Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ပုဂံသူရဲကောင်းများ

Regular price 10,000 MMK
Regular price Sale price 10,000 MMK
Sale Sold out
Type

အနော်ရထာနှင့် စုက္ကတေး

          

           “စုက္ကတေးဘုရင် နတ်ရွာစံပြီ။ အနော်ရထာမင်း နန်းတက်ပြီ ...”

           ဤသတင်းသည် တောမီးပမာ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားလေရာ တိုင်းသူ ပြည်သားတို့သည် များစွာ ထိတ်လန့် တုန်လှုပ်ကြလေ၏။ အကြောင်းမှာ ထိုခေတ် ထိုကာလတွင်အပြစ်ကြီးဟု အများလူထုက ယုံကြည်နေကြသည်။ ထို့အပြင် စုက္ကတေးဘုရင်ကို သတ်ဖြတ်သူမှာ သူစိမ်းတရံဆံမဟုတ်၊ ဖအေတူ မအေကွဲဖြစ်သော ညီတော် အနော်ရထာ မင်းသား ဖြစ်နေရကား ပို၍ပင် အပြစ်ကြီးဖွယ်ရှိနေလေရာ တိုင်းပြည်မှာ နေ့လားညလား အန္တရာယ်ဆိုးကြီးဖြင့် ဧကန်ဆိုက်ရောက်တော့မှာပဲဟု ကြောက်ရွံ့ စိုးရိမ်ကြကုန်လေ၏။

          ဤအခြေအနေတွင် အနော်ရထာဘုရင်လည်း အောင်နိုင်သူ ဖြစ်ဘိငြား အများ လူထုစိတ်ချောက်ချားရသည့်အတွက် ရွှေစိတ်တော် မချမ်းမြေ့ရှာပေ။ သူကိုယ်တိုင်ပင် စုက္ကတေးဘုရင် နန်းတက်စဉ်က ဦးနှိမ်၍ သစ္စာတော်ခံခဲ့ပါ၏။ သို့ရာတွင် စုက္ကတေးမင်း၏ နိုင်ငံအုပ်ချုပ်ပုံမှာ တိုးတက်မှု မရှိ။ ပြည်ထောင်စုကြီးကို စည်းရုံးရမှန်းမသိ။ တိုင်းပြည် သည် ဟိုး ရှေးယခင်ခေတ်တုန်းကနှင့်မတူ။ နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေပြီကို သတိမထား၊ မင်းစည်းစိမ်ကိုသာ ခံစားနေခဲ့သည်။ ယင်းသို့ တိုင်းရေးပြည်ရာတွင် မကျေနပ်မှုရှိနေစဉ်မှာပင် စုက္ကတေးဘုရင်သည် အနော်ရထာ၏ မိခင်ကို သိမ်းပိုက်ပြီး

နောက် ပရိသတ် ဗိုလ်ပုံလယ်၌ အနော်ရထာအား “သင်သည် ငါ၏ ညီသားနောင်မယ် ဖြစ်ပြီ” ဟု ပြက်ရယ်ပြုလေရာ အနော်ရထာသည် အရှက်တော်ရ၍ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် ချက်ချင်းပင် စုက္ကတေးအား စီးချင်းတိုက်ရန် အရေးဆိုသည်။ စုက္ကတေး က လွယ်ကူစွာ လက်ခံလေ၍ ဖော်ပြခဲ့သည့်အတိုင်း အနော်ရထာ၏ ပြန်လည်ပြက်ရယ် ကြုံးဝါးသံနှင့်အတူ ကျဆုံးရခြင်း ဖြစ်လေ၏။

