Skip to product information
1 of 16

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ရာပြည့်အမှတ်တရလွမ်းတသသ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
ကျွန်ုပ်၏ တပည့်များ
သော်တာဆွေ

                                                                                                                   ရွှေဥဒေါင်း

 

          ၁၉၄၆ ခုနှစ်တွင် ဝက်လက်မှ မန္တလေးသို့ ပြောင်းလာခဲ့၍ ဓားတန်းရပ် တူ ဝင်းမောင်၏ အိမ်၌ မှီခိုနေထိုင်လျက်ရှိစဉ် တစ်နေ့သော နံနက်၌ လူငယ်တစ်ယောက် ရောက်လာ၏။ ကျွန်ုပ်သည် သူ့ကို တစ် ကြိမ်မျှ မတွေ့ဖူးသည့်ပြင် သူ၏ ကိစ္စကိုလည်း မခန့်မှန်းတတ်သည်နှင့် အမ်းတန်းတန်းဖြစ်ကာနေရာထိုင်ခင်းပေးလေရာ သူကလည်း ရဲတင်းသော အမူအရာမရှိဘဲ ခပ်တွန့်တွန့်နှင့်ပင် ဝင်၍ထိုင်၏။ ကျွန်ုပ်က ကိစ္စကို မေးသောအခါ သူက ဝတ္ထုတစ်ပုဒ် ရေးထားကြောင်း၊ ၎င်းကို ကျွန်ုပ် ကြည့်ရှု ပြင်ဆင်ပေးစေလိုကြောင်း ပြောလေသည်။

          ကျွန်ုပ်သည် ဤကိစ္စမျိုးနှင့် လာသော ရှင်လူရဟန်းများကို မကြာ ခဏ တွေ့ရဖူး၍ ၎င်းတို့၏ စာမူများကို ဖတ်ကြည့်သောအခါများတွင် ပုံနှိပ်လောက်အောင် ကောင်းလှသည် မဟုတ်ခြင်းကို ကြုံရဖန် များခဲ့လှပြီ ဖြစ်သောကြောင့် အင်တင်တင် ဖြစ်သွားမိသည်။ (နောက်ပိုင်း၌ သော်တာဆွေက ဤအကြောင်းကို စကားစပ်မိ၍ ပြောရာတွင် “ဦးကြီးကို ပထမ အကြိမ် ကျွန်တော် တွေ့လိုက်ရတုန်းက သိပ်ပြီး အထင်မကြီးဘူးဗျ။ နောက်တော့မှ တဖြည်းဖြည်း ကြာလေ ကြာလေ သဘောကျလာတယ်” ဟု ပြောဖူးလေသည်။)

          အလုပ်အကိုင်၊ နေရပ်၊ အသက်အရွယ် စသည်တို့ကို မေးမြန်းကာ စကား အနည်းငယ်ပြောကြပြီးနောက် ကျွန်ုပ်က သူ၏ စာမူကို ယူခိုင်း လိုက်၏။ နောက်တစ်ခေါက် လာသောအခါ ဖိုးကျင်မောင်သည် စာမူ ကလေးနှင့်အတူ ဆန်တစ်အိတ်လည်း ယူလာ၏။ အချိန်အတန်ကုန်သော အလုပ်တစ်ခုကို လုပ်ပေးရလျှင် လုပ်ခ ရချင်တတ်သော ကျွန်ုပ်၏ ဝါသနာကို ဝန်ခံ၍ ဆန်အိတ်ကို မြင်ရခြင်းကြောင့် ရုတ်တရက် ဝမ်းသာ သလို ဖြစ်မိသော်လည်း ဤဆန်အိတ်အတွက်ကြောင့် ညံ့ဖျင်းသော စာမူတစ်ခုကို ကောင်းသည်ဟု မပြောမိဖို့ လိုအပ်ခြင်းကိုလည်း သတိ ရသည်နှင့် ဆန်အိတ်ကို ရိုးသားစွာ ငြင်းပယ်မိပါသေးသည်။ သို့ရာတွင် ဖိုးကျင်မောင်က “ဦးကြီး စားရအောင် စေတနာနှင့် ပေးခြင်း ဖြစ်ပါသည်” ဟု အတင်းပေးသည်နှင့် လက်ခံလိုက်ရ၏။ ကျွန်ုပ်သည် သူ၏ စာမူကို ချက်ချင်း ဖတ်ကြည့်ဖို့ အချိန်မရသေးသော်လည်း ဖိုးကျင်မောင်က ခဏ ခဏ လာ၍ စကားပြောသည်နှင့် စာမူအကြောင်း မသိရသေးစေကာမူ လူကိုမူကား တိုး၍ တိုး၍ သဘောကျလာလေပြီ။ ကျွန်ုပ်က တစ်ခု သတိပြုမိသည်ကား ဖိုးကျင်မောင်သည် အထင်ကြီးခံချင်၍ ဝင့်ကြွားကာ ဟိတ်ဟန် ထုတ်တတ်သော လူငယ် တစ်ယောက် မဟုတ်၊ ရိုးရိုးကလေး တင်ပြတတ်သူ တစ်ယောက်ဖြစ်သည်ဟု ကျွန်ုပ် အကဲခတ်မိသည်။ ဤတစ်ချက်သည် သူနှင့် ကျွန်ုပ် ရှေ့အဖို့တွင် ကြာရှည်လေးမြင့် ဆက် ဆံ၍ ဖြစ်နိုင်မည့် လူငယ်တစ်ယောက်ဖြစ်ကြောင်း ညွှန်ပြ၏။ ကျွန်ုပ်၏ ဝါသနာတစ်ခုမှာ လူကြွားများကို အမိဖမ်း၍ ဖော်ထုတ်ချင်တတ်ပေရာ(ကောင်းလှသော ဝါသနာတော့ မဟုတ်ပါ။) ဖမ်း၍ မိသည်ဆိုလျှင် သူတို့သည် ကျွန်ုပ်အား သောက်မြင်ကတ်သွားသည်က များလေသည်။

