Skip to product information
1 of 2

Other Websites

အကြည်တော် - နတ်နေကိုင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          “ဂျုံးဂျုံး... ဂျက်ဂျက်” မီးရထားသံများ ဆူညံနေသည်။

          “အထုပ်ထမ်းမလား” “အထမ်းငှားမလား” ဟူသော ဆူညံသံများ လူတိုင်းထံ စုပြုံကုန်၏။

          သူ ... သူ့အထုပ်များကို ဂရုတစိုက် ရထားပေါ်မှဆွဲချရင်း အထမ်း သမားများကို ခေါင်းခါပြ၊ မငှားဘူးဟု ရှင်းပြနေရသည်။

          ပါလာသည့်ပစ္စည်းတွေက နည်းနည်း။

          တစ်ယောက်တည်းသယ်၍လည်း ဖြစ်နိုင်၏။ ထို့ကြောင့် သူ အထမ်းသမားမငှားချင်၊ အနီးအနားတွင် ယောက်ယက်ခတ်နေသော လူများကိုကြည့်ပြီး သူ အသက်ကိုခပ်မြှင်းမြှင်းရှူလိုက်သည်။

          “ဒါ... ရန်ကုန်ပါလား”ဆိုသည့်အသိက သူ့ကို ဖျင်းခနဲဖြစ်သွားစေ၏။

          ရန်ကုန်မြို့ကို စတင်ခြေချမိသည်နှင့် ပထမဦးဆုံးပြဿနာမှာ အမေလိပ်ပေးလိုက်သော ဖျာလိပ်ပင်...။ ထိုဖျာလိပ်ကြောင့် နောက်ထပ်ပါ လာသော အကြော်အလှော်ဆွဲခြင်းနှင့် အဝတ်အစားများထည့်ထားသော ဟန်းဘက်(စ်)အိတ်တစ်လုံးကို ဘယ်လိုဆွဲလို့ ဆွဲရမှန်းမသိတော့...။

          ဖြစ်ချင်တော့ ရန်ကုန်မြို့ကြီးကို လာရမည်ဆိုတော့ မြို့ကြီးသားနှင့် တူအောင် ဘောင်းဘီရှည်ဝတ်ပြီး မျက်မှန်နက်ကို တပ်လာသေး၏။

          ကိုင်း စဉ်းစားသာကြည့်၊ ဘောင်းဘီဝတ်နှင့် ဖျာလိပ်...။ အကြော်အလှော်ခြင်းနှင့် မျက်မှန်နက်။ အက်စကီမိုးနှင့် နီဂရိုးလို တခြားစီမှတခြားစီဖြစ် မနေပေဘူးလား။ ဒီကြားထဲ မြို့ကြီးသားနဲ့တူအောင် မျက်နှာကလည်းတင်းထား ရသေးသည်။

           ရွာက ထွက်သွားတုန်းကတော့ အဆင်ပြေရဲ့...၊ မိဘမောင်ဘွားများ ကလိုက်ပို့တော့ ဟိုလူတစ်ခုဆွဲ၊ ဒီလူတစ်ခုဆွဲဆိုတော့ ပစ္စည်းတွေပါလို့ ပါတယ်တောင် ထင်တာမဟုတ်ဘူး။ အရှေ့က မြောက်ကြွမြောက်ကြွ ကော့လန်ကော့ လန်နဲ့ ထွက်လာလိုက်တာ ဟော... ရန်ကုန်ရောက်တော့ တစ်ယောက်တည်းဆို တော့ ပစ္စည်းတွေက ဘယ်လိုမှသယ်ဖို့မလွယ်။

          ဪ... ဒုက္ခ ဒုက္ခ၊ ဒုက္ခတင်မက လှလှကြီးနဲ့ပါတွေ့ပြီး ဒုက္ခလှလှ ကြီးကိုဖြစ်လို့။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်သယ်ပိုးမှဖြစ်တော့မှာကိုး။ အဲ သယ်မယ်ဆိုတော့လည်း ပစ္စည်းကသုံးခု၊ လက်ကနှစ်ဖက်တည်း။

