Skip to product information
1 of 20

Other Websites

ဟံသာဝတီဦးဝင်းတင် - လူထုစိန်ဝင်းသိုမဟုတ်အလံမလှဲစတမ်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ကိုစိန်ဝင်း: မရေးဖြစ်တဲ့ ဆောင်းပါး
 Bombard the Headquarters
ဟံသာဝတီ ဦးဝင်းတင်

 

          အိပ်ရာပေါ်မှာ ပက်လက်လှဲနေရာက ကိုစိန်ဝင်း စကားထန်ထန် တစ်ခွန်း လှမ်းပြောတယ်။

          ထုံးစံအတိုင်း သူ့အိပ်ရာဘေးက ကုလားထိုင်မှာ ကျွန်တော် ထိုင် နေတယ်။ ထုံးစံအတိုင်းကျွန်တော်ကိုယ်စီ ထိုင်လို့။ 

          ၂၀၁၀ နှစ်ဆန်းပိုင်းလောက် အချိန်ပေါ့။ ရာသီကလည်း ပွက်လော ရိုက် ပူနေတယ်။ ထုံးစံအတိုင်း ကိုစိန်ဝင်းက အမောဆိုက်နေရှာတာပါပဲ။ သူ့ဆီလာရတာ ကျွန်တော်တို့လည်း အမောဆိုက်ကြရတာပါပဲ။ လှေကားထောင်ထောင် နေလောင်လောင်၊ အမယ်လေး ... မောလိုက်တာ။ ပူပေ မယ့် လောင်ပေမယ့် ကျွန်တော်တို့ သုံးယောက်ကတော့ ကိုစိန်ဝင်းဆီ နှစ်ပတ် တစ်ရက်လောက် ပုံမှန် အရောက်လာကြတယ်။ သူက အမြဲမောပြီး အမြဲဖောက်နေတော့ ကျွန်တော်တို့လည်း သူ့ဆီ အလာမြဲပြီး အမြဲ လာ နေကြတာပေါ့ ။

          အဲဒီနေ့က ကျွန်တော်တို့ အမောမှပြေမယ် မကြံရသေး။ သူက အမောစကား ပြောလာတယ်။ သူ့စကားက ကျွန်တော်အဖို့ ရင်ဆို့စရာ အမောစကား ဖြစ်နေတယ်။ ကျွန်တော် ရင်မောနေတဲ့ကိစ္စကို သူကလည်း ရင်မောမောနဲ့ ပြောချလိုက်တာကိုး။

           ကိုစိန်ဝင်းရဲ့ စကားက ... ။

          “ကိုဝင်းတင်ရေ... ဘွန်ဘတ်သီဟက်ကွာတား ရေးတော့မယ်ဗျာ”

          ကျွန်တော် ဘာမှ ပြန်မပြောဘူး။ တစ်အောင့်လောက် ငိုင်နေမိ တယ်။ တစ်လံတောင်မကွာတဲ့ ကိုစိန်ဝင်း မျက်နှာကို ငေးကြည့်နေမိတယ်။ ကိုစိန်ဝင်း စကားက ယတိပြတ်စကား။ သူ ဒီလိုအသံနဲ့ ဒီလိုစကား ပြော လာရင် ပြင်ခိုင်း၊ ပြောင်းခိုင်းလို့ မရတော့ဘူး။ ဒီလူက စကားတစ်ခွန်း မာရင် ခေါင်းဆယ်ဆ မာတတ်တဲ့သူ။ ကျွန်တော် သိတာပေါ့။

 

(၂)

           သူပြောတဲ့ “ဘွန်ဘတ်” ဆိုတာက တရုတ် ကွန်မြူနစ်ခေါင်းဆောင် ကြီး မော်စီတုန်း သုံးသွားတဲ့ စကားလုံးလေ။ အားလုံး ကြားဖူးကြပါတယ်။ Bombard the headquarters ပေါ့။တရုတ်ကွန်မြူနစ်ပါတီအပေါ် နှလုံးနာနာနဲ့ ယဉ်ကျေးမှုတော်လှန်ရေး အကြိုကာလမှာ မော်စီတုန်း ကြုံးဝါး သွားတဲ့ တိုက်ပွဲခေါ်သံ စကားလေ။ 

