Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ဘဝထိုထို

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ကြုံခဲ့ရသည်

 

          တစ်နေ့သ၌ ကျွန်တော်သည် မောင်ထော်လေးလမ်း၊ ရှုမဝစက်ခန်း တွင် လမ်းမဘက်ကိုကျောခိုင်းကာ စာတစ်အုပ်ကိုဖတ်နေစဉ် တိုက်ရှေ့မှ ကားတစ်စီးရပ်သံကို ကြားရပြီးနောက် ခဏကြာ၌ ကားပိုင်ရှိသော ကျွန်တော့် မိတ်ဆွေတစ်ယောက် ဝင်လာကာ......  

          “ဟေ့...ဖိုးသော်တာ ဘာစာအုပ် ဖတ်နေတာလဲကွ၊ ခဏလောက် ဟော့ဟို ကားနားသွားပြီး စုံထောက်မျက်စိနဲ့ ကြည့်စမ်းကွာ...”

          သူပြသောကားမှာ သူ့ကားမဟုတ်ချေ။ တစ်ဖက်ခန်းရှေ့တွင် ရပ်ထား သော စတူဒီဘေကာ တစ်ပတ်နွမ်းဖြစ်သည်။ ဒရိုင်ဘာက ကြက်မွေးတုတ်ဖြင့် ဖုန်သုတ်နေ၏။

          ကျွန်တော် သူ့ကို မော့ကြည့်ကာ... 

          “ဘာကြောင့်တုန်းဗျ” 

          “နို့ပြီး မင်း ငါပြောမယ်လေကွာ၊ သွားသာကြည့်ချေ” 

          သူ့စကားသည် အလဟဿ မဖြစ်တန်ရာဟု ထိုင်ရာမှထခဲ့သည်။

          ကျွန်တော် ပထမ ကား၏ရှေ့တည့်တည့်က သွားကြည့်သည်။ ဘန်ဘာ လက်ယာဘက်က နည်းနည်းရှုံ့နေပြီး မဒ်ကပ်တော်တော်ချိုင့်နေသည်။ စတီယာရင်ရှေ့တည့်တည့်က ကော်သားမှန်မှာ ကွဲအက်ကြေမွကာ အရစ်ရစ် ထနေသည်။ ထို့နောက် ကျွန်တော်သည် ကားကိုယ်ထည်နံဘေးသို့လျှောက် ခဲ့ကာ အတွင်းဘက်ကိုလည်းကောင်း၊ အပြင်ဘက်ကိုလည်းကောင်း ခေါင်းငုံ့ကြည့်လိုက်၊ စောင်းကြည့်လိုက်ပြုသည်။

          စင်စစ် ကျွန်တော်သည် ကားကို ဘာမျှနားလည်သူ မဟုတ်ပါ။ ကိုယ့် လူက ခိုင်းစေ၍သာ ဤကားနှင့်ပတ်သက်သော ဝတ္ထုတစ်ပုဒ်များ သူက ပြောပြလေမည်လားဟု...

          သို့သော် မဟုတ်ပါချေ။ မကြာမီ၌ ဖုန်သုတ်နေသော ဒရိုင်ဘာ ကျွန်တော့်အနီးသို့ရောက်လာကာ ဤကားဂုဏ်ပုဒ်ကို ဖော်ထုတ်ပါသည်။

          “ကားက မျက်မြင်သာ စိတ်ပျက်စရာဗျ၊ စက်ကျတော့ တယ်စိတ်ချရ တယ်ဗျ။ ခရီးမိုင်က ဘာမှ မောင်းရသေးတာမဟုတ်ဘူး။ ကျွန်တော့်အုံနာ က ရမ်းလွန်းလို့ဗျ။ မူးရင် သူကိုယ်တိုင် မောင်းချင်တယ်။ ရှေ့က ဘန်ဘာနဲ့ မဒ်ကပ်က သူတိုက်ထားတာပေါ့ဗျ”

          ကျွန်တော်က ဘာရယ်လို့မဟုတ်၊ သူနှင့် စကားအလျဉ်ဆက်မိရန်... 

