သံတွဲမောင် - အိုင်းရစ်အာဇာနည်
၁၈၈၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဥရောပတိုက် လက်နက် နိုင်ငံကြီးတို့၏ ကိုယ်စားလှယ်လူကြီးများ အစည်းအဝေးကို ဂျာမနီနိုင်ငံ ဘာလင်မြို့တော်၌ ကျင်းပပြုလုပ်လေသည်။ ထိုအစည်းအဝေးကြီးတွင် စတန်လေဆိုသူ အင်္ဂလိပ်ပုဂ္ဂိုလ်တစ်ဦး ရှာဖွေတွေ့ရှိသော အာဖရိက တိုက် ကွန်ဂိုမြစ်ကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခြင်း ပြုလုပ်ကြ ၏။ အတိုင်းတိုင်းအနိုင်နိုင်ငံတို့မှ ကုန်သည်ကြီးများကလည်း ဆိုခဲ့သော ကွန်ဂိုနယ်တွင် စီးပွားရေးလုပ်ငန်းအမျိုးမျိုး ဖွင့်လှစ်လုပ်ကိုင်ရန် ကြံစည် ကြိုးစားလာကြလေ၏။ ယခုအစည်းအဝေးကြီးမှာ အာဖရိကတိုက်ကွန်ဂိုနယ်၏ကြွယ်ဝချမ်းသာသောတိုင်းထွက်ပြည်ထွက်ပစ္စည်းများကို တိုင်းနိုင်ငံကြီး အသီးသီးတို့မှ ရှာဖွေလုပ်ကိုင်ယူငင်ကြရန် မူလအရင်းခံ ကြံရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သော အစည်းအဝေးကြီးဖြစ်ကြောင်းနှင့် ဘစ်စမတ်ဆိုသူ ဂျာမန်မင်းသားကြီးက အစည်းအဝေး နာယကအဖြစ် ဖြင့် ထုတ်ဖော်ပြောဆိုလေသည်။
ဆိုခဲ့သည်အတိုင်း အာဖရိကတိုက် ကွန်ဂိုနယ်၌ တိုင်းနိုင်ငံကြီးအသီးသီးတို့ကပစ္စည်းဥစ္စာရှာဖွေလုပ်ကိုင်၍ ယူငင်နိုင်ကြရန် ကြံစည်ကြိုးစားလာကြသည့်အတွင်းတွင်အိုင်ယာလန်ပြည်အားလ်စတားနယ်သား၊အရပ်မြင့်မြင့် ဆံပင်နက်နက်နှင့် အသက် ၂၁ နှစ်ခန့်ရှိ ရိုဂျာကိတ်စမင့်ဆိုသော သူငယ်တစ်ယောက်သည် အဲလဒါဒမ်စတား ကုမ္ပဏီပိုင် ကုန်သင်္ဘောကြီးတစ်စင်း၌ ဘဏ္ဍာစိုးအလုပ်ဖြင့် အနောက် အာဖရိကနယ်သို့ လိုက်ပါသွားလေ၏။ ထိုသို့လိုက်ပါသွားပြီးသည့်နောက်အိုင်ယာလန်ပြည်သို့ပြန်လည်ရောက်ရှိလာသောအခါထိုသူငယ်မှာအနောက်အာဖရိကနယ်၌တွေ့ခဲ့ရသောတောတောင်ရေမြေစသည်တို့ကိုလွမ်းဆွတ်အောက်မေ့သည့်အတိုင်း ထိုအာဖရိကတိုက်သို့ တစ်ဖန် ပြန်လည်သွားရောက်လိုသောစိတ် ပေါ်ပေါက်လျက်ရှိလေ၏။ ထိုအခါ ဂျင်နရယ်ဆန်ဖိုးဆိုသူအမေရိကန်စစ်ဗိုလ်ကြီးတစ်ဦးသည်အာဖရိကတိုက်ကွန်ဂိုနယ်ရှိကွန်ဂိုမြစ်ကြောင်းနှင့်ပတ်သက်၍ နောက်ထပ် ရှာဖွေ စူးစမ်းခြင်းပြုရန် လူစုဆောင်းလျက်ရှိသည်တွင် ရိုဂျာကိတ်စမင့် ဆိုသူ လည်း လိုက်ပါသွားပြန်လေ၏။