          ပစ္စည်းတွေကိုဝေ့ကြည့်လိုက်သည်။ မထူးပါဘူးလေ၊ ရသလိုသယ်တာ ပဟုစိတ်ပိုင်းဖြတ်လိုက်ပြီး ပစ္စည်း များထဲတွင် အကြီးဆုံးဖြစ်သောဖျာလိပ်ကို ကောက်ကိုင်လိုက်သည်။ နောက် အရေးကြီးသော အဝတ်အိတ်ကို ဆွဲလိုက်သည်။

          “ဟင်”

          လက်နှစ်ဖက်လုံးကို ပြည့်သွားတော့ ကျန်အကြော်အလှော်ဆွဲခြင်းကို ဘယ်လိုမှ ဆက်ဆွဲ၍မဖြစ်တော့...။

          ဒါနဲ့.. အဝတ်အိတ်ကိုချပြီး အကြော်အလှော်ဆွဲခြင်းကို မကြည့် တော့လည်း အဝတ်အိတ်ကရော...၊ အကြော်ဆွဲခြင်းကို ခေါင်းပေါ်ကိုဆွဲတင် လိုက်သည်။ နောက်မှ အဝတ်အိတ်ကို ပြန်ဆွဲလိုက်သည်။

          “မဆိုး”

          ခေါင်းတစ်လုံးအသုံးပြုလိုက်တော့ ပစ္စည်းအားလုံးပါလာပြီ၊ သို့ပေမင့် ခေါင်းတော့ အတော်နာသည်။ ထိုအတိုင်းဆက်သွားလျှင် ဖာလုံဝက်ခန့်အတွင်း ကြိမ်ခြင်းနှင့်ခေါင်းကြိတ်ပြီး လူပါခေါင်းဆယ်လုံးနှင့် ဒဿဂီရိဖြစ်သွားနိုင်သည်။ ဒါလည်းမဟုတ်သေး။ ကြိမ်ခြင်းနေရာ ဖျာလိပ်တင်လျှင်တော့... အဲ ဒီအကြံ မဆိုးဘူး။ ဖျာလိပ်ဆိုတော့ ခေါင်းအနာသက်သာလိမ့်မည်။

           ကြိမ်ခြင်းကိုပြန်ချလိုက်သည်။ ပိုက်ထားသော ဖျာလိပ်ကို ခေါင်းပေါ် တင်လိုက်သည်။ ကြိမ်ခြင်းကို ပြန်ဆွဲလိုက်သည်။

          ပစ္စည်းအားလုံးတော့ပါပြီ။ သို့သော် ခေါင်းပေါ်တွင် ပျော့တွဲညွတ်ကျ နေသော ဖျာလိပ်ကြီး မျက်စိရှေ့တွင်ကွယ်နေသောကြောင့် အရှေ့ကို ဘာမှမမြင်ရ။ ဒီကြားထဲ ခလုတ်တိုက်လိုက်သေးသည်။ ယိုင်ထိုးမသွားအောင် ကြိုးစားရင်း တစ်လှမ်းနှစ်လှမ်းလျှောက်ကြည့်သည်။

          “ဟဲ့” “အို” “ကျွတ်” “အလို ဘယ့်နှယ်ဖျာလိပ်ကြီးနဲ့ လိုက်ထိုးနေတာလဲ...”

          “ဟေ့လူ ခင်ဗျားအရှေ့ဆက်မတိုးနဲ့ ... ခင်ဗျားရှေ့မှာ သံလမ်း” ဟူသော အော်သံများဆူညံသွားသည်။ ကျွန်တော် ခြေလှမ်းကိုရပ်တန့်လိုက် သည်။ လက်ထဲမှအထုပ်များကို ပြန်ချလိုက်သည်။ ဖျာလိပ်ကိုလည်း ခေါင်းပေါ် မှ ပြန်ချလိုက်သည်။

          “ဟင် ဟုတ်ပါရဲ့” အပေါက်မှားပြီး သွားနေလိုက်တာ၊ မီးရထားသံ လမ်းကိုတောင် ရောက်တော့မလို့...။

