အကြည်တော် - နွယ်ချို
လူအများက ပြောကြပါသည်။ ကမ္ဘာပေါ်၌ ကံအကောင်းဆုံးသော လူသားနှစ်ဦး ရှိပါသည်။ ထိုနှစ်ဦးမှာ အာဒမ်နှင့်ဧ၀ဖြစ်သည် ဆို၏။ စဉ်းစားကြည့်ပါ။
ကမ္ဘာဦးစ ဘာမှမရှိစဉ်ကာလ၌ လူနှစ်ဦးတည်းနေထိုင်ဖို့ ရာမှာ လွန်စွာခက်ခဲပေလိမ့်မည်။
ယခုလို လျှပ်စစ်မီးတို့၊ လပ်တော့(ပ်) တို့၊ ဟမ်းဖုန်းမဆို ထားနှင့် မီးကိုပင်မမြင်ဘူး၊ သုံးဖို့စွဲဖို့ အပ်တိုတစ်ချောင်းပင်မရှိ၊ ခြင်ထောင် စောင်ဆိုတာ ဝေလာဝေး၊ စားကောင်းသောအသီးက ဘယ် အရာ၊ ဘယ်အရာက မစားသင့်သောအသီးပင် မသိကြရှာသောသူ နှစ်ယောက် အဘယ့်ကြောင့် ကမ္ဘာ့ကံအကောင်းဆုံးဟု တညီတညာ တည်း သတ်မှတ်ကြသနည်း။
တစ်ခုသာ။
ယောက္ခမမရှိ၍ဖြစ်သည်။
မိတ်ဆွေ မစားကောင်းသောအသီးထက် ယောက္ခမက ပိုဆိုးကြောင်း အဘယ်ကြောင့်ဆိုကြသနည်း။
ဖြစ်နိုင်ပါသည် အဆွေ။
အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်မှာ မစားကောင်း သောအသီးကိုစား၍သာ ယောက္ခမဘဝ ရောက်ရသည်မဟုတ်ပါလား။သူတို့နှစ်ဦးသည် ပထမဆုံးလူသားဖြစ်ခဲ့လျှင် ပထမဆုံး ယောက္ခမသည်လဲ သူတို့နှစ်ဦးပင် ဖြစ်ပေလိမ့်မည်။ သူတို့သည် ကမ္ဘာ ဦးက ယောက္ခမ။ဘုရားသခင်၏ သတ်မှတ်ချက်အတိုင်း မစားမကောင်းသော အသီးက မစားခဲ့ပါက ဇီဝဗိုက်မကြီး။ ဗိုက်မကြီးက ကလေးမမွေး။ ကလေးမမွေးက ယောက္ခမဆိုတာကြီးလဲ ဖြစ်လာကြလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် အဆိပ်သီးကိုပင် ယုံယုံကြည်ကြည်စားရဲသောသူထက် မည်သူကများ ပိုဆိုးဦးမည်နည်း။
ကျွန်တော်လဲ သိချင်၍ လူသားမျိုးကို စတင်ပွားများစေသောအာဒမ်နှင့်ဧဝ (ကမ္ဘာပေါ် ပထမဆုံးသော ယောက္ခမ)ပုံများအား ပြ တိုက်၌ သွားရောက်ကြည့်ခဲ့ဖူးပါသည်။
သူတို့၏ဓာတ်ပုံများမှာ အဝတ်အစားများမပါ၍ ဘယ်အရာ ကအာဒမ်၊ ဘယ်သူက ဝေမှန်း မသိခဲ့ရပါ။ အဝတ်အစားနှင့်ဆိုလျှင် အထီးအမ ခွဲတတ်ပါသည်။
အကောင်းနှင့်အဆိုးမှာ အမြဲဒွန်တွဲလျက်ရှိကြောင်းကို အာဒမ်နှင့်ဧဝကိုကြည့်၍ ဆင်ခြင်မိပါသည်။
အဘယ်ကြောင့်ဆိုသော်သူတို့နှစ်ဦးသည် ကမ္ဘာဦး၏ အချစ်သင်္ကေတဖြစ်ခဲ့သလို ယောက္ခမ၏နိဒါန်းလဲ ဖြစ်ခဲ့ပါသည်။
လူသားမျိုးနွယ် ပျံ့ပွားရေးကို မဆောင်ရွက်ကြသော လူပျိုကြီး အပျိုကြီးများကို လူအများ အပြစ်တင်ကြပါသည်။
ကမ္ဘာပေါ်တွင် ထိုသို့ တစ်ယောက်ကိုတစ်ယောက် စိတ်မဝင် စားသောလူပျိုကြီး အပျိုကြီးများသာ များပြားလာပါက မျိုး ဆက်လဲ ထပ်မပွား၊ ကိုယ်တိုင်လဲ အိုသေကြမှာမို့ ကမ္ဘာပေါ်တွင် လူညွန့်တုံး ရမည့်အရေးကို တွေးမြင်ကြတာ ဖြစ်နိုင်ပါသည်။