          ဤအဖြစ်အပျက်များ၏ နောက်တွင်ကား အနော်ရထာအား အိပ်မပျော်သော ညများကသာ လွှမ်းမိုးကြီးစိုးခဲ့သည်။ စက်ခန်းဆောင်တွင် စက်မပျော်လေတိုင်း ဘယ်လူး ညာလှိမ့်ဖြင့်သာ အရုဏ်တက်၍ မနက်လင်းရသည့် ညများကလည်း မရေတွက်နိုင်။ တစ်ခါတစ်ရံ မှေးကနဲတစ်ချက်မျှ စက်ပျော်မည် ကြံကာရှိသေး၊ နောင်တော် စုက္ကတေး၏ အလောင်း သွေးသံရဲရဲနှင့် ရေပေါ်ပေါလောမျောသွားသည့် ပုံသဏ္ဌာန်။ ။ လျင်မြန်စွာ ဒုန်းစိုင်းလာသော မြင်းခွာသံတို့နှင့်အတူ မိန်းမသားတစ်ယောက်၏ စူးစူးဝါးဝါး အော်ဟစ် သောအသံ ခြောက်အိပ်မက်တို့က သူ့အား တဖျပ်ဖျပ် လန့်နိုးစေ၏။ ဤသို့ နိုးရသည့်အခါတိုင်း ရွှေရင်တော် တဒိတ်ဒိတ်ခုန်လျက် ချွေးစေးချွေးအေးများ ပြန်သည်အထိ တုန်လှုပ်ချောက်ချားရရှာ၏။

          ခင်ပွန်းအရာ ရောက်ပြီဖြစ်သော စုက္ကတေးမင်းနှင့် သားတော် အနော်ရထာတို့ စီးချင်းတိုက်ကြသည့် အဖြစ်ကိုသိရှိတော်မူသောအခါမယ်တော်မိဖုရားကြီးသည်သားတော်၏အသက်အန္တရာယ်ကိုသော်လည်းကောင်း၊ ကံကြီးထိုက်မည်ကိုသော်လည်းကောင်း စိုးရိမ်တော်မူလေ၍ မြင်းစီးဗိုလ်ပါ ခြွေရံသင်းပင်းနှင့် အမြန်လိုက်ကာ တားဆီး ပါသော်လည်း အချိန်က နှောင်းခဲ့သည်။ ဤအခါတွင် မယ်တော်၏ စူးစူးဝါးဝါး အော်ဟစ် ခဲ့သော အသံသည် အနော်ရထာ၏ နား၌ သံမယ်နနှက်သကဲ့သို့ စွဲခဲ့၏။

           ယင်းသို့ ဆိုးရွားလှသည့် ညများကို တစ်ကိုယ်တည်း ခံစားစဉ်၊ အနော်ရထာသည် ရှေးယခင်က စိတ်လက်ပျော်ပါးစွာ နေခဲ့ရသည့် ရက်များကို ပြန်ပြောင်းတွေးတော တသမိ လျက်၊ ယခုလိုညများ၌ ဆင်းရဲလှသည် ဖြစ်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြ မည်ဖြစ်သော တိုင်းသူ ပြည်သားများနှင့် နိုင်ငံတော်တွင် အကောင်းဆုံး အခမ်းနားဆုံး ဖြစ်သော စက်ဆောင်ခန်းမဝယ် စက်ပါသော်လည်း မပျော်နိုင်အားသည့် မိမိအဖြစ်ကို နှိုင်းယှဉ်ကြည့်မိကာ ကြိတ်မနိုင်ခဲမရ ဖြစ်ရရှာသည်။ ထို့နောက်တွင်ကား အိပ်မပျော်တော့ သည့်အတူတူ သလွန်တော်ပေါ် လဲလျောင်းနေရာမှ ထခဲ့ကာ ပြတင်းပေါက်ရှိရာသို့ လှမ်းခဲ့

တော်မူသည်။ လရောင်သာသာတွင် နန်းလုံးကြိုင်ပန်းရနံ့သည် တညင်းညင်း တိုက်ခတ်လာသော လေပြည်နှင့်အတူ သင်းပျံ့လာသည်။ ဤမျှ သုတိသာယာရှိလှသော သတ္တလောကကြီးကို ပြတင်းပေါက်မှ စီး၍ ကြည့်ရပြန်တော့ အနော်ရထာသည် လူသား တစ်ယောက်၏ လွတ်လပ်မှုလိုရာကို သွားလာလည်ပတ်ချင်သော ဆန္ဒတော် ပေါ်လာ သည်။ သို့သော် မိမိသည် သာမန်လူသား တစ်ယောက်မဟုတ်၊ ဘုရင်။ ဘုရင်တစ်ပါး ဖြစ်နေရကား ဘုရင်၏ တာဝန်တည်းဟူသော ဝန်ထုပ်ဝန်ပိုးကြီးကို စဉ်းစားမိပြန်တော့ သက်ပြင်းခါခါ ချမိပြန်၏။

