Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ဘိုးဘိုးပြောင်နှင့်ဟစ်တလုံး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

ဖြူပြာမူလကျီ

          ဒီကောင်ကလေးကို အင်မတန်ဆိုးတဲ့ အကောင်ကလေးဖြစ်ပါသည်။ ကမ္ဘာတစ်ခွင် ဟစ်တလာ လေလုံးပြင်းချိန် အခါသမယ၌ ဘယ်လိုက ဘယ်လိုစွတ်ရွတ်ပြီး လူ့ပြည်ကူးလက်မှတ်ရလာခဲ့သည်မသိ ယခုတိုင် ကျွန်တော်တို့လင်မယားနှစ်ယောက်ထံတွင်လာရောက်နေထိုင်လျက်ဆိုးလွန်းငိုလွန်းအာပေါင်အာရင်းကျယ်လွန်းလှသဖြင့် သူ့နာမည်ကို “ဟစ်တလုံး” ဟု အများသဘောတူသမုတ်ထားကြပါသည်။ ဟစ်တလာမှာ နာဇီဝါဒဖြစ် ၍ သူမူကား နှာစေးဝါဒ ဖြစ်လေသည်။ သူငိုရာ၌ မည်မျှအသံသြဇာရှိသနည်း ဟူမူ “တစ်လုံး ဟစ်လိုက်လျှင် သုံးနှစ်မျှမမေ့နိုင်”ဟုနားအလွန်ထိုင်းသူရွှေနဘေဘွဲ့ရဒေါ်အေးမြကပင်မှတ်ချက်ချရပါသည်။တချို့ခေတ်ဗဟုသုတရှိ သူများကမူကားဤကလေး၏အာခေါင်ကိုခွဲ၍လောကဓာတ်ဆရာများကိုစုံစမ်းစေပါကလည်ချောင်းထဲတွင် လော်စပီကာကဲ့သို့ ကိရိယာမျိုးကို တွေ့ရ ချေမည်ဟု ပြောစမှတ်ပြုကြကုန်၏။

          လူနှင့်မလိုက်အောင်ငိုလုံးသန်ရုံမျှမက အကျင့်စာရိတ္တမှာလည်း အထူး ပင် ဆိုးသွမ်းလှ၍ အစားအသောက်ဘက်တွင်လည်း အလွန်ပင် သရဲမင်းရဲ နိုင်လွန်းလှပါသည်။ ယခု ကြည့်ပါဦးတော့ “သူငယ်အိပ်ဆိပ်၊ လင်မယား နှစ်သိမ့်ချိန်”ပင် ရောက်နေပါပြီ။ အလိုက်ကန်းဆိုးမသိတဲ့ ကောင်ကလေး... သူမအိပ်သေးပါ။ သူ၏နှာစေးဝါဒအတိုင်း နှပ်တရှုပ်ရှုပ်နှင့် ခြင်ထောင်အတွင်းအိပ်ငွေ့မျဉ်းနေသော ကျွန်တော်တို့လင်မယားနှစ်ယောက်အကြားတွင် ငုတ် တုတ်တစ်ခါတုံးလုံးတစ်လှည့် လူးလှိမ့်လှည့်ပတ်ရင်းညနေကထမင်းစားခဲ့ရသည်ကိုမကျေနပ်၍ယခုတစ်ဖန်ကြက်သားဟင်းနှင့်စားချင်ပြန်သည်ဟု အကျောက်အကန် ပြင်းထန်စွာအရေးဆိုလျက်ရှိပါသည်။ သူ့အမေကို ဘယ်ခြေနှင့်ကန်လျှင် ကျွန်တော့်ကို ညာခြေနှင့် ကျောက်သည်။ ကျွန်တော့် ကို ဘယ်လက်နှင့်ချလျှင် သူ့အမေကို ညာလက်ဖြင့်နှံသည်။ သူ့အမေကား သူနှင့်မဆိုင်သလိုပင် အေးစက်စက်အမူအရာဖြင့် ဝတ္တရားအတိုင်း စို့ချင်စို့ မစို့ချင်နေ၊ နို့နှစ်လုံးကို လှန်ကာသာ ပက်လက်ကြီး အစင်းသားလဲလျောင်းနေ ပါသည်။ ထို့ကြောင့် ကျွန်တော်က “ဟေ့ မအေကြီးကလည်း နေနိုင်လိုက်တာ ကွာ၊ ဒီကောင်ကလေးကို အိပ်အောင်များလုပ်စမ်းပါဦးကွ” ဟု ပြောမိရာ...

