Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ဤလောကမြေမဟီဝယ်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အရိယာနှင့်အရက် 

 

          “ဒီမှာ မောင်သော်တာရွှေရဲ့ ..” 

          ကျွန်တော်သည် ဖန်ခွက်ကို နှုတ်ခမ်းမှ ချွတ်လိုက်ကာ ... 

          “ခင်ညာ ..”

          သောက်ရင်း အရှိန်ရလာသည်၌ ဦးကြွက်သိုးက စကားစ၏။ 

          “အရိယာများ အရက်ကို ရေဖြစ်သတဲ့ကွဲ...” 

          “ဟင် ... သမြောစရာကြီးနော် ... ”

          “မင်းတို့လို အရက်သမားအဖို့ တော့ ဟုတ်သပေါ့ ကွာ ...။ တရားသမားတွေအဖို့တော့ ဒါမျိုး သိပ်ကြီးကျယ်တာကွ၊ အဲဒီလိုပုဂ္ဂိုလ်မျိုး တွေ့ရင် တကယ့်ရဟန္တာပဲဆိုပြီး အကြီးအကျယ် ဆည်းကပ်ကိုးကွယ်ကြ တော့တာကွ”

          ကျွန်တော်က ခွက်ကျန်မော့လိုက်ပြီး ....

          “နေပါဦး.. ဦးလေးကြွက်သိုးရ၊ အရက် ရေဖြစ်တယ်ဆိုတာက ဘယ်လိုတုံးဗျ ၊ ကျွန်တော့်သဘောတော့ အရက် ရေဖြစ်အောင်လုပ်တာက လွယ်ပါတယ်၊ ကဲ ... ခု တချို့ ပြည်သူ့အရက်ဖြူဆိုင်တွေမှာဆိုရင် အရက် ရေရောလို့ ဖမ်းတာတွေတောင် သတင်းစာတွေထဲ တစ်လောက ပါလာသေးမှုတ်လား ... ”

          ဦးကြွက်သိုးသည် တံတွေး ဗျစ်ခနဲ ထွေးလိုက်ပြီး ..

          “အတူတူသောက်တဲ့လူချင်း ကြောင်မနေချင်စမ်းပါနဲ့ မောင်သော် တာရွှေရာ ...၊ ဒီအမျိုးမျိုးတွေ ရိုးနေပါပြီ ... ”

          “ဪ .. ဦးလေးကြွက်သိုးကလည်း ကြွက်မြီးတိုရန်ကောဗျာ၊ ကျွန်တော်က သေသေချာချာ မသိလို့ဗျ၊ ကဲ ... အရိယာက အရက်ကို ဘယ်လို ရေဖြစ်သွားသလဲဗျာ ... ပြောစမ်းပါဦး၊ အရက်ပုလင်း လက်ညှိုး ထိုးလိုက်ပြီး ရေဖြစ်စေလို့ဆိုလိုက်တော့ ဖြစ်သွားရောလား၊ အဲ ... ရေကို အရက်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ .. လာခဲ့၊ အိမ်ဦး ခန်းထားပြီး တစ်သက်လုံး ကိုးကွယ်ပြလိုက်မယ် ...”

          “ဟေ့ ... ဟာသဆရာ ... မင်းနောက်လုံးတွေ တော်တော့ ...၊ ငါက အကောင်းပြောမလို့ .... ”

          “ပြောပါ .. အရက်ကို ဘယ်နည်းဘယ်ပုံ ရေဖြစ်သလဲဆိုတာ ... ကျွန်တော် ကြားဖူးတာကတော့ .... “သောတာပန်ဆို၊ သိလိုသမှု၊ နှစ်ခု သေရည်၊ တိုက်လေပါက၊ ရေသာဝင်ထ၊ သဘာဝ”တဲ့ ... ”

          “ငါပြောမှာက ဒီလိုတောင်မဟုတ်ဘူး၊ သူ့ပါးစပ်ထဲ သောက်လိုက်တဲ့ အခါမှာ အရက်ရဲ့ သဘောသဘာဝ ပျောက်ပြီး တကယ့်ပကတိ ရေဖြစ်သွား တာကွာ ...”