          ထိုမှတစ်ဖန် အနော်ရထာသည် ပြတင်းပေါက်မှ ခွာခဲ့ပြန်၍ မျှော်စင်ရှိရာ စမုတ် ဆောင်လှေကားကို တက်ခဲ့သည်။ မျှော်စင်ပေါ် ရောက်သည်၌ ထင်းထင်းသာသော လရောင်အောက်ဝယ် ရွှေရောင်ငွေရောင် တလျှပ်လျှပ် တောက်ပြောင်နေသော မြစ်ဧရာ၏ အလှအပကို ရှုစားတော်မူပြန်သည်။ ယင်းအချိန်ဝယ် ဥယျာဉ်တော်အတွင်းရှိ ပန်းမန် သစ်ပင် ချုံနွယ်တို့မှ နံနက်ဦးမြည်ကျူးတတ်သော ငှက်ငယ်တို့၏ သံသာချိုတေးကို ကြားရခြင်းဖြင့် အရုဏ်တော့မည်ကို သိသာပေသည်။ ဤမှ မကြာမီ မြစ်မင်းဧရာကို

လှမ်းမျှော်ကြည့်နေသော ဘုရင်အနော်ရထာ၏ ရှုကွင်းဝယ်လှည်းဘီးကြိတ်သံ၊ နွား ခလောက်သံ၊ ခြူသံ၊ ဆူညံသည့် ဝန်တင်နွားလှည်းတစ်စု ဝင်လာသည်။ ထိုမှ နောက်က လိုက်လာသော ဝန်တင်လားတစ်အုပ်၊ မြင်းစီးသမားများနှင့် တွေ့ဆုံကြ၍ သူတို့ချင်း ရင်းနှီးခင်မင်ပြီးကြသော အသံမျိုးတို့ဖြင့် ပျော်ရွှင်စွာ နှုတ်ဆက်ကြသည်။ အချို့ နောက်ပြောင်ကြသည်။ တစ်ဖန် ၎င်းအုပ်စုတို့သည် မြစ်ကမ်းပါးလမ်းမပေါ် နှင်းဝေဝေ မှုန်ဝါးဝါး လရောင်အောက်ဝယ် ပျောက်ကွယ်သွားကြပြန်သောအခါ မြစ်ပြင်ဧရာမှ လှော်ခတ်လာ ကြသော ကုန်သည်လှေများကို မြင်ရပြန်သည်။ ယင်းလှေတို့သည် အကြီးအငယ်၊ အနှေးနှင့် အမြန်တစ်စင်းနှင့် တစ်စင်း တွေ့ဆုံကြခိုက် လှေသားအချင်းချင်း လှမ်း၍ နှုတ်ဆက်သံများ၊ ကုန်ဈေးမေးခေါ်သံများကြားရသည်။ ဤအသံများသည် မြန်မာမပီဝဲကြသည်ဖြစ်၍ တောင်ဘက် ပင်လယ်ကမ်းခြေအနီးမှ ရာမည တိုင်းသားများ ဖြစ်ကြောင်း သိသာပေ၏။

 

ပုဂံဈေး 

 

          နေထွက်တüရှိနေသောအခါ အနော်ရထာသည် မျှော်စင်ပေါ်မှ ဆင်းခဲ့သည်။ ထို့နောက် ဝန်တင်လှည်းနွား လားမြင်းများဖြင့် လူသံသူသံစီစီညံလျက်ရှိသော ပုဂံမြို့တော် ဈေးသို့ အမှတ်မထင် လျှောက်ခဲ့သည်။