          “အို တော်ကလည်း ဒီကလေးအကြောင်းသိသားနဲ့ သူလိုချင်တာ မရရင် ဘယ်တော့မှ ချော့မရဘူးရှင့်၊ တော့်ဟာပဲ တော်ချော့” ဟု မိခင်ကောင်း တို့၏ဝတ္တရားအတိုင်း ရှုံ့ရှုံ့မဲ့မဲ့ငြင်းလိုက်သဖြင့်..... ။

          “ကဲ လူကလေး ဟစ်တလုံး သားသားက လိမ္မာပါတယ်ကွာ မေမေ့ နို့စို့ပြီးအိပ်ပါတော့ကွယ်” ဟု ချော့မော့ပြောလိုက်ရာ... ။

          “ကြက်တားဟင်းနဲ့ အမင်းများချင်ပါတယ်ရှို့နေတာကို အပ်ခိုင်းနေ ဒီနို့ကြီးခညားပဲရှို့ရော့အင့်” ဟု ကျွန်တော့်ဘက် ဆွဲပေးနေပြန်၏။

         “ဟ လူကလေးရ ဒါကဖေဖေ့ဖို့မဟုတ်ဘူးကွ၊ လူကလေးစို့ဖို့စို့”

         “ဘာ... ခညား ညာတာလဲ ဟိုညက အနော်ညင်ဘူးမှတ်လို့လား” ဟု ဇပ်ကဲ့လပ်နဲ့ ပြန်ပြောလိုက်သဖြင့် ကျွန်တော်မှာ ချော့နေရာမှ စိတ်ပေါက် ပေါက်ရှိလာသည်နှင့်

          “တယ် ဒီကောင်ကလေးနှယ် လူပါးဝလိုက်တာ မင်းဟာမင်းစို့ချင်စို့ မစို့ချင်နေကွာ အိပ်တော့အိပ်တော့ညဉ့်နက်လှပြီ”

          “မအပ်ဖူး ဘာလို့အပ်ရမှာလဲ” 

          “ဒါ သူငယ်အိပ်ဆိပ်ချိန်ကွ ကလေးအိပ်ရတယ်”

          “အံမှာ ခညားဂျီးဉာဏ် အနော်တိပါတယ်ဂျာ မအပ်ဖူး မအပ်ဖူး ကြက်တားဟင်းချားရမှ အပ်မယ်တိလား” ဟု သူကပင် တင်းတင်းမာမာ ကျွန်တော့်ကို အကျပ်ကိုင်သည့်ဟန်ဖြင့်ပြောလိုက်၍ ဓာတ်သိသောသူ့အမေက

ပြုံးစိစိလုပ်နေပါသည်။ သူတို့အရွယ်မှာ လူများကချော့မေးလျှင် အကုန်ပြော တတ်သဖြင့် ကျွန်တော့်မှာ သူ့ကိုပင်ခပ်ရွံ့ရွံ့ဖြစ်နေရ၍ တင်းတင်းမာမာမပြော ဝံ့ဘဲ ချော့မော့သောအသံဖြင့်..