           အဲဒီအချိန်က တရုတ် ကွန်မြူနစ်ပါတီအတွင်းမှာ ကတ္တီပါဂိုဏ်းတွေ ပေါ်နေကြပြီ။ အချင်းချင်း ကတ္တီပါလက်သီးပုန်းတွေ “ကစ်” နေကြပြီ။ မော်စီတုန်းက သံမဏိလက်ရုန်း တန်းလိုက်တယ်။ သူ့တိုက်ပွဲခေါ်သံက “ပါတီဌာနချုပ်ကို ဗုံးခွင်းကြ”

          အဲဒီရက်ပိုင်းက အဲဒီစကားကို ကိုစိန်ဝင်း တတွတ်တွတ် ပြောနေခဲ့ တယ်။ ကျွန်တော် အထပ်ထပ် ကြားနေခဲ့တယ်။ တရုတ် ကွန်မြူနစ်ပါတီ အကြောင်း သူ ပြောတာမဟုတ်ဘူး။ ဗမာ ဒီချုပ်အကြောင်း ပြောနေတာ။ ကျွန်တော်က ဒီချုပ်က လူလေ။ ဒီချုပ်အကြောင်း ကျွန်တော့်ကို ပြောတာ ပေါ့။

          “ကိုဝင်းတင်ရေ ... မော်စီတုန်း ပြောသလိုပဲ NLDဌာနချုပ် ဗုံးခွင်း မှ ဖြစ်တော့မယ် ထင်တယ်၊ ကျွန်တော်တော့ ဆောင်းပါး ရေးတော့မယ် ဗျာ၊ ဒီတိုင်းဆို NLD မြေလျှိုးလိမ့်မဗျူ၊ မိုးပျံလမ်း မမြင်တော့ဘူး”

          ကိုစိန်ဝင်း စကားက ပစ်မှတ်နဲ့ သိပ်အလှမ်းမကွာပါဘူး။ ကျွန်တော် သိတာပေါ့။ NLDဒီချုပ်ခွင်မှာ အရေးတော်ပုံတပ်သားအဖြစ်နဲ့ရော၊ လူ့ငရဲ သား အဖြစ်နဲ့ပါ နှစ်ပေါင်း ၂၀ ကျော် ပတ်သက် စပ်ယှက်ခဲ့တဲ့သူပဲ။ ကို စိန်ဝင်း ခံစားတာအောက် မလျော့တဲ့ ပြင်းပြနာကျင်မှု အတိုင်းအတာနဲ့ ခံစားနေရသူပဲလေ။

          “အေးပေါ့ လေ၊ ဆော်ရုံမက၊ ပလော်ရုံမက တီးချင်သပဆိုလည်း တီးပေရော့ပေါ့” လို့ ကျွန်တော် ပြောလိုက်ချင်တာပေါ့။ လျှာကို ယားနေ တာပဲလေ။

          ကျွန်တော့်ရင်ထဲမှာ “သိ” နေတာလေး တစ်ခုရှိတယ်။ NLD ဗုံးခွင်း စရာ မလိုဘူး။ ကျုံးသွင်းမခံရဖို့ပဲ လိုတယ်။ တကယ့်အရေးကြုံကာလ ရောက်လာမယ်။ NLD နောက်ဆုံးပြောမယ့်စကား ဘာလဲဆိုတာ ကျွန် တော် သိနေတယ်။

