Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - မြင်းကလေးအာတားနှင့်အခြားကိုယ်တွေ့ဆောင်းပါးများ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ဒေါင်းနွယ်ဆွေ ကြွေကျ မြေခတဲ့ ငွေကြယ်ပွင့်

 

          ကျွန်တော်တို့ ယခုလက်ရှိ မြန်မာစာပေ၌၊ ကဗျာဆရာအဖြစ်နှင့် ရပ် တည်နေကြသူများကို အထူးပင် ချီးကျူးဖွယ် ကောင်းလှပါသည်။ အကြောင်း မှာ မဂ္ဂဇင်းတစ်အုပ်မှာ ကဗျာတစ်ပုဒ်ရေး၍ ရှေ့ပိုင်းကဗျာကဏ္ဍမှ သရုပ်ပြ ပုံနှင့် ပါရသည်တိုင် စာမူခက ဘယ်လောက်ရလို့လဲခင်ဗျာ။ မသကာ နှစ်ဆယ်၊ အစိတ်ပေါ့ ။ အဲသည်တော့ လစဉ်မဂ္ဂဇင်း ၁၀ အုပ်မှာ ကဗျာ ၁၀ ပုဒ်ပါအောင် ရေးနိုင်ဦးတော့ သူ့တစ်ယောက်စာမျှ ထမင်းစားဖို့မရ။ နို့ပြီး မိမိကဗျာတွေ ကောင်းလှပါတယ်၊ လူကြိုက်များလှပါတယ်လို့ စုဆောင်းပြီး စာအုပ်အဖြစ်နှင့် လုံးချင်းထုတ်ကြည့်၊ ဝယ်မည့်သူ အလွန်နည်း၊ အငှား ဆိုင်ကလည်း မယူ။ ထို့ကြောင့် စာအုပ်ထုတ်သူတို့သည် ကဗျာဆိုလျှင် ဆလံမာရေးကိုး။

          သို့တိုင် ကဗျာဆရာဆိုတဲ့ သတ္တဝါတွေ တစ်နေ့တခြား ရေတက်ငါး လို ပွားများလာသည်ကို တွေ့ရတော့၊ သူတို့အား တကယ့်စာပေ ဝါသနာရှင် များအဖြစ် ချီးကျူးဝမ်းမြောက်ရပါသည်။ သူတို့သည် အချို့ စာရေးဆရာများ ကဲ့သို့ ငွေကြေးအတွက် ရေးကြသူများမဟုတ်။ မိမိမှာ အခြားအသက်မွေးမှု လုပ်ငန်းရှိပါလျက်၊ ကဗျာကို မရေးရမနေနိုင်လို့ ရေးကြသူများသာ ဖြစ်၏။

         ၎င်းတို့အထဲတွင် သေသည့်တိုင်အောင် ကဗျာတွေ မရပ်မနား အများ ဆုံးရေးသွားသူကား (၂၂-၃-၈၅) က အသက်ကလေး ၅၄ နှစ်နှင့် ကွယ်လွန် သွားရှာသော ကဗျာဆရာ ဒေါင်းနွယ်ဆွေပါတည်း။

         သူသည် ကျွန်တော့်ထက် အသက် ၁၀ နှစ်ကျော် ငယ်ပါ၏။ သို့သော်ကျွန်တော်သည် ၁၉၄၇ ခုနှစ်၊ အသက် ၂၈ နှစ်သားမှ စာပေနယ်ရောက်ခဲ့ ၍ ဒေါင်းနွယ်ဆွေကား ၁၉၄၈ ခုနှစ်၊ သူ့အသက် ၁၇ နှစ်သားလောက်ကစပြီး၊ ကဗျာတွေ စတင်ရေးခဲ့ခြင်းဖြင့် သူနှင့် ကျွန်တော်သည် ရှုမဝမဂ္ဂဇင်းမှာ သူက ကဗျာဆရာအဖြစ်နှင့်လည်းကောင်း၊ ကျွန်တော်က စာရေးဆရာအဖြစ် နှင့်လည်းကောင်း၊ ရင်ပေါင်တန်းမိကြပါသည်။ သူသည် ကျွန်တော့်ဝတ္ထု တွေကို ကြိုက်၍၊ ကျွန်တော်ကလည်း သူ့ကဗျာတွေကို ချီးကျူးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး လေးစားခင်မင်ကြပါသည်။ ကျွန်တော်တို့နှစ်ယောက်သည် ရှုမဝမဂ္ဂဇင်း၏ ပင်တိုင်ကဗျာဆရာ၊ ပင်တိုင်ဝတ္ထုရေးဆရာများဖြစ်ခဲ့ကြပါ သည်။

