အကြည်တော် - ပြုံးတော်မူ
ဆယ်ပြားအောင်မြင့်
နာမည်ရင်းက အောင်မြင့်။ ဒါပေမယ့် သူ့ကိုသိတဲ့လူတိုင်းဆယ်ပြားအောင်မြင့်လို့ပဲ ခေါ်ကြတယ်။
ဆယ်ပြားအောင်မြင့်ဆိုတာနဲ့ ခင်ဗျားတို့ စိတ်ထဲမှာ သမိန်ပေါသွပ်လို ဆယ်ပြားစေ့မျက်နှာနဲ့ လူတစ်ယောက်ကို ပြေးမြင်ရင် မြင်လိမ့်မယ်။ မဟုတ်ဘူး။ ဒီလူ့မျက်နှာက ဆယ်ပြားစေ့မျက်နှာလို လည်း မဟုတ်ဘူး။ နောက်ပြီး ဆယ်ပြားလိုနေတာတို့၊ ဆယ်ပြားပိုနေတာတို့လို ကျပ်မပြည့်တာလည်းမဟုတ်ဘူး။ ဒီလူက ကျပ်လည်း ပြည့်တယ်။ လူကလည်း နှုတ်ခမ်းမွှေးစစ ဗလကောင်းကောင်းနဲ့ လူချော၊ ဒါဆို သူ့ကိုဘာလို့ ဆယ်ပြားအောင်မြင့်လို့ ခေါ်လည်းသိချင် ကြမယ်။
ဒီလူက ပွဲစား၊ ပွဲစားကမှ တစ်ပွဲစား ပွဲစားမျိုးမဟုတ်ဘူး။ ပွဲပေါင်းမြောက်မြားစွာစားခဲ့တဲ့ ပွဲစား။ ဒါပေမယ့် သူက ပွဲတိုင်းကို တခြားပွဲစားတွေလို ပွဲခအများကြီးစားတဲ့ ပွဲစားမျိုးမဟုတ်ဘူး။ ကတိ သစ္စာရှိရှိ ဆယ်ပြားပဲစားတဲ့ ပွဲစား။ နောက်ပြီး သူက ဒီပြင့်ပွဲစားတွေ လို လိုင်းစုံပွဲစားလုပ်တဲ့လူမဟုတ်ဘူး။ တစ်ခုပဲလုပ်တယ်။ သူလုပ် တာက ဆိုင်ကယ်ပွဲစား၊ ဆိုင်ကယ်ပွဲစားကမှ ဆိုင်ကယ်အများကြီး အရောင်းအဝယ်လုပ်တဲ့ ပွဲစားမျိုးလည်းမဟုတ်ဘူး။ ဆိုင်ကယ်တစ် စီးထဲကိုပဲ ပွဲစားလုပ်နေတဲ့ တကယ့်ဆိုင်ကယ်တစ်စီး ပွဲစား၊ ဒီလိုပြော လိုက်လို့ အံ့ဩချင် အံ့ဩကြလိမ့်မယ်။ မအံ့ဩနဲ့ သူ့အကြောင်း မကြာခင်သိရမယ်။
ဒီလူ ဘယ်လိုပွဲစားလောကထဲ ရောက်လာတယ်ဆိုတာကို တော့ ကျွန်တော်မသိဘူး။ ကျွန်တော် သူ့ကိုသိတဲ့အချိန် ဒီလူ ပွဲစား လောကမှာ နာမည်ကြီးလူသိများတဲ့ ပီဘိပွဲစားတစ်ဦးဖြစ်နေပြီ။ ပွဲစား လောကမှာလည်း အပြောအကောင်းဆုံး၊ ပုံမှန်ဝင်ငွေအရှိဆုံးလူဆို သူ့ကိုပဲ ပြရမှာပဲ။ ဒါ့အပြင် ပွဲစားလောကမှာ အရောင်းအဝယ် အကောင်းဆုံး အလုပ်အဖြစ်ဆုံးလူဆို သူပဲ။ ဒါပေမယ့် သူရောင်းနေ ဝယ်နေတာက များများမဟုတ်ဘူး။ စူပါကပ် ခိုပြာရောင်(၉၀)ဆိုင် ကယ်တစ်စီးတည်းရယ်။
