပဲ ပြောရမယ်။
အဖေနာမည် ဦးပိန်၊ အမေနာမည် ဒေါ်ပိန်။ မွေးနာမည် မောင်ပိန်၊ အခုနာမည် ငပိန်။
ပြောရဦးမယ်ဗျ။
ငပိန်တို့က မျိုးကြီးရိုးကြီးဆိုလဲ မှားမယ်မထင်ဘူး။ သူ့အဖေဘက်က အဘိုးရဲ့အဖေရဲ့ အဖေရဲ့ မယားပါသားရဲ့ ဆယ့်ခြောက်ဝမ်းကွဲက အင်းဝနန်းဆောင်ကြီးဖျက်ပြီး အမရပူရနဲ့ မန္တလေးကို သစ်သားတံတားထိုးခဲ့တဲ့ မြို့စာရေးငပိန်ဆိုပဲ။
အဖေဘက်က မြို့စာရေးငပိန်၊ အမေဘက်က ခိုးသားကြီးငတက်ပြား ဆိုတော့ စဉ်းစားသာကြည့်တော့။ ဒီလောက်ကောင်းတဲ့မျိုးရိုး ဘယ်နားတိုး ရှာမတုန်း။
သူ့အမေ ဒေါ်ပိန်ကတော့ ပြောရှာပါတယ်။
"ကျုပ်သားလေးငပိန်က မွေးကင်းစကနေ နို့မပြတ်ခင်အချိန်ထိက လူကောင်းပါပဲ၊ နို့ဖြတ်ပြီးမှသာ လူပေါင်းမှားတာ"
လူကောင်းသက်က အတော်ကြာခဲ့တာပဲ။ နို့မပြတ်ခင် အချိန်အထိဆိုတော့။
ကဲ ထားပါ။ ငပိန် သူခိုးဖြစ်ရတဲ့အကြောင်း စပြောရမယ်ထင် တယ်။
ငပိန်က ခိုးချင်လို့ ခိုးနေတာရယ်တော့ မဟုတ်ဘူး။
မွေးရာပါ လက်ကမြင်းတာ။
လူမှန်းသိကတည်းက သူ့အမေဒေါ်ပိန်ခမျာ ထဘီကို ဂုန်နီအိတ် နဲ့ချုပ်ပြီး လည်ပင်းသိုင်းထားရတာ။
ငပိန်ချွတ်ခိုးမှာစိုးလို့။
လက်သရမ်းတယ် ဆိုရမလားပဲ။ သူ့မျက်စိရှေ့က လွယ်တာမှန်သမျှ အကုန်ယူသွားတော့တာ။
ပန်းပင်ပန်းပင်၊ ဖိနပ်ရဖိနပ်။ ဘာမှမရရင်တောင် ချိုင်းမွှေးလောက် ခိုးနှုတ်သွားတာ။ဒါကို သူက ခိုးတယ်လို့လဲ မှတ်ပုံမရဘူး။ ယူခွင့်ရှိလို့ ယူတယ်လို့ပဲ မှတ်ထားတာ။ မသိရင် တလောကလုံး သူ့အကြွေးရှိတယ်များ မှတ်နေလားပဲ။
သူပထမဆုံး သူခိုးဘွဲ့ရတာ ဒီလိုဗျ။
ရွာမှာက မြေဝိုင်းဇာတ်ဆိုတာ တစ်နှစ်မှ တစ်ခါဖြစ်တာရယ်။
မြေဝိုင်းဇာတ်ဆိုသော်ငြား ဇာတ်ကြီးဇာတ် ကောင်းတွေ မဟုတ်ပါဘူး။ တောသူကြီးမေတင်တို့၊ လက်ျာစိမ့်စိမ့်စိုးတို့လိုမျိုး လူမသိသူမသိတွေပါပဲ။
မြို့မှာဆိုရင်တော့ ဘယ်သူမှမကြားဘူးတဲ့ ဝိုင်းတွေပေါ့။ ဒါပေမယ့်ဒီက သစ်ပင်လှ(နှစ်ရွာ) တို့၊ ဒိုးကျတို့၊ မြင်သာတို့၊ အိုးလေးအိုးတို့လို ရွာနီးချုပ်စပ်တွေမှာတော့ ဒိတ်ဒိတ်ကြဲတွေပေါ့။ မရှိရှိရာကြည့်ရတာကိုး။
