Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ရန်အောင်ရတနာနှင့်ပျားစွဲသောမုတ်ဆိတ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အလွန်တရာ စိတ်ဆိုးခက်ထန်နေသောသူ

 

           “ဒါ့.. ကိုစောလွင်... ထတော့ဗျ၊ အိပ်လှချည်ကလား”

            အပြင်ဘက်ဧည့်ခန်းမှ ကိုတောက်ထွန်း၏ နှိုးသံကို ကြားရသဖြင့်၊ ကျွန်တော်သည် စောင်ခြုံ ကိုခွာ၍ အညောင်းဆန့်ရင်း.......။

           “ထပါပြီဗျ... ဘာကိစ္စများရှိလို့ပါလိမ့်၊ စောစောစီးစီး ...” 

           “အောင်မယ်... ဒါများစောသေးလားဗျာ... ၇ နာရီတောင်ခွဲနေပြီ”

           “ကျွန်တော့အဖို့တော့ စောပြီလားဗျာ၊ ရှစ်နာရီခွဲအောင် အိပ်မယ်ကြံ ထားတာ၊ ညက နာရီပြန်တစ်ချက်ထိအောင် စာရေးရတာဗျ၊ အနို့ ... ခင်ဗျား ဘာကြောင့် လမ်းလျှောက်မသွားသေးတာလဲ”

            ကိုတောက်ထွန်းသည် ခါတိုင်းနေ့များ၌ ကျွန်တော်အိပ်ရာက မထမီ စောစီးစွာ လမ်းလျှောက်သွားတတ်၍ တစ်ခါတစ်ရံ နံနက် ထမင်းစားချိန်လွန်မှပင် ပြန်လာလေ့ရှိ၏။

           “လာပါဗျာ... ထပါတော့၊ ကိစ္စရှိလို့ပါ၊ ဒီလောက်အိပ်ရမှ အိပ်ရေး ဝလောက်ရောပေါ့”

           “ခင်ဗျား တယ်ဇိမ်ဖျက်တဲ့လူဗျာ၊ ဒီမှာ အိပ်မက်ကောင်းမက်နေတုန်းမှ အရေးကောင်း ဒိန်းဒေါင်းဖျက်တာပဲ၊ အိပ်မက်မှ နုံနုံချာချာမဟုတ်ဘူး၊ အဓိပတိ အိပ်မက်ဗျ”

            “အမယ်... ဘယ်လိုများမက်တာတုံး...” 

           “ဟာ... မပြောပါနဲ့တော့ဗျာ၊ ဟောလီဝုစ် ရုပ်ရှင်ဇာတ်လိုက် မင်းသမီးဒေါ်ရော်သီလားမိုးနဲ့ ကျွန်တော်နဲ့ပေါ့ဗျာ၊ တောကြီး တောင်ကြီးတစ်ခုထဲမှာ ဇိမ်နဲ့ ပျော်ကောင်းနေကြတုန်း ဗြုန်းဆို ခင်ဗျားက ခေါ်လိုက်တာနဲ့ လန့်နိုးရတာ၊ သိပ်နှောင့်ယှက်တဲ့လူဗျာ၊ ခင်ဗျား အလျော်ပေးရမယ်...၊ အခုလို အနောက်နိုင်ငံမှာ စစ်ကြီးဖြစ်နေတုန်း ဒီလို နိုင်ငံခြားနဲ့ ဆက်သွယ်ပြီး အိပ်မက်,မက်ဖို့ အင်မတန် ခဲယဉ်းတာဗျ၊ ကျွန်တော်မှ ကံကောင်းလွန်းလို့...”