          မဖြစ်တော့ဘူး၊ ဒီအတိုင်းဆက်သွားနေလျှင် ဘူတာအပေါက်ဝပင် ရောက်ရန် လွယ်မည်မဟုတ်။

          “အစ်ကို အလုပ်သမားမလား”

          အသံကြား၍ လှည့်ကြည့်လိုက်တော့ မည်းမည်းပိန်ပိန်ညစ်ညစ် သွား ခေါခေါနဲ့ကောင်လေးတစ်ယောက်၊ မျှော်လင့်ချက် တောက်ပသောမျက်ဝန်းအစုံနှင့် ကျွန်တော့်ကို ကြည့်နေသည်။

          ကျွန်တော် ဇဝေဇဝါဖြစ်သွားသည်။ ဤအတိုင်း တစ်ယောက်တည်း ကြိုးစားပြီး ဆက်လက်သယ်သွားလျှင်ကောင်းမလား။

          ဒါမှမဟုတ်... အလုပ်သမားခ နည်းနည်းပါးပါးလေးပေးပြီး ဂိုက် ဆိုက်မပျက် ကျော့ကျော့မော့မော့လေးသွားရလျှင် ကောင်းမလား၊ စဉ်းစားလိုက် သည်။

          နောက်ဆုံးတော့ ဒုတိယနည်းသာ အကောင်းဆုံးဖြစ်သည်မို့ ခေါင်း ညိတ်ပြလိုက်သည်။ ကောင်လေး၏ မျက်ဝန်းအစုံမှာ ဓာတ်ပုံကင်မရာ ဖလက်(ရှ်)ဂန်းရောင် တောက်ပြောင်သွား၏။

          “ဒါ အကုန်လုံးလား” “ဟင့်အင်း ဟိုအဝတ်အိတ်တစ်လုံးတည်း”

          ဟုတ်သည်လေ၊ ကျန်တဲ့ဖျာလိပ်နှင့်အကြော်ခြင်းက ပေါ့ပေါ့လေးမို့ ကိုယ့်ဘာသာကိုယ် ဆွဲသွားလို့ရသည်ပဲ၊ ထိုကိစ္စနှင့်တော့ ငွေပိုအကုန်မခံချင်။

          “ဘယ်ထိလဲ” “ဆူးလေထိ”

          ဆူးလေဆိုတာ ဘယ်နားလဲ သူမသိ၊ သို့သော် အဖေ ကျွန်တော့် အတွက်ငှားထားသည့် အဆောင်ကိုရောက်ရန် ဆူးလေကားဂိတ်က ကားစီးရ သည်ဆိုတာကိုး၊ အဆောင်က လှည်းတန်းမှာတဲ့။

          “ငါးရာပဲပေးပါ အစ်ကို” “ငါးရာ” “ဟုတ်ကဲ့ ပုံမှန်ဈေးပါပဲ”

          အဖေပြောသော စကားတချို့က အထမ်းသမားကလေး၏ ပုံမှန်ဈေး ပါပဲဆိုသည့် အနောက်ကကပ်လျက်ပါလာသည်။

          “သား... ရန်ကုန်မြို့မှာ ဈေးဝယ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ထက်ဝက်ဆစ်ကွယ့်၊ သူတို့တွေက အမြဲတန်း ဈေးကို နှစ်ဆတင်ထားတာ”

          “ထမ်းမလားအစ်ကို”

          အထမ်းသမားလေး၏ စကားကြောင့် ကျွန်တော်အသိပြန်ဝင်သွား သည်။ နောက်အထမ်းသမားလေး ကြက်သေသေသွားလောက်သည့်ဈေးကို ဆစ်ချလိုက်သည်။

          “နှစ်ရာပေးမယ်” ထိုနှစ်ရာပေးမယ်ဟူသော စကားသည် ကျွန်တော်ထင်သလို အထမ်းသမားလေးမှာ ကြက်သေသေမသွားဘဲ ကြက်မကိုမြင်၍ ဟန်ရေးပြသော တော ကြက်ဖလို ကျွန်တော့်ကိုပင် ကြက်ဖရစ်နှစ်ရစ်ရစ်လိုက်ပြီး ဝမ်းခေါင်းသံကြီးဖြင့်