          “လှေခွက်ချည်းကျန် အလံမလှဲဘူးကွ” ဆိုတဲ့စကား ရှိတယ်။ ဒါက ဂန္ထဝင်စကား၊ ရှေးစကား၊ သမားရိုးကျစကား။ ဒီနေ့ သို့မဟုတ် မနက်ဖြန် သန်ဘက် NLD ပြောရတော့မယ့် စကားက တစ်မျိုး။ မတူဘူး။ ပိုမာ တယ်။ ပိုထန်တယ်။ “လှေခွက်မကျန်တောင် အလံမလှဲဘူးကွ” စိတ်ဓာတ် မွေးကြဟေ့။ တိုက်ပွဲခေါ်သံ ဟစ်ကြပေါ့။ နောက်ဆုံးတိုက်ပွဲ နွှဲကြပေါ့။ ဒီချုပ်တစ်ခေတ် ဒီရေမြင့်သစ်လိမ့်မယ်ပေါ့။

          ကျွန်တော့်ရင်ထဲမှာရှိတဲ့ အတ္တနောမတိ၊ ဒီအသိနဲ့ ကျွန်တော် ကို စိန်ဝင်းရဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို ပိတ်ထားလိုက်တယ်။

          ‘ထားလိုက်ပါဦးဗျာ” 

          ကိုစိန်ဝင်းက ဘာမှပြန်မပြောဘူး။ ဘာမှလည်း ပြန်မမေးဘူး။ 

          “ဘွန်ဘတ်” ဆောင်းပါးလည်း သူ ရေးမသွားဘူး။

 

(၃)

          ကျွန်တော့် ရေးဖော်ရေးဖက်တစ်ယောက်အပေါ်မှာရော၊ သတင်း စာဆရာ တစ်ယောက်အပေါ်မှာရော၊ လွတ်လပ်စွာ ရေးသားခွင့်အပေါ်မှာပါ ပြစ်မှား ကျူးလွန်ခဲ့တာပါကလား။

          ဒီနေ့ ကိုစိန်ဝင်းတစ်ယောက် ယေရှုသခင်လို ရှင်ပြန်ထမြောက်လာပြီး..

         “ဟေ့ .... ကိုဝင်းတင်၊ ဟို ဘွန်ဘတ်ဆောင်းပါး မှတ်မိရဲ့ မဟုတ် လား၊ ဒီချုပ်တွေ၊ ဒီပြုတ်တွေတော့ အသာထားလိုက်၊ ခင်ဗျားက ဒီငုတ် တုတ် ဖြစ်နေသေးတယ်၊ ခင်ဗျားအတွက်ပဲ ဘွန်ဘတ်ဆောင်းပါး ရေးရတော့မယ် ထင်တယ်၊ ဘယ့်နှယ်လဲ၊ ဟဲ . ဟဲ . ဟဲ ...” လို့ မေးတယ် ဆိုပါတော့။

          ကျွန်တော် ဘယ်လို ဖြေသလဲ။

          ကိုစိန်ဝင်းရဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို ကျွန်တော် ပိတ်ပင် တားမြစ်ခဲ့တုန်းက ကျွန်တော် သိနေတယ်ဆိုတဲ့ စကားကို ကျွန်တော် မှတ်မိ နေသေးတယ်။ မမှတ်မိဘဲ နေမလား။ ၂၀၁၀၊ စက်တင်ဘာ ၂၇ ရက်၊ နာယကကြီး ဦးတင်ဦးအိမ်မှာ ကျင်းပတဲ့ ဒီချုပ် နှစ်ပတ်လည် အခမ်းအနား မှာ အဲဒီစကား ကျွန်တော် တစ်ဝကြီး ပြောခဲ့တယ်လေ။ စာအုပ်ကလေး တောင် ပုံနှိပ်ထုတ်ဝေခဲ့သေးတာပဲ။

          ကျွန်တော် ဖြေလိုက်တဲ့ စကားကတော့ ... 