ဆိုခဲ့သော အာဖရိကတိုက် ကွန်ဂိုနယ်နှင့်ပတ်သက်၍ တိုင်းနိုင်ငံ ကြီး အသီးသီးတို့က ပစ္စည်းဥစ္စာ ရှာဖွေလုပ်ကိုင်ရန် ကြံစည်ကြိုးစား လာကြသည့်အတွင်းတွင် ဥရောပတိုက် ဘယ်လ်ဂျီယန်ပြည်၏ ဒုတိယ မြောက် လီအိုပိုဘုရင်တစ်ပါးသည် ပေါ်ထွက်လာပြန်လေ၏။ ထိုဘုရင် မှာ အင်္ဂလန်နိုင်ငံ ဝိတိုရိယဘုရင်မကြီး၏ ဦးရီးတော် ဘယ်လ်ဂျီယန်ပြည် ဘုရင်ကြီး၏ သားတော်ဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း အလွန်
ကောင်းသော ဘုရင်တစ်ပါးဖြစ်သောကြောင့် ကွန်ဂိုနယ်၏ စီမံစောင့် ရှောက်သူအဖြစ်ဖြင့် တိုင်းနိုင်ငံကြီးတို့မှ လွှဲအပ်ခြင်းခံလာရ၏။ ဤကဲ့သို့ ကွန်ဂိုနယ်၏ စီမံစောင့်ရှောက်သူအဖြစ် ယုံမှတ်လွှဲအပ်ခြင်း ခံလာရသည့် အတိုင်းလည်း ဘယ်လ်ဂျီယန်ပြည် ဒုတိယမြောက် လီအိုပိုဘုရင်သည် ကွန်ဂိုမြစ်ကြောင်းတစ်လျှောက်၌ ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်ကြရန်လည်းကောင်း၊ တိုင်းထွက်ပြည်ထွက် ပစ္စည်းအရပ်ရပ်တို့ကို ရှာဖွေလုပ်ကိုင်ကြရန်လည်းကောင်း၊ အတိုင်းတိုင်း အနိုင်နိုင်ငံတို့သို့ တိုက်တွန်း နှိုးဆော်ခြင်း ပြုလုပ်လေ၏။ ၎င်းအပြင် ကွန်ဂိုမြစ်ကြောင်းကို မူလအစ ရှာဖွေတွေ့ရှိသော စတန်လေဆိုသူ အင်္ဂလိပ်ပုဂ္ဂိုလ်ကြီးကိုလည်း ကွန်ဂို နယ်တွင် အရပ်ရပ် စီမံခန့်ခွဲရန်အလို့ငှာ ကိုယ်စားလှယ်တော်အဖြစ်ဖြင့် ခန့်ထားစေလွှတ်ခြင်းပြုလေ၏။ ထို့နောက် မကြာမီ ၁၈၈၄ ခုနှစ်ထဲ၌ ပင် ပေါ်တူဂီအစိုးရပိုင် ကွန်ဂိုမြစ်ဝကျွန်းပေါ်နယ်တွင် ကုန်စည်ပစ္စည်း များအပေါ် သင့်တော်သော အကောက်နှုန်းထားမျှကိုသာလျှင် ခွဲခန့်ကောက်ခံစေရန်အချက်နှင့် ပတ်သက်၍ အင်္ဂလန်နိုင်ငံအစိုးရတို့နှင့် ပေါ်တူဂီနိုင်ငံအစိုးရတို့သည် နှစ်ဦးသဘောတူ စာချုပ်တစ်ခုကို ချုပ်ဆို ပြီးစီးလာခဲ့လေ၏။
အမေရိကန်စစ်ဗိုလ်ကြီး ဂျင်နရယ်ဆန်ဖိုးမှာလည်း အာဖရိက တိုက် ကွန်ဂိုမြစ်ကြောင်းနှင့် ပတ်သက်၍ နောက်ထပ် ရှာဖွေစူးစမ်းသည့် အတိုင်း တွေ့ရှိသမျှတို့ကို အမေရိကန်အစိုးရတို့ထံ အစီရင်ခံစာ တင်သွင်းသည်တွင် အမေရိကန်အစိုးရတို့ကိုယ်တိုင်က စိတ်ဝင်စားကာ အရေးတယူ ပြုလုပ်လာပြန်လေ၏။ ဂျင်နရယ်ဆန်ဖိုး၏သဘောမှာ ဆိုခဲ့သော ကွန်ဂိုမြစ်ကြောင်းနှင့်ပတ်သက်၍ ရှာဖွေစူးစမ်းခြင်းအလုပ်တွင် အမေရိကန်နိုင်ငံက အခြားတိုင်းနိုင်ငံတို့ထက် နောက်မကျခြင်းကို ပြသ ရန် ဖြစ်လေသည်။