          “ဪ ... အရက်ပီးတယ်ဆိုပါတော့၊ ဒါနဲ့ ရဟန္တာဖြစ်ရောလား...” 

          “ဟေ့ ...ဒါကြောင့် ရဟန္တာဖြစ်တယ်ပြောတာ မဟုတ်ဘူးကွ ..” လောကီကကျွတ်ပြီး တရားရသွားပြီဆိုတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ ... အရက် တောင်ပဲ သူတို့ခံတွင်းထဲရောက်ရင် ရေဖြစ်တယ်ဆိုတာကွ ..”

          “ဒီစကား ကျွန်တော်ကြားဖူးပါတယ်၊ ဒါက တင်စားပြောကြတာ ဖြစ်ပါလိမ့်မယ်၊ တကယ်တော့ ဘယ်အရိယာပုဂ္ဂိုလ်၊ ဘယ်ရဟန္တာမြတ်က အရက်သောက်ပြီး ငါ့ပါးစပ်ထဲ ရေပဲလို့ ပြောပြနေလိမ့်မှာလဲဗျာ ..”

          “အေး ... မင်းပြောတာ ငါသဘောကျသဟေ့၊ ဒါပေမဲ့ အရက်သောက် လိုက်တဲ့အခါ ရေဖြစ်သွားတဲ့ ရဟန်းတစ်ပါး ပေါ်ခဲ့ဖူးသကွ ...”

          “ဘယ်လိုတုံး၊ အရက်သောက်ပြလိုက်ပြီး မရှုံ့ မမဲ့ဘဲ ငါ့ပါးစပ်ထဲ ရေပဲလို့ ပြောပြတာလား၊ ဒါကတော့ သူ လူဝတ်မှာတုန်းက အရက်ပြင်းပြင်းတွေသောက်နေကျ ယစ်ထုပ်ကြီးမျိုး ဖြစ်နိုင်တာပေါ့ဗျာ ...”

           “မင်းပြောတာ ဟုတ်ပါတယ်၊ ငါလည်း အရက်သမားပဲ၊ သဘော ပေါက်ပါတယ်။ ငါ အခုပြောမှာက အဲသည်လိုကို မဟုတ်ဘူးကွ ... ”

           “သူ့ကပ္ပိယနဲ့ ခရီးသွားကြရင်း လမ်းမှာ ... အဲ ... ပြောထားရဦး မယ်၊ သူ့ကပ္ပိယက အရက်ပုန်း၊ ခွက်ပုန်းသမား။ သူ့မှာ ထမင်းစားခါနီး မော့ဖို့ အိတ်ဆောင်လေးက အမြဲပါတယ်၊ အဲဒါ လမ်းမှာ နွားလှည်းပေါ်မှာ ကွာ လွယ်အိတ်ထဲ ဒီပုလင်းသွားတွေ့တော့ လှည်းနောက်က လမ်းလျှောက် လိုက်လာတဲ့ ကပ္ပိယကို.. ဟဲ့ .... ဒကာ .. ဒါ ဘာပုလင်းလဲလို့မေးတယ်။ ဒီတော့ ရေပုလင်းပါဘုရားလို့ လျှောက်ရသပေါ့ ။ အဲသည်အခါ ဘုန်းကြီးက ဟယ်... ငါ ရေဆာနေတာနဲ့ အဆင်သင့်ပဲကွာဆိုပြီး ကောက်မော့တော့ ကပ္ပိယက ဖျာပျာသလဲနဲ့ ဒီရေမသန့်ပါဘူး ဘုရား၊ တပည့် တော်သောက်လက်စကြီးပါ ဘုရား၊ ဒီပြင် ရေသန့်သန့် ကပ်ပါ့ မယ်ဘုရားလို့ လှည်းပေါ်ပြေးခုန်တက်ရင်း ပြောပေမဲ့ မရတော့ ဘုန်းကြီးက ပုလင်းတစ်ဝက် မော့ပြီးနေပြီ။ အဲသည်တော့ ကပ္ပိယကြီးက အဲ ... တစ်ခါဖြင့် ဒုက္ခပဲလို့ ပြူးပြူးပျာပျာ ဖြစ်နေတယ်၊ ဒီတော့ ဘုန်းကြီးက ... တဲ့ .... ဒကာရယ် ခရီးသွားရင်း လမ်းမှာပဲ ကိစ္စမရှိပါဘူးကွယ် ...... မင်း သောက်လက်စကော.. ငါက ငါ့ဟာငါ ယူသောက်တာပဲ၊ မင်းမှာ အပြစ် မဖြစ်နိုင်ပါဘူး။ ရော့ ..ရော့ ဒီမှာ ကျန်ပါသေးတယ်။ မင်းဆာလည်း သောက်လိုက်၊ နေကလည်း ပူသနဲ့ကွယ် ... လို့ဆိုတော့ ကပ္ပိယကလည်း အံ့အားသင့်ပြီး ကြောင်အမ်း အမ်းနဲ့ ဘုန်းကြီးပေးတာ ယူသောက်လိုက်တော့ ... လား ... လား အဲ ကျန်တဲ့အရက်ပါ ရေဖြစ်နေသတဲ့ မောင်ရေ .... ”