ဤ ဈေးတွင် မြန်မာတိုင်းရင်းသားများသာမက တရုတ်ကုန်သည်ကြီးများလည်း ရှိကြသည်။ သူတို့သည် ဂန္ဓာလရာဇ်ပြည်ကြီးဖြစ်၊ ပိုးဖဲကတ္တီပါများနှင့် ပယင်းကျောက်စိမ်း စသည့် ရတနာများ ရောင်းချကြသည်။ စားကုန်များလည်း ကြာရှည်စွာ သိုမှီး၍ ရသော ဝက်ပေါင်ခြောက်၊ ဝမ်းဘဲခြောက်၊ ဝက်အူချောင်း။ ဝမ်းဘဲဥဆားစိမ်၊ ပျားရည်စိမ်မျိုးတို့ လည်း ပါ၏။ သူတို့ဆိုင်များသည် ဖွင့်စကပင် အမျိုးသမီးများနှင့် စည်ကားလေသည်။ ငွေရောင်မုတ်ဆိတ်ဖားဖားနှင့် တရုတ်ကုန်သည်ကြီးများသည် ခေါင်းခါခါ၊ လည်ခါခါဖြင့် သူတို့ တတ်သော ဗမာစကားကို တရုတ်ဘာသာနှင့်ရော၍ လည်းကောင်း၊ ဈေးဝယ်သူ များကလည်း ကိုယ့်ဗမာစကားထဲတွင် မိမိတတ်သမျှ တရုတ်စကားကိုရော၍ လည်း ကောင်း၊ ခြေပြလက်ဖြင့် အရောင်းအဝယ်ပြုလျက် ရှိကြပေသည်။

          အစားကောင်းစုံမက်ပုံပေါ်သော မြန်မာလူကြီးတစ်ယောက်သည် ပိုးဖဲကတ္တီပါ ဆိုင်၌ ရှိသော ဇနီးကို ချန်ခဲ့ကာ ဝက်ပေါင်ခြောက်သွား၍ဝယ်ရာ၊ ရောင်းသူ တရုတ်နှင့် တစ်ဦးကို တစ်ဦးစကားမပေါက်ဘဲ ရှိလေသည်။ ဤစဉ် ဇနီးသည် လိုက်လာပြီး တတ်သမျှ မှတ်သမျှ တရုတ်စကားညှပ်၍ ပြောလိုက်တော့မှ အရောင်းအဝယ် အဆင်ပြေသွား လေ၏။ ယင်း၌ ယောက်ျားကြီး၏ စိတ်ဝယ် “အိမ်း ... မိန်းမများ သူများ ဘာသာစကား အတတ်လွယ်လိုက်ပုံကလည်း ပန်းများကောက်ယူသလိုပါပဲလားဟ၊ ကိုယ့်ဗမာစကား တစ်ခုတည်းနဲ့ပဲ ငါနားပူလှပြီဟာ၊ သည့်ပြင် ဘာသာစကားတွေပါ တစ်နေ့ ဒင်းများများ တတ်ပြီဆိုမှဖြင့် ငါတော့ ဒုက္ခပါပဲလား” ဟု ညည်းညူမိသည်ဟူသတတ်။

          ထိုမှ နေထန်းတဖျားခန့်ရှိသောအခါ ဈေးကွဲစပြုသည်။ ဤအချိန် အထက်ဗမာ ပြည် နေသည် ပူပြီဖြစ်ရာ၊ ဈေးဝယ်သူတို့သည် သစ်ပင်အရိပ်အာဝါသတို့၌ ထိုင်၍ အပန်းဖြေကြသည်။ နံနက်မိုးမလင်းမီမှ လာခဲ့ရသူများသည် ဝမ်းဟာကြပြီဖြစ်၍ ပါလာသော ထမင်းထုပ် ဟင်းထုပ်များကို ဖြေ၍ စားကြသည်။ အချို့က ဈေးဆိုင်များ တွင် စားကြသည်။

 

မင်းနှစ်ပါးတွေ့ဆုံခြင်း 

 

