Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - လမ်းဆုံးနှင့်လမ်းဆုံ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

(၁)

 

          “ကိုထွန်းဦးရယ်... ရှင့်ကို ကျွန်မ ထပ်ပြီး တောင်းပန်ပါရစေလား ရှင်၊ ကလေးတွေ နောင်ရေးအတွက်လည်း စဉ်းစားဖို့အချိန် တော်လာပါ ပြီ။ ရှင် ဒီလူတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီး စီးပွားရေးကိုသာ ဇောက်ချပြီး လုပ်သွားဖို့ သင့်နေပါပြီ”

          “ဟေ့.. တင်တင်ချို၊ တော်တော့ကွာ၊ နင် မကူညီချင်ရင်လည်း ငါ့ယုံကြည်ချက်နဲ့ငါ လုပ်နေတဲ့ကိစ္စမှာ ဝင်ဝင်ပြီး မနှောင့်ယှက်စမ်းပါနဲ့၊ တစ်တိုင်းပြည်လုံး ငတ်ပြတ်နေတဲ့အချိန်မှာ ငါတစ်ယောက်တည်း မိုးထိ

အောင် ချမ်းသာနေလို့ကော တရားရာ ကျပါဦးမလား။ ကလေးတွေက လည်း ငယ်ငယ်လေးတွေ ရှိပါသေးတယ်။ ကြီးလာတော့လည်း သူတို့ ဟာနဲ့ သူတို့ ဖြစ်လာမှာပေါ့ ။ အလကားနေရင်း ပူမနေစမ်းပါနဲ့”

          ကိုထွန်းဦးသည် သို့ကလို ပြန်ပြောလာပြီး မိမိဖတ်နေသော စာအုပ်ထူကြီးကို ဆောင့်ပိတ်လိုက်ပြီး တပ်ထားသော ကော်ကိုင်းမျက်မှန် ကို ချွတ်၍ ဝတ်ထားသော ပုဆိုးစနှင့်ပင် သုတ်နေလေ၏။

          မန္တလေးမြို့ တစ်ခုသော ဆင်ခြေဖုံးရပ်ကွက်ရှိ နှစ်ထပ်တိုက် ကလေးသည် ခေတ်မီခြင်း မရှိသော်လည်း သပ်သပ်ရပ်ရပ်ပင် တည်ရှိနေသည်။ ဝင်းခြံတွင်းရှိ ပန်းပင်များသည်လည်း အစဉ်မပြတ် ဂရုစိုက်ပြီး ပြုစုပေးလေသောကြောင့် ဝေဝေဆာဆာပင် ဖူးပွင့်နေကြ၏။ ၎င်းနှစ်ထပ် တိုက်ကလေးကို ပိုင်ဆိုင်သူမှာ သတင်းစာဆရာတစ်ဦးဖြစ်သူ ကိုထွန်းဦး ပင်ဖြစ်လေသည်။ သို့သော် ကိုထွန်းဦးထက် ၎င်း၏ ဇနီးဖြစ်သူ အထက် တန်းကျောင်းဆရာမကြီး ဒေါ်တင်တင်ချို (ဘီအေ ဘီအီးဒီ)ကို ပို၍ လူသိများလေသောကြောင့် ဆရာမကြီး ဒေါ်တင်တင်ချိုတို့အိမ်ဟုပင် လူတွေက ခေါ်စမှတ်ပြုကြလေသည်။