 

အပြန်အလှန် နားလည်ခွင့်ရခြင်း 

 

          ဖိုးကျင်မောင်နှင့် ကျွန်ုပ်သည် တူသော ဝါသနာကလေးအချို့ရှိ၍ (သုရာကို ရည်ရွယ်ခြင်း မဟုတ်) တစ်ကြိမ်ထက် တစ်ကြိမ် ခင်မင်ရင်းနှီး ခြင်း ရှိလာကြရာ တစ်နေ့သ၌ ဝင်းမောင်တို့နှင့်အတူ စစ်ကိုင်းတောင်ရိုး သို့ ကျွန်ုပ်တို့ နှစ်ယောက် လိုက်သွားကြသည်။ ကျွန်ုပ်သည် ဖိုးကျင် မောင်၏ စာမူကိုလည်း ယူခဲ့၏။ ပထမ၌ ကျွန်ုပ်သည် သူ့စာမူကို ဖတ်လျှင်ဖတ်ချင်း စုံထောက်ဝတ္ထုဖြစ်ခြင်းကို ရိပ်မိ၍ အတော် စိုးရိမ်မိ ၏။ စိုးရိမ်ခြင်းကား ကျွန်ုပ်၏ မောင်စံရှားဝတ္ထုများမှာ ကမ္ဘာကျော် ရှားလော့ဟုမ်းကို မှီး၍ ရေးခြင်းဖြစ်ရာ သူက ၎င်းကို အားကျပြီး စုံထောက်ဝတ္ထု ရေးမည်ဆိုလျှင် ဖတ်ပျော်သော ဝတ္ထုတစ်ခု ဖြစ်လာနိုင်ဖို့ ခဲယဉ်းသည်ဟု ကျွန်ုပ် ယူထားသောကြောင့် ဖြစ်၏။ သို့သော် ဆက် လက်၍ ဖတ်ကြည့်ရာတွင် ဖတ်ပျော်သော စုံထောက်ဝတ္ထုတစ်ခု ဖြစ် နေခြင်းကို တွေ့ရ၍ ဝမ်းသာမိသည်။ ဤအကြောင်းကို ဖိုးကျင်မောင် အား ပြောပြ၍ သူလည်း ဝမ်းသာသည်။ ဤညဉ့်၌ ဖိုးကျင်မောင်နှင့် ကျွန်ုပ်သည် တွေ့ ကရာရှစ်သောင်း စကားများကို ပြောပြကြရာ တစ်ည တည်းနှင့် အတော်ကြီး ရင်းနှီးပြီး တစ်ယောက်ကို တစ်ယောက် နားလည်