          ရှုမ၀ဦးကျော်ပြောခဲ့တဲ့စကား ကျွန်တော်ကြားရ၏။ ဒေါင်းနွယ်ဆွေ ကဗျာဆိုလျှင် ပယ်ရတာမရှိ၊ မကောင်းတာမရှိ။ သော်တာဆွေဝတ္ထုဆိုလျှင် ပယ်ရတာမရှိ၊ မကောင်းတာမရှိဟူ၏။

          စင်စစ် ဒေါင်းနွယ်ဆွေသည် ရှုမဝတွင် ကဗျာအများဆုံး ရေးခဲ့သူ ဖြစ်သလို၊ သော်တာဆွေကလည်း ရှုမဝတွင် ဝတ္ထုအများဆုံး ရေခဲ့သူဖြစ်ပေ သည်။ ယနေ့ထိ... ကြည့်။ ။

          သို့သော်... သူ့ကို ကျွန်တော့်ထက် ချီးကျူးသင့်ကြပါသည်။ အဘယ် ကြောင့်ဆိုသော် ကျွန်တော်သည် ဝတ္ထုရေးခြင်းဖြင့် ထမင်းစားလောက်၏။ ဒေါင်းနွယ်ဆွေကား မဂ္ဂဇင်းတော်တကာမှာ ကဗျာတွေ မွနေအောင် လျှောက် ရေးသော်လည်း ထမင်းစားလောက်သူ မဟုတ်။ စီးပွားရေးသတင်းစာ၊ တိုင်း ရင်းမေဂျာနယ်၊ အိုးဝေဂျာနယ်၊ ဖြူနီညိုပြာမဂ္ဂဇင်းတို့မှာ ကြုံရာသင့်ရာ တွဲဖက်အယ်ဒီတာအဖြစ်တွေ လုပ်ခဲ့ရပါသေးသည်။ သူ့ဇနီး ဒေါ်ခင်မြင့်က လည်း “တိုင်းရင်းမေ မမြင့်နွယ်” ကလောင်နာမည်နှင့် ဝတ္ထုတွေ ရေးရပါသေး သည်။ နှောင်းသော် ဒေါင်းနွယ်ဆွေကိုယ်တိုင် လုံးချင်းဝတ္ထုစာအုပ်တွေ ရေးကရောဗျို့။ တစ်ချီတစ်မောင်း တော်တော်လေး ရောင်းကောင်းခဲ့သဖြင့်၊ သူ့ဝတ္ထုတစ်အုပ်စ နှစ်အုပ်စ ကျွန်တော် ဖတ်ကြည့်တော့ ကျွန်တော် စိတ်ပျက် မိ၏။

          သဟာနှင့်တစ်နေ့သ၌ လူချင်း မိ၍၊ ကျွန်တော်က

          “ဟဲ့ ငဒေါင်းကြီး၊ နင် ဘာတွေလျှောက်ရေးနေတာလဲဟ။ နှင့် ကဗျာတွေ သိက္ခာကျမယ်။ နှင့်ဝတ္ထုတွေ ငါ ဖတ်ကြည့်မိတယ်”

          သူက ပျာပျာသလဲ “အစ်ကိုမဖတ်နဲ့၊ ဒါတွေက အစ်ကိုတို့လို လူတွေ ဖတ်ဖို့ ရေးတာမဟုတ်ဘူး။ ထမင်းစားစရာမရှိလို့ ဘော်ချက်ရတာပါ အစ်ကို ရဲ့” ဟု ပြော၏။

          မှန်ပါပေသည်။ သူသည် ကဗျာဆရာအဖြစ်နှင့် ရပ်တည်နေနိုင်ရန်၊ ထမင်းဝဝစားဖို့ လိုသည်မဟုတ်ပါလား။