          “သွားမယ်လေ ရပါတယ်”ဟုဆိုပြီး ကျွန်တော့် အဝတ် အိတ်ကို ဆတ်ခနဲကောက်ဆွဲပြီး အရှေ့မှ ကော့တော့တော့နှင့် ထွက်သွားလေသည်။

          ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် ကျွန်တော်လည်း ဖျာလိပ်တစ်ဖက်၊ ဆွဲခြင်းတစ်ဖက်မ,ရင်း အထမ်းသမားလေးနောက်က ပြေးလိုက် ရ၏။

          အထမ်းသမားလေး၏ခြေထောက်မှာ တစ်ဆိတ်မြန်လွန်းလှသည်။ ကျွန်တော်က ဖျာလိပ်တစ်ဖက် ဆွဲခြင်းတစ်ဖက်နှင့်မို့ ထင်သလောက်ခရီးမ ပေါက်၊ ဒီကြားထဲ ချည်ထားသောဖျာလိပ်က ပြေနေသေး။

          ဘူတာကြီးအပေါ်ဘက် ဂုံးကျော်တံတားသို့ရောက်သောအခါ ဖျာလိပ်က ဘယ်လိုမှ ဆက်သယ်၍မဖြစ်တော့၊ ချည်ထားသောကြိုးက ပြေထွက် လာ၍ ဖျာလိပ်ထဲမှခေါင်းအုံးပင် အပြင်ဘက်သို့ လျှောထွက်ချင်နေ၏။

         ထို့ ကြောင့် အရှေ့မှ ကော့တော့တော့နှင့် သွားနေသော အထမ်းသမား ကလေးကို

          “ဟေ့ကောင်လေး ခဏစောင့်ဦး ဒီမှာဖျာလိပ်ပြေနေလို့ ပြန်ချည်လိုက် ဦးမယ်” ဟု အော်ပြောလိုက်ရသည်။ အထမ်းသမားလေး၏ “ဟုတ်ကဲ့ ဟုတ်ကဲ့” ဟူသော အသံပြန်ကြားရ၏။

          ထိုတော့မှ ကျွန်တော် ဖျာလိပ်ကို ပလက်ဖောင်းပေါ်အကျအန ဖြေချ လိုက်သည်။ ထိုစဉ်မှာပင်

          “အောင်မာ နေ့ကောင် နူပါးဝလှချည်လားကွ အဲဒီနေရာ နာ့နေရာ ကွ”ဟူသော အော်သံကြား၍ မော့ကြည့်လိုက်တော့ ချိုင်းထောက်နှင့် စုတ်စုတ် ပြတ်ပြတ်လူတစ်ယောက် နှာထောင်း... အဲလေ.. နှာခေါင်းလည်းမပါ၊ လက်တွင်လည်း ပတ်တီးတွေနှင့်... ။

           “မင်း ဘာနုတ်မနဲ ဘာနုတ်မနဲလို့ နာညှိနေတာ မင်းကိုနေရာဝင် ဦးနေတာနိုးတွ၊ ဒါမျိုးနုတ်လို့မရဘူးကွ၊ နူချီး၊ ဘီနူးချီးဆိုတာချိတယ်ကွ၊ ချီးရေး နော့ချောက်မှပေါ့”

          “လူ့စည်း ဘီလူးစည်းတော့လုပ်ပါဗျာ”

          “အေး မင်းနားနယ်ရင်ပြီးတာပဲ မင်းက နာ့စီးပွားရေးအိုးနုပ်နဲ့ လာနှိုး နေတာလား နေ့တောင်”

          “ခင်ဗျာ ဟာဗျာ ခင်ဗျား ဘာတွေလာပြောနေတာလဲ... ဒီမှာဖျာလိပ်ပြေလို့ ပြန်ချည်နေတာဗျ။ ခင်ဗျားစီးပွားရေးကို ဘာတုတ်နဲ့မှမထိုးဘူး”