ယခုအခါ အာဖရိကတိုက် ကွန်ဂိုနယ်မှာ တစ်သီးပုဂ္ဂလ တိုင်းပြည် တစ်ပြည်ဖြစ်လာ၍ ထိုကွန်ဂိုပြည် အုပ်ချုပ်ရေးဥပဒေတစ်ရပ်ကို လက် နက်နိုင်ငံကြီးတို့၏ ကိုယ်စားလှယ်လူကြီးများ အစည်းအဝေးက စီမံ ပြဋ္ဌာန်းလာခဲ့လေရာ ထိုအုပ်ချုပ်ရေးဥပဒေအရ ဘယ်လ်ဂျီယန်ပြည် ဒုတိယမြောက် လီအိုပိုဘုရင်သည် အကြီးအမှူး အခွင့်အာဏာပိုင်ဖြစ်လာသည့်အတိုင်း ဧရိယာအကျယ်အဝန်း စတုရန်းမိုင်ပေါင်း တစ်သန်းကျော်နှင့် လူဦးရေသန်းပေါင်း နှစ်ဆယ်ခန့်ရှိ ကွန်ဂိုပြည်ကို စီမံအုပ်ချုပ် နိုင်ခွင့် ရလာလေ၏။
ဤကဲ့သို့ ဘယ်လ်ဂျီယန်ပြည် ဒုတိယမြောက် လီအိုပိုဘုရင်က အာဖရိကတိုက် ကွန်ဂိုပြည်ကို စီမံစောင့်ရှောက်သူအဖြစ်ဖြင့် အုပ်စိုးလျက် ရှိလာသည့်အတွင်းတွင် ရိုဂျာကိတ်စမင့်မှာလည်း ဂျင်နရယ်ဆန်ဖိုးဆိုသူ အမေရိကန်စစ်ဗိုလ်ကြီးအမှူးရှိသော လူတစ်စုတို့နှင့်အတူ ကွန်ဂိုပြည်၌ ရောက်ရှိနေရာ ထိုကွန်ဂိုပြည်၏ တိုင်းရင်းသားများမှာ ယခင်ကနှင့်မခြား ဆင်းရဲဒုက္ခဖြစ်လျက် ရှိနေကြသေးသည်ကို တွေ့ရလေ၏။ သို့ရာတွင် ထိုကွန်ဂိုပြည်သို့ စီးပွားရှာရောက်လာကြသော မျက်နှာဖြူလူမျိုးတို့ မှာကား တစ်နေ့တခြား စီးပွားလမ်းဖြောင့်တန်းလျက် ရှိနေကြလေ၏။ အချို့ မျက်နှာဖြူ လူမျိုးတို့သည် ဥရောပတိုက် အောက်တန်းစက်ရုံများမှ ထွက်သော အထည်အလိပ်တို့နှင့် ဖန်ပုတီး၊ ဖန်လက်ကောက် စသည်တို့ ကို ကွန်ဂိုပြည်သို့ တင်ဆောင်ယူလာခဲ့ပြီးလျှင် ထိုအပေါစား၊ အညံ့စား ပစ္စည်းများနှင့် ကွန်ဂိုပြည် တိုင်းရင်းသားတို့၏ အဖိုးတန်ဆင်စွယ်များ၊ ကြက်ပေါင်စေးများကို လဲလှယ်၍ ယူကြလေသည်။
လောဘဇောတိုက်လွန်းသော ထိုမျက်နှာဖြူ လူမျိုးတို့အနက် အချို့ မှာလည်း ကွန်ဂိုပြည်၏ ကြွယ်ဝချမ်းသာသော ပစ္စည်းဥစ္စာတို့ကို ရှာဖွေ ယူငင်ရင်း ငှက်ဖျားမိ၍လည်းကောင်း၊ သားရဲတိရစ္ဆာန်တို့ကိုက်ခဲ၍လည်းကောင်း သေကျေပျက်စီးကြလေ၏။ ရိုဂျာကိတ်စမင့်သည် အာဖရိက တိုက် ကွန်ဂိုပြည်မှ အင်္ဂလန်နိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ တစ်ဖန် သွားရောက်ပြန်လေသည်။ အမေရိကန်နိုင်ငံ သို့ ရောက်သောအခါ ဂျင်နရယ်ဆန်ဖိုးဆိုသူ အမေရိကန် စစ်ဗိုလ်ကြီးနှင့် အတူ အာဖရိကတိုက် ကွန်ဂိုမြစ်ကြောင်းနှင့်ပတ်သက်၍ နောက်ထပ်ရှာဖွေစူးစမ်း တွေ့ရှိပုံတို့ကို လှည့်လည်၍ ဟောပြောကြလေရာ ထောင် ပေါင်းများစွာသော အမေရိကန်လူမျိုးတို့မှာ စိတ်အားထက်သန်လာကြ လေ၏။
ရိုဂျာကိတ်စမင့်က ယခု အာဖရိကတိုက် ကွန်ဂိုနယ်၌ ပြုပြင် ပြောင်းလဲ၍ စီမံအုပ်ချုပ်နေပုံသည် မျက်နှာဖြူ လူမျိုးတို့၏ အကျိုးစီးပွား ရေးအလို့ငှာ ဖြစ်သည့်အပြင် ထိုကွန်ဂိုပြည် တိုင်းရင်းသားအများတို့၏ ယဉ်ကျေးခြင်းအလို့ငှာလည်း ဖြစ်ကြောင်းနှင့် သာယာနာပျော်ဖွယ်ရာ ဟောပြောခြင်း ပြုလေသည်။ ထိုသို့ အမေရိကန်နိုင်ငံ၌ လှည့်လည်၍ ဟောပြောပြီးသည့်နောက် ၁၈၉၁ ခုနှစ်တွင် ရိုဂျာကိတ်စမင့်သည် အာဖရိကတိုက် ကွန်ဂိုပြည်သို့ ပြန်၍လာခဲ့လေ၏။ ကွန်ဂိုပြည်မှာလည်း ဘယ်လ်ဂျီယန်ပြည် ဒုတိယမြောက် လီအိုပိုဘုရင်လက်အောက်တွင် ငါးနှစ်ခန့် စီမံအုပ်ချုပ်ခြင်း ခံရပြီးသည့်နောက် တိုင်းပြည်နှင့်တကွ တိုင်းရင်းသားတို့၏ အခြေအနေပါ များစွာ ပြုပြင်ပြောင်းလဲလာခဲ့ရာ အတွင်းကျသော နယ်ပယ်ဒေသတို့ရှိ တိုင်းရင်းသားတို့၌ပင် အုပ်ချုပ်ရေး ပြောင်းလဲလာခြင်း အရှိန်အဝါကို တွေ့ထိလာကြလေ၏။
ကွန်ဂိုပြည်တွင် ရှေးအစဉ်အလာကပင် ပြုလုပ်လာခဲ့ကြသော ကျွန်ရောင်းဝယ်ရေးအလုပ်မှာလည်း ဥပဒေအမျိုးမျိုးတို့ဖြင့် ဖိစီးနှိပ်ကွပ် ခြင်းပြုသည့်အတိုင်း ပပျောက်သလောက် ပပျောက်လာခဲ့လေ၏။ ၎င်း အပြင်ကွန်ဂိုပြည်တွင်ဘယ်လ်ဂျီယန်ပြည်ဒုတိယမြောက်လီအိုပိုဘုရင်ကစစ်တပ်များဖွဲ့စည်းလာသောကြောင့်
လည်း စစ်သားပေါင်း တစ်သောင်းခန့် ရှိလာခဲ့၏။ ဤကဲ့သို့ စစ်တပ်များ ဖွဲ့စည်းခြင်းကြောင့် လည်း စရိတ်ကြေးငွေ မြောက်မြားစွာ ကုန်ကျလာခဲ့လေရာ ကွန်ဂိုပြည် တိုင်းရင်းသားများအပေါ်တွင် အခွန်ဘဏ္ဍာများစွာ စည်းကြပ်ခန့်ခွဲရန် ဖြစ်လာလေ၏။