           ဒီတော့မှ ကျွန်တော် စိတ်ဝင်စားကာ .. “

          ဒါတော့ ဆန်းသား ..၊ အံ့သြစရာပဲ၊ ဒီဘုန်းကြီးကို လူတွေက ရဟန္တာလို့ မပြောကြဘူးလား ...”

          “ဟာ .. ပြောရုံဘယ်ကမလဲ .. အဲဒီစကား ကပ္ပိယဆီက တစ်ဆင့် ကြားပြီးကတည်းက တစ်ဆင့်တစ်ဆင့်ပွားပြီး အနယ်နယ်အရပ်ရပ်က ဒီကိုယ်တော်ဖူးမြော်ရအောင်၊ ဒီကိုယ်တော့်ကမ္မဋ္ဌာန်းနည်း ကျင့်ရအောင် လာ လိုက်ကြတဲ့လူတွေကွာ မပြောပါနဲ့တော့၊ အဲဒီဘုန်းကြီးကလည်း ကမ္မဋ္ဌာန်း နည်းပြဆရာကိုးကွ ..”

           “အဲ ... အဲ ဟုတ်ပြီ ... ဘာနည်းလဲဗျ၊ စွန်းလွန်းရှူရှိုက်နည်းလား၊ မဟာစည် ပိန်ဖောင်းနည်းလား ... ”

          “အဲဒါတွေကတော့ ငါမသိဘူးကွ ... ” 

          “နို့ .. အဲဒီကိုယ်တော်ပေါ်တာ ဘယ်လောက်ကြာပြီလဲ ...”

          “ကြာပြီကွာ ... ငါ.. အဲဒီတုန်းက ခပ်ငယ်ငယ်ရှိသေးတာပဲ၊ မင်း.. အဲဒီကိုယ်တော်အကြောင်းရေးရင် ကောင်းမယ်ကွာ ...”

           “အာ ... ဖြစ်မလားဗျ၊ ကျွန်တော်က ကာလပေါ်ဝတ္ထုရေးသမားပဲ။ ထေရုပ္ပတ္တိသွားကိုင်လို့ ဘယ်နိုင်ပါ့မလဲ၊ ဒါမျိုးက ပါဠိလေးဘာလေးပါမှ၊ ကျွန်တော်က ပါဠိဆို နည်းနည်းမှ မတတ်တာဘဲ ..”

           “မလိုပါဘူးကွ၊ အဲဒီကိုယ်တော်ကလည်း ပါဠိမတတ်ဘူး”

           “အောင်မာ ကမ္မဋ္ဌာန်းပြဆရာဘုန်းကြီး ပါဠိမတတ်ဘူးဆိုတော့ ... ဖြစ်မလားဗျ ... ”

           “မင်း ... စွန်းလွန်းဆရာတော် အတ္ထုပ္ပတ္တိ မဖတ်ဖူးဘူးလား၊ အဲဒီ ဆရာတော်ကြီးဟာ စာတစ်လုံးမှမတတ်ဘူး၊ အခု ရဟန္တာလို့ အများပြော နေကြတဲ့ သဲအင်းဂူဆရာတော်ဘုရားကော ဓားပြဗိုလ်ကြီးတဲ့ခင်ဗျ၊ အသက် ၄၆ နှစ်ကျမှ တရားရပြီး အားထုတ်တာတဲ့ ..”