သို့သော် စိုးရိမ်စရာမရှိပါ။
လူပျိုကြီး အပျိုကြီးများလို မျိုးနွယ်ပျံ့ပွားရေးကို မဆောင် ရွက်သူများ ကမ္ဘာမှာရှိကြသလို၊ လူသားမျိုးနွယ် ပြန့်ပွားလွန်းအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများလည်း ရှိပါသည်။ ဆိုကြပါစို့။
မြန်မာပြည်၌ မင်းတုန်းမင်းလိုမင်းမျိုးက မိဖုရားပေါင်း(၅၀၀) ခန့်ရှိခဲ့ကြောင်း၊ သမိုင်းမှတ်စာတချို့တွင် ဖတ်ရပါသည်။
ထို့အပြင် ထို(၅၀၀)မျှနှင့် မလုံလောက်ဘဲ သူစက်တော်ခေါ် တုန်း အခန်းရှေ့ ခြေသံကြားတိုင်း
“ဟေ့ ဘယ်သူလဲ” လှမ်းမေးတတ်၏။ ဒါကို ရံရွှေတော်များက “ကျွန်မပါရှင့်” ဆိုလျှင် အသံသြကြီးဖြင့် “ကျွန်မဆို ဝင်ခဲ့လေကွယ်၊ ဟီးဟီး”
လုပ်တတ်လွန်း၍ ကြာလာလတ်သော် ရံရွှေတော်များ အနေ ခက်အိပ်ရေးပျက်လာကြ၏။
မင်းကြီးအခန်းရှေ့ ခြေဖွဖွေမျှပင် မဖြတ်ရဲ။ ဖြတ်လျှောက် တုန်း ကြမ်းလေး “လွီခနဲကြားသည်နှင့် နားပါးသောမင်းကြီးမှ အသံ၊ ဩကြီးဖြင့်
“ဟဲ့ ဘယ်သူတုန်း”
သူ၏အသံကြားလျှင် ရံရွှေတော်များကလဲ မနေရဲ့။ ဘုရင်ကိုးဗျ။ ဒါကြောင့်
“ကျွန်မပါရှင့်”
“ကျွန်မဆို လာခဲ့ဦးကွယ့်၊ ဟဲဟဲ"
ထိပါများတော့ ရံရွှေတော်များ တိုင်ပင်ကြရ၏။ မင်းကြီး၏ အခန်းတွင်း မဝင်ရအောင် မည်သို့ပြုရမည်ကို ခေါင်းချင်းဆိုင်ကြရ ၏။ နောက်ဆုံး အဖြေတစ်ခုထွက်လာသည်။ စွန့်စားမှုတစ်ခုပင်။ ထိုအရာ မင်းကြီးအခန်းရှေ့ ခါတိုင်းလို ခြေဖွနင်းတော့ဘဲ ခြေသံခပ်ပြင်းပြင်းနှင့် တဒုန်းဒုန်းလျှောက်သည်။
မင်းကြီးက ထိုခြေသံကြားသော် “ဟဲ့ ဘယ်သူတုန်း၊ ခြေသံနှယ်ပြင်းလိုက်တာ” ဆိုသော် ရံရွှေတော်မှ အသံကိုဖျက်ပြီး
“ကျွန်တော်ပါမင်းကြီး”
ထိုအခါမင်းကြီးလဲ စိတ်မသက်မသာအသံကြီးဖြင့် “ကျွန်တော်ဆိုသွား ကျွန်တော်ဆိုသွား”
ဆိုကာမှ ရံရွှေတော်ခမျာ သက်ပြင်းချ၍ လွတ်လပ်စွာ သွား ရလေတော့၏။
ထိုအကြံအောင်မြင်သောအခါ ရံရွှေတော်အားလုံးလဲ မင်းကြီး အခန်းရှေ့ဖြတ်တိုင်း ခြေကျင်းများဝတ်၍ ခြေသံပြင်းပြင်းနှင့် လျှောက် ကြသည်။ မင်းကြီးအသံကြားတိုင်း
“ဘယ်သူတုန်း”
“ကျွန်တော်ပါ"
“ကျွန်တော်ဆို လစ်ချင်တာသာ လစ်လိုက်တော့”
နောက်တစ်ယောက်လဲ မင်းကြီးအခန်းရှေ့ ခြေသံပြင်းပြင်း လမ်းလျှောက်တိုင်း
“ဘယ်သူတုန်းဟ"
“ကျွန်တော်ပါဆို"
“ဒီလိုလုပ်ပါလား"
“ဗျာ"
“လစ်ချင်သလိုသာ လစ်လိုက်တော့” ဤသို့ဖြင့်