          နှောင်းသော် သူသည် ထိုဝတ္ထုမျိုးတွေရေးခြင်းရပ်စဲပြီး၊ တကတည်း ကြံမိကြံရာ သူဝါသနာပါ၍ လေ့လာလိုက်စားခဲ့သော ပညာဖြင့် ဒေါင်းနွယ် ဆွေသည် ပြည်ဟိန်းကျော်၊ ပြည်ဟိန်းကျော်သည် ဒေါင်းနွယ်ဆွေ ဆိုပြီး လက္ခဏာ ဗေဒင်ဆရာ လုပ်ပြန်ရောလားခင်ဗျာ။

          တစ်နေ့ ရှုမဝမှာတွေ့၍ “ဟေ့ကောင်ကြီး၊ နင် ဗေဒင်ဆရာလုပ်တာ ဘယ့်နှယ်နေလဲ” မေးတော့၊ “အံမာ ဒီခေတ် အဲဒီအလုပ်က အစားသာသား အစ်ကိုရဲ့” ဟု ပြန်ပြောပါသည်။

          သူသည် ကဗျာဆရာအဖြစ်နှင့် ရပ်တည်ဖို့အတွက် အမျိုးမျိုး အသက် မွေးရသူဖြစ်ပေသည်။

 

ဒေါင်းနွယ်ဆွေ၏ ဟာသနှင့် အာဝဇ္ဇန်း။

          ၁၉၈၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ တနင်္ဂနွေနေ့က ဒေါင်းနွယ်ဆွေ တို့ မိသားစုနှင့် ကျွန်တော် ခရီးအတူသွားဖို့ ကြုံကြိုက်လာပါသည်။

          တွံတေးမြို့နယ် ကန်တစ်ရာ ခြံတစ်ရာ စီမံကိန်းကို လေ့လာရန်၊ တွံတေး မြို့နယ် ပါတီကောင်စီ၏ ဖိတ်ကြားချက်အရ၊ ကဗျာဆရာ တွံတေးသက်ဦး ဦးဆောင်မှုဖြင့် ကျွန်တော်တို့ ရန်ကုန်မြို့မှ စာပေလုပ်သားများ လိုက်ပါသွား ကြသည်။ သက်ကြီးရွယ်လိုက် ဖော်ပြရသော်၊ ဆရာမာဃ၊ သော်တာဆွေ၊ လှသမိန်၊ ဒေါင်းနွယ်ဆွေ၊ ကဗျာဆရာ အောင်မှိုင်း၊ ဗေဒင်လက္ခဏာ စာရေး ဆရာ မင်းသိင်္ခ၊ (အဲ အမျိုးသမီး စာရေးဆရာမတွေတော့ ဘယ်သူကြီးတယ်။ ငယ်တယ် ကျွန်တော်မပြောဘူးနော်) တိုင်းရင်းမေမမြင့်နွယ်၊ (သူ့သမီး) နှင်းပန်းခိုင်၊ ယုဝတီရွှေဝါစိန်၊ တက္ကသိုလ်တင်လေး၊ ယုဝတီ ခိုင်စကားဝါ။

          နံနက် ၇ နာရီခန့် ၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလကူးတို့သင်္ဘောပေါ်တက်ကြ၊ ၅ မိနစ်လောက်အကြာ ဒလဆိပ်ကမ်းရောက်တော့၊ တွံတေးသို့ ၁၇ မိုင် ခရီး ဂျစ်ကားသုံးစီးနှင့် ထွက်ခဲ့ကြသည်။

          အဲ ကံအားလျော်စွာ ကျွန်တော်မှာ နားငြီးရကိန်းကြုံတော့၊ စာရေး ဆရာ ဗေဒင်ဆရာဖြစ်တဲ့ မင်းသိင်္ခ၊ ပြည်ဟိန်းကျော်လုပ်နေသော ဒေါင်းနွယ် ဆွေတို့နှင့် ကားတစ်စီးတည်းကျတော့၊ သူတို့ချင်း လေကန်ကြတဲ့ ဗေဒင် လက္ခဏာအကြောင်းတွေ နားဆင်ရတာပေါ့ ဗျာ။

          အဲသည်မှာ တွံတေးကလာကြိုတဲ့ လူတစ်ယောက်က ရုတ်တရက် စိတ်ကူးပေါက်လာ ထင်ပါရဲ့။

          “ဆရာတို့လွန်ခဲ့တဲ့ မတ်လထဲက သတင်းစာတွေထဲ ဖတ်လိုက်ရမှာ ပေါ့။ ကျွန်တော်တို့ တွံတေးမြို့နယ် ကန်ပဲ့ရွာ ဘုန်းကြီးကျောင်းမှာ ကြောင်မကြီးက ကြွက်ကလေးတွေ နို့တိုက်တာ၊ အဲဒါ ဘာအတိတ်နိမိတ်လဲ” မေးလိုက်တော့၊ မင်းသိင်္ခထက် နှုတ်သွက်တဲ့ ဒေါင်းနွယ်ဆွေက ကောက်ကာ ငင်ကာ...