ဆိုင်ကယ်တစ်စီးတည်းကို နှစ်ပေါင်းမြောက်မြားစွာ ရောင်းနေ ဝယ်နေတယ်ဆိုကတည်းက သူ့ရဲ့ အပြောစွမ်းရည်ကို သတိထားမိ ကြမယ်ထင်တယ်။ သတိမထားမိရင်လည်း ကျွန်တော်သူနဲ့ကြုံဖူးသ လောက် သူပြောတာ ကြားဖူးသလောက် ပြောပြမယ်။
အဲဒီတုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဆယ် ပြားအောင်မြင့်ဆီက တစ်စီးထဲသောဆိုင်ကယ်ကို ဝယ်ချင်တယ်။ ဝယ်ချင်တာကလည်း ဒီဆိုင်ကယ်က ရုပ်သန့်တယ်။ (ဘော်ဒီခိုင်တယ်ပေါ့ဗျာ) ဈေးလည်းသက်သာတယ်။ နောက်ပြီး ပွဲစားခက လည်း သူများတွေလို အများကြီးပေးရမှာ မဟုတ်ဘူး။ ဆယ်ပြားတည်း ရယ်၊ ဝယ်သူအနေနဲ့ ဘယ်လိုတွေးတွေး တန်နေတယ်ပေါ့။ ဒါနဲ့ အဲဒီဆိုင်ကယ်ကိုဝယ်ဖို့ ကျွန်တော်နဲ့ သူငယ်ချင်းလည်း အောင်မြင့် ချိန်းထားတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်မိကြရော။
ချိန်းထားတဲ့ အချိန်ရောက်တဲ့အထိ ဆယ်ပြားအောင်မြင့် ရောက်မလာဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း အရောင်းအဝယ်မဖြစ်တော့လို့ မလာတော့တာ ဖြစ်မယ်ဆိုပြီး ထပြန်မလို့တောင် စဉ်းစား လိုက်ကြတယ်။ အဲဒီအချိန်ကျမှ ဆယ်ပြားအောင်မြင့် ဆိုင်ကယ်ကြီး ကို တဒုန်းဒုန်းစီးပြီး ရောက်လာတယ်။
ကျွန်တော်တို့ကိုလည်းတွေ့ရော ဆိုင်ကယ်ပေါ်ကဆင်းလာတယ်။ မျက်နှာလည်း သိပ်မကောင်းဘူး။ ဘာဖြစ်လာတာရယ်လည်း မသိဘူး။ ဒါပေမယ့် သူ့ပုံက အိပ်ရေးပျက်ထားတဲ့ပုံ၊ ကျွန်တော်တို့ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သူ့ကိုဘယ်ကစပြောရမယ်မှန်းမသိဘဲ အူကြောင်ကြောင်ဖြစ်နေကြရတယ်။ ပြီးတော့ သူ့ဆီက တောက်ခတ်သံလည်းကြားရတယ်ဆိုတော့ အိမ်မှာပဲ အဆင် မပြေလာလို့လား၊ ဒါမှမဟုတ် လမ်းမှာတစ်ခုခုများ ပြဿနာတက်လာလားပေါ့။ သူ့ပုံကလည်း စိတ်ပျက်နေတဲ့ပုံ၊ အတော်ကြာတော့ ကျွန်တော်လည်း မနေနိုင်တော့ဘဲ
“ကိုအောင်မြင့်ကြီး ဘာဖြစ်လာရတာတုန်း” ဆိုတော့ သူကသက်ပြင်းရှည်ကြီးချပြီး..
“မပြောချင်ပါဘူးဗျာ အိမ်မှာ ကြွက်တွေ သောင်းကျန်းနေ လိုက်ပုံများ”
ကျွန်တော်တို့လည်း သူ့ဘာမဆိုင်ညာမဆိုင် စကားကြောင့် အံ့အားသင့်သွားပြီး..