           “ကဲ ... ခင်ဗျား ခုနပြောတဲ့ အရက်ရေဖြစ်တဲ့ ကိုယ်တော်ကော ...”

          “သူလည်း ငယ်ဖြူမဟုတ်ဘူး၊ လူ့ဘဝမှာ တော်တော်ဆိုးဆိုးတေတေ နေခဲ့ပြီး အသက် ၅၀ လောက်မှာ သင်္ကန်းဝတ်တာပဲ၊ စာလည်း သိပ်မတတ် ဘူး။ မူလတန်းလောက်ပဲ၊ ပါဠိဝေးလို့ ၊ အဲ ... အင်္ဂလိပ်လိုတော့ စီအေတီ ကက် လောက်ပဲတတ်တယ်၊ ဒါပေမဲ့ လူကတော့ လူစုံပဲ ... ”

           ကျွန်တော် နည်းနည်းသဘောတွေ့သွားကာ ... ။

          “အဲ ... လူစုံဟုတ်ပြီ၊ နို့ပြီး အရပ်ကော သူများထက် ခေါင်းတစ်လုံး မြင့်လား .. ”

          ဤနေရာ၌ ဦးကြွက်သိုးသည် စူးစမ်းသောမျက်လုံးဖြင့် ကျွန်တော့် ကို ကြည့်ကာ ...

          “မင်းက ဒါကို ဘာပြုလို့မေးတာလဲ ... ” 

          “ဘာဖြစ်လို့ မေးမေးဗျာ ပြောစမ်းပါ ... ”

           “မင်းက ဒီကိုယ်တော်များ သိနေလားလို့ .... မြင့်သကွ၊ မြင့်လို့ပဲ ပွဲထဲ ခဏခဏ အရိုက်ခံရတာ ... ”

           “ဘာလို့ အရိုက်ခံရတာလဲ ..”

           “ဟ ... သူများထက်အရပ်မြင့်တော့ ရှေ့က သူ့ခေါင်းကကွယ်ကွယ် နေလို့ ပွဲကြည့်တဲ့လူချင်း ရိုက်ကြတာပေါ့ကွ၊ ရိုက်ရုံတင်မဟုတ်ဘူး၊ ခဲပေါက်၊ ခွပစ်တွေလည်း ခံရသေးတယ် ... ”

          “ဒါဖြင့် သူ့ခေါင်း အနာရွတ်ချည်းနေမှာပဲ၊ ဒါဟာ ဘဝမှာ နာကြည်း စရာဒဏ်ချက်တွေပဲ၊ အဲ .. ဟုတ်ပြီ၊ လူကလည်း လူစုံ၊ အရပ်ကလည်း သူများထက် ခေါင်းတစ်လုံးမြင့်တယ် ... ”

           ကျွန်တော်သည် ဆရာကြီးရွှေဥဒေါင်း ရေးသားသည်များ မှတ်သား ထား၍ “

          ဒါကြောင့် ထူးချွန်တာကိုးဗျ၊ ဒီလိုလူမျိုးအကြောင်းတော့ ရေးချင် သားဗျာ၊ ဦးလေးကြွက်က သူ့အကြောင်း တော်တော်သိလား ”

          “ဟာ ... ငါတို့အရပ်ထဲကပဲကွ၊ ငါ အကုန်သိတာပေါ့ .. ” “ဒါဖြင့် ပြောဗျာ ... ”