          “မင်းက ငါ့ဉာဏ်ဘာသိတာလဲကွာ.. ဒီအချိန်မှာ ဘယ်ကလာ ကြက်သားရနိုင်မှာလဲ လူကလေးရ”

          “ကြက်ဖမ်းတတ်ပီး.. အမေကချက်ရင် ကြက်တားဟင်းရတာ ပေါ့ဂျ” ဟု သူကပင် နည်းပေးလမ်းပြ လုပ်လိုက်ပါသေးသည်။

          “ဘယ်မှာကြက်ရှိတော့လို့လဲ လူကလေးရ အိမ်မှာရှိတဲ့ ကြက်တွေ လည်း လူကလေးစားချင်တယ်ဆိုတိုင်း ချက်ချက်ကျွေးရတာနဲ့ ကုန်ပြီမဟုတ် လားကွ”ဤစကားမှာ အမှန်ဖြစ်ပါသည်။ သူ၏ငိုသံကို နားမခံနိုင်လွန်း၍ ရပ်မိရပ်ဖများ၏ တောင်းပန်ချက်အရ သူပူဆာတိုင်း ချက်ချက်ကျွေးရသဖြင့် အိမ်ရှိ ကြက်နှစ်မပေါက်မှာ မအေကြီးများပါမျိုးပြုတ်ခဲ့ပါပြီ။ အိမ်မရှိသည်နှင့် ပင် မကျေနပ်သေးဘဲ သူရဲဘဝကလာခဲ့သော ကောင်ကလေးဖြစ်သည့် အတိုင်း

          “အိမ်မှာမဆိုရင် တခြားအိမ်တွားခိုးပေါ့ဂျ” ဟု သူကပင် လမ်းညွှန်လိုက် ပြန်ပါသည်။ သူပေးသောအကြံမှာ မရိုင်းလှပါ။ ကျွန်တော်ကိုယ်တိုင်က လည်း ကြက်ခိုးဝါသနာခပ်ပါပါနှင့် အကြိမ်ကြိမ်ခိုး၍ကျွေးခဲ့ဖူးပါသည်။ ယခုညမူကား ကြက်ခိုးထွက်ရန်ပျင်းလှ၍...

          “ငါ့ သားပြောတာတော့ ဟုတ်ပါတယ် လူကလေးရာ... အခု ဘယ်အိမ်နီးပါးနားမှာ ကြက်ရှိတော့လို့လဲကွ.. အရီးအုန်းနုအိမ်ကကြက်တွေ လည်း တို့ခိုးစားတာနဲ့ကုန်ပြီ။ ကြီးသာယာအိမ်ကလည်း မနေ့ကပဲ ကြက်ထမ်း သမားရောင်းပစ်တယ်။ မဇာနုအိမ်ကလည်း အခုခွေးကသိပ်ဆိုးတာကွ” ဟု အကျိုးသင့်အကြောင်းသင့်ပြောမိရာ..

           “ဟာဂျာ တစ်ရွာလုံး ဒီတုံးအိမ်ပဲချိတလားဂျ”ဟု သူကပင် ကျွန်တော့် ပြန်မာန်လိုက်ပြန်၏။ သူ့အား ပြတ်တောင်းတောင်းပြောလိုက်၍ သူမကျေနပ် ဖြစ်ပြီး သံကုန်လွှင့်ငိုလိုက်ချေသော် တစ်ရပ်လုံးက ကျွန်တော်တို့လင်မယားကို အချိန်မတော် အိပ်ပျက်အောင်လုပ်ရပါမည်လားဟု ကျိန်ဆဲကြတော့မည်ဖြစ် သောကြောင့် ကျွန်တော့်မှာ သူ့ကိုတင်းတင်းမပြောဝံ့ဘဲ ချော့ရပြန်ပါသည်။

          “လူကလေး ပြောတာကတော့ ဟုတ်ပါရဲ့ကွယ် ဒါပေမဲ့ ကြက်ခိုးတယ် ဆိုတာက လွယ်တာမဟုတ်ဘူး။ ကြက်ဘယ်နေရာအိပ်တယ် အိမ်ဝင်းဘယ် အပေါက်ကဝင်ရတယ်၊ ကြက်အိပ်တန်းဘယ်လိုသွားရတယ် ဆိုတာတွေကို စောစောကတည်း ကြိုတင်သိထားရတယ်ကွ၊ အရမ်းသွားခိုးလို့ဖြစ်တာမဟုတ်ဘူး၊ မင်းကြီးတော့ သိပါလိမ့်မယ်ကွာ”