          “အဲဒါ မန္တလေးမြို့မှာ မီးကြီးလောင်တာပေါ့ဗျ” ဟု ဆိုလိုက်တော့ (အဲဒီသတင်းချင်းကလည်း ရက်ပိုင်းပဲ ခြားတာကိုဗျ) ကျွန်တော်က...

          “ဟဲ့ ငနာရဲ့၊ နှင့်ဟာ ဘာဆိုင်တုံး။ ဘာကိန်းခန်းနဲ့ ဟောတာလဲ” ဆိုတော့

          “ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီးပေါင်ကျိုးတဲ့ ကိန်းပေါ့ အစ်ကိုရဲ့” တဲ့။

          “အဲဒါသာ ကြည့်တော့ ကိုယ့်လူတို့။ မေးသမျှအမြန်ဖြေမည်၊ မမှန်ရင် အရိုက်ခံတယ်ဆိုပြီး၊ ဆေးရုံက ဆင်းမယ့် ဗေဒင်ဆရာမဟုတ်ဘူး”ဆိုတော့ လူများ ဝိုင်းရယ်ကြ၏။

          ခေတ္တကြာသောအခါ ကျွန်တော့်အနီးတွင် ထိုင်သော လူတစ်ယောက် က ဘာစိတ်ကူးရလာပြန်သည်မသိ။ ကျွန်တော့်အား...

          “ဆရာ ဒေါင်းနွယ်ဆွေနဲ့တိုင်းရင်းမေ မမြင့်နွယ်က လင်မယားဆို”

          “ဟုတ်ပါတယ် ခင်ဗျ”

           ထိုအခါ ထိုလူက ထူးထူးခြားခြား တွေးမိလာ ထင်ပါရဲ့... 

          “ဒါဖြင့် သူတို့ချင်း သိပ်ချစ်ကြမှာပဲနော်” ဆိုတော့၊ ကျွန်တော်က“ဟ လင်မယားပဲ လင်မယားလိုပဲ ချစ်ကြမှာပေါ့ ဗျ။ ဘာလို့ အထူးမေးနေရ တာလဲ” ဆိုတော့...

          “ဒီလို ဆရာရဲ့၊ သူတို့နှစ်ယောက်စလုံးက ကဗျာဆရာ၊ စာရေးဆရာ တွေဆိုတော့ လူလူချင်း ချစ်တာအပြင် အနုပညာသည်ချင်း ချစ်တာပါ နှောလိုက်တော့ ကျွန်တော်တို့ သာမန်လင်မယားတွေထက် ပိုချစ်ကြမလား လို့ပါ”

          သည်တော့ ကျွန်တော့်စိတ်ထဲ၊ အင်း သူတွေးမယ်ဆိုလည်း တွေးစရာ၊ မေးမယ်ဆိုလည်း မေးစရာ၊ ဤလူသည် ကဗျာစာပေကို လွန်စွာ စိတ်ဝင်စား သူဖြစ်ရမည်ဟု စဉ်းစားမိ၍၊ ကျွန်တော့်နှုတ်ထဲမှာလည်း ရယ်စရာပြောရန် အပေါက်အစ ရလာသဖြင့် ကျွန်တော့် ကျောဘက်၌ နေသော ဒေါင်းနွယ် ဆွေအား..

          “ဟေ့ ဒီလူမေးနေတာတွေ ကြားရဲ့ လား” ဆိုတော့...

