Skip to product information
1 of 2

Other Websites

အကြည်တော် - ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သူတို့အိမ်က ထူးထူးခြားခြား ကျောက်သင်ပုန်းတွေမိုးထား တယ်လေ 

--------

          “လူတွေဟာ တစ်ခါတလေတော့လည်း အတော် ခက်တယ်”

(၃၈)လမ်း၊ ဘီယာဆိုင်တွင် တစ်ယောက်တည်း ဘီယာ ထိုင်သောက်နေသော ဆံပင်ရှည်ရှည် အရပ်ရှည်ရှည်လူကြီးသည်ဆိုင်ရှေ့မှဖြတ်သွားဖြတ်လာလူများကို ကြည့်ရင်း သူ့ဖာသာ သူရေရွတ်သလိုနှင့် ဘားကောင်တာမှ ဂေါက်လှည့် (ခွက်ချင်) နေသော လူကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။ 

          “ပိုက်ဆံမရှိလို့ ဘာမှမလုပ်ချင်တာနဲ့၊ ရှိပြန်တော့လည်း တိုးပွားအောင် ဆက်မကြိုးစားချင်တာနဲ့ပဲ၊ ရေတိမ်နစ်နေရရှာတယ်”

          လူကြီးသည် ဘီယာကို တစ်ကျိုက် ကျိုက်လိုက်ပြန်သည်။

          “ငါတွေ့ဖူးတဲ့ မော်လမြိုင်သား ညီအစ်ကို နှစ်ယောက် ဆိုရင် …

-------

          ထိုနေ့က မိုးခပ်စပ်စပ်ကလေးရွာနေပါသည်။ ညနေနေကလည်း အတော်ကလေးကို စောင်းနေပြီမို့၊ ရှစ်ခွင်လုံးတွင်မှောင်ရိပ်များကြီးစိုးနေပြီ။

          သူတို့ညီအစ်ကိုနှစ်ဦးသည် တဖွဲဖွဲမိုးရေများအောက်ရပ်ရင်း မှတ်တိုင်သို့ ကားဆိုက်လာတိုင်း အလုအယက် တိုးဝှေ့ တက်နေကြသော လူများကို အားကျသလို တွေတွေကြီး ကြည့်နေကြလေသည်။ အတန်ကြာမှ ဆံပင်ရှည်ရှည်၊ အရပ် ရှည်ရှည်၊ ပိန်ပိန်ရှည်ရှည် ညီဖြစ်သူမှ မှုန်မှိုင်းထုံထိုင်းသော မျက်ဝန်းအစုံနှင့်

          “ကဲ ... ဘယ်လိုပြန်ကြမလဲ ကိုဆန်း”

          အစ်ကိုဖြစ်သူ ကိုဆန်းမှ ဘာမှ ပြန်အဖြေမပေးသေးဘဲ တဖွဲဖွဲကျနေသော မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူတို့နှစ်ဦးလုံးမှာလည်း မိုးရေစက်များ၏ နှိပ်စက်မှုကြောင့် ကြွက် စုတ်ရေနှစ်ထားသလို စိုရွှဲပြီး ခိုက်ခိုက်တုန်နေပြီ။

          “နေပါဦးကွာ ... ငါလည်း စဉ်းစားနေတာ။ ဘယ်မှာများ ကားခပိုက်ဆံကလေးများရနိုင်မလဲလို့”

          ညီဖြစ်သူမှ မျက်နှာကို ရှုံ့မဲ့လိုက်ပြီး ... ။ 

         “ဘယ်ရနိုင်ပါ့မလဲ။ မြို့ထဲမှာ ဘယ်မှာ အသိရှိလို့လဲ” 

ညီဖြစ်သူ၏ စကားကို အစ်ကိုမှ စိတ်ဆိုးသွားပြီး...

         “ပန်းချီကိုဆန်းပါကွ ပန်းချီကိုဆန်းဆို ဒီမြို့ထဲမပြော နဲ့ တစ်နိုင်ငံလုံးသိတယ်”

အစ်ကိုဖြစ်သူ၏ အားကြိုးမာန်တက်အပြောကို ညီမှ မျက်နှာပိုရှုံ့မဲ့လိုက်ပြီး ... ။

          “အဲဒီပန်းချီကိုဆန်းပဲ တစ်မြို့လုံးပတ်ပြီး ပိုက်ဆံချေး ဖို့ အသိလိုက်ရှာပြီးပြီမဟုတ်လား။ ဘယ်မှာတွေ့လို့လဲ”

အစ်ကိုဖြစ်သူ ရှူးရှူးရှားရှားဖြစ်သွားပြီး ...