          “အမယ်ရေး အနော်ကြီးရင်တော့ တစ်ရွာလုံးက အိမ်တွေလျှောက် ကြည့်ထားမှာပဲ.. ခညားဂျီးကိုကညံ့တာ အနော်ချို တစ်ည တစ်ည အညားဂျီး တောင်ခိုးလိုက်အုံးမယ်တိလား”

          “အေးကွယ် ငါ့သားကြီးမှပဲ အားကိုးရတော့မှာပဲ။ အဖေကတော့ ညံ့ ပါတယ်၊ ငါ့သားလောက်မတော်ပါဘူး။ အခုညတော့ ငါ့သားသည်းခံကွယ် နက်ဖြန်ညမှပဲ ဘယ်အိမ်ကကြက် ဘယ်နေရာအိပ်တယ်ဆိုတာ ကြည့်ထား ပြီး သွားခိုးပေးပါ့မယ်ကွာ ဟုတ်လား။ လူကလေး အိပ်တော့ကွာ... ညဉ့်နက် လှပြီ၊ မင်းအမေကလည်း အိပ်ချင်ပြီတဲ့။ နက်ဖြန်ကျမှပဲ ကြက်မတမ်းမ ဝ,ဝ ကလေးစားနော်ဟုတ်လား လိမ္မာပါတယ်ကွယ် အိပ် အိပ်” ဟု ပြောကာကျောသပ်ထိပ်ပုတ်လုပ်ပေးနေစဉ် ဆိတ်ငြိမ်သွားသဖြင့် အေးပြီဟု အောက်မေ့ မိ၏။ သို့သော် တစ်ခုမရလျှင် တစ်ခုလွှဲတတ်သော သူ၏သောက်ကျင့်အတိုင်း..

          “ဒါချင့်ဩဂါဂျထဲက ဘုန်းဂျီကျွဲခတ်တဲ့ ပုံကြောရမယ်” ဟု တစ်မျိုး ပူပြန်သဖြင့် ကျွန်တော်မှာ ရုတ်တရက်အံ့အားသင့်သွားတာ “ဘယ့်နှယ်ကွာ လူကလေးရယ် သြကာသထဲက ဘုန်းကြီးကျွဲခတ်တဲ့ပုံရယ်လို့ အဖေမကြား ဖူးပါလားကွယ်”

          “ဟိုရေ အဖေရယ် ကျောင်းက ဦးဇင်းပိန်ကြီး ဟိုနေ့က ထန်းပင် အောက်မှာ ကြောနေတာလေ.. အပါယ်ရေးပါး ကပ်တုံးပါးပါတယ်လေ”

           ယင်းမှ ကျွန်တော်ပြန်သတိရကာ..

          “ဟာကွာ ဒါက သူငယ်ချင်းဦးပဉ္စင်းမို့ နောက်တာပါကွာ... တကယ် မဟုတ်ပါဘူး”

          “ဟုတ်ဟုတ်မဟုတ်ဟုတ် အဲဒါပဲကြောရမယ်” ကျွန်တော်မနေသာတော့ပါ။ 

          “ကဲ ဒါဖြင့် နားထောင်  ဟိုးရှေးရှေးတုန်းက ကျောင်းတစ်ကျောင်းမှာဘုန်းကြီးတွေ ဦးပဉ္စင်းတွေ ကိုရင်တွေ.. စုစုပေါင်း ၁၉ ပါးရှိသတဲ့ကွ။ ဒါနဲ့ တစ်နေ့တော့ ရွာထဲမှာ အသက် ၁၅ နှစ်သားလေးသေလို့ မသာမှာ သက်စေ့ဘုန်းကြီး ၁၅ ပါးလာပင့်တော့ ကျောင်းမှာ လေးပါးကျန်ခဲ့ရောတဲ့။ အဲဒီ ၄ ပါးက သူတို့မလိုက်ရတော့ မနာလိုဘူးပေါ့ကွာ၊ ဒါနဲ့ သူတို့တပည့် ကျွဲကျောင်းသားလေးနဲ့ ပေါင်းပြီး ချောက်တွန်းကာ မသာကို ကြွတဲ့ဘုန်းကြီး တွေ လမ်းမှာ ကျွဲလိုက်ခတ်ကရောတဲ့ဟေ့” ။