          ဟုဆိုရင်း ဧည့်ခန်းသို့ထွက်လာခဲ့ရာ စားပွဲဝိုင်းကလေးတွင် ကိုတောက် ထွန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော အသက်အစိတ်ခန့် လူတုပ်တုပ်ဖြူဖြူ၏ မျက်နှာကို မြင်လျှင်မြင်ချင်း ကျွန်တော် နောက်ပြောင်ပြောလာခဲ့သော စကားစမှာ မီးကို ရေနှင့်ဖျန်းလိုက်သကဲ့သို့ ရုတ်တရက် ပြတ်သွားရလေ၏။

          အကြောင်းမူကား ထိုသူမှာ အလွန်တရာ စိတ်ဆိုးခက်ထန်နေ၍ သူ၏ အမျက်ဒေါသတို့ကို ရုတ်တရက် ပေါက်မကွဲထွက်ရန် အတင်းအကြပ် ချုပ်တည်း နေရဟန်တူပေ၏။ မျက်နှာ တစ်ခုလုံး သွေးရောင်လျှမ်းနေလျက် နဖူးပြင်တွင် အတွန့်အလိပ်များ ဖြစ်ပေါ်နေအောင် ဆွဲငင် ရွံ့တွထားသော မျက်ခုံးနှစ်ခု၏အောက်၌ နီရဲနေသောမျက်လုံးအိမ်တို့မှာ တစ်ခုခုကို နက်နက်နဲနဲ တွေးတော နေသော ဟန်ဖြင့် စားပွဲအောက်သို့ စူးစူးစိုက်စိုက်ကြီး ငုံ့ကြည့်နေ၏။ အံသွား များကို တင်းကြပ်စွာ ခဲထားသဖြင့် မေးရိုးနှစ်ဖက်မှာ နံဘေးသို့ အသားလုံး ကလေးများ ဖုရောင် ကားထွက်နေလျက်၊ ပါးလွှာ ချွန်ထွက်နေသော နှုတ်ခမ်း တို့သည် တစ်ခုနှင့်တစ်ခု ထိလိုက်ခွာလိုက် တဆတ်ဆတ်ဖြစ်နေ၏။ စင်စစ် ထိုသူ၏မျက်နှာကို မြင်ရသော သူသည် စနက်တံ မီးတောက်လောင်နေသော ပေါက်ကွဲလုနီး ယမ်းအိုးကြီးကို သွား၍ သတိရမည်ဖြစ်ချေ၏။

            ကျွန်တော်သည် ထိုသူ၏မျက်နှာကို စိုက်ကြည့်ရှုရင်း သူတို့ဆီသို့ လျှောက်သွားခဲ့ရာ စားပွဲကလေး၏နံဘေး၌ မတ်တတ်ရပ်မိလျှင်ပင် ကိုတောက် ထွန်းက ကျွန်တော်၏ မျက်နှာကို မော့ကြည့်ပြီး...

            “ခုမနက်ပိုင်း ကျုပ်နဲ့အတူ ဟောဒီ ကိုဘခိုင်တို့အိမ်ကို လိုက်ခဲ့စေချင် တယ်၊ ခင်ဗျားလည်း လိုက်ချင်နေမှာပါပဲ”

          ကျွန်တော်မှာ ကိုဘခိုင်ဆိုသူ၏ မျက်နှာကို မြင်ကတည်းကပင် ဤမျှ စိတ်ဆိုး ခက်ထန်နေရအောင် ဘယ်လိုကိစ္စများ ဖြစ်ပေါ်နေလို့ပါလိမ့်ဟု တွေးတော သိချင်နေသည်ကို ကိုတောက်ထွန်းသည် ကျွန်တော်၏မျက်နှာတွင် ခေတ္တမျှ ကြည့်ရှုလိုက်ခြင်းအားဖြင့် သိရှိနေပြီဖြစ်၍ ကျွန်တော်လည်း ဟန်ဆောင်ခြင်း

မပြုတော့ဘဲ “ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ်”ဟု ပြန်ပြောမိရာ ကျွန်တော်၏စကား မဆုံးမီပင် ကိုဘခိုင်ဆိုသူမှာ သည်းမခံနိုင်သော အသံနက်ကြီးဖြင့်

           “တယ်... အချိန်ဖြုန်းတဲ့လူဗျာ... ကိုတောက်ထွန်းနှယ် သွားကြပါစို့” 