           ဆရာမကြီး ဒေါ်တင်တင်ချိုသည် အသက် ၃၅ နှစ်ခန့်ရှိပြီး အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့် ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်မှာ အရပ်နှင့်စာလျှင် အနည်းငယ် ဝနေသော်လည်း ကြည့်ကောင်းလေ သည်။ ကျောင်းဆရာမ တစ်ဦးပီပီ အစစအရာရာ၌ စည်းကမ်းတကျ ပြုမူပြောဆို နေထိုင်သည်ကို နှစ်သက်၏။ ငယ်စဉ်က အင်္ဂလိပ်သာသနာ ပြု ကျောင်းတစ်ခုတွင် ကြီးပြင်းလာသူတစ်ဦးဖြစ်၍ မိမိတပည့်များကို သင်ကြားပို့ချရာ၌ ကျောင်းစာအပြင် လူမှုရေးရာ ပေါင်းသင်းဆက်ဆံ ရေး၊ ကျန်းမာရေး၊ အိမ်တွင်းလက်မှုပညာ စသည်တို့ကိုလည်း အချိန် အားလပ်တိုင်း သင်ကြားပြသခြင်း ပြုခဲ့လေသည်။ မိမိ၏ ရင်သွေးနှစ် ယောက်ဖြစ်သော မောင်စိန်ထွန်းနှင့် မောင်တင်ထွန်းတို့ကို ညနေ ကျောင်း ဆင်းချိန်နှင့် ကျောင်းအားရက်များတွင် အချိန်သတ်မှတ်ပေး၍ အိမ် နောက်ဖေးရှိ အနည်းငယ်မျှသော မြေကွက်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ ကို ရာသီလိုက် စိုက်ပျိုးလုပ်ကိုင်စေပြီး ပန်းပင်များကိုလည်း မိမိကိုယ်တိုင် ကြပ်မတ်ကွပ်ကဲ၍ စိုက်ပျိုးလုပ်ကိုင်စေခဲ့လေသည်။ ထို့ကြောင့်ပင် မာလီ ကုလား မရှိသော်လည်း ပန်းပင်များမှာ ဝေဝေဆာဆာ ဖူးပွင့်နေကြခြင်း ဖြစ်လေ၏။

         မောင်စိန်ထွန်းနှင့် မောင်တင်ထွန်းတို့ ညီအစ်ကိုနှစ်ယောက်မှာလည်း အခြား မိမိတို့နှင့် ရွယ်တူကျောင်းသားလေးများလို ကျောင်းအား ရက်များတွင် ရုပ်ရှင်ရုံ၊ ဈေးတန်းတို့သို့ လမ်းသလားနေချိန်မရဘဲ လုပ် စရာရှိတာလုပ်၊ ပြီးလျှင် စာဖတ်၊ တစ်ရံတစ်ခါ အချိန်ရလျှင် ရေဒီယို နားထောင်ပြီး စောစောစီးစီး အိပ်ရာသို့ ဝင်တတ်ကြလေသည်။ တစ်ခါ တစ်ရံ ဥယျာဉ်မှထွက်သော ဟင်းသီးဟင်းရွက်နှင့် ပန်းများကို ဖောက် သည်မိန်းမကြီးတစ်ဦးအား ရောင်းချတတ်လေရာ ထိုအခါများတွင် ရရှိ

သောငွေကို ဒေါ်တင်တင်ချိုသည် ညီအစ်ကိုနှစ်ယောက်အား အညီအမျှ ခွဲဝေပေးတတ်လေသည်။ ဈေးသည်မိန်းမကြီးကလည်း အထူးတလည် ချီးမွမ်းပြောဆိုပြီး မုန့်ဖိုးများ ထုတ်ပေးတတ်လေရာ “အလကားရတာတော့ မလိုချင်ဘူးဗျ” ဟု ပြန်ပြောပြီး ညီအစ်ကိုနှစ်ယောက်စလုံးက ငြင်းပယ်၍ လက်မခံကြချေ။ နေ့စဉ် ရရှိသော မုန့်ဖိုးများပင် သုံးမကုန်အောင် ရှိနေတတ်ရာ တစ်ခါတစ်ရံ တောကဧည့်သည်များ ရောက်လာ လျှင် ငွေအရေးကြီးလာတတ်သော ဖခင်အား အချို့တစ်ဝက် ပြန်ပေးကြ ပြီး ပိုသောငွေများကို ဝတ္ထုနှင့် မဂ္ဂဇင်းစာအုပ်များ ဝယ်ယူဖတ်ရှုတတ်ကြ လေသည်။ မိမိကိုယ်ကိုယ်သာ အားကိုးတတ်သောစိတ်ကို ညီအစ်ကို နှစ်ယောက်စလုံးသည် ငယ်စဉ်ကပင် နားလည်၍ လာကြလေ၏။