         “ရေးချင်သလိုသာ ရေးပေတော့ ကိုစိန်ဝင်းရေ၊ ကျွန်တော်လည်း သေတွင်းသေဝ ရောက်နေပြီဗျာ၊ ဓားတုံးတုံးနဲ့ ခရမ်းပိန်ပိန် တွေ့နေပြီဗျာ၊ကြောင် ခံတွင်းပျက်နေလို့သာ ဆက်ရက် တောင်ပံကျိုး မသေမပျောက် ကျန်နေတာဗျို့၊ ကျွန်တော်ကတော့ ဒီငုတ်တုတ်ပဲပေါ့ဗျာ”

          ကျွန်တော် ကိုစိန်ဝင်းကို ပြုံးတောင် မပြလိုက်ဘူး။ “မချိလို့ ခေါ်တဲ့ သွားတောင် ရယ်သလား မေးကြပြန်တယ်” ဆိုစကား ရှိမဟုတ်လား။ တော်ကြာ ကျွန်တော့်ရဲ့ မချိသွားပြုံးကို ကိုစိန်ဝင်း မြင်ပြီး ရယ်တယ်ထင် သွားမှာ စိုးလို့။

         

လူထုစိန်ဝင်းနှင့် မောင်မိုးသူ

 

မောင်မိုးသူ

 

          လူထုစိန်ဝင်းဟာ ၁၉၄၀ ခုနှစ်မှာ မွေးပြီး မောင်မိုးသူက ၁၉၃၇ ခုနှစ်မှာ မွေးလေတော့ ကိုစိန်ဝင်းဟာ မောင်မိုးသူထက် သုံးနှစ် ငယ်ပါ တယ်။ ဒါပေမယ့် သူက လူကြီးလေ။

          ကိုစိန်ဝင်းနဲ့မောင်မိုးသူတို့ဟာနှစ်ပေါင်းများစွာစာပေနယ်၊နိုင်ငံရေးနယ်ပယ်တွေမှာအတူလုပ်ကိုင်ခဲ့ကြတာ သူကွယ်လွန်တဲ့အချိန်ထိပါပဲ။ မောင်မိုးသူနဲ့ ကိုစိန်ဝင်းတို့ဟာ မိသားစုအချင်းချင်းပါ ရင်းနှီးခင်မင်ကြသူ တွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ကိုစိန်ဝင်း ကွယ်လွန်ပြီးတဲ့နောက် ကိုစိန်ဝင်းရဲ့ ပညာရေးထောက်ပံ့မှု အဖွဲ့ ကလေးမှာလည်း ကိုဝင်းတင်နဲ့ မောင်မိုးသူ ပါရတုန်းပါပဲ။ ကိုစိန်ဝင်းအတွက် အမှတ်တရစာအုပ် လုပ်ဖို့ ကျတော့လည်း မောင်မိုးသူပဲ တာဝန်ကျပြန်တာပါပဲ။

          ကိုစိန်ဝင်းရဲ့ ဇနီး နုနုက မန္တလေးမုန့်တီတို့၊ မြီးရှည်တို့ လုပ်ကိုင် ရာမှာ ကျွမ်းကျင်ပါတယ်။ မန္တလေး စားသောက်ဆိုင်တွေမှာ စားရတာ ထက် ပိုကောင်းသေးဗျ။ အစားအသောက်ခုံမင်တဲ့ မောင်မိုးသူတို့တစ်တွေ ကို မနုနုက တစ်ပတ် တစ်ခါလောက်သူ့အိမ်မှာ မုန့်တီ၊ မြီးရှည် လုပ်ကျွေးလေ့ရှိပါတယ်။ မနုနုကွယ်လွန်သွားတော့လည်း ကိုစိန်ဝင်းရဲ့ သမီး ချောအိ က အမေ့အမွေကိုဆက်ခံပြီး မန္တလေးအစားအသောက်ကို ခုံမင်ကြတဲ့ ကို စိန်ဝင်းနဲ့ မောင်မိုးသူတို့ကို တစ်ပတ် တစ်ခါ၊ နှစ်ပတ် တစ်ခါ လုပ်ကိုင်ကျွေးပါတယ်။ ကိုစိန်ဝင်းဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ တူလည်း တော်သတဲ့ ခင်ဗျ။ ကိုစိန်ဝင်းဟာ ဆရာကြီးကို ဦးကြီးလို့ ခေါ်တာလေ။ ကိုစိန်ဝင်း မန္တလေးမှာရှိစဉ် မန္တလေးဆေးရုံကြီးရဲ့ ရှေ့ တိုက်ခန်းလေးမှာ စာအုပ်ဆိုင် ဖွင့်တော့ စာအုပ်ဆိုင်နာမည်က “ရန်ကြီးအောင်” တဲ့ ခင်ဗျ။ သူ့ဦးကြီးရဲ့ ထင်ရှားတဲ့ ဝတ္ထုအမည်ကို ပေးထားတာပါ။ 