         “အို... ဒါကတော့ကွာ... ကုသိုလ်ကံကြမ္မာက ကိုယ့် ဘက်မပါတော့ ဟိုကွာ... စကားပုံတောင်ရှိသေးတာပဲ။ အချက်မသိတော့ သမက်သူခိုးထင်ဆိုလား”ဘာမှမဆိုင်။ မြို့ပတ်၍ ပိုက်ဆံလိုက်ချေးလို့မရတာနဲ့ အချက်မသိသမက်သူခိုးထင်စကားပုံနှင့် လားလားမှ မသက်ဆိုင်။

          အမှန်တော့ ပန်းချီကိုဆန်းဆိုသူကို (ထိုစဉ်အခါက) တစ်နိုင်ငံလုံး မပြောနှင့် လူသုံးယောက်ပင်မသိသေး။ သိနိုင်ရိုးလား။ သူဆွဲသည့် ပုံများပင် မဂ္ဂဇင်းသရုပ်ဖော်အနေနှင့် နှစ်ပုံလား သုံးပုံလား ဒါပဲပါဖူးသေးတာ။ တကယ့်သရုပ်ဖော် ပန်းချီဆရာပေါက်စ။

          သူနှင့်ပါလာသူ မျက်နှာရှည်ရှည် အရပ်ရှည်ရှည် သူ့ညီ မောင်ကြည်ဆို ဝေးရော။ ပုံကြည့်လျှင်တော့ ချက်ချင်းပဲ ပန်းချီ ထရေးတော့မလို။ စာရေးဆရာပဲ လုပ်တော့မလို သီချင်းပဲ ဆိုတော့မလိုနှင့်။ ဟိုယောင်ယောင် ဒီယောင်ယောင်အကောင်။ ပိုက်ဆံရှိဖို့မပြောနှင့်၊ ဘာမှ မလုပ်လို့ ဘယ်သူကိုမှ မသိတဲ့ ကောင်။ ဒါကို ကားခရလို ရငြား နှစ်ယောက်ပေါင်းပြီး တစ်ခါ၊ လူခွဲပြီး တစ်ခါ သုံးဆယ့် တစ်လမ်းနှင့် ပန်းဆိုးတန်းထိပ်ထိ ဒေါင်း ပြေး ပိုက်ဆံချေးရန် လူရှာထွက်ကြပြီးပြီ။ သူတို့အသိတစ်ယောက် မှကို မတွေ့ရ၍ ကားပင်မစီးနိုင်ဘဲ မိုးရေထဲ တွေတွေကြီး ရပ်နေ ကြခြင်းပင်။

          သူတို့ပြန်ရမှာက ကြို့ကုန်းထိ။ ကားခက တစ်ယောက် နှစ်ကျပ်။နှစ်ယောက်လုံးတွင် ငွေနှင့်တူတာဆိုလို့ ခမဲပေးထား သည့် ငွေလက်စွပ်ပင်မရှိ။

         “ငါအကြံရပြီ”

ကိုဆန်း၏ အားရဝမ်းသာ စကားကို ညီဖြစ်သူမောင် ကြည်မှ ...

          “ဘယ်လိုလုပ်မှာလဲ”

          “ဘာမှ မမေးနဲ့ ဟိုမှာ အင်းစိန်ကား မြန်မြန်တက်”... ဟုဆို၍ အင်းစိန်ကားပေါ် ကသုတ်ကယက် ပြေး တက်သွားရာ ညီဖြစ်သူမှာလည်း ဘုမသိဘမသိနှင့် လိုက်တက် သွားရတော့၏။

          ကားဘီး စလှိမ့်သည်နှင့် ကားစပါယ်ယာမှ ...