          “နို့..ဟောဒီရှေ့မှန်က ကွဲကြေနေပြီး အရစ်ရစ်ထနေတာကကော မောင်းလာတုန်း ရှေ့က ခဲနဲ့ထုလို့လား”

“ဘယ်ဟုတ်မလဲဗျ။ ကျည်ဆံဗျ။ တစ်နေ့ ပဲခူးကပြန်အလာမှာ ဓားပြ တွေက ဟေ့..ရပ်ဆိုပြီး ပစ်လိုက်တာ ကျွန်တော်က မရပ်ဘူး၊ အတင်းစွတ် တင်ကာ ဟာ...နားထင်နား၊ နားရွက်နား ကျည်ဆံတွေ ထွီခနဲ ဖြတ်ဖြတ် သွားတာပဲ၊ ကားစက်ကကောင်းလို့သာ ကျွန်တော်တို့ အသက်ချမ်းသာရခဲ့ တာဗျ။ နို့မဟုတ်ရင် ပါလာတဲ့ပစ္စည်းလည်း ကုန်ဦးမယ်။ လူတွေလည်း မာလကွိကုန်ဦးမယ်။ ကျွန်တော်ဖြင့် ဟော့ဒီကားကျေးဇူးကို ဘယ်တော့မှ မမေ့ဘူး။ အခု အုံနာက ရောင်းချင်တယ်ပြောတော့ ကျွန်တော်အမျိုးမျိုး ဖျက်တယ်ဗျာ၊ မရဘူး။ ဝယ်မယ့်လူကလည်း သူပြောမယ့်ဈေးပေးမှာပဲ။ ဘာကြောင့်လဲဆို စက်ကောင်းမှန်းသိနေတာပဲ။ ဒီကားမှာ နည်းနည်းပါးပါး တိုက်ရာခိုက်ရာရှိတာတော့ ဘာအရေးလဲဗျ။ အခု ပြင်လိုက်ရင်ရတာပဲ။ အမှန်ကဗျာ ကျွန်တော်တို့အုံနာဟာ ဒီကားကို ရောင်းပစ်ဖို့မကောင်းဘူး၊သူတို့ အကျိုးပေးတဲ့ကားဗျ။ ဘယ့်နှယ်ဗျာ...ဒီကားဝင်မှ သူတို့ဖြစ်လိုက်တဲ့ စီးပွား မပြောနဲ့တော့။ ကဲ...အခု စီးပွားတက်တော့ ဒီကားပစ်ပြီး အသစ်စီးချင် သတဲ့။ လူများ ဘယ်လောက်ခက်သလဲ၊ ကိုယ့်အကျိုးပေးတဲ့ပစ္စည်းဆိုရင် ထာဝစဉ်ထားရမယ် မဟုတ်လား။ နောင်ကြီးလည်း သိမှာပေါ့၊ ပိုင်ရှင်ကို အကျိုးပေးတဲ့ပစ္စည်း၊ အကျိုးပျက်စေတဲ့ပစ္စည်း ရှိတယ်ဆိုတာ...”

           ဤအချိန်၌ ကျွန်တော် သူ့စကားကိုဖမ်းမိကာ....

          “ခင်ဗျာအလိုက ဒီကား နောက်ဝယ်တဲ့လူလည်း စီးပွားတက်ဦးမယ် ဆိုပါတော့”

          သူ့အမူအရာက အခိုင်အမာပင်...။

          “ဟုတ်တယ်...ကျွန်တော် ပြောရဲတယ်။ လက်ထဲ ကြာကြာမကိုင်ချင် နဲ့ဦးဗျာ၊ ဟောဒီ ပုံပျက်နေတာကလေးတွေ နည်းနည်းပြင်ပြီးရောင်း၊ ၃-၄ ထောင် ချက်ချင်း မြတ်ရမယ်ဗျ”

          “ ဒါလောက်ပဲသေချာသလား”

          “ကျွန်တော် အာမခံရဲတယ်ဗျာ၊ ကျွန်တော်က ငယ်ငယ်ကလေး ကတည်းက ဒရိုင်ဘာဘဝနဲ့ ဟောဒီ မော်တော်ကားနယ်မှာ ကျင်လည်လာခဲ့ တာ”

          ကျွန်တော်သည် ပြုံးစိစိနှင့် သူ့ကိုကြည့်ပြီးနောက် တိုက်ထဲသို့ပြန်ဝင် ခဲ့လေသည်။ ကျွန်တော့်မိတ်ဆွေက ကိုကျော်နှင့် စကားပြောနေရာမှ ပြုံးလိုက် ကာ

         “ဘယ့်နှယ်လဲ ကိုယ့်လူ၊ ဒရိုင်ဘာ ဘာတွေပြောလိုက်သလဲ”ကျွန်တော်က မည်သို့မျှ ထူးခြားဟန်မပြဘဲ မျက်နှာထားသာ ရွှင် လိုက်ပြီး...