          “အဲဒီမှာ ဘုန်းကြီး ၁၅ ပါးအနက် ၈ ပါးက ယပ်တွေပစ်ပြီး ပြေးသတဲ့ ကွ၊ ဒါကြောင့် ယပ်ပစ်ရှစ်ပါးတဲ့ သုံးပါးက သစ်ပင်ကိုကပ်ပြီး ကွယ်နေခဲ့ တဲ့အတွက် ကပ် ၃ ပါးတဲ့၊ အဲ ၄ ပါးမှာကတော့ ပြေးရင်းလွှားရင်းနဲ့ လဲလို့ ကွဲလို့ ထိပ်ကို ပတ်တီးစည်းခဲ့ရတဲ့အတွက် ထိပ်ပတ်သမား ၄ ပါး၊ နောက်မှ ပါဠိလိုဝိပတ္တိတရား ၄ ပါးလို့ခေါ်သတဲ့။ အဲလိုက်ခတ်တာကတော့ ကျွဲ ၅ကောင်မို့ သူတို့ကို ရန်သူမျိုးငါးပါးလို့ ခေါ်သကွ၊ ကျောင်းမှာကျန်ခဲ့တဲ့ ၄ ပါးကိုတော့ အပယ်ခံရတာမို့ အပါယ် ၄ ပါး။ ဒါကြောင့် သြကာသထဲမှာ အပါယ် ၄ ပါး၊ ကပ် ၃ ပါး၊ ရပ်ပြစ် ၈ ပါး၊ ရန်သူမျိုး ၅ ပါး၊ ဝိပတ္တိတရား ၄ ပါးလို့ပါတာလို့ အဖေက သူငယ်ချင်းဦးဇင်းကြီးကို နောက်တာပါကွာ၊ ကဲ လူကလေးအိပ်တော့”

          သားတော်မောင်က ဘာမျှပြန်ပြောသံမကြားရ ဇနီးသည်ကသာ...

          “တော် မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနော် အဝီစိချိုးကပ်မယ့် လူ အရင်တစ်ခါလည်း ပြောင်သလို ချော်သလိုနဲ့ ဘုန်းကြီးသွားလျှောက်လို့ ထွေးခံ ပေါက်ခံရဖူးပြီ။ ဒါနဲ့ မမှတ်သေးဘူး”

          “အို ဒီတုန်းကလည်း ငါဟုတ်တာပြောတာ မင်းပဲစဉ်းစားကြည့်ပါဦး၊ ငါသွားပို့တဲ့ ဘဲပေါင်းတစ်ကောင်လုံး တစ်ပါးတည်းနဲ့ ကုန်အောင်ဘုဉ်းပေးပြီး တဲ့ တက်ပု ကောင်းလှချည်လား နင် ဘယ်လိုက ဘယ်လိုလုပ်ပြီး ပေါင်းတာ လဲ” မေးလို့ “ဒီဘဲက ဈေးကဝယ်တဲ့ရေထိုးဘဲ မဟုတ်ဘူးဘုရာ့ တပည့်တော် ကိုယ်တော်ကြီးအတွက် သက်သက်ရည်စူးပြီး ၆ လကြာအောင် တီကောင် တွေ နေ့တိုင်းကျွေးပြီး မွေးလာခဲ့တာညကမှ ဖမ်းကြည့်လိုက်တော့ ဝ,ကစ်ပြီး စားဖို့ကောင်းနေတာ တွေ့ရတာနဲ့ တင်းကုပ်တိုင်တစ်ချက်ထဲကိုင်ရိုက်ပြီး ဒေါ်ကြင်ဈေးခံတောင်းထဲက ခိုးရတဲ့ ငံပြာရည်ချိုနဲ့ ချင်းတက်နဲ့ ကိုယ်တော်ကြီးဖို့ စပါယ်ရှယ်ပေါင်းလာခဲ့တာ ကောင်းတာပေါ့ဘုရားလို့ ပြောတာနဲ့ သူက ငါ့ဝကြောက်,ဝကန်ကန်ပြီး ထွေးခံနဲ့ လှမ်းပေါက်တာ ဒါဘယ်သူလွန် သလဲကွ ငါပြောတာတွေကော မဟုတ်ဘူးလားလို့ မင့်ရှေ့တွင်အမြင်ပဲ။ မင်းတောင် အမွေးကူ နုတ်သေးတယ်မဟုတ်လား”