သောအဖြစ်သို့ ရောက်သွားကြ၏။ တစ်ညလောက် အတူအိပ်၍ ပြောချင် ရာတွေ ပြောကြခြင်းကဲ့သို့ လူတစ်ယောက်နှင့် တစ်ယောက် နားလည်မှု ရစေနိုင်သော အခြင်းအရာ တစ်ခုကို ကျွန်ုပ် မကြုံဖူးပါ။ နားလည်စေနိုင် သည်ဟု ဆိုပါသည်။ သဘောကျစေနိုင်သည်ဟု မဆိုလိုပါ။ အချို့မှာ တစ်ယောက်ကို တစ်ယောက် ဓာတ်သိရုံသာ သိပြီး သဘောမကျသောအဖြစ်သို့ ရောက်သွားခြင်းများလည်း ကြုံရဖူးပါသည်။ ဖိုးကျင်မောင် သည် ကျွန်ုပ်အား ထိုညမှစ၍ ဆရာသမားအနေဖြင့် အသိအမှတ်ပြုသွား ဟန် တူပေရာ သူသည် ကျွန်ုပ်အား ဘာကို ဆရာတင်သည် မဆိုနိုင်။ (ဝတ္ထုရေးရာ၌လည်း တစ်ဂိုဏ်းစီ ဖြစ်သည်။ သို့သော် ကျွန်ုပ်၏ စာအရေးအသားနှင့် ပတ်သက်၍ သဘောကျသော အချက်များ ရှိသည် ဟူ၍ကား ပြောဖူးပါသည်။ ကျွန်ုပ်သည် ဘာသာပြန်သမားတစ်ယောက် အနေဖြင့် ထင်ရှားသူ တစ်ယောက် ဖြစ်သည် မှန်သော်လည်း ကျွန်ုပ်၏ တပည့် နှစ်ယောက်ဟု ဝန်ခံကြသော ဖိုးကျင်မောင်နှင့် ဖိုးကြီးမောင်တို့က ကျွန်ုပ်၏ ဘာသာပြန်တပည့်များ ဖြစ်လိုကြသည့် ရည်ရွယ်ချက်များ ရှိကြပါမူ ခပ်စောစောက လက်လျှော့ကြဖို့ ကျွန်ုပ် အကြံပေးလိုက်ပါ သည်။ ကျွန်ုပ်သည် ဖိုးကျင်မောင်၏ စုံထောက်ဝတ္ထုတွင် နိဒါန်း ရေးပေး ၍ ရှုမဝက ရိုက်နှိပ်ထုတ်ဝေရာတွင် အောင်မြင်သည်ဟု ကြားရ၍ ဝမ်းသာလှသည်။

 

ခုတစ်မျိုး ခုတစ်မျိုး 

 