          “ကြားပါတယ် အစ်ကိုရဲ့၊ သူ ကျွန်တော်တို့ကို တော်တော်စိတ်ဝင် စားဟန် တူပါရဲ့”

          “ဒါဖြင့် မင်းတို့လင်မယား ဘယ်လောက်ချစ်ကြသလဲဆိုတာ ငါပြော လိုက်တော့မယ်နော်”

           “ပြောလိုက်စမ်းပါ အစ်ကိုရယ်” 

          သည်တော့ ကျွန်တော်က ထိုလူအား 

          “သည်လိုဗျ၊ တစ်နေ့ ကျွန်တော် ဒေါင်းနွယ်ဆွေတို့ အိမ်ရောက်သွား တော့၊ ဧည့်ခန်းမှာ ဒေါင်းနွယ်ဆွေက အပေါက်ဝဘက် ကျောခိုင်းပြီး ကုလား ထိုင်ပေါ်မှာ ထိုင်နေတယ်။ သူ့မိန်းမက သူ့ဒူးနှစ်လုံးကြားမှာ ထိုင်လို့ဗျ။ သူတို့ ဘာလုပ်နေကြသလဲ။ ကျွန်တော်ကြည့်လိုက်တော့၊ လား.. လား ဒေါင်းနွယ်ဆွေကြီးက မမြင့်နွယ်ခေါင်းသန်းရှာပေးနေတာကိုးဗျ”

          ထိုလူက ပြုံးစိစိနှင့် “ဪ... ချစ်ရှာတာ”

          ကျွန်တော်က “ဘယ် ဒီလောက်ကဦးမလဲ။ ဒေါင်းနွယ်ဆွေက ရတဲ့ သန်းတွေကို တုပ်မပစ်ဘူးဗျ။ တစ်ကောင်ပြီးတစ်ကောင် သူ့ပါးစပ်ထဲ ပစ်... ပစ်.. ထည့်ပြီး၊ တဖြောက်ဖြောက်နဲ့ ဝါးစားနေတယ်၊ ဒီတော့ ကျွန်တော်က “ဟ... ကောင်ကြီးရဲ့၊ ကိုယ့်မိန်းမကိုယ်ချစ်လို့ သန်းရှာပေးတာတော့ ထားပါတော့။ သန်းတွေ မရွံမရှာ တဖြောက်ဖြောက်နဲ့ ဝါးစားနေတာက ဘာသဘော လဲ။ မင်း ဗေဒင်ဆရာဖြစ်သွားမှ မျောက်စိတ်ပေါက်နေသလား” ဆိုတော့ သူက ဘာပြန်ပြောသလဲသိလား။ “ဟာ... အစ်ကိုရ၊ သန်းဆိုတာ လူရဲ့ အသွေးအသားက ဖြစ်တာ မဟုတ်လား။ ဒီတော့ ကျွန်တော့်မိန်းမရဲ့ ခေါင်းကသန်းဟာ ကျွန်တော့်မိန်းမရဲ့ အသွေးအသားပေါ့ ဗျ။ ဒါကြောင့် ကျွန်တော်က ကိုယ့် မိန်းမရဲ့ အသွေးအသားကို မပစ်ရက်လို့ စားနေတာဗျ” တဲ့ ပြန်ပြောတယ်ခင်ဗျ။ မယုံအခုပဲ သူ့မေးကြည့်” လို့ဆိုတော့ ဒေါင်းနွယ် ဆွေကြီးက သဘောကျလို့ ရယ်လိုက်တာလေ။

          နို့ပြီး သူက ဘာပြောလဲဆို...

          “အစ်ကို ဟာသကတော့ ပထမတန်းပဲ။ အဲဒါ တစ်နေရာရာမှာ ထည့်ရေးစမ်းပါ”ဟု ပြောခဲ့ပါသည်။

ကျွန်တော့်စိတ်ထဲမှာလည်း အလျဉ်းသင့်သလို ရေးမည်ဟုအားခဲခဲ့ ရာ၊ ယခု သူကွယ်လွန်၍ သူ့အကြောင်း ရေးမှပင် သူ့ဆန္ဒအတိုင်း ထည့်သွင်း လိုက်ရပါ၏။

          ဇဝနဉာဏ်၊ ဟာသဉာဏ်ရွှင်သော ကဗျာပညာရှင်ကြီး ဒေါင်းနွယ် ဆွေ၊ 

 

ကောင်းရာသုဂတိသို့ လားပါစေ...

(ဝါ) 

မြန်မာစာပေမှာ ကဗျာဆရာပြန်၍ ဖြစ်လာပါစေ။

ရှုမ၀ရုပ်စုံမဂ္ဂဇင်း