ရိုဂျာကိတ်စမင့်မှာလည်း မျက်နှာဖြူလူမျိုးတို့အထဲတွင် ကွန်ဂို ပြည်နယ်နှင့်ပတ်သက်၍ အကျွမ်းကျင်ဆုံးလူတစ်ယောက် ဖြစ်လာသည့် အတိုင်း ဗြိတိသျှကိုလိုနီရုံးတော်မှ ၎င်းအား နိုက်ဂျီးရီးယားနယ် နယ် လှည့်အရာရှိအဖြစ်ဖြင့် ခန့်ထားလိုက်လေ၏။ နိုင်ဂျီးရီးယားနယ်မှာ အာဖရိကတိုက်တွင် အင်္ဂလိပ်အစိုးရတို့က ကိုလိုနီချဲ့ထွင် စီမံထားသော နယ်ဖြစ်သည့်အပြင် ထိုနယ်၏ အကျိုးကျေးဇူးခံစားရာ ခံစားကြောင်း လမ်းမှာလည်း မရှိသေးသည့်အတိုင်း ရိုဂျာကိတ်စမင့်ဆိုသူအား ဗြိသိသျှ ကိုလိုနီရုံးတော်မှ ခန့်ထားလိုက်ခြင်းပင် ဖြစ်၏။
ရိုဂျာကိတ်စမင့်မှာ ထိုစဉ်က အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ရှိသည့်အပြင် အာဖရိကတိုက်အခြေအနေနှင့် တိုင်းရင်းသားတို့၏ သဘာဝကို အထူးကျွမ်းကျင်သူဖြစ်ရကား သုံးနှစ်ခန့် အတွင်း၌ပင် အမှုတော်ထမ်းကောင်းတစ်ယောက်ဖြစ်ကြောင်းနှင့် ဆာကလတ်မက္က ဒေါ်နယ်ဆိုသူ နိုက်ဂျီးရီးယားပြည် မဟာဝန်ရှင်တော်မင်းကြီး၏ ချီးမွမ်း ခြင်းကို ခံလာရလေ၏။ ၁၈၉၅ ခုနှစ်သို့ ရောက်သောအခါ ရိုဂျာကိတ်စမင့် မှာ အသက် သုံးဆယ့်နှစ်နှစ်အရွယ်တွင် ပေါ်တူဂီအစိုးရပိုင် အာဖရိက တိုက် အရှေ့ပိုင်းနယ် လိုရင်ကိုမာကီးခေါ် ဆိပ်ကမ်းမြို့၌ ဗြိတိသျှအစိုးရ တို့၏ ကောင်စစ်ဝန်ရာထူးဖြင့် တိုးတက်ခန့်ထားခြင်း ခံလာရပြန်လေ၏။
ထို့နောက် ရိုဂျာကိတ်စမင့်မှာ ပေါ်တူဂီအစိုးရပိုင် အနောက် အာဖရိကနယ်သို့တစ်ဖန် ဗြိတိသျှအစိုးရတို့၏ ကောင်စစ်ဝန်ရာထူးဖြင့် ၁၈၉၈ ခုနှစ်တွင် ရွှေ့ပြောင်းခန့်ထားခြင်း ခံလာရပြန်လေ၏။ ဤကဲ့သို့ ရွှေ့ပြောင်းခန့်ထားခြင်းခံရသည့်နောက် မကြာမီ ဗြိတိသျှအစိုးရတို့သည်တောင်အာဖရိကတိုက် ထရန်စဗယ်နယ်တွင် ဘိုဝါလူမျိုးတို့နှင့် စစ်မက် ဖြစ်ပွားလာခဲ့လေရာ ထိုအာဖရိတိုက် နယ်ပယ်ဒေသတို့ကို များစွာ ကျွမ်းကျင်နားလည်သော ရိုဂျာကိတ်စမင့်မှာ ဗြိတိသျှအစိုးရတို့၌ များစွာအသုံးဝင်လာလေသည်။ ဤကဲ့သို့ အသုံးဝင်သောသူတစ်ယောက် ဖြစ် သည့်အတိုင်းလည်း ထိုစစ်မက်အတွင်းတွင် ရိုဂျာကိတ်စမင့်မှာ အထူး အလုပ်ဝတ္တရားဖြင့် နောက်ထပ် ခန့်ထားခြင်းခံလာရသည့်အတိုင်း အင်္ဂလန်နိုင်ငံ ဝိတိုရိယဘုရင်မကြီး၏ တောင်အာဖရိကတိုက်တံဆိပ်ကို ခံယူရရှိလာခဲ့လေ၏။