           ကိုတောက်ထွန်းက နဂိုအသံဖြင့်

           “ကိုဘခိုင်ရဲ့ ဒီကိစ္စမျိုးက ဖြစ်ပြီးနေမှဟာ အလျင်စလို လုပ်ပေမယ့် လုပ်တိုင်း ခရီးရောက်တာမျိုး မဟုတ်ဘူးဗျ၊ အေးအေးဆေးဆေး တွေးတွေး တောတောနဲ့ အကျိုးအကြောင်းဆက်သွယ်ပြီး စုံစမ်းရတာမျိုးဗျ၊ ကဲ...ကိုစောလွင် ကလဲ မြန်မြန်ပြင်ဆင်ခဲ့ဗျာ”

           ဟု ကျွန်တော့်ကိုပြောပြီး တစ်ဖန် ကိုဘခိုင်ဘက်သို့ လှည့်၍

           “ကိုဘခိုင်ရဲ့ ..... စိတ်ကို ကောင်းကောင်းချုပ်တည်းစမ်းပါ၊ လူဆိုတာ တရားနဲ့ဖြေရတယ်ဗျ”

           ကိုဘခိုင်မှာ လေယူလေသိမ်းမမှန် ဒေါသခက်ထန်သောအသံကြီးဖြင့်..

          “ကိုတောက်ထွန်းရာ... စိတ်ကိုချုပ်ပြီလားဗျ၊ မချုပ်ရင် ဒီလိုများနေမယ် မှတ်သလား၊ ဓားတစ်ဖက် သေနတ်တစ်ဖက် ကိုင်ပြီးတော့ မြင်ရာလူတွေ လိုက်သတ်နေမယ်ဗျ၊ ခင်ဗျား သိရဲ့လား၊ ကိုတောက်ထွန်းနှယ် ခင်ဗျား ကျွန်တော် စိတ်ကို အသိသားနဲ့၊ အခု ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်း ပူပင်နေတယ်များ မှတ်သလား၊ ဟား ... နည်းနည်းမှမရှိဘူးဗျ၊ ကျွန်တော့်ဖေဖေကို ဒီလိုရက်ရက် စက်စက် သတ်သွားတဲ့လူကို ဒီထက်ဆယ်ဆလောက် ရက်ရက်စက်စက် ပြန်သတ် ချင်တာပါပဲ၊ တောက်... ပေါင်းတည်နယ်သားများဗျာ၊ ဒီအရပ်မျိုး လူသတ်ခံရ တယ်လို့၊ ရာဇဝင်ရိုင်းလိုက်လေဗျာ...၊ ခင်ဗျားတာဝန်ကတော့ ဒီသတ်သွားတဲ့ လူကို ကျွန်တော်တစ်ယောက်တည်းသိအောင် စုံထောက်ပေးဖို့ပါပဲ၊ ဒီပြင် ဘာမှ မလိုချင်ဘူး၊ အစိုးရလဲ မသိစေချင်ဘူး...”

         ဟု အံကိုကြိတ်၊ လက်သီးကို တင်းကျပ်စွာဆုပ်၍ ပြောနေသည်ကို နားထောင်ရင်း ကျွန်တော်သည် နောက်ဖေးဆောင်သို့ ဝင်ခဲ့လေ၏။

         ကိုဘခိုင်ကို ကျွန်တော်သည် ရှေးယခင်က မြင်ဖူးသလိုလိုသာ ရှိ၍ အကျွမ်းတဝင် ခေါ်ခေါ်ပြောပြော မလုပ်ခဲ့ဘူးချေ။ ကိုတောက်ထွန်း နောက်မှပြော၍ သိရသည်ကား စွန့်စားတိုက်ခိုက်မှုကို ပေါင်းတည်သားပီပီ ဝါသနာပါသူ ဖြစ်၍ တစ်ခါတစ်ရံ ခက်ခဲတင်းမာနေသော တရားခံတို့ကို လက်ရဖမ်းဆီးရသော အခါတို့၌ ပုလိပ် ဆယ်ယောက်မျှမက အားကိုးရသော ဟူ၏။