          “ဟုတ်တော့ ဟုတ်တာပေါ့ရှင်။ ဒါပေမဲ့ ဘုန်းကြီးကို သတ်တာတို့ ခိုးတာတို့ လျှောက်မပြောရဘူးရှင်ရဲ့ ”

          “မပြောကော မသိဘူးလားကွာ... အသားဆိုတာ သတ်မှရတယ်ဆို တာကို”

          “အို သို့ပေမယ့် ဒါတွေမတွေးဘဲ ပိဏ္ဍပါတံ ဘောဇနာအာဟာရအဖြစ် ဘုဉ်းပေးရတာ”

          “ဒါဖြင့် မှိန်းတုတ်တာပေါ့ကွ” ဟု ပြောမိရာ ကျွန်တော့်မိန်းမမှာ မိုး ညှင်းကိုယ်တော်ကြီးခေတ်တွင် ယောဂီဝတ်, ဝတ်ခဲ့ဖူးသူဖြစ်သောကြောင့် “တရားသဘောနှင့် ရဟန်းတော်ကိုထိပါးရမလော” ဟုဆို၍ အပါယ်လားမယ့် အဝီစိလက်မှတ်ရထားတဲ့ ဒိဋ္ဌိစသည်ဖြင့် ကြိမ်းမောင်းရေရွတ်ပါတော့သည်။ စင်စစ်ကျွန်တော်သည် မိန်းမကို တယ်ဂရုစိုက်လှသူမဟုတ်သော်လည်း အချိန်အားဖြင့် မယားကြောက်ရမည့်အခါ ဖြစ်နေသောကြောင့် မည်သို့မျှ ပြန်မပြောဝံ့ဘဲ ပြာပုံထဲအိပ်နေသော ခွေးဝဲစားကလေးသဖွယ် ဆိတ်ငြိမ်စွာပင် ဝပ်၍နေလိုက်ရပါ၏။

          မိန်းမတို့ဘာဝ အနိုင်ရ၍ ကျေနပ်နှစ်သိမ့်သွားသောအခါ၌ သားဟစ် တလုံးမှာလည်း အသက်ရှူမှန်မှန်နှင့်အိပ်ပျော်နေဟန်ရှိသည်တွင် သား အလစ်ချောင်းနေခဲ့သော ကျွန်တော်သည် ရေသောက်ချင်သလိုလို သေး ပေါက်ချင်သလိုလို အမူအရာဖြင့် ခြင်ထောင်အပြင်ထွက်ခဲ့ပြီး ခြေရင်းဘက် မှလှည့်ပတ်ကာ ဟစ်တလုံးအမေနံဘေးသို့ ချဉ်းကပ်ခဲ့လေ၏။ သို့တမင့်လည်း ကျွန်တော်မှာ ယခုညအဖို့၌ စိတ်ကူးစိတ်သန်းအပေါက်အလမ်းမတည့်ချင် လေရကား ကျွန်တော့်မယားသည် မိန်းမတို့အကျပ်ကိုင်နိုင်သော အချိန်အခါ အခွင့်အရေးကိုယူကာ သူသဘောမကျသော အချက်များကို ပြောပြီး ကျွန်တော့်အား ကြိမ်းမောင်းပြန်ပါတော့သည်။