          ကိုထွန်းဦးကတော့ အသက် ၄၀ ခန့်ရှိပြီး သတင်းစာတိုက်တစ်ခု တွင် တွဲဖက်အယ်ဒီတာအလုပ်ကို လုပ်ကိုင်နေသည်။ အသားညိုညို၊ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် မျက်ခုံးကောင်းကောင်းရှိ၍ ခံ့ချောချော သူတစ်ယောက် ဖြစ်သည်။ မျက်မှန်တပ်ထားပြီး အလွန်စကားနည်း၍ ဣန္ဒြေကြီးတစ်ခွဲသားနှင့် နေထိုင်တတ်လေသည်။ သတင်းစာ အယ်ဒီ တာအလုပ်ကို လုပ်ကိုင်၍နေသော်လည်း ၎င်း၏ ဘဝမှန်မှာ တောတွင်း ပါတီတစ်ခု၏ လျှို့ဝှက်စည်းရုံးရေးမှူးသာ ဖြစ်လေသည်။

        ကိုထွန်းဦးနှင့် မတင်တင်ချိုတို့သည် ဒုတိယကမ္ဘာစစ်မတိုင်မီ နှစ်နှစ်အလိုခန့်တွင် ညားကြသော လင်မယားဖြစ်၏။ ထိုစဉ်က ၎င်းတို့ နှစ်ယောက်စလုံးပင် ကျောင်းကထွက်ခါစ ဖြစ်သည်။ ကိုထွန်းဦးသည် ကျောင်းသားဘဝတွင် အရေးပါသော ကျောင်းသားနိုင်ငံရေး ခေါင်း ဆောင်တစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ထင်ပေါ်မှုကို မလိုလား၍ နောက် ပိုင်းမှသာ လှုပ်ရှားမှုတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ကိုထွန်းဦးနှင့် မတင် တင်ချိုတို့ ညားကြပုံမှာ ထူးထူးဆန်းဆန်း မဟုတ်ပါချေ။ မတင်တင်ချို တို့ မိဘများမှာ အလတ်တန်းစား ပွဲစားများဖြစ်၍ ငွေကြေးအသင့်အတင့် ပြည့်စုံသူများ ဖြစ်သည်။ ကိုထွန်းဦးတို့ဖခင်သည် အငြိမ်းစား မြို့ပိုင် တစ်ဦးဖြစ်၍ နှစ်ဖက်သောမိဘများက သဘောတူပေးစား၍ ညားကြ

သော လင်မယားသာလျှင် ဖြစ်လေ၏။ ယောက္ခမဖြစ်သူများသည် ကို ထွန်းဦးအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်စေလိုသော ဆန္ဒရှိခဲ့သည်။ သို့သော် ကိုထွန်းဦးကတော့ ယောက္ခမများ၏ ဆန္ဒကို ဘယ်လိုမှ ဖြည့်စွက်ရန် မကြိုးစားခဲ့ပေ။ ကျောင်းမှထွက်သည်နှင့် တစ်ပြိုင်နက် နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ခဲ့လေသည်။ လင်မယားနှစ်ယောက်စလုံး တက္ကသိုလ်သို့ တစ်နှစ်တည်း အတူ ရောက်လာကြသူများ ဖြစ်သော်လည်း ကိုထွန်းဦးမှာ ကျောင်းသားလှုပ်ရှားမှုများတွင်သာ ဦးစား ပေးဆောင်ရွက်နေခဲ့သောကြောင့် တင်တင်ချို ဘီအေ၊ ဘီအီးဒီ အောင် သောနှစ်မှ ဘီအေကို အနိုင်နိုင် ဖြေဆိုအောင်မြင်နိုင်ခဲ့လေသည်။