          ကိုတောက်ထွန်းမူကား ခေတ်ပညာကို အတော်အတန် သင်ကြားခဲ့ပြီး နောက် မည်သည့် လခစားအလုပ်ကိုမျှ မလုပ်ကိုင်ဘဲ သူ ဝါသနာပါ၍ လေ့ကျင့် ခဲ့သော စုံထောက်အလုပ်ကို ဦးစံရှားကြီးကဲ့သို့ ပရိုက်ပိတ် လုပ်ကိုင်နေသူ ဖြစ်ပေ၏။ လူရည်လူစွမ်း အတော်ပင်ချွန်ထက်၍ အချို့ အစိုးရစုံထောက်များ လက်လျှော့ရသော ရာဇဝတ်မှုကြီးများကိုပင် ပေါ်ပေါက်အောင် စုံထောက်ပေး နိုင်သဖြင့် အစိုးရအဖွဲ့ကပင် အသိအမှတ်ပြုထားကာ စုံထောက်မောင်တောက်ထွန်းဟု အတော်ပင် နာမည်ရနေ ပေ၏။

          ကျွန်တော်မှာ ကိုတောက်ထွန်းနှင့် ယူနီဘာစီတီတွင် တစ်နှစ်မျှအတူ နေခဲ့ဖူး၍ သူ၏ဆိတ်ငြိမ်စွာ စဉ်းစားခန်းဝင်ရသော စုံထောက်အလုပ်နှင့် ကျွန်တော် ၏ အနှောင့်အယှက်ကင်းမဲ့စွာ စာရေးရသောအလုပ်တို့မှာ တိုက်ဆိုင် သင့်လျော်နေ သဖြင့် စမ်းချောင်းကွက်သစ်ရှိ အတော်အတန် သပ်ရပ်သော အိမ်ကလေးတစ်လုံး တွင် တစ်လလျှင် အစိတ်ပေးကာ နှစ်ယောက် သဘောတူ ထမင်းချက်သမား မောင်တင်အေးခေါ် သူငယ်ကလေးတစ်ယောက်နှင့် သုံးယောက်တည်း နေထိုင်ကြ ခြင်းဖြစ်ပေ၏။

          ကိုတောက်ထွန်း၏ အင်္ဂါရုပ်မှာ အသားလတ်လတ်၊ အရပ်မြင့်မြင့်၊ ရင်အုပ် ကားကား၊ နှာတံသွယ်သွယ်၊ မျက်တွင်း နက်နက်၊ ပါးရိုးမြင့်မြင့် ဖြစ်၍၊ စူးစိုက် တောက်ပသော မျက်လုံးများနှင့် ပိရိသေသပ်စွာ စိ၍ထားတတ်သော နှုတ်ခမ်း တို့ဖြင့် ခန့်ငြားသောဣန္ဒြေကို ဆောင်ပေ၏။

          စင်စစ် သူ၏ရူပကာယမှာ လှပချောမောသူ တစ်ယောက် ဟူသောစကား နှင့် ဆန့်ကျင်ဘက်ဖြစ်သော်လည်း သူ၏အင်္ဂါရုပ်ကို မြင်ရသောသူ၏ စိတ်ထဲတွင်ကြောက်ရွံ့စိတ်၊ အားကိုးချင်စိတ်၊ ရိုသေဆည်းကပ်ချင်သောစိတ်များ တဖွားဖွား ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်ပေ၏။

          နဂိုသဘာဝအားဖြင့် စကားနည်းသူဖြစ်၍ အပြင်ထွက်သွားလာရန် ကိစ္စ မရှိခဲ့လျှင် အစဉ်သဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင် လူသေကဲ့သို့ မျက်လုံးများ မှေးမှိန်ကာ တွေးတော ဆိတ်ငြိမ်နေတတ်သဖြင့် တစ်ခါတစ်ရံ အသက်မှ ရှိပါ သေးရဲ့လားဟု ကျွန်တော်၏ တွေးထင်ချက်တို့မှာ သူ၏ ဆေးတံမှထွက်လာသော မီးခိုးငွေ့များကြောင့်သာ ပျောက်ကွယ်သွားရပေ၏။