          “ခင်ဗျားက ဒရိုင်ဘာကို ကျွန်တော်ဟာ ကားဝယ်မည့်လူလို့ ပြောခဲ့ တာကို ဒရိုင်ဘာကယုံတာ ကျွန်တော်ဝမ်းသာပါတယ်ဗျာ၊ ဟင်..ကိုကျော် ဒီမှာကြည့်စမ်း၊ ကျွန်တော်က စတူဒီဘေကာ ဝယ်စီးနိုင်မယ့် အင်္ဂါရုပ်မျိုး ပေါ်နေပြီဗျ”

          ကျွန်တော်က အမူအရာလုပ်ပြသည်၌ ထိုမိတ်ဆွေက....

          “ဘာလဲ ဒရိုင်ဘာက ကိုယ်ပြောခဲ့တဲ့စကားကို မောင်ရင့် ပြန်ပြော သလား”

          “မပြောပေါင်ဗျာ၊ မပြောပေါင်၊ သူမပြောပေမယ့် ကျွန်တော်က သိတယ်ခင်ဗျ”

          စင်စစ် ကျွန်တော့်မိတ်ဆွေသည် သူခိုင်းသည့်အတိုင်း မော်တော်ကား ကို သွားကြည့်၊ ဒရိုင်ဘာ ပြောလိုက်သည့်စကားတွေကို သူ့ပြန်ပြောပြ၊ ဤ အခါ၌ သူက “ဒရိုင်ဘာက မောင်ရင့် ဒီစကားတွေ ဘာကြောင့် ပြောသလဲ သိလား၊ ကိုယ်က မောင်ရင်ဟာ ကားဝယ်မယ့်လူလို့ ပြောခဲ့လို့ ဆရာနေ့သူ့အုံနာက ဒီကားရောင်းချင်နေတာ နန့်နန့်တက်လို့၊ ဝယ်မယ့်လူက မရှိ၊ အဲဒီကားကောင်းကြောင်း သူပြောတာတွေဟာ ဆန့်ကျင်ဘက်ချည်းပဲ မှတ်ရမယ် မောင်ရင်ရဲ့” ဟူသော လောကီသင်ခန်းစာကို ပေးလို၍ဖြစ်သည်။ သို့သော် ကျွန်တော်သည် ဤမျှမကသော သင်ခန်းစာများကို လွန်ခဲ့သော ကျွန်တော့်ဘဝ တက္ကသိုလ်မှ ဆည်းပူးခဲ့ပြီးဖြစ်ကြောင်း ကျွန်တော့်မိတ်ဆွေ မသိခဲ့လေ။

 

          ၁၉၄၂ ခု (ဂျပန်ခေတ်) ပူပြင်းလှသော မတ်လအတွင်း တစ်နေ့သော မွန်းလွဲ တစ်နာရီခန့်အချိန်တွင် ကမာရွတ်ဂတ်တဲနှင့် မျက်နှာချင်းဆိုင် လက်ဖက်ရည်ဆိုင်ရှေ့ ကုက္ကိုပင်ရိပ်၌ ကျွန်တော့် မြင်းသိုးကလေးသည် ဖိုထိုး လျက်ရှိလေသည်။ မြင်းအဂ္ဂရတ်ထိုးတယ်လို့ မအောက်မေ့နဲ့ခင်ဗျ။ မောလွန်း လှ၍ နံရိုးတွေအပြိုင်းသား အပြိုင်းသားနှင့် ကိုယ်ကကျုံ့လိုက် ပွလိုက်နေရုံ မက တစ်ကောင်လုံးမှာ ထွက်သက်ဝင်သက်နှင့် ရှေ့တိုးနောက်ငင် ယိမ်းလျက် ပင်ရှိသည်။ နှာခေါင်းနှစ်ယောက်လည်း အစွမ်းကုန် ပွကုန်၏။ ပါးစပ်မှအမြှုပ် တို့လည်း စီးကျ၏။ ပေါင်ခြံကြားမှ ချွေးမြှုပ်တို့လည်း စက်စက်ယို၏။ ကိုယ်တွင်လည်း ချွေးထွက်၏။ (ရောဂါရှိသောမြင်းသည် ချွေးထွက်မညီ ချေ။)