“လှည်းတန်း၊ အုတ်ကျင်း၊ သမိုင်းပါလား၊ ကဲ ကားခ လေးတွေ ကမ်းထားမယ်။ လှည်းတန်း တစ်ကျပ်၊ ကျော်ရင် နှစ်ကျပ်နော်”

          ခရီးသည်များအားလုံး ကားခထုတ်ပေးနေစဉ် ကိုဆန်းမှ “ဟေ့ ဒီကား မြောက်ဥက္ကလာသွားမယ့်ကားမဟုတ်လား” စပါယ်ယာမှ စိတ်ဆိုးမာန်ဆိုးနှင့် ။ “ဘာလာကြောင်နေတာလဲ၊ ဒါအင်းစိန်ကားဗျ' 

          “ဟာ... ဒါဆို ငါတို့မှားစီးမိပြီ ရှေ့မှတ်တိုင်ဆင်းမယ်”

စပါယ်ယာက “ဘယ်ကတောသားတွေမှန်းမသိဘူး” ဟူသော ရေရွတ်သံနှင့်အတူ ကျန်သည့်သူများထံ ကားခ ဆက် လက်တောင်းခံနေသည်။ သူတို့နှစ်ဦးကတော့ ကားမှားစီးလာ သည်ဟူသော ဆင်ခြေနှင့် ကားခမပေး၊ မှတ်တိုင်ရောက်သော အခါ နှစ်ဦးစလုံး ဆင်းလိုက်ပြီး ... ။

          “ကဲ ငါ့အကြံမပိုင်ဘူးလား၊ တစ်ခါစီး တစ်မှတ်တိုင်နဲ့ ဆို၊ ကြို့ကုန်း ဘယ်ပြေးမလဲကွ။ တစ်နေ့တစ်လံ ဂျပန်တောင် ရောက်နိုင်တယ်ကွ ... ဟော... ဟိုမှာ အင်းစိန် ကားလာ ပြန် ပြီ ... မြန်မြန်တက်”ဟုဆို၍ နှစ်ယောက်လုံး နောက်ထပ် ဆိုက်လာသော ကားပေါ် ကသုတ်ကယက် ပြေးတက်လိုက်ကြပြန်သည်။ ကားပေါ် ရောက်ပြန်သော် “ဟာ ... ငါတို့ ကားမှားစီးမိပြီ”ဟုဆို၍ရှေ့တစ်မှတ်တိုင်တွင် ကားခမပေးဘဲ ဆင်းလိုက်ကြပြန်၏။ ဤသို့ ဖြင့် ဇွဲကောင်းကောင်းနှင့် ကားမှားစီးမိချင်ယောင်ဆောင်၍ ကားခမပေးဘဲ တစ်မှတ်တိုင်၊ တစ်မှတ်တိုင်နှင့် စီးလာရာ၊ ည အတော်နက်သည်အထိ ခရီးတစ်ဝက်မကျိုးသေး၊ ကြာလာတော့ ညီဖြစ်သူမှ သည်းမခံနိုင်တော့ဘဲ...

          “ကိုယ့်ဆရာ ဒီအတိုင်းဆက်သွားနေရင် အိမ်ကို မိုးလင်း တာတောင် ရောက်မယ်မထင်ဘူးနော် ... တခြားတစ်နည်း စဉ်း စားပါဦး”

ကိုဆန်း တွေဝေသွားပြီး စိတ်ပျက် လက်ပျက်ဖြင့်

          “အေးဟုတ်တယ်ကွ။ ကားတွေတောင် တစ်ပတ် ပြန်လည် လာတော့မယ်။ တစ်ပတ်ပြန်လည်လာလို့ ငါတို့ကို မှတ်မိသွားရင် ရှက်စရာကြီး”

          “ဟုတ်”

          “ဒါဆိုဘယ်လိုလုပ်မလဲ”

          မောင်ကြည် တစ်ချက်စဉ်းစားလိုက်ပြီး “ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ မရိုင်းကြပါဘူး။ ကောင်းကောင်းမွန်မွန် ပြောစီးရင် အလကားတော့ ပေးစီးကြမှာ ပါ”

         “အေး... ဟုတ်တယ်။ ငါ အဲဒါကို မေ့နေတယ်။ မင်းက စာရေးဆရာဖြစ်မယ့်ကောင်ဆိုတော့ ဒါမျိုးတွေ ကြံကြံဖန်ဖန် တွေးတတ်ပ။ မင်းဒီလို အတွေးမျိုးတွေ ရှိလို့ကတော့ ကြီးပွား ဦးမယ်”

         “ဒါကတော့ ကိုယ့်ဆရာရဲ့ ညီပဲ ... ဟဲဟဲ”

ဟု အပြန်အလှန် ချီးမွမ်းနေစဉ် အင်းစိန် ကားတစ်စီး မှာ အဆင်သင့် မှတ်တိုင်ဆီသို့ ထိုးဆိုက်လာ၏။