          “ကိုတက်ပု ရှင်သတိထားနော်၊ ရှင့်အကြံအစည်တွေ ကျုပ်မသိဘူးအောက်မေ့မနေနဲ့ အခုရှင်က ကျုပ်ညီမညိန်းနုကို ကြက်ခိုးအင်ဖူးနဲ့ အောင် သွယ်ပေးနေတယ်မဟုတ်လား၊ ဘာ ရှင် ကွယ်ချင်သေးသလဲ။ အင်ဖူးနဲ့ ရှင်နဲ့ တတွဲတွဲနေတာ အားလုံးက မြင်တယ်ရှင့်”

          “အိုကွာ ငါတကယ် အောင်သွယ်တာ မဟုတ်ပါဘူး။ ဒီကောင့်ဆီက ထန်းရည်ညာသောက်တာပါ။ ငါကလူပါးပါ ဒီကောင်မျိုး ငါ့ခယ်မနဲ့ မတန် မှန်း ငါသိပါတယ်ကွ”

          “ရှင်ကသာမဟုတ်နေ အရပ်ထဲမှာ တစ်စွန်းတစ်စ သတင်းထွက်နေပြီ ရှင့်၊ သူတို့ချင်းဖြစ်ချင်ဖြစ်ပါစေ၊ ရှင်တော့ ရောမပါလေနဲ့နော်၊ အင်ဖူးက အတော်ကို သတင်းဆိုးနေတာ၊ နာမည်ကိုက ကြက်ခိုးအင်ဖူးတဲ့ နေ့စဉ်ထန်း ရည်သောက် ဖဲရိုက်နဲ့၊ နွားခိုးတယ်လည်း ပြောနေကြတယ်။ အရီးဖော့က နည်းနည်းမှ သဘောမတူဘူးရှင့်”

          “ဒါတွေ ငါသိပါတယ်ကွာ၊ ကိုယ့်ဆွေမျိုးထဲ မသင့်လျော်တာ မဖြစ် စေရဘူး” စသည်ဖြင့် ဆွေကြောင်းမျိုးကြောင်း ဝတ္တရားများကို တတ်သမျှ မှတ်သမျှ ပြောလိုက်၍ ဤကိစ္စ၌ ကျေနပ်သွားဟန်ဖြစ်ပြီးမှ..

          “နို့ပြီး ရှင် ဒေါ်စာဥသမီး ပန်းစုံနဲ့ ဘာကလိုလိုကြားပါလား။ ကိုယ့် သားမယားရှိရက်သားနဲ့ တော်တော်ထနော်။ ရှင်သတိထား ကျုပ်ကိုမစမ်းနဲ့ သိလား”ဟု တစ်မှုဆိုက်ရောက်ရောက်လာပြန်သဖြင့်..

          “ဟာ ဒါတော့ မဟုတ်ရပါဘူးကွာ။ ဖျားစူးပါရစေရဲ့ မင့်မနာလိုတဲ့ လူက တွန်းတာဖြစ်ပါလိမ့်မယ်” 

          “အောင်မာ ကျုပ်ကိုလား သူများက တွန်းရအောင်၊ တွန်းလို့ကော ယုံမယ့်ကောင်မစား မှတ်သလား။ ဒေါ်ဆွဲမိကြီးကိစ္စတုန်းက ညမသာအိမ်မှာ ရှင်ကောင်မကလေးတွေ ကြက်သွန်သင်နေတဲ့နောက်ဖေးဘက်သွားပြီး ပန်းစုံ ကို ရှင် ပရောပရည်လုပ်နေတာ ကျုပ်မမြင်ဘူးမှတ်လို့လား၊ ဟိုကောင်မကလည်း ခပ်ရွရွနဲ့ ရှင်ကလည်း ခပ်ထထနဲ့။ ကဲ ရှင်ဘာပြောချင်သေးသလဲ” ဟု မျက်မြင်အကျပ်ကိုင်လိုက်သဖြင့် ကျွန်တော်မှာ အစာစားရသော ခွေးကလေး လို မျက်နှာချိုသွေးကာ..