          ကိုစိန်ဝင်းအကြောင်း ပြန်ပြောင်း တွေးတဲ့အခါမှာ ..

          လူထုစိန်ဝင်းဆိုတဲ့အတိုင်းလူထုသတင်းစာရဲ့သတင်းစာဆရာဦးလေးလှ၊ဒေါ်ဒေါ်တို့ရဲ့လက်ကသုံးတောင်ဝှေး။ မောင်မိုးသူတို့တစ်တွေ က လူထုတိုက်ကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထား၊ ဝင်ထွက်စားသောက် နေခဲ့ကြတာ။ ဒါပေမယ့် မောင်မိုးသူတို့၊ တင်မိုးတို့၊ မောင်သာနိုး တို့၊ မောင်စွမ်းရည်၊ ကြည်အောင်၊ မောင်သိန်းနိုင်၊ ကိုလေးတို့ ဝင်ထွက်ပြီး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းမှာ လှုပ်ရှားကြချိန်က ကိုစိန်ဝင်း လူထုမှာ မရောက်သေးပါဘူး။ အထက်တန်းကျောင်းသားပဲ ရှိသေးတာကိုး။ အဲဒီတုန်းက ရန်ကုန် လူထုတိုက်ခွဲမှာ ဦးတင်မောင် ထိုင်ပါတယ်။ နေရာ ကတော့ အခု ကိုစိန်ဝင်းတို့နေကြတဲ့ ကုန်သည်လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းထိပ်က အပေါ်ထပ်ကလေးမှာပါပဲ။ မန္တလေး လူထုတိုက်ကို ကိုယ့်အိမ် ကိုယ့်ယာလို သဘောထားခဲ့သလို ရန်ကုန် လူထုတိုက်ခွဲကလည်း မောင် မိုးသူတို့ ဝင်ထွက်သွားလာနေကျပါပဲ။

          မောင်မိုးသူက မန္တလေးတက္ကသိုလ်ကို ၁၉၅၆ မှာ ရောက်တယ်။ ၁၉၅၈ ကျတော့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားစဉ် အိမ်စောင့်စစ်အစိုးရ တက်လာပြီး မောင်မိုးသူ အထိန်းသိမ်းခံရပါတယ်။ မောင်မိုးသူရဲ့ ကံဇာတာမှာ စစ်အစိုးရနဲ့ မတည့် ဘူး ထင်ပါတယ်။ အထိန်းသိမ်းခံအဖြစ် ၁ နှစ်နီးပါးအကြာမှာ လွတ်ပါ တယ်။ ဦးလေး၊ ဒေါ်ဒေါ်တို့နဲ့အတူ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း မှာ အတူလုပ်ခဲ့၊ မောင်မိုးသူ ကိုယ်ပိုင် “မိုးဦးပန်းစာပေတိုက်” တည်ထောင် ထုတ်ဝေ၊ မောင်မိုးသူ ကိုယ်တိုင်ကတော့ မန်းခေတ် သတင်းစာမှာ ည အယ်ဒီတာ၊ ခေတ်ဂျာနယ်မှာ ကိုသာနိုးနဲ့အတူ အယ်ဒီတာလုပ်ခဲ့ပါတယ်။