          “သူ့မိဘမျိုးရိုးက အဲဒီခေတ်က ကျေးရွာလယ်ပိုင်ရှင်များကွ၊ လူချမ်း သာတွေပေါ့ကွယ်၊ ပထမ ရွာဘုန်းကြီးကျောင်းမှာပဲထားတယ်၊ နောက်တော့ သူတို့ငွေချေးတဲ့ ချစ်တီးတိုက်က မြှောက်ပေးတာနဲ့ မြို့ပေါ် အင်္ဂလိပ်ကျောင်း သွားထားတယ်၊ ဒီတော့ ရွာနဲ့မြို့က ၅ မိုင်တောင်ဝေးနေတာမို့ အဲသည် ခေတ်က ကျေးရွာလယ်ပိုင်ရှင်တွေရဲ့ ထုံးစံအတိုင်း ချစ်တီးဆီကငွေယူပြီး ရိုးကုမ္ပဏီက ရလေးစက်ဘီး ဝယ်ပေးတယ်၊ ရလေးဘွတ်ခြေနင်းနဲ့ မော်ဇာ ဝယ်ပေးတယ်၊ အယ်လ်ဂျင်နာရီ ဝယ်ပေးတယ်”

         “အောင်မယ် ... အကောင်းစားချည်းပါလားဗျ..” ကျွန်တော်က စကားထောက်သည်။

           “ဒါနဲ့ မော်ဇာဆိုတာက ဘာလဲဗျ ... ” 

           “ခြေအိတ်ကို သူတို့ တောခေါ် ခေါ်တာကွ ... ”

           “အဲ ... သူ့ငယ်နာမည်၊ လူနာမည်နဲ့ ရဟန်းဘွဲ့ တော်လည်း ပြောထားဦးဗျ။ ဖြစ်နိုင်ရင် သူ့မွေးသက္ကရာဇ် .. ခု၊ နှစ်၊ လ၊ နေ့။ ဘာလဲဆိုတော့ ဒီလို အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်မျိုး သူ့အတ္ထုပ္ပတ္တိရေးတဲ့အခါမှာ ဖွဲ့ ရထည့်ရ တာမျိုးဗျ .. ”

           “သူ့ ခု၊ နှစ်၊ လတော့ ငါမသိဘူးပေါ့ကွာ။ မင်းလိုချင်ရင် နောက်တော့ သူ့ဆွေမျိုးတွေကို မေးကြည့်ပေါ့ ၊ အဲ .. သူ့မွေးနေ့ကတော့ ကြာသပတေး ဖြစ်လိမ့်မယ်ကွ၊ ဘာကြောင့်လဲဆို သူ့ရဟန်းဘွဲ့ တော်က ဦးပညာ၊ လူအမည် က ကိုမြင့်ဦး။ ဒါပေမဲ့ သူ မြို့ပေါ်ရောက်သွားတော့ အင်္ဂလိပ်ကျောင်းသား တွေက တောကြီး တောကြီးလို့ ခေါ်ကြသကွ ... ”

          “ဒါပေါ့ဗျာ၊ မြို့သားတွေက တောသားမြို့တက်လာရင် နှိမ်ချင်ကြတာ ပဲဗျ၊ ဒါနဲ့ သူ အဲဒီအင်္ဂလိပ်ကျောင်းမှာ ဘယ်နှတန်းအထိ သင်ကြားတတ် မြောက်သလဲ ... ”

           “အဲဒါတော့ သူ့ကိုယ်သူပဲ အမှန်ကိုသိမယ်ကွ၊ သူ့မိဘများလည်း မသိဘူး၊ သူအပြောကတော့ ၇ တန်းဆိုလို့ သူ့မိဘများက ၇ တန်းအထိ စာအုပ်ဖိုးတွေ ပေးနေခဲ့ရတာပဲ။ ဒါပေမဲ့ ... သူဟာ စီအေတီ ကက်...

ကြောင် အာရ်အေတီ ရက်... ကြွက်၊ ဘီအေတီ ဘက် လင်းနို့၊ ဗလီတံ လောက်ပဲတတ်တယ် ... ”

           “နို့.. သူ အဲဒီကျောင်းက ဘယ်အရွယ်လောက်မှ ကျောင်းထွက် သလဲ”