အဲ... ငပိန်တို့နေတဲ့ ဒိုးကျရွာက မြို့နဲ့ သိပ်မစိမ်းတော့ စီးပွားရေးလည်း အတန်ငယ် ပြေလည်တာပေါ့။ ဒါကြောင့် ဒီနယ်တရိုးမှာတော့ ဒိုးကျက ပွဲဖြစ်အများဆုံး။
“မြေဝိုင်းဖြစ်ပြီဟေ့”ဆိုရင် ဘာရယ်မဟုတ်ဘူး။ ရွာနီးချုပ်စပ် အကုန်လာကြတာ။ ရွာကြီးများသာမက ဟိုး .. တောဘက် မြင်သာရွာကပါ တက်လာကြတာ။
အဲ့ဒါမျိုးပွဲဖြစ်ပြီဆိုရင် ငပိန်အတွက်ကတော့ အခွင့်ကောင်းပဲ။ ပွဲကြည့်ဖို့မဟုတ်ဘူးရယ်။ အားလုံးပွဲခင်းထဲရောက်နေပြီဆို ရွာပတ်ခိုးတာ။
ရွာကလူတွေ မြေဝိုင်းမှာ သွားနေတုန်း ရွာလုံးကျွတ်ကိုခိုးတာ။
အဲ.. ပြောရဦးမယ်။ ဒီနှစ်က ငပိန်ပိုပြီးကံကောင်းတဲ့နှစ်လို့ ပြောရမယ်။ ငပိန် ဆုကြီးပေါက်ထားတယ်လို့ပြောရင် ပိုမှန်မယ်။
ဘာလို့လဲဆိုတော့ ဒီမြေဝိုင်းမဖြစ်ခင် ပြီးခဲ့တဲ့ရက်ပိုင်းက ဒိုးကျ အနောက်ပိုင်း မလက်တိုထန်းတဲမှာ ထန်းရည်သောက်ရင်း အပျော်သဘောနဲ့ ပါလာတဲ့ကြက် ထုတ်တိုက်တာ။
အဲ့မှာ ဘယ်သူပါလာလဲဆိုတော့ အိုးလေးအိုးရွာက သူကြီး ဦးပါကညာကြီး ပါလာလေရော။ ပါကညာဆိုတာကလဲ လူကြိုက်လို့ သူကြီးဖြစ်တာမဟုတ်ဘူး။ လူမိုက်လို့ သူကြီးဖြစ်လာတာ။ လူမိုက်ကမှ တကယ့်လူမိုက်။ ဒီကြားထဲ လောင်းကစားကဖက်သေး။
ဒါပေမယ့် လူမိုက်က သူကြီးလုပ်တော့ ရွာအေးသဗျ။ သူ့ရွာကို ဘယ်သူမှ လာမထိရဲဘူး။ ထိရဲထိကြည့်။ ပါကညာကြီးနဲ့ မီးပွင့်သွားမှာ။ ဓားက ပါသကိုး။
ငပိန်တို့လို ခြေဆော့လက်ဆော့သူခိုးတောင် အိုးလေးအိုးသွားရင် ကိုယ့်လက်ကိုယ် ချုပ်ထားရတာ။ ခိုးမိမှာစိုးလို့။ ဘာလေးပဲခိုးခိုး သူကြီး ပါကညာသိရင် အတွယ်ခံရပြီသာမှတ်။
သူပြောတတ်တဲ့ စကားရှိတယ်။
"ဗိုက်ထဲဓား ထည့်ပြီး သံချေးတက်မှ ပြန်ထုတ်တတ်တဲ့ ပါကညာ နော.. ဘာထင်လဲ”
တကယ်လဲ အဲ့လိုလူမျိုး။ထားတော့။