မန္တလေးသူများသည် “ကျွန်တော် ကျွန်တော်နှင့်ပြောတတ် သောအမူအကျင့်နှင့် ခြေကျင်းဝတ်သော အလေ့အထ ထိုအချိန်မှ စသည်ဟူ၏။ (မယုံရင် ပုံပြင်မှတ်ပါဗျ)
သမိုင်းနှင့်ချီ၍ သာဓက ထပ်ပြရပါဦးမည်း၊
ရနောင်မောင်မောင်တုတ်လဲ သီပေါဘုရင်ကို ဤသို့ဆိုဖူး သည်။
“မင်းကြီး မင်းကြီးက မိန်းမတစ်ယောက်တည်း ယူထားတာ ကိုးဗျ၊ ကျုပ်လို မိန်းမအများကြီးယူထားရင် ဘာပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး”
ရနောင်မောင်မောင်တုတ်မှာ တရားဝင်မယားပေါင်းတစ်ရာ ကျော်ရှိသည်ဟူ၏။
“မင်းကြီးရ၊ မိန်းမဆိုတာ တစ်ယောက်တည်းယူထားမှသာ ယောက်ျားကို ဂရုစိုက်ပြီး ပြဿနာရှာတာ၊ မိန်းမများများ ယူထားရင် ယောက်ျားဖက် မလှည့်နိုင်တော့ဘူး၊ သူတို့အချင်းချင်းသာ လှည့် ပတ်ပြဿနာရှာရင်းနဲ့ လုံးလည်ချာလည်လိုက်ပြီး ယောက်ျားက အေး ဆေးဖြစ်ရော”
ရနောင်မောင်မောင်တုတ်၏ အတွေးလဲ မှန်ပေလိမ့်မည်။ (သူက ကိုယ်တွေ့ကိုးဗျ)
မိန်းမများသည် တစ်ယောက်တည်းရှိချိန်၌သာ ယောက်ျား ဖြစ်သူအား ရန်ရှာရန် သတိရကြပြီး နှစ်ယောက်ရှိပါက မိမိယောက်ျား ဖြစ်သူဖက် မလှည့်ဖြစ်ကြတော့ သူတို့အချင်းချင်း (သူတို့မှအခြားကို) အတင်းတုတ်ရန်သာ ရည်ရွယ်လိုက်ကြ၍ ဖြစ်သည်။ (မယုံရင် ဒီစာ ဖတ်နေသူက မိန်းမဖြစ်ရမယ်။)
သို့သော် ထိုကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်သူများ သတိ ထားရမည်ကား ကျွန်တော်တို့မျိုးနွယ်များကို အုပ်ချုပ်မင်းလုပ်ခဲ့သော ဘုရင်တစ်ပါးလို အင်္ဂါစပ်ပုပ်ကြွေမသေစေရန်တော့ သတိထားရပေမည်။
သူ့ခမျာ တရုတ်ပြည်က အပျိုစင်ဆိုပြီး မိန်းမပျက်သုံးယောက် ကို ပို့ပေးလိုက်သည်ကိုလဲ ယူတာပါပဲ။ (တရုတ်က အဲဒီကတည်းက မွှေတာ)
ဘယ်ဘုရင်လဲတော့ မပြောတော့ပါဘူး။
ဆိုကြပါစို့။
လောက၌ လူသားမျိုးနွယ် ပြန့်ပွားရေးကို ဟန့်တားနေသော အပျိုကြီး လူပျိုကြီးများလို လူများရှိသလို၊
လူသားမျိုးနွယ် ပြန့်ပွားမှုကောင်းအောင် မတန်တဆ စွမ်းစွမ်း တမံ ဆောင်ရွက်နေသူများလဲ လောက၌ များစွာရှိပါသည်။ ။
လူပျိုကြီး၊ အပျိုကြီးများသည် မရှိသောယောက္ခမများအား တွေးပြီး ကြောက်ကြပါသည်။
လူသားမျိုးနွယ် လျင်မြန်စွာ ပြန့်ပွားစေသူများမှာတော့ ယောက္ခမကိုပင်ကြောက်ရန် အချိန်လုံးဝ မရှိကြပေ။
ယခု ကျွန်တော်ပြောပြမည့်သူမှာ ထိုသို့သူမျိုးပင် ဖြစ်ပေလိမ့် မည်။
စိတ်ဝင်စားက ဆက်လက်ရှုစားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ ယောက္ခမ မကြောက်နည်းလဲ ဖြစ်နိုင်ပါတယ်။