           “ဒါလည်း သူ့ကိုယ်သူပဲသိမယ်ကွ၊ ဘာကြောင့်လဲဆို ... သူက . ၁၃ နှစ်သား ရှင်လူထွက်လောက်မှာ မြို့ရောက်သွားလိုက်တာ လူပျိုပေါက် လည်းဖြစ်ကရော ကျောင်းကောင်းကောင်း သွားတော့တာမဟုတ်ဘူး။ အိမ်ကငွေ တောင်းတာတောင် ခိုးတာခိုးနဲ့ အလေဏတော နေလိုက်တာ၊ ၁၇ နှစ်သားလောက်မှာ ဘိန်းစွဲလို့ ကျောင်းမသွားတော့ဘဲ ဖဲပဲ လျှောက်ရိုက် နေတော့တာပဲ ... ” ,

           “အောင်မယ်လေး ..... တကယ့် လူဆိုးလူပေပါလားဗျာ၊ အေးလေ... ဒါကြောင့်ပဲ အကျွတ်တရားမြန်မြန်ရတာပေါ့၊ ကဲ ... ပြောပါဦး၊ သူအိမ်ထောင် ကော ကျသလား ...”

           “ကျတာပေါ့၊ သူ့မိဘများက ဒီအတိုင်းထားမဖြစ်ဘူး၊ ခြေချုပ်ရအောင် အိမ်ထောင်ချမှပဲဆိုပြီး တခြားရွာက သူတို့စိတ်ကြိုက် သူငယ်မတစ်ယောက် နဲ့ ပေးစားလိုက်တယ် ... ”

         “ဒီတော့ သူ ကောင်းသွားရောလား”

         “ကောင်းတာတော့ မပြောနဲ့၊ သူ့မိန်းမလည်း ဘိန်းစွဲပြီး သူနဲ့အတူ ဖဲလိုက်ရိုက်တော့တာပဲ”

         “ဟယ် ... ”

          “ဒါနဲ့ နှစ်ဘက်မိဘက လက်ဖွဲ့ လိုက်တဲ့ အတွင်းပစ္စည်းတွေကုန်ပြီး လယ်ကို ချစ်တီးဆီ ပေါင်တဲ့အဖြစ် ရောက်လာတော့တယ်။ ဒါပေမဲ့ မလျှော့ ဘူး၊ သူတို့လင်မယားဟာ စိတ်တူသဘောတူ လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက် ဆိုတဲ့စကားအရ ဖဲပဲဆက်ရိုက်တယ်၊ ဉာဏ်သမားရှာပေါင်းတယ်။ နောက်ဆုံးမှာ အောက်လမ်းဆရာနဲ့တွေ့ပြီး ဖဲရိုက်တဲ့အခါမှာ ခေါ်ဖဲ ရဖို့ သရဲမွေးသကွ ”

           “ဟင် .. ဒါမျိုး ဖြစ်နိုင်သလားဗျာ .. ”

           “ဖြစ်နိုင် မဖြစ်နိုင် မင်းနားထောင်..၊ ငါပြောပြမယ်။ ငါ သူတို့အဖြစ် ကို ကောင်းကောင်းကြီး မှတ်မိခဲ့တယ်၊ သူတို့လင်မယား အသက် ၃ဝ ကျော်လောက်မှာ ငါက ၁၀ နှစ်သားလောက်ရှိပြီ။ သူတို့ သရဲမွေးဖို့အလုပ်က မလွယ်ဘူး။ အစိမ်းသေရမယ်.. နို့ပြီး အသက် မထွက်ခင်မှာ အလောင်း

အောက် ဆေးစီရင်တဲ့ပစ္စည်းထားနိုင်အောင် ကိုယ်နဲ့ရင်းနှီးတဲ့ မသာလည်း ဖြစ်ရမယ်”

          “အင်း .. တယ်မလွယ်ပါလား”

          “ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ကုသိုလ်ပဲ၊ အကြောင်းတိုက်ဆိုင်လာ တယ်။ အဲဒီဆရာနဲ့ ဒါမျိုးရှာနေစဉ်အတွင်းမှာပဲ သူ့သူငယ်ချင်း သူနဲ့ ဖဲရိုက် ဘက် ဖိုးကျော်ဆိုတဲ့လူဟာ သစ်ပင်ပေါ်က လိမ့်ကျပြီး အိမ်မှာ ၃ ရက်လောက်