          သူနှင့်ကျွန်တော်မှာ တစ်အိမ်တည်း အတူနေကြသော်လည်း အတူသွား အတူလာနည်းပါးလျက် အမှုအခင်းကိစ္စ အထူးအထွေရှိမှသာ ကျွန်တော့်ကို အတိုအထွာခိုင်းစေရန် ခေါ်ငင်သွားတတ်၍ အချို့အမှုငယ်ကလေးများမှာ ကျွန်တော် မသိသည်သာ များပေ၏။ ယခုကိစ္စတွင်ကား ကျွန်တော် အားလပ်နေသည်ကို သိ၍လည်းကောင်း၊ အမှုဖြစ်ပုံ ဆန်းပြားမည်ထင်၍လည်းကောင်း ကျွန်တော့်အား အဖော်ခေါ်ဆောင်ခြင်းဖြစ်ပေ၏။

 

          ကျွန်တော်သည် အမြန်ဆုံးနည်းအားဖြင့် အဝတ်အစားများ လဲလှယ်ခဲ့ပြီး နောက် ဧည့်ခန်းသို့ပြန်ထွက်ခဲ့ပေ၏။ စားပွဲနံဘေးသို့ ရောက်လျှင်ရောက်ချင်း ကိုတောက်ထွန်းသည် အဆင်သင့်ထည့်ပြီးသား ကော်ဖီတစ်ခွက်ကို ထိုးပေးရင်း “သောက်လိုက်ဦးပျို့”ဟု ဆိုခါ သူကိုယ်တိုင် နေရာမှထ၍ အနီးရှိ အင်္ကျီချိတ် တွင်အသင့်ထားသော အပေါ်အင်္ကျီကို ဝတ်ဆင်ပြီးနောက် ကိုဘခိုင်သို့ လှမ်း၍ “ကိုင်း...သွားကြစို့”ဟု ဆိုလျက် ဖိနပ်ခုံဆီသို့ လျှောက်သွားလေ၏။ ကိုဘခိုင် ကား ပြောင်ပြောချင်း အိမ်ရှေ့တွင်ရပ်ထားသော သူ၏ ကားကြီးဆီသို့သွား လေ၏။

          ကျွန်တော်လည်း ကြက်သီးနွေးမျှပူသော ကော်ဖီကို လျင်မြန်စွာချပြီး စီးကရက်တစ်လိပ်ကို မီးညှိရင်း ဖိနပ်စီးခဲ့၍ ကိုဘခိုင်နှင့် ရှေ့ဆင့်နောက်ဆင့် ဆင်းသွားသော ကိုတောက်ထွန်း၏နောက်မှ လိုက်ခဲ့လေ၏။

          ဘိုကေဖွားဖွား၊ မျက်ခုံးမွေးထူထူ၊ အသားညိုညစ်ညစ်၊ နှာတံပေါ်ပေါ်၊ အထူးသဖြင့် လက်ပြင်ကုန်းသော ဒရိုင်ဘာမှာ ကား၏တံခါးကို ဖွင့်နေနှင့်၍ ကျွန်တော်တို့သုံးယောက် အစဉ်အလိုက်ထိုင်မိလျှင်ထိုင်မိချင်း တံခါးကို ကျောင်း ခနဲ မြည်အောင်ပိတ်ခါ သူ၏နေရာသို့ ဝင်ထိုင်ပြီး စက်နှိုးစပြုလေ၏။

          “ဟေ့... မြန်မြန်မောင်း”ဟူသော ကိုဘခိုင်၏ အမိန့်ပေးသံနှင့် မရှေး မနှောင်းပင် ကားမှာ ရုတ်တရက်ခုန်ထွက်လေ၏။ ကျွန်တော့်မှာ ကားများအကွေ့ အရှောင် အဖြတ်အတက် များပြားလှသော လမ်းမကြီးတွင် ဤမျှ လျင်မြန်စွာမောင်းရဲလှသော ဒရိုင်ဘာကို ချီးမွမ်းရင်း လိုက်ပါလာခဲ့၍ ကိုဘခိုင်မူ သူ၏ တင်းမာခက်ထန်လှသော မျက်နှာထားကို မပြောင်းလဲနိုင်ဘဲ တစ်ခုခုကို နက်နက် နဲနဲ တွေးတော ငေးမောနေပေ၏။

          ကိုတောက်ထွန်းမှာကား နောက်မှီကို အေးဆေးစွာမှီရင်း ဆေးတံကိုမှန်မှန်ကြီးစွာထုတ်နေ၍ တွေးတောဆင်ခြင်သော အမူအရာဖြင့် မကြာမီ ကိုဘခိုင် အား စတင်၍မေးခွန်းများ ထုတ်လေ၏။