          တစ်နေ့သ၌ ဖိုးကျင်မောင်သည် ကျွန်ုပ်၏အိမ်သို့လာ၍ အထက် မြစ်ညာ၌ ဆန်ရောင်းရန် သူ၏အရပ် (ပေါင်းတည်) မှ ဆန်အိတ် အမြောက်အမြား ယူလာခဲ့ကြောင်း၊ မော်တော်ဘုတ်တစ်စင်း ငှား၍ ကသာသို့ ဆန်တက်မည် ဖြစ်ကြောင်း ပြော၏။ ဤမျှလောက် ငွေ အရင်းအနှီး ကောင်းသူတစ်ယောက်က စာရေးဆရာဖြစ်ဖို့ ရည်ရွယ်ချက် ရှိရလေသလောဟု ကျွန်ုပ်ပင် အံ့သြမိပါသေးသည်။ မည်သို့ပင်ဖြစ်စေ သူ ထွက်မည့်နေ့၌ ကျွန်ုပ်သည် မြစ်ဆိပ်သို့ဆင်း၍ သူ့ကို နှုတ်ဆက်ရင်း သူဌေးသားကလေးပေလောဟု မုဒိတာ ဖြစ်မိပါသေးသည်။ ထို့နောက် ကျွန်ုပ်သည် ဖိုးကျင်မောင် မပေါ်လာသည်နှင့် သူ့ တည်းအိမ်သို့သွား၍စုံစမ်းရာ ရှစ်လတိုင်တိုင် ဘာသတင်းမှ မကြားရသည်တွင် စစ်ပြီးခါစ ဖြစ်၍ ခပ်ရှုပ်ရှုပ် ရှိနေသေးသည့် အညာတစ်ခိုအကြောင်းကို သိရသည် နှင့် သူဌေးသားတစ်ယောက် တစ်စခန်း သိမ်းသွားချေပြီလောဟု စိုးရိမ် ပူပန်မိပါသည်။ ထိုအတောအတွင်း ကျွန်ုပ်သည် ဓားတန်းရပ်မှ ဂုံတန် ရပ်သို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ တစ်နေ့သ၌ ဖိုးကျင်မောင် ပေါ် လာ၍ သူ၏ ဆန်ကုန်သည် ဇာတ်ရှုပ်ကြီးအကြောင်းကို အလုံးစုံ ရှင်း လင်း ပြောပြသည်တွင်မှ သူ၏ သူဌေးသားအဖြစ်မှာ ကျွန်ုပ်၏ စိတ်ကူး ယဉ်သက်သက် ဖြစ်ကြောင်း သိရပါသည်။ တစ်ညနေ၌ ကျွန်ုပ်သည် ထမင်းစားတော့မည်ပြုဆဲတွင် ဖိုးကျင်မောင်အား ရုံတော်ကြီးသို့ ဘိုင် စကယ်ဖြင့် အစိမ်းကြော်အဝယ်ခိုင်းရာ နှစ်နာရီကျော်မှ ပြန်လာ၍ ကသာ သို့ ဆန်ရောင်းသွားစဉ်က မိန်းမတစ်ယောက်နှင့် ဇာတ်ရှုပ်ခဲ့ပုံအကြောင်း နှင့် ထိုမိန်းမနှင့် ယခုတွေ့ရပုံများကို ပြောပြလေသည်။ ကျွန်ုပ်တို့ကား တမျှော်မျှော်နှင့် စောင့်နေကြပြီးမှ ဆာလွန်းလှသည်နှင့် ညစာစားလိုက် ကြပြီဖြစ်ရာ သူဝယ်ခဲ့သော အစိမ်းကြော်ကို ညလယ်စာအဖြစ်နှင့် စားကြ ရပါတော့သည်။ ဖိုးကျင်မောင်သည် ၎င်းမိန်းမအကြောင်းကို ကျွန်ုပ်အား အမျိုးမျိုးပြောပြ၍ မဂ္ဂဇင်းများ၌လည်း အမျိုးမျိုးရေးခြင်းများကို ဖတ်ရ သည်တွင် ကျွန်ုပ်က “မင့်ဟာ ဘယ့်နှာလဲကွ၊ ခုတစ်မျိုး ခုတစ်မျိုး ပြောလိုက် ရေးလိုက် ဖြစ်နေပါပြီကော၊ ဘယ်ဒင်းက အမှန်လဲကွ” ဟု မေးရာ သူက “အခု နောက်ဆုံးပြောတာ အမှန်ပါပဲ ဦးကြီး” ဟု ပြော၏။ နောက် တစ်ဖန်တစ်မျိုး ပြောင်း၍ ပြောပြန်သည်တွင် ကျွန်ုပ်က “ဟေ့ ဖိုးကျင်မောင် တစ်မျိုးလုပ်လာပြန်ပြီ၊ ဘယ်ဒင်းကို အတည်ယူရမှာလဲကွ” ဟု မေး၍ “ခုဟာမှ အမှန်ပါ ဦးကြီး” ဟု ပြောပြန်၏။ နောက်ဆုံး၌ ကျွန်ုပ်က “ဒီကိစ္စမှာတော့ မင်းက ဘာပြောပြော ဘယ်ဒင်းမှ မယုံတော့ ဘူးကွာ” ဟု ပြောလိုက်ရသည်။ ဖိုးကျင်မောင် တော်သောအချက်မှာဤမိန်းကလေးအကြောင်းကို ရေးရာ၌ တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ကြည့် မိသောကြောင့်သာ အမှားဖမ်း၍ ရသည်။ တစ်ခုတည်း ဖတ်ကြည့်ပါမူ မည်သည့် အတ္ထုပ္ပတ္တိကို ဖတ်ကြည့်သည် ဖြစ်စေ၊ အဟုတ်တကယ် ထင်ရလောက်အောင် ယုတ္တိယုတ္တာ ဆင်၍ ရေးထားသည်ချည်း တွေ့ရ လေသည်။ ကျွန်ုပ် မကျေနပ်သောအချက်မှာ ဤသို့ ဖြစ်၏။ အတ္ထုပ္ပတ္တိ တစ်ခု၌ မီးရထားပေါ်တွင် ဖိုးကျင်မောင်အား လူဆိုး ကြမ်းပိုးများက ဝိုင်း၍ ရိုက်ကြသောအခါ မိန်းကလေးသည် ဖိုးကျင်မောင်အား ကိုယ်လုံး နှင့် ဖုံးအုပ်၍ အကာအကွယ်ပေးသည်ဟု ပြောသောကြောင့် ကျွန်ုပ်သည် မိန်းကလေးကို မြင်တွေ့ရသောအခါ၌ ဟီးရိုးဝင်းတစ်ယောက်သဖွယ် အထင်ကြီးခဲ့မိဖူးသည်။ နောက်တစ်ဖန် ဤအကြောင်းကို ပြောပြန်ရာတွင် ဟီးရိုးဝင်း အပြုအမူသည် နောက်ဇာတ်လမ်းနှင့် မကိုက်ညီ မဆီလျော် တော့သည်ဖြစ်၍ ကိုယ်လုံးဖြင့် ဖုံးဖိထားသည်ဆိုခြင်းမှာ မဟုတ်ပါဟု ပြောပြန်လေသည်။ စာဖတ်သမားတစ်ယောက်အနေဖြင့် အထင်ကြီး အောင် လုပ်ထားပြီးမှ ဖျက်ပစ်ခြင်းကို မကြိုက်နိုင်သည်နှင့် “ငါ့လခွေးတဲ့၊ တော်ပါတော့ကွာ၊ မင်းဥစ္စာတွေ ငါ ဘယ်ဒင်းမှ မယုံတော့ပါဘူး” ဟု ပြောလိုက်ရလေသည်။

                                                                   ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များမှ