           ထိုစဉ်ကမူ တစ်တိုင်းပြည်လုံးက နယ်ချဲ့ဆန့်ကျင်ရေးကို ကြွေး ကြော်လုပ်ကိုင်နေချိန်ဖြစ်၍ တင်တင်ချိုလည်း လင်ယောက်ျား လုပ်ကိုင် နေသော နိုင်ငံရေးတွင် စိတ်မဝင်စားလှသော်လည်း ကန့်ကွက်ပြောဆို ခြင်း မရှိဘဲ မိမိတတ်နိုင်သည့်ဘက်ကပင် ကူညီအားပေးခဲ့လေသည်။

ကျောင်းဆရာမလုပ်၍ ရရှိသော လစာငွေကိုလည်း လင်ယောက်ျား၏ နိုင်ငံရေး အသုံးစရိတ်တွင်သာ ပုံအပ်ခဲ့ရှာသည်မှာ နောက်ဆုံး လင်တော်မောင် ဖက်ဆစ်တော်လှန်ရေးအတွက် ဗမာ့တပ်မတော် ဘီဒီအေသို့ ဝင်ရောက်သွားချိန်အထိပင် ဖြစ်လေသည်။

စစ်ကြီးပြီးဆုံးသောအခါ ကိုထွန်းဦးသည် ဗမာ့တပ်မတော်မှ နုတ် ထွက်ပြီး မန္တလေးမြို့တွင် အခြေစိုက်၍နေသည်။ စစ်ကြီးအတွင်း မိဘ များကွယ်လွန်၍ တစ်ဦးတည်းသောသား ဖြစ်သည့်အတိုင်း တိုက်အိမ် ကလေးတစ်ခုနှင့် ဖခင်ဖြစ်သူ၏ အသက်အာမခံငွေ အနည်းငယ်မျှကို ရရှိလိုက်သည်။ တင်တင်ချိုလည်း မန္တလေးတွင်ပင် ကျောင်းဆရာမ အလုပ်ကို ရရှိပြီး အတူတကွ နေထိုင်ကြလေ၏။ တင်တင်ချို၏ မိဘ များလည်း ကွယ်လွန်သွားရာ တင်တင်ချိုသည် မိဘများ၏ ပွဲစားလုပ် ငန်းကို လင်ယောက်ျားအား ဦးစီးလုပ်ကိုင်စေလိုသည်။ ပွဲစားကြီး ကွယ် လွန်ခဲ့သော်လည်း ယုံကြည်စိတ်ချရသော မန်နေဂျာနှင့် ကျွမ်းကျင်သော အလုပ်သမားများ ရှိနေသေးသည့်အပြင် အသိမိတ်ဆွေ ကုန်သည်အချို့ ကလည်း အရင်းအနှီးလိုအပ်ပါက ထုတ်ပေးရန် အသင့်ရှိနေကြလေသည်။

          သို့သော် ကိုထွန်းဦးသည် တော်လှန်ရေးကာလအတွင်း ကွန်မြူ နစ်များနှင့် ပူးပေါင်းမိကာ ကျောင်းသားဘဝကလည်း မာ့ခ်(စ်)ဝါဒကို အတော်အတန် လေ့လာထားမိသူဖြစ်၍ ကွန်မြူနစ်ဝါဒီစင်စစ်တစ်ယောက် ဖြစ်သွားခဲ့လေသည်။ ထို့ကြောင့် ဖက်ဆစ်တော်လှန်ရေးပြီးဆုံး၍ တပ် မတော်မှ နုတ်ထွက်သွားသောအခါ ကွန်မြူနစ်တို့၏ လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေခဲ့ပြန်လေသည်။ သို့သော် ထင်ပေါ်မှုကို မလိုလားသော ၎င်း၏ ဝါသနာအတိုင်း နောက်ပိုင်းမှသာ ပါဝင်ဆောင်ရွက်နေခဲ့ရာ မည်သူမှ ၎င်းအား ကွန်မြူနစ်တစ်ယောက်ဖြစ်ကြောင်း မသိကြချေ။ နိုင်ငံရေးလုပ်သည်ကိုပင် သိသူ အလွန်နည်းပါးလေသည်။ ထိုကြောင့် လည်း ကွန်မြူနစ်ပါတီတစ်ခုလုံး လက်နက်ကိုင်ပြီး တောခိုသွားသော