အဲဒီနေ့ ဒိုးကျရဲ့ အနောက်ဖျားမှာရှိတဲ့ မလက်တိုထန်းတဲမှာ ငပိန်ရယ်၊ မောင်စိန်ရယ်၊ တင်ဖိုးရယ် ထန်းရည်တစ်မြူကြေး အပျော်တမ်း ကြက်ပွဲလေး ခြေစမ်းခွပ်နေတာ။ ပွဲကြီးတိုက်တာ မဟုတ်ဘူး။ ခွပ်လက်ထိုးတာပေါ့။
တကယ့်ပွဲတွေကျရင် ကြက်တွေ့ခွပ်သားကျအောင်။
အဲ့လိုကြက်ပွဲတွေမှာဆိုလဲ ငပိန်ကြက်က အနိုင်များတယ်။
ကြက်ကောင်းလို့မဟုတ်ဘူး။ ငပိန်က ကြက်စွဲကောင်းတာ။
သူ့ခန္ဓာကိုယ်လေးနဲ့ ကြက်ပွဲမှာဆို ပိတုန်းလေး ကျနေတာ။ ကြက်တွေအပေါ်ခုန်ပျံပြီးနေတာ။
ကြက်ဖင်ကို ဘယ်လိုရေမှုတ်ရမှာ၊ ကြက်အတက်က အမှိုက်တွေ ဘယ်လိုရှင်းရမှာ ငပိန်သိတယ်။
ငပိန်အကျွမ်းဆုံးကတော့ ကြက်ကောက်ကျွမ်းတာပဲ။
သူ့ကြက် ခွပ်ပန်းကျပြီဆို ငပိန်လုပ်ပြီး ကြက်ကို စည်းထဲမှ ကောက်လို့မှမရတာ။ အဲဒီတော့ သူ့ပါးစပ်ထဲ ရေအပြည့်ထည့်ပြီးတော့ ကြက်ဖင်ကို ရေနဲ့ တအားထိုးထိုးမှုတ်တာ။ အထီးကြီးက ဖင်ရေစိုတော့ ဘယ်နေနိုင်မလဲလေနော့။ ဖူးခနဲမှုတ်လိုက်တိုင်း သူ့ခမျာ ပစ်မှတ်ရွှေ့ပေးရတာပေါ့။
ကြက်က လန့်လန့်ပြီး ချိုးထားတဲ့စည်းနားရောက်ပြီ ဆိုတာနဲ့ကြက်ကောက်ပြီ။
ပြီးတော့ သူ့ကြက်ကို အာခေါင်တွေ့နှိုက် ချွဲတွေရိုက်ပြီး ပြန်လွှတ်လိုက်ရင် ကြက်ကအကောင်းဗျာ။ လန်းလန်းဆန်းဆန်းကို ပြန်ခွပ်နိုင်တာ။
ဒါကြောင့် ဒီအနီးအနား ကြက်ပွဲမှာ “ကြက်စွဲကငပိန်ဟေ့” ဆိုရင် အတော်များများက ဂါရတယ်။ ဒါက ငပိန်အစွမ်း။ နောက် ကြက်နိုင်အောင်တိုက်နည်း အတော်များများလည်း ငပိန်သိတယ်။
ဖြစ်ချင်တော့ အဲ့ဒီနေ့ မလက်တိုထန်းတဲမှာငပိန်တို့ ထန်းရည် လေးသောက်ပြီး ပါလာတဲ့ကြက်ကို ခွပ်လက်စမ်းနေတာ။
ဘာရယ်မဟုတ်ပါဘူး။ ထန်းရည်တစ်မြူကြေးလောက်ပါပဲ။ ဘယ်သူနိုင်နိုင် သောက်ကြပေါ့။
ကြက်ပွဲအရှိန်ကောင်းနေတုန်းမှာပဲ။ ကြားလိုက်ရတဲ့ အသံက
"ဟေ့ကောင်တွေ မင်းတို့ဘာလုပ်နေကြတာလဲကွ ဟေ"
ကြည့်လိုက်တော့ အိုးလေးအိုးသူကြီးပါကညာ။
ပါကညာကို မြင်တာနဲ့ ငပိန်တို့ တုန်ဆင်းသွားတယ်။
"ဟာ ပါကညာကြီးဟ၊ ငါတို့တော့ အထုခံရပြီ"
"ဟေ့ကောင် ကြက်တွေသိမ်း"