          “ခင်ဗျား ညက နိုက်ဂျူတီသွားတာ ကိုးနာရီနော်”

          “ဟုတ်ပါတယ် မနက်ငါးနာရီလောက်မှ ပြန်ရောက်ပြီး အိပ်ရာဝင် အိပ်နေပါတယ်၊ ခြောက်နာရီလောက်မှာ ဦးဦးဘိုးသင်း နှိုးပြလို့ သိရတယ်။ တောက်.. အသေဆိုးလိုက်လေဗျာ”

          “ညက ခင်ဗျားတို့အိမ်မှာရှိနေတာ ဘယ်သူတွေလဲ”

          “မေမေနဲ့ ညီမအငယ် ခင်တင့်က ပဲခူးသွားနေလို့ ညီမအကြီး ခင်မြင့် ရယ်၊ ဦးကြီးဘိုးသင်း၊ ထမင်းချက်တဲ့အဒေါ်ကြီး၊ နို့ပြီး... ဟောဒီ ဒရိုင်ဘာမြဟန် ဒါပဲ ရှိပါတယ်၊ မြဟန်ကတော့ ကားရုံထဲမှာ အိပ်တယ်၊ ကျန်လူတွေကတော့ အားလုံး အိမ်ပေါ်မှာအိပ်ကြတာချည်းပဲ”

          “မင်းတုပ် ပွင့်နေတာက နောက်ဖေးဆောင် ထွက်တဲ့ တံခါးတစ်ခုတည်း ရယ်နော်၊ ညကများ ပိတ်မိကြပါလေစ”

          “ပိတ်မိပါတယ် ကျွန်တော်ကိုယ်တိုင် ပိတ်ခဲ့တာပဲ၊ နောက်ဘယ်သူမှ ဖွင့်တယ်မပြောပါဘူး၊ အဲဒီတံခါးသာ ပွင့်နေတယ်၊ နောက်ဖေးဆောင်တက်တဲ့ လှေကားတံခါးဖုံးကတော့ အသေအချာပိတ်ရက်သားပဲ၊ အိမ်ရှေ့ဘက်ကတက် တဲ့ လှေကားတံခါးနဲ့ ဧည့်ခန်းဆောင်ဝင်တဲ့ သံတံခါးကလဲ ပိတ်ရက်သားပဲ။ ကျွန်တော် ပြန်လာမှသာ ဦးဦးဘိုးသင်း ထဖွင့်ပေးတာ။ နို့ပြီး သူချက်ချင်း ပြန်ပိတ်တာပဲ၊ အခုမိုးလင်းမှ တွေ့ရတာတော့ အခုနပြောတဲ့ နောက်ဖေးဆောင် တံခါး မင်းတုံးပြုတ်နေတာနဲ့ ဖေဖေ့ အိပ်ခန်းတံခါးကို အထက်မင်းတုံးနေရာ နံဘေးက လက်ဝင်သာအောင် အပေါက်ဖောက်ပြီး ဖွင့်တာကလွဲလို့ အားလုံး ပြတင်းပေါက်တွေရော၊ တံခါးတွေရော နေသားတကျ ပိတ်ရက်ရှိတာချည်းပဲ”

          “ဒီလိုဆို အိမ်အောက်ကနေပြီး တက်နိုင်တဲ့နည်းလမ်း တစ်ခုမှ မရှိ ဘူးပေါ့””

          “ဟုတ်တယ်... ရှိဖို့ခဲယဉ်းနေပါတယ်” 

          “ခင်ဗျားဦးကြီး သုံးနာရီလောက်က ကြားလိုက်တဲ့အသံက ဘယ်လိုအသံ”

          “လေးလေးလံလံ အထုပ်တစ်ခုကျသံလိုလို၊ တံခါးမင်းတုံး ချသံလိုလို တဲ့ဗျ”

          ကိုတောက်ထွန်းသည် ခေတ္တမျှ တွေးတော ဆင်ခြင်ဟန်ပြုလိုက်ပြီး...