ဆိုခဲ့သည့်အတိုင်း ရိုဂျာကိတ်စမင့်သည် တောင်အာဖရိကတိုက် ထရန်စဗယ်နယ်တွင် စစ်မက်အတွင်း ဗြိတိသျှအစိုးရတို့၏ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ရပြီးသည့်နောက် စစ်မက်ပြီးစီးသောအခါ ကွန်ဂိုပြည်သို့ ဗြိတိသျှအစိုးရတို့၏ ကောင်စစ်ဝန်ကြီးရာထူးဖြင့် ချီးမြှင့် ခန့်ထားခြင်း ခံလာရလေသည်။ ထို့နောက် ၁၉၀၁ ခုနှစ် သြဂုတ်လတွင် ရိုဂျာကိတ်စမင့်မှာ ပြင်သစ်အစိုးရပိုင် ကွန်ဂိုမြစ်တစ်ဖက်ကမ်းရှိ ကွန်ဂို ကိုလိုနီနယ်သို့ ဗြိတိသျှအစိုးရတို့၏ ကောင်စစ်ဝန်ကြီးရာထူးဖြင့် နောက် ထပ်ခန့်ထားခြင်း ခံရပြန်လေ၏။ ။
ယခုအခါ ရိုဂျာကိတ်စမင့်မှာ အာဖရိကတိုက် ဗဟိုကျသော ပြည်နယ်ဒေသတို့တွင် အကျွမ်းကျင်ဆုံး တိုင်းရင်းသားတို့၏ သဘာဝကို နားအလည်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟု ထင်ပေါ်ကျော်စောလာ ခဲ့၏။ ၎င်းအပြင် ကွန်ဂိုပြည်မှာလည်း ဘယ်လ်ဂျီယန်ပြည် ဒုတိယ မြောက် လီအိုပိုဘုရင်၏လက်အောက်၌ တိုင်းရင်းသားတို့သည် ယဉ် ကျေးခြင်း မဖြစ်သည့်အပြင် အခွန်ဘဏ္ဍာလေးလံ၍ အတိဒုက္ခကျရောက် လာသည့်အတိုင်း များစွာ ညည်းတွားလာကြလေ၏။ ထိုအခါ ရိုဂျာ ကိတ်စမင့်မှာ မိမိ၏ တာဝန်ဝတ္တရားရှိသည့်အတိုင်း ကွန်ဂိုပြည်၏ ဖြစ်ပျက်လာပုံအခြေအနေတို့ကို အင်္ဂလန်နိုင်ငံခြားရုံးတော်သို့ အစီရင်ခံ စာ တင်သွင်းလေရာ အင်္ဂလန်နိုင်ငံအစိုးရအဖွဲ့မှာ အရေးတယူပြုလုပ်ရန် အကြောင်း ပေါ်ပေါက်လာခဲ့လေသည်။ အင်္ဂလန် နိုင်ငံခြားရေးဆိုင်ရာအတွင်းဝန်ကြီးဖြစ်သူ လော့လင်းစတုန်းသည် ကွန်ဂိုပြည်၏ ဖြစ်ပျက် လာပုံ အခြေအနေနှင့်ပတ်သက်၍ အခြားသော လက်နက်နိုင်ငံကြီးတို့၏ အစိုးရများထံ အကြောင်းစကား ပြောဆိုခြင်း ပြုလုပ်သည့်အပြင် ဘယ်လ် ဂျီယန်ပြည် ဒုတိယမြောက် လီအိုပိုဘုရင်ထံသို့လည်း ဟုတ်၊ မဟုတ် မှန်၊ မမှန်ကို အကြောင်းစကားပြန်ကြားရန် တောင်းဆိုခြင်းပြုလေ၏။ ဤကဲ့သို့ အင်္ဂလန်နိုင်ငံခြားရုံးမှ တောင်းဆိုချက်ကို ရရှိသည့်ကာလ။ ဘယ်လ်ဂျီယန်ပြည် ဒုတိယမြောက် လီအိုပိုဘုရင်မှာ စိတ်မကျေမနပ် ဖြစ်ပြီးလျှင် အာဖရိကတိုက် ကွန်ဂိုပြည်တွင် မိမိ၏အစိုးရ စီမံအုပ်ချုပ်ပုံ နှင့် ပတ်သက်၍ စွပ်စွဲပြောဆိုချက်သည် အခြေအမြစ် မရှိကြောင်းနှင့် ငြင်းပယ်ခြင်းပြုလေ၏။