          စင်စစ် ကျွန်တော့်မြင်းကလေး အမောရောဂါ စွဲကပ်နေသည်မှာ ကျွန်တော်က အသိဉာဏ်ကင်းမဲ့စွာ မညှာမတာခိုင်းခြင်းကြောင့် ဖြစ်၏။

          ကျွန်တော် မညှာမတာခိုင်းရသည်မှာ ကျွန်တော့်ယောက္ခမ မျက်နှာရ အောင်သာဖြစ်၏။

          ယောက္ခမ မျက်နှာရအောင် ပြုသည်မှာ ကျွန်တော့်မယား ပူပူနွေးနွေး ကလေးကို ကျွန်တော်ချစ်လို့သာဖြစ်၏။

          ရှေးစကားရှိသည်မှာ “မယားနေစ၊ ကြောင်သေမှ”။ ယခု ကျွန်တော့် မှာတော့ မြင်းသေမှ......။

          သို့သော်...ဤဒုက္ခကောင်ကလေးသည် မသေနိုင်ပါချေ။ ကျွန်တော် တို့ ဗမာစကားနှင့်ပြောရလျှင် ရှေးကဝဋ်ကြွေးကြောင့်ပင် ထင်သည်။ ကျွန်တော်ခိုင်းသမျှကို ဘယ်တော့မှမငြင်း၊ ခိုခြင်း ကတ်ခြင်းမရှိ၊ လေးဖက် မပြေးနိုင်လျှင် တစ်လှမ်းချင်းဆွဲ၏။ ကိုယ့်မြင်း မပြေးနိုင်မှန်းသိလျက် အမြန် ရောက်စေချင်သော ခရီးသည်၏ မျက်နှာသာရအောင် ကျွန်တော်က သူ့ကို ကြာပွတ်နှင့်ရိုက်ဘိလည်း သူသည် ကျွန်တော့်ကို ရန်မူခြင်းမပြု။ အချို့ မြင်းဆိုလျှင် သူတို့မပြေးနိုင်ဘဲ ရိုက်ခဲ့သော် ပြန်၍ကန်ကျောက်တတ်၏။ ကျွန်တော့်မြင်းကလေးကား သဘောကောင်းလှပါသည်။

          ကျွန်တော်သည် ကျောင်းသားဘဝမှ ယောက္ခမဆန္ဒအရ မြင်းလှည်း မောင်းရတော့မည်ဖြစ်သောအခါ အစမို့ စိတ်ကောင်းသဘောကောင်း မြင်းရ မှဖြစ်မှာ” ဆိုသည့်အတိုင်း နားလည်သူ၏ အကူအညီဖြင့် ကျွန်တော် သူ့ကို ရခဲ့လေသည်။ လှည်းနှင့် ၄၀၀ ကျပ်ပေးရသည်။

          မြင်းကလေးမှာ ဘာမှအပြစ်ဆိုစရာ မရှိ၊ မဲမဲပုပုဝဝနှင့် ဂင်တိုတို အသိုးကလေးဖြစ်သည်။ သူ့ကို ကျွန်တော်က “နက်ဖြုတ်” ဟု နာမည်ပေး ထားသည်။ စိတ်သဘော အင်မတန်ကောင်းလှသည်။ မောင်းသွား- ထားနေ အတပ်အဖြုတ်လည်း လွယ်ကူလှသည်။ အကောင်နှင့်စာလျှင်လည်း သူ့ခြေ မခေ၊ လေးဖက်ကွဲသည်။ ကျဲသည်။ မာလည်း မာကျောလှသည်။

          သို့သော် ဒီကောင် ဘယ်လောက်ပဲမာမာ၊ ဘယ်မျှပဲ ခြေကောင်း ကောင်း၊ ကျွန်တော့်ယောက္ခမ မျက်နှာသာရအောင် မိန်းမကိုချစ်တဲ့စိတ်နှင့်ဇွတ်ဖိကြိတ်လိုက်တော့ ငနဲမျိုး ကျွန်တော့်လက်ထဲ လေးလပဲကြာပါလိမ့်မယ်၊ အမောရောဂါ ရတော့တာပေါ့။