“ချထားတာတွေ ကောက်ပါဟ"
ဆိုပြီး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တာ။ အပြေးသန်တဲ့ တင်ဖိုး ကတော့
"ငါတော့ ပြေးပဟ၊ ပါကညာနဲ့ အလောင်းမခံနိုင်ဘူး”
ဆိုပြီး ဖြုတ်ဆိုပျောက်သွားတာ။
ငပိန်တို့ မောင်စိန်တို့ကသာ ကြက်ကောက်ရင်း ပြေးမခင်သေးဘူး။
ပါကညာကြီးက သူတို့နားရောက်လာပြီ။ ပါနေကျဓားကြီးကို ဆွဲပြီး
“မင်းတို့ ဘာလုပ်နေတာလဲကွ ဟေ"
ကြည့်လိုက်တော့ သူ့တပည့် ဓားဖိုးဌေးရယ် သူရယ် နှစ်ယောက်။ ဓားဖိုးဌေး ဆိုတာကလည်း နှယ်နှယ်ရရလား။ ဒီနယ်တရိုးမှာတော့ ပါကညာ ပြီးရင် ဖိုးဌေးဟေ့ဆို မော်မကြည့်ရဲဘူး။ ဒီတစ်ခါတော့ သူ့လက်ထဲကိုင်နေကျ ဓားကြီးပါမလာဘူး။
ဘယ်ကဘယ်လို သိမ်းလာတယ်မသိတဲ့ တိုက်ကြက်ကြီး တစ်ကောင် ပိုက်လာတယ်။
ငပိန်က တုန်တုန်ရင်ရင်နဲ့
"ကျွန် ကျွန်တော်တို့ ခွပ်လက်လေး စမ်းနေတာပါ။ အသပြာကြေးနဲ့မဟုတ်ပါဘူး”
သူ့စကားကို ဦးပါကညောက ကိုင်လာတဲ့ဓားကို ဆတ်ခနဲပစ်ချပြီး
“ဒီလိုလုပ်လို့ ဘယ်ရမလဲကွ”
“ခင်ဗျာ၊ ကျွန်တော်တို့ အပျော်၊ အပျော်”
“လာငါ့ကြက်ဖနဲ့ ခွပ်လက်စမ်းမယ်"
"ဟင်"
ဦးပါကညာကြီးစကားကြောင့် ငပိန်၊ မောင်စိန်ကြောင်သွားတယ်။
ဦးပါကညာကတော့ တပည့်ကျော်ဖိုးဌေး ကမ်းပေးတဲ့ကြက်ကို လှမ်းယူရင်း မြေပေါ်မြှောက်မြှောက်ချတယ်။
"ငါ့ကောင်လဲ ခွပ်လက်မချရတာ ကြာပြီကွ၊ ဘက်မရှိလို့၊ လာလေကွာ၊ ချလေ"
ငပိန်က ပါကညာလက်ထဲကကြက်ကို ကြည့်လိုက်တယ်။ ဦးပါကညာကြက်က သူ့ကြက်ထက်ကြီးတယ်။ ဒါပေမယ့် ကြည့်တာနဲ့သိတယ်။ သူ့ကြက်က တိုက်ကြက်အစစ် မဟုတ်ဘူး။ အသားပွတယ်။ ခြေကျ မခိုင်ဘူး။ ကြက်က မျိုးမမှန်ရင် သိပ်မခံဘူးရယ်။ ဒါကြောင့် တစ်ဆင့် တက်ပြီး
“အာ ဦးလေးပါကညောကလဲ ခွပ်လက်ချမယ်ဆို ဦးလေးပါကညော ကြက်က ကြီးနေတာ၊ ကျုပ်ကြက်က နာမှာပေါ့၊ နာမယ့်အတူတူ ခွပ်လက် တော့ ချမနေဘူး၊ ချချင်းချဒဲ့ချမယ်"
သူ့စကားကြောင့် ပါကညာက ပြန်မော့ကြည့်တယ်။ ပြီးတော့ ငပိန်ကို မေးငေါ့ရင်း