          ကျွန်တော် ပြန်ရှင်းပြလိုက်တော့မှ ထိုသူအနည်းငယ်ကျေနပ်သွားပြီး

          “အေး အဲနှာဆိုလည်း ညံညံချည်ပြီး ညံညံလစ် နာ့နေရာကိုတော့ လာမရှုပ်နဲ့ ဘယ့်နှယ် စီးပွားရေးကမကောင်းရတဲ့ကြားထဲ ခွက်နှောင်းခုတ်တဲ့ လူနဲ့ လာတွေ့နေရတယ်နို့”

          ကျွန်တော်လည်း ထိုသူ့ကိုဘာမှဆက်မပြောတော့ဘဲ ဖျာလိပ်ကိုသာ ဂရုတစိုက်ပြန်ချည်နေလိုက်သည်။ ဖြတ်သွားဖြတ်လာလူများကတော့ နှာတိုကြီး ရှေ့ ဖျာလိပ်ထိုင်ချည်နေသော ဘောင်းဘီရှည် မျက်မှန်နက်နှင့် ကျွန်တော့်ကို တအံ့တသြကြည့်သွားကြ၏။

           ဖျာလိပ်ကို စိတ်တိုင်းကျချည်ပြီးတော့မှ ခုန အထုပ်ထမ်းသွားသော အထမ်းသမားလေးကို ကြည့်လိုက်တော့...

          “ဟင်” ကျွန်တော့်မျက်လုံးအစုံ ဂဏန်းသဖွယ်ပြူးကျယ်သွား၏။ “မရှိတော့ဘူး”

          ဟုတ်ပါသည်။ ခုန ကျွန်တော့်ကို ဝမ်းသာအားရ ကြက်ဖရစ်သွားသော အထမ်းသမားလေးမရှိတော့။ ကျွန်တော်လည်း ကမန်းကတမ်း ဖျာလိပ်နှင့်ဆွဲ ခြင်းကိုဆွဲပြီး ခုနအထမ်းသမားလေးရပ်နေသောနေရာသို့ ပြေးသွားမိသည်။

          “နေ့တောင် နောက် ဒီလိုသူများနေရာဦးချင်ရင်တော့ ဟောဒီလိုချိုင်း နှောက်နေတော့ ဆောင်ထားရတယ်ကွ... နာ့နာမည်လည်း မသိရင်မှတ်ထား နုနယ်မောင်ညိုတဲ့တွ ကြက်ဖနှစ်ကောင်မောင်ညိုရှိုတာနာပဲကွ”

          ဟူသော နှာတိုကြီး၏ သူ့လက်မောင်းရင်းတွင် ရေးထားသော ကြက်ဖ နှစ်ကောင်ပုံကိုပြရင်း ပြောသောစကားကိုလည်း သူ ဂရုမစိုက်နိုင်တော့ အထမ်း သမားလေးကိုသာ ဂုံးကျော်တံတားအောက့််ရှာလိုက်သည်။ မတွေ ဘေးဘီဝှေ့ ကြည့်သည်... မရှိ။

          ချက်ချင်းနဖူးပေါ်မှ ချွေးများစိမ့်ထွက်လာသည်။ 

          သွားပြီ။ ပါလာသမျှ ပိုက်ဆံတွေနှင့် အဝတ်အစားများ ထိုအိတ်ထဲပါ သွားပြီ။ စဉ်းစားရင်း စဉ်းစားရင်း လက်ထဲပွေ့ထားသော ဖျာလိပ်ကို ပိုမိုတင်း ကျပ်စွာ ပွေ့ဖက်မိ၏။ စိတ်ထဲ တောင်ဘက်ပြေးရမလို၊ မြောက်ဘက်ပြေးရမလို ဖြစ်နေမိ၏။ နောက်ဆုံးတော့ အလိုလိုနေရင်း ဂုံးကျော်တံတားမှနေ၍ အောက်ဘက်ကားလမ်းသို့ ဒရောသောပါး ပြေးဆင်းမိသည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)