“ဟင်.. ကြွက်တွေက ဘာဖြစ်လို့လဲ” သူ ကျွန်တော့်စကားကို မျက်မှောင်ကြုတ်လိုက်ပြီး.. ။
“ဘာဖြစ်ရမှာလဲဗျ၊ ညက ကြွက်တွေသောင်းကျန်းပြီး ဆိုင်ကယ်ကစ်(စ်)စတာပါပေါ် ခုန်ချနေတော့ ဆိုင်ကယ်ကလည်းစက် နိုးလျင်တယ်လေ၊ တစ်ညလုံးကို မအိပ်ရဘူးဗျာ၊ အိပ်မယ်ကြံလိုက် စက်ထနိုးလိုက်၊ အိပ်မယ်ကြံလိုက် သူတို့က ကစ်(စ်)စတာပေါ်ခုန်ချ လိုက်၊ စက်က ဝုန်းဆိုထနိုးလိုက်နဲ့ တစ်ညလုံးကို အိပ်ရေးပျက်ရော”
အဲဒီတော့မှ သူ့ဆိုလိုရင်းကို ကျွန်တော်တို့သဘောပေါက် တယ်။ သူဆိုလိုချင်တာက သူ့ဆိုင်ကယ်က စက်နှိုးရလွယ်တယ်ပေါ့။ ဘယ်လောက်ထိ စက်နှိုးရလွယ်သလဲဆို ခုနကပြောသလို၊ ကစ်(စ်)စတာပေါ် ကြွက်ခုန်ချရင်တောင် စက်နိုးတယ်ပေါ့။
သူ့အပြောကို ကျွန်တော့်သူငယ်ချင်းက သဘောကျသွား တယ်။ တကယ် စက်နှိုးကြည့်တော့လည်း အဟုတ်ဗျာ၊ ကစ်(စ်)စတာ ပါပေါ် ခြေထောက်တောင်တင်လို့မရဘူး။ စက်ကိုနှိုးပြီးသား၊ စီး ကြည့်တော့လည်း မဆိုးဘူး။ ဒါနဲ့ ကျွန်တော့်သူငယ်ချင်းက ဆိုင်ကယ် ကိုကြိုက်ပြီး ချက်ချင်းငွေချေလိုက်တယ်။ ပြီးတော့ အောင်မြင့်ကို လည်း ပွဲစားခဆယ်ပြားစားပေးလိုက်တယ်။
ဒါပေမယ့် မကြာပါဘူး။ ကျွန်တော့်သူငယ်ချင်းကို သူကြိုက်လှချည်ရဲ့ဆိုတဲ့ဆိုင်ကယ်ကြီး တွန်းလာတာ တွေ့ရတယ်။ ဒါနဲ့ ကျွန်တော် လည်း သိချင်တာနဲ့.. ။
“ဟေ့ကောင်... ဘာလည်း ဆိုင်ကယ်ဆီကုန်သွားလို့လား” ဆိုတော့ သူငယ်ချင်းက မျက်နှာကို ရှုံ့မဲ့ပြီး.. ။
“ဘယ့်နှယ်ဆီကုန်ရမှာလဲ စက်နှိုးလို့မရလို့ဟေ့ စက်နှိုးလို့ မရလို့၊ တောက် ဘယ်လိုဖြစ်တာလဲမသိဘူး။ ဝပ်ရှော့လည်း စုံနေ ပြီး ဘယ်ဆရာနဲ့မှ မကောင်းဘူး။ ပြန်ရောင်းလိုက်တာပဲအေးမယ် ထင်တယ်ကွာ။ မစီးရမယ့် အတူတူ”
သူ့စကားကို ကျွန်တော် အံ့အားသင့်သွားပြီး..
“ဟ.. ဒါနဲ့ ပွဲစားအောင်မြင့်ပြောတော့ ကြွက်ခုန်ချရင် တောင် နိုးတယ်ဆို အခုဘယ်လိုဖြစ်ရတာတုန်း”
ကျွန်တော့်စကားကို သူငယ်ချင်းက ခေါင်းယမ်းပြီး.. ။
“ငါလည်း မပြောတတ်တော့ပါဘူးကွာ၊ ကြွက် ခုန်ချတာ လောက်မပြောနဲ့၊ ပန်းပဲမောင်တင့်တယ် တက်နင်းခိုင်းရင်တောင် နိုးမှာမဟုတ်ဘူး”
“ဟ.. ဒါဆို သူ့ကိုပြန်ပြောသင့်တာပေါ့ကွာ” “အေး.. ဟုတ်တယ် သူ့ကို သွားပြန်ပြောရမယ်၊ မရရင်
လည်း ပြန်ရောင်းခိုင်းလိုက်မယ်ကွာ”