ထိုအခါ အင်္ဂလန်နိုင်ငံခြားရေးဆိုင်ရာ အတွင်းဝန်ကြီး လော့လင်း စတုန်းမှာ ကွန်ဂိုပြည်နှင့်ပတ်သက်၍ သေသေချာချာ သက်သေသာဓက နှင့် နောက်ထပ်စုံစမ်းစစ်ဆေး၍ အစီရင်ခံစာ တင်သွင်းစေရမည်ဟု ရိုဂျာကိတ်စမင့်ထံ ဆင့်ဆိုခြင်းပြုလေ၏။ ရိုဂျာကိတ်စမင့်သည် အင်္ဂလန် နိုင်ငံခြားရေးဆိုင်ရာ အတွင်းဝန်ကြီးထံမှ ဆင့်ဆိုချက်ကို ရရှိသောအခါ ကွန်ဂိုပြည် မြို့ရွာနယ်ပယ်များသို့ ကိုယ်တိုင် လှည့်လည်သွားပြီးလျှင် ရောက်ရာအရပ်တိုင်း၌ တိုင်းရင်းသားတို့အား စစ်ဆေးမေးမြန်းခြင်း ပြုလေ၏။ တိုင်းရင်းသားတို့မှာလည်း မိမိတို့အပေါ် ဘယ်လ်ဂျီယန် အစိုးရတို့က အခွန်ဘဏ္ဍာကြီးလေးစွာ စီမံခန့်ခွဲပုံ၊ မျက်နှာဖြူ ကုန်သည် ကြီးတို့က အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ပုံ၊ စစ်သားများက သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်သတ်ပုံ စသည်တို့ကို ပြောပြသည်မှာ များစွာ ဝမ်းနည်းကြေကွဲစရာ ကောင်းလေသည်။
ကွန်ဂိုပြည် တိုင်းရင်းသားတို့သည် မိမိတို့၏ပြည်နယ်သို့ မျက်နှာ ဖြူလူမျိုးတို့ လက်ဦးအစ ရောက်လာစဉ်အခါက မိမိတို့တိုင်းရင်းသားများအပေါ် ကောင်းကျိုးချမ်းသာပေးကြမည့် မိုးကျနတ်သားများသဖွယ် ထင်မြင်အောက်မေ့ပြီးလျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း ပြုခဲ့ကြလေ သည်။ သို့ရာတွင် ထိုမျက်နှာဖြူ လူမျိုးတို့မှာ မိမိတို့ ယုံကြည်ကိုးစားသည့် အတိုင်းမဟုတ်ဘဲ နှိပ်စက်ညှဉ်းပန်းကြသဖြင့် မခံမရပ်နိုင်ဖြစ်လာသော် ငြားလည်း သူ့လက်တွင်းမှ ပြေးမလွတ်ဘဲ နေကြရလေ၏။
ရိုဂျာကိတ်စမင့်သည် တိုင်းရင်းသားတို့၏ သနားဖွယ်ရာ ပြောပြ ချက်အရပ်ရပ်တို့ကို ရေးတင် မှတ်သားခြင်းပြုသည့်အပြင် အမေရိကန် သာသနာပြုဆရာကြီး တချို့တို့နှင့်တွေ့၍ ၎င်းတို့က ပြောပြချက်စကား တို့မှာလည်း တိုး၍ ဝမ်းနည်းကြေကွဲစရာကောင်းသည်ကို တွေ့ရလေ သည်။ ဤကဲ့သို့ စုံစမ်းစစ်ဆေး သိရပြီးနောက် ရိုဂျာကိတ်စမင့်သည် စတန်လေပူးမြို့သို့ ပြန်လည်ဆိုက်ရောက်သောအခါ အင်္ဂလန်နိုင်ငံခြားရုံး မှ မိမိအား စုံစမ်းစစ်ဆေးချက် အရပ်ရပ်နှင့်တကွ လန်ဒန်မြို့တော်သို့ လာစေလိုကြောင်း စာတစ်စောင်ကို ရရှိလေရာ ရိုဂျာကိတ်စမင့်မှာ ၁၉၀၄ ခုနှစ် ဇန်နဝါရီလထဲတွင် မီရာသင်္ဘောဖြင့် လန်ဒန် မြို့တော်သို့ လိုက်ပါ သွားရလေ၏။