          “ဟော ... ကားတစ်စီးလာပြီ။ ကားပေါ်ရောက်ရင် မင်းပြောနော်”

          “ပိုင်ပါတယ်။ ကိုယ့်ဆရာသာ အနောက်ကနေ မခို့တရို့ လေး ပြုံးပြထား”

          “စိတ်ချငါ့ရဲ့ အပြုံးနုနုမှာ စပါယ်ယာ ပျော်ဝင်သွားပြီး စီးပါ၊ စီးပါ ဖြစ်သွားစေရမယ် ကိုယ့်ညီ'

          နှစ်ဦးစလုံး ထိုးဆိုက်လာသော ကားပေါ် အလျင်အမြန် ပြေးတက်လိုက်ကြ၏။

          ဖြစ်ချင်တော့ ကားပေါ်တွင် စပါယ်ယာနှင့် အရက်မူး လာသော ခရီးသည်တချို့ ပါးစပ်တိုက်ပွဲဆင်နွှဲနေကြချိန်ဖြစ်၏။ အရက်မူးလာသောခရီးသည်တချို့မှာ ကားခမပေးရသေးဘဲ၊ ပေးပြီးပါပြီဟူ၍ ဗြောင်ငြင်းနေသောကြောင့် စပါယ်ယာမှ အကြီး အကျယ် စိတ်ဆိုးနေလေသည်

          “ခင်ဗျားတို့ တက်လာတာလေးယောက် တစ်ယောက်မှ မပေးရသေးဘဲနဲ့ ဗြောင်မငြင်းနဲ့၊ ကျုပ်ကားခ စတောင်းကတည်း က ဟိုလူပေးသလို ဒီလူပေးသလိုနဲ့ ခင်ဗျားတို့လုပ်လာတာ။ တစ်ယောက်မှ မပေးရသေးဘူး”

          စပါယ်ယာရဲ့ အသံကျယ်ကျယ်စကားကို အရက်သမား များကလည်း အလျော့မပေးဘဲ ...

          “ဟ ... ပေးပြီးလို့ ပေးပြီးပြီလို့ ပြောတာပေါ့ကွ။ မင်းကို ပေးတာမဟုတ်ရင် အနောက်ပေါက်က စပါယ်ယာကိုဖြစ်မယ်”

          “အဲဒါတော့ ခင်ဗျားတို့ ဗြောင်လိမ်တာပဲ။ အနောက် ပေါက်မှာလည်း စပါယ်ယာမရှိဘူး။ စပါယ်ယာက စုစုပေါင်းမှ ကျုပ်တစ်ယောက်ထဲ။ ခင်ဗျားတို့ မပေးချင်လည်းနေ။ ပေးပြီး သလို မပေးရသေးသလို တော့ မလုပ်နဲ့။ ဒီကားခ လေးငါးကျပ်တစ်ဆယ်လောက်နဲ့ ခင်ဗျားတို့လိမ်လို့ ကျုပ်လည်း စီးပွားမပျက်သွားဘူး။ ခင်ဗျားတို့လည်း စီးပွားမတက်သွားဘူး။ ကဲ ... မှတ်တိုင်က တက်တဲ့ နှစ်ယောက် ကားခလေး ဆက်လှမ်းမယ်”... ဟု သူတို့ဘက် လှည့်၍ ပြောလိုက်ရာ နှစ်ယောက် လုံး ပြာတောက်သွားကြ၏။ မောင်ကြည်မှ အစ်ကိုဖြစ်သူ ကိုဆန်း အား “ဖြစ်ပါ့မလား” ဟူသော မျက်လုံးမျိုးနှင့် ပြန်ကြည့်သည်။ ကိုဆန်းမှ “ပြောသာပြော ငါပြုံးပြထားမယ်” ဟူသော အမူအယာကို လုပ်ပြ၏။ မောင်ကြည်လည်း သူ့အစ်ကို ကိုဆန်းကိုကြည့်၍ အနည်းငယ်အားတက်သွားပြီး စပါယ်ယာကို ငယ်သွားများပေါ်သည်အထိ အစွမ်းကုန် ပြုံးပြလိုက်သည်။ ပြီးနောက် ပိုက်ဆံ မပါသည့် သူ့အိတ်ကပ်ကလေး အသာပိတ်ပြီး ... ။