အခါ လိုက်ပါသွားခြင်းမပြုဘဲ မြေပေါ်မှနေ၍သာ စည်းရုံးရေးတာဝန်ကို ထမ်းဆောင်၍ လိုအပ်သော အကူအညီများကို လျှို့ဝှက်စွာ ပေးနေနိုင် ခြင်းဖြစ်လေသည်။ လက်ရှိ အယ်ဒီတာအလုပ်သည်လည်း တစ်ဖက် တစ်လမ်းမှနေ၍ အထောက်အပံ့ ရစေခဲ့လေ၏။ သို့သော် အချိန်မရွေး လိုအပ်လာပါက တောတွင်းသို့ လိုက်ပါသွားရန်အတွက်လည်း အဆင် သင့်ပင် ဖြစ်နေလေသည်။ ၎င်းကိစ္စကိုမူ မိမိ၏ဇနီးသည်ကိုပင် အသိ မပေးဘဲ လျှို့ဝှက်ထားလေသည်။

ဒေါ်တင်တင်ချိုသည် လင်ယောက်ျားအား စီးပွားရေးလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ရန် တိုက်တွန်းမရသည့်အပြင် အန္တရာယ်မကင်းသောတောတွင်းတော်လှန်ရေးသမားနှင့် ဆက်သွယ်နေပြန်သည့်အတွက် မိန်းမတို့သဘာဝအတိုင်း များစွာ ပူပန်နေမိလေ၏။ ထို့ကြောင့်ပင် ဒေါ် တင်တင်ချိုသည် မကြာခဏဆိုသလို အထက်တွင် ဖော်ပြသည့်အတိုင်း လင်ယောက်ျား စိတ်ပြောင်းသွားစေရန် နည်းအမျိုးမျိုးဖြင့် ဖျောင်းဖျပြော ဆိုနေခြင်း ဖြစ်လေသည်။ ၎င်းတို့ လင်မယားနှစ်ယောက်သည် အခြား လင်မယားများလို ခင်တို့၊ မောင်တို့ကို မသုံးစွဲမူဘဲ ကျောင်းသားဘဝ လိုပင် ကိုထွန်းဦး၊ တင်တင်ချိုဟူ၍ တစ်ဦးကိုတစ်ဦး ခေါ်တတ်ကြသည်။

          “ပူရမှာပေါ့၊ မပူဘဲ နေလို့ရမလား။ ရှင်လုပ်ပုံက ဟုတ်မှမဟုတ်ဘဲ၊ နိုင်ငံရေးမလုပ်ဘဲ မနေနိုင်ရင်လည်း စီးပွားရေးတစ်ခု လက်ကိုင်ထားပြီး တစ်ဖက်က လုပ်နေပါလား။ အခုတော့ ကျွန်မပြောပဲ မပြောချင်တော့ ဘူး။ ပြောနေလည်း အပိုပဲ” ။

           “ဒီလိုလည်း ဘယ်ဟုတ်ဦးမလဲလေ၊ အလုပ်နှစ်ခုကို တစ်ပြိုင် တည်းလုပ်လို့ ဘယ်တော့မှ နှစ်ခုစလုံး ထိထိရောက်ရောက် အောင်မြင် မလာနိုင်ဘူး။ ဘာလဲ၊ နင်က စီးပွားရေးချည်း ပြောပြောနေတာက နှင့် လုပ်စာချည်း ထိုင်စားနေရလို့လား”