ဆိုပြီး ဆယ်ပြားအောင်မြင့်ဆီ နှစ်ယောက်သား ချီတက်လာ ခဲ့ကြတယ်။ အခန့်သင့်ပါပဲ။ အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်နဲ့ ဇိမ် ယူနေတဲ့ ပွဲစားဆယ်ပြားအောင်မြင့်ကို တွေ့တယ်။ သူ့ကိုတွေ့တယ် ဆိုရင်ပဲ ကျွန်တော့်သူငယ်ချင်းက ဒေါသတကြီးနဲ့.. ။
“ဟေ့လူ.. ခင်ဗျားဆိုင်ကယ် ကစ်(စ်)စတာတာပေါ် ကြွက် ခုန်ချရင်တောင် စက်နိုးတယ်ဆို အခုဘယ်လိုမှနှိုးမရပါလား”
ဆိုတော့ ဆယ်ပြားအောင်မြင့်က အပြုံးမပျက်ဘူး။ ဘာပြန် ပြောတယ်ထင်သလဲ။
“အေးဗျ.. ကျုပ်တို့အိမ်ကကြွက်က အကောင်နည်းနည်း ကြီးတယ်ဗျ၊ နောက်ပြီး ဒီကြွက်က ဝပ်ရှော့ဆရာသေလို့ ဝင်စားလား တော့မသိဘူး။ သူထခုန်လိုက်ရင် ဆိုင်ကယ်စက်က နိုးတာပဲ".. တဲ့။
ကဲ.. သူငယ်ချင်းကလည်း စိတ်ဆိုးတာပေါ့။ ခင်ဗျားကျုပ် ကို သက်သက်အချဉ်ဖမ်းတယ်၊ လိမ်ရောင်းတယ် စသည်ဖြင့်စွပ်စွဲ ပါလေရော၊ အောင်မြင့်ကတော့ အပြုံးမပျက်၊ အလျှော့လည်းမပေးဘူး။ ခင်ဗျားကြိုက်လို့ ခင်ဗျားဝယ်ထားတာပဲ။ ဘာမှအချဉ်ဖမ်းစရာ အကြောင်းမရှိဘူး။ ကျွန်တော် ခင်ဗျားကို ဇွတ်အတင်း မဝယ်ခိုင်းခဲ့ ဘူး စသည်ဖြင့် စကားများကုန်ကြရော။ နောက်ဆုံး သူငယ်ချင်းက စိတ်ညစ်သွားပြီး..
“ပြန်ရောင်းမယ်ဗျာ”
“ရတယ်လေ. . ကျွန်တော်ပြန်ရောင်းပေးမယ်၊ ပွဲခ ဆယ်ပြားပဲပေး"
အောင်မြင့်ရဲ့ စကားကို သူငယ်ချင်းက စိတ်ဆိုးသွားပြီး..
“ဟ.. ဘာလို့ ပေးရမှာလဲ ဝယ်တုန်းကလည်း ခင်ဗျားဆယ် ပြားစားယူပြီးပြီ၊ အခုပြန်ရောင်းတော့လည်း ခင်ဗျားကဆယ်ပြားထပ်ယူဦးမယ်ဆို မလွန်လွန်းဘူးလား”
“ဒါဆို မရောင်းနဲ့လေ”
အောင်မြင့်ရဲ့ စကားကြောင့် သူငယ်ချင်း ငိုင်ကျသွားတယ်။ ဟုတ်တယ်လေ။ သူ့ခမျာ မရောင်းရင်လည်း ဘယ်လိုလုပ်မလဲ၊ ဒီဆိုင်ကယ်ကြီး ဒီအတိုင်းပုံကျသွားရုံပဲရှိမယ်၊ စီးလို့လည်း မရတဲ့ဟာ။
“ရောင်းမယ်ဗျာ ခင်ဗျားဆယ်ပြားစားယူ၊ ဒါပေမယ့် အမြန် ဆုံးရောင်းပေး”
ဆိုတော့ ဆယ်ပြားအောင်မြင့်က ခန့်ခန့်ကြီးပြုံးပြီး..
“အခု အရောင်းအဝယ်ဖြစ်ပြီလို့ သဘောထားလိုက်၊ ပေးဆယ်ပြားစား”
ကျွန်တော့်သူငယ်ချင်းခမျာလည်း ဘာမှမတတ်နိုင်တော့တဲ့အခြေအနေမို့ အောင့်သက်သက်နဲ့ ဆယ်ပြားစားပေးလိုက်ရတယ်။
ဆယ်ပြားအောင်မြင့်ကတော့ သုံးရက်လောက်အတွင်းမှာကို အသွားအပြန် ဆယ်ပြားစားစီ ပြားနှစ်ဆယ်ရသွားပြီ။ဆယ်ပြားစားဆိုတာ အားလုံးသိမှာပေါ့။