          “ဟိုလေ ... အစ်ကို ကျွန်တော်တို့ ညီအစ်ကို နှစ် ယောက်မှာ အဲဒါ... ဟဲ ... ပိုက်ဆံမပါလို့”

          “ဘာ”

          စပါယ်ယာ၏ ကျယ်လောင်သော “ဘာ” သံကြောင့် နှစ် ဦးလုံး အနည်းငယ်တုန်ရင်သွားပြီး... ။

         “ဟို ... ပိုက်ဆံ... ကားခလေး... မပါလို့ ... အဲဒါ”

          စပါယ်ယာမှ မျက်နှာနီစပ်စပ်နှင့် သွားကို အစွမ်းကုန် ဖြဲထားသော မောင်ကြည်နှင့် အနောက်မှ မခို့တရို့လေးပြုံးနေ သော ကိုဆန်းတို့ကို တစ်ယောက်တစ်လှည့်စီ အသေအချာ ကြည့်၏။ နောက်ဘာကို တွေးမိသည်မသိ သဘောကျသလို တစ်ချက်ပြုံးပြီး

          “ရတယ်ညီလေး၊ ရတယ်” ဟုဆို၍ နှစ်ဦးလုံး၏ ပခုံးကို နွေးထွေးစွာ ပုတ်လိုက်သည်။ သူတို့နှစ်ဦးလည်း ဒီတစ်ခါတော့ အဆင်ပြေပြီဟု သက် ပြင်းကို ခပ်မျှင်းမျှင်းချပြီး တစ်ယောက်ကို တစ်ယောက် ပြုံး၍ ကြည့်လိုက်ကြသည်။ ထိုစဉ်မှာပင် စပါယ်ယာမှ အသံ ကျယ် ကျယ်ဖြင့် ကားတစ်စီးလုံးကြားနိုင်အောင် ဤသို့ အော်ပြော လိုက်ရာ

          “ကဲ ... ကားခမပေးဘဲ ပေးပြီးပါပြီလို့ ကားလိမ်စီးတဲ့လူတွေ။ ဟောဒီညီအစ်ကိုနှစ်ယောက်ကိုကြည့် ပိုက်ဆံမရှိရင် မရှိဘူးလို့ ရဲရဲတင်းတင်းပြောစီးလိုက်။ ပေးပြီးသလို မပေးရသေး သလိုတော့ မလုပ်နဲ့။ ဟောဒီညီအစ်ကိုတွေလို ပြောစီး၊ ကျွန်တော် အလကားပေးစီးတယ်။ ဟုတ်တယ်နော်၊ ညီလေးတို့ ပိုက်ဆံ မရှိဘူး အစ်ကို ပေးမစီးဘူးလား”ဟုဆို၍ သူတို့ဘက်လှည့်၍ မေးလိုက်ရာ သူတို့လည်း ယောင်နန ကြောင်တောင်တောင်နှင့် ဦးခေါင်းကို ပိတ်ပြီး ... 

         ''ပေးစီးပါတယ်အစ်ကို”

ဟုပြန်ဖြေလိုက်သည်။ သူတို့၏ သံပြိုင်အဖြေစကားကို ကြားပြီး စပါယ်ယာမှ အားရဝမ်းသာဖြင့် အသံကို ထပ်မြှင့်လိုက်ပြီး

          “ကဲ ... ဒီလို ကားခမရှိပါဘူးလို့ ပြောစီးလို့ ကျွန်တော် ပေးမစီးရင် ကျွန်တော့် အလွန်ထား။ ပေးပြီးသလို မပေးသလို နဲ့တော့ လိမ်မစီးနဲ့။ ဟောဒီညီအစ်ကိုတွေလို ရိုးရိုးသားသား ပြောစီး”

          ဟူ၍ ပခုံးကို တဖြန်းဖြန်းပုတ်ကာ ပြောနေသော ကြောင့်ခရီးသည်များ အားလုံး၏ မျက်လုံးများမှာ သူတို့ညီအစ် ကိုထံ စုပြုံရောက်ရှိလာကြလေသည်။ စပါယ်ယာမှာလည်း လူ အများ အာရုံ စိုက်လာလေလေ ပိုပြီးပြောကောင်းလာလေ ရှိ၍ လားတော့မသိ၊ နှစ်ဦးလုံးကို သိုင်းဖက်ကာ... ။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)