          “ဟာ ဒါကအပျင်းပြေ” 

          “ဘာအပျင်းပြေလဲ နောက်ရှင် ဒီကောင်မလေးနဲ့ ထိကပါး ရိကပါးလုပ်တာမြင်ရင်တော့ တော်နဲ့ကျုပ်နဲ့အသိပဲ။ ကျုပ်က ထဘီအလံထူမှာ သိရဲ့လား”

          “သိပါတယ်ကွာ။ မင်းကို ငါကြောက်ပါတယ်။ မလိမ္မာတစ်ခါမိုက် အပြစ်လွှတ်ပါတော့၊ နောက်ကိုမလုပ်တော့ပါဘူး။ မောင့်မယားအလှအုံမာ ဒါနီရယ်” ဟု ဆိုပြီး ပွေ့ဖက်ပွတ်သပ်လိုက်ရာ ကျွန်တော့်ကိုယ်ကို တွန်းခွာရင်း

          “ဘာ အုံမာဒါနီလဲ အုံမာဒါနီက ဘုရားလောင်းရဲ့ ပါရမီဖြည့်ဘက်ရှင့် ရှင်က အဝီစိသွားမယ့်လူ မဆီမဆိုင် ရှင်မယားနဲ့ မနှိုင်းပါနဲ့” ဟု သူ့လင်သူ ချီးကျူးလိုက်သဖြင့် ကျွန်တော်က “ငါက ဟို ဥမ္မာဒန္တီကိုပြောတာ မဟုတ်ပါ ဘူးကွာ မင်းက ဟောဒီမှာ အုံကမာပြီး ဒါကနီလို့ အုံမာဒါနီလို့ ပြောတာပါ”

          “တောက်” 

          ကျွန်တော့်ခေါင်းကို လက်ခေါက်နှင့်နှံလိုက်သည်။

          “မသာကြီး ဟင် သူ့ဒါပဲ” 

          “ဟဲဟဲ.. ဟဲ.. ဟဲ မိန်းမကလည်းကွာ ကောင်လေးအိပ်သွားပြီကွာ မဆူ စမ်းပါနဲ့”

         ကျွန်တော့်စကားဆုံးကာ မတ်တတ်ရှိသေးသည်။ အကြံသမား မင်း ဘုရားကလေး ငုတ်ခနဲ ထထိုင်ခါ...

          “မအပ်ဘူးဂျ... မအပ်ဘူး၊ အပ်ချနောင် ချောင်နေတာ ဟတ်လား မိပီ မိပီ၊ ခုနတော့ ဒါအဖေဖို့မဖူးဆို ခုတော့ တွေ့ပီဂျ တွေ့ပီ ”ဟု ဒုတိယ တန်း ဖတ်စာအုပ်ထဲမှ မှင်စာကလေးတာတေရုပ်လို သွားကျိုးကလေးဟောင်းလောင်းနှင့် ဓားရှရာတွေ ဗရဗွေထနေသော လက်ညှိုးပဲ့ကလေးကို ငေါက်ငေါက်ထိုးကာ “အချက်ထဲ” သရော်နေလိုက်ပုံမှာ “ကိုယ့်သား ပင်ကိုယ်” အလွန်အမြင်ကတ်မိပါတော့သည်။

          “နွားကလေး သောက်ကျင့်ယုတ်လိုက်တာ ငါ့အိပ်ပျော်သွားပြီအောက် မေ့နေတာ” ဟု စိတ်ဆိုးမာန်ဆိုးနှင့် ဟောက်လိုက်မိရာ သူကပင် “နွားဂျီး ခညားကသောက်ကျင့် ယုတ်တာဘာလဲ” ဟု ပြန်ကြိမ်းသဖြင့် ကျွန်တော်မှာ ရုတ်တရက်ဒေါသထွက်သွား၍ ထိပ်ကို ခေါက်လိုက်မည်ဟု ဟန်ပြင်လိုက်မိ

သော်လည်း မွေးကတည်းက အာခေါင်ထဲတွင် “လော်စပီကာ” ပါလာသည် ဟု အတပ်စွဲရလေအောင် ကျယ်လောင်စူးရှလှသော သူ့အသံနှင့် ယခုအချိန်