          မရဘဲ ခံနိုင်ပါ့မလား၊ စဉ်းစားကြည့်ပါဦးတော့။ ကျွန်တော်က မြင်းကို မကြည့်၊ ပိုက်ဆံကြည့်၍သာ မောင်းသည်။ ဤစဉ်၌ ကြည့်မြင်တိုင် စမ်းချောင်းမှ သိမ်ကြီးဈေးကို တစ်မတ်(၂၅ ဆင့်)၊ မြင်းတစ်ကောင်ကို အသွား အပြန် နှစ်ခေါက်ပေါင်း လေးချီမျှပြေးစေရာ လူ ၅ ယောက် ၆ ယောက်လောက် တင်သည်ဖြစ်၍ နေ့တွက်မှာ ၅ ကျပ် ၆ ကျပ် ရမှကိုက်၏။ ကျွန်တော်သည် ဤမျှသော နေ့တွက်မရမခြင်း ဘယ်တော့မှ အိမ်ပြန်မဖြုတ် ချေ။ မနက် ၅ နာရီ ၆ နာရီတွင် ထွက်ခဲ့၍ နေ့တွက်မကိုက်သေးဘူးဆိုပါ က နာရီပြန်တစ်ချက်၊ နှစ်ချက်အထိ မောင်း၏။ စင်စစ် မြင်းတစ်ကောင်ကို ၅ နာရီ (အလွန်ဆုံး ၆ နာရီထက် ပို၍ ရထားထဲမှာ တပ်မထားနိုင်ချေ။ မထားသင့်ချေ။)

          ဤစဉ်၌ ကျွန်တော်က ဒါကို ဘာနားလည်ဦးမလဲ ခင်ဗျ။ မြင်းကို နွားလိုအောက်မေ့ခဲ့သည်။ ကျွန်တော့်အဖေက လယ်သမား၊ ကျွန်တော်သည် နွားနှင့်ကြီးခဲ့ရသည်ဖြစ်၍ နွားတို့မည်သည် လှည်းကို တစ်နေ့လုံးမောင်းနိုင် သည်။ (မြင်းကပြေးရတာ၊ နွားက တဖြည်းဖြည်းသွားရတာဟု မစဉ်းစား) မြင်းလည်း ထို့အတူ ဖြစ်လိမ့်မည်ဟု ယူဆကာ တစ်ခါတစ်ရံ ၁၁ နာရီ ထိုးနေပြီ၊ သိမ်ကြီးဈေးမှာ အိတ်ထဲ ငွေ ၃ ကျပ်သာ ရသေးသည်။ အပြန် လူလည်းရှားပါးနေပြီ။ ဤအခါမျိုး ရေကူးကန်ဘက်ကို ၃ ကျပ်နှင့် လာ ငှားပါက ကျွန်တော်လိုက်လေသည်။ ဒီတော့ နာရီပြန် တစ်ချက်နှစ်ချက်မှ အိမ်ပြန်ဖြုတ်နိုင်တော့၏။ မြင်းကား ဖတ်ဖတ်မောလေပြီ။ လူကတော့ နေ့ တွက်ကိုက်၍ ပျော်လို့ရွှင်လို့ ယောက္ခမကိုငွေအပ်ပြီး မယားကို ဖက်နမ်းလေ သည်။ ဤနေရာ၌ ပြောထားရဦးမည်။ ကျွန်တော့်ယောက္ခမသည် ကပြား ဆိုသောအမျိုးသမီးဖြစ်၍ အနောက်နိုင်ငံ သောက်ကျင့်အတိုင်း မိန်းမကို အသွားတစ်ခါ၊ အပြန်တစ်ခါ ယောက်ဖရှေ့မရှောင် ဖက်နမ်းရသည်မှာ အင်မတန်မှ လျော်ကန်သင့်မြတ်သော အလုပ်ကြီးဖြစ်နေပါသည်။

ကျွန်တော် မိန်းမကိုဖက်နမ်းပြီး မြင်းဇောင်းထဲ ပြန်ဆင်းခဲ့သောအခါ