          စကားမစပ် ပြောရရင် မောင်မိုးသူ အိမ်ထောင်ကျတာနဲ့ ထောင်ကျတာ မရှေးမနှောင်းပဲခင်ဗျ။ ပြောချင်တာက မောင်မိုးသူ အိမ်ထောင်ကျတာ စော တယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဒုတိယဥက္ကဋ္ဌအဖြစ်နဲ့ အိမ်ထောင်ကျတာပါ။ မောင်မိုးသူနဲ့ အမာတို့ရဲ့ မင်္ဂလာဆောင်မှာ ဦးလေးလှ တို့၊ ဆရာဦးကြည်မြတို့ ၊ ဆရာမြကေတုတို့က မင်္ဂလာစကား ပြောခဲ့ကြပါ တယ်။

          ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မန္တလေး မှာ အဆင်မပြေတဲ့ မောင်မိုးသူ ရန်ကုန်ကို ဆင်းပြေးခဲ့ပါတယ်။

          အဲ...ကိုစိန်ဝင်းက လူထုတိုက်ကို ၁၉၆၄ မှစပြီး လုပ်တာခင်ဗျ။ အဲဒီအချိန်မှာ မောင်မိုးသူက ရန်ကုန်ရောက်နေပါပြီ။  ဒါပေမယ့် မန္တလေး မှာ အမေနဲ့ အစ်မလည်းရှိ၊ ဦးလေး၊ ဒေါ်ဒေါ်နဲ့ လူထုတိုက် စာပေအသိုင်း အဝန်းကြီးလည်းရှိဆိုတော့ မန္တလေးက လူထုတိုက်ဟာ မောင်မိုးသူရဲ့ စုဝေး ရာအရပ် ဖြစ်ခဲ့ပါတယ်။

          ရန်ကုန်တိုက်ခွဲမှာ ကိုစိန်ဝင်း ပြောင်းလာတော့ လူထုတိုက်ခွဲဟာ ဝင်ထွက်ရမယ့်နေရာတစ်ခု ဖြစ်ပါတယ်။ ကိုစိန်ဝင်း ရန်ကုန်ကို ဆင်းလာတော့ ဒေါ်ဒေါ်က ဦးဝင်းတင်ကို မှာသတဲ့။ ရန်ကုန်ကို ဆင်းသွားကြတဲ့ ကိုစိန်ဝင်းနဲ့ အောင်ဝင်း (မြေဇာ) တို့ကို စောင့်ရှောက်ပါလို့ အပ်သတဲ့။ ဒါနဲ့ဦးဝင်းတင်နဲ့ ကိုစိန်ဝင်းတို့ဟာ သတင်းစာလောကမှာ အတူလုပ်ကိုင် ခဲ့ကြတာပေါ့ ။

          ရန်ကုန်ရောက် ကိုစိန်ဝင်းဟာ သတင်းစာဆရာလုပ်ရင်း စာလည်း ရေးပါတယ်။ ကလောင်နာမည်က “ဝင်းဇော်” ဖြစ်ပါတယ်။ ဝင်းဇော်ရဲ့ အလံမလှဲစတမ်း” ဘာသာပြန်စာအုပ်ဟာ ထင်ရှားပါတယ်။ “အလံမလှဲ စတမ်း” ရဲ့ ထင်ရှားတဲ့ ဇာတ်ရုပ်နာမည်ကတော့ ချောအိ ဖြစ်ပါတယ်။ ဒါကြောင့် ကိုစိန်ဝင်းရဲ့ သမီးလေး နာမည်က ချောအိဝင်းဇော် ဖြစ်ရတာ ပေါ့လေ။

           ကိုစိန်ဝင်းဟာ ၁၉၆၇ ခုနှစ်မှာ အဖမ်းခံရပြီး ကိုကိုးကျွန်း အပို့ခံရ ပါတယ်။ မြသန်းတင့်၊ဖိုးသံချောင်းတို့နဲ့ အတူပေါ့ ။ မောင်မိုးသူရဲ့ သူငယ် ချင်း ကဗျာဆရာ လေးမောင်၊ ယခု မန္တလေး လူထုမှာလုပ်နေတဲ့ ကျော် ဇံလှ (ညီစေမင်း) ရဲ့ အစ်ကိုဟာ ကိုကိုးကျွန်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့သူ

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)