          သည်ဈေးအခင်းနှင့် ခပ်လှမ်းလှမ်းတစ်နေရာ၊ အရိပ်ကောင်းလှသော မန်ကျည်းပင် ကြီးတစ်ပင်အောက်တွင် လူတစ်စု ရှိသည်။ သူတို့နှင့် မနီးမဝေး မြက်ခင်းပြင်မှာ သူတို့ မြင်းများကို လှန်ထားသည်။ ထိုလူသိုက်ထဲမှ သစ်မြစ်ဆုံပေါ်တွင် ထိုင်နေသော လုလင် တစ်ယောက်သည် သဲမြေပြင်၌ ၎င်းဆွဲထားသော မြေပုံကို စူးစိုက်ကြည့်ရာက တစ်ချက် တစ်ချက် မျက်လုံးကို လှန်၍ သူ့ဘေးပရိသတ်ကို ကြည်လင်ပြတ်သားသော အသံဖြင့် စကားပြောသည်။ သူ့လူများကလည်း သူ့စကားကို စိတ်ပါဝင်စားစွာ နားထောင်လျက်ရှိ ကြသည်။

          လုလင်သည် ဆွဲထားသော မြေပုံပေါ်မှာ သူ့ဖျားကို ဝေ့ကာ ထောက်ကာဖြင့် ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းခြေတွင်တည်ရှိသည့် ပုဂံမြို့တော်နှင့် တစ်ဖက်ကမ်းမှ တန့်ကြည့်တောင်၊ ထိုမှ တူရွင်းတောင်နှင့် အရှေ့တောင်ဘက်မှာရှိသော ပုပ္ပါးတောင်စသည် တို့ကို ရေးဆွဲညွှန်ပြလျက်၊ မိမိတို့ ဘိုးဘွားအဆက်အနွယ်များသည် မြန်မာပြည် အထက် ဖျား မြောက်ဘက်အရပ်ဒေသများမှ တရွေ့ရွေ့ ဆင်းသက်လာကြကာ ရေကြည်ရာ မြက်နု ရာ တို့၌ ဓားမဦးချလယ်ယာမြေများကို လုပ်ကိုင်ကြ၍ ကျေးရွာ မြို့ပြများ တည်ထောင် လာခဲ့ကြကြောင်း၊ ထိုမှ ပုဂံကို မင်းနေမြို့တော်ပြု၍ စည်ပင်သာယာခဲ့ကြောင်း၊ သို့သော် ယခုအချိန်မှာ တိုင်းပြည် ဖရိုဖရဲ ဖြစ်နေကြောင်း၊ တိုင်းရင်းသားများလည်း စည်းစည်းရုံးရုံးမရှိကြဘဲ အစိတ်စိတ်ကွဲနေလျက် အရေးအကြီးဆုံးဖြစ်သော နယ်ခြားခံတပ်မှလည်း မရှိ၊ လူမျိုးခြားတွေ ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်နှင့်။

          “ဒီအတိုင်းဆိုရင်ဖြင့် တစ်နေ့နေ့မှာ ကျုပ်တို့ တိုင်းပြည်ကို လူမျိုးခြားတွေ စစ်တပ် အင်အား အလုံးအရင်းနဲ့ ဝင်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ အဲသည်အခါမှာ ကျုပ်တို့ တိုင်းပြည်က ခုခံကာကွယ်ခြင်း မပြုနိုင်ဘူးဆိုရင် ကျုပ်တို့လူမျိုးတွေ ဘာဖြစ်ကုန်မလဲ” ဟုဆိုရင်း ထိုလုလင်၏ အသံသည်တုန်ယင်လာပြီးမှ တစ်ဖန်ပြန်လည် ထိန်းချုပ်၍ “အဲသည်တော့ ကျုပ်တို့ လူမျိုးတွေ တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံး ညီညီ ညာညာဖြစ်အောင် ကြိုးစားကြရမယ်။ ဒီအရေးမှာ ဘယ်သူက ဦးဆောင်မယ်ဆိုတာကတော့ ကျုပ်တို့ မပြောနိုင်သေးဘူး။ အမှန်ကတော့ ဒီဝတ္တရားဟာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင့်တာဝန်ပဲ။ ဒီကိစ္စကို သူက ဦးဆောင်ဦးရွက်ပြုမယ်ဆိုရင် ကျုပ်တို့တစ်တွေက သူ့ကို အတတ်နိုင်ဆုံး အစွမ်းရှိသမျှ ကူညီရမှာဘဲ။ ဘာကြောင့်လည်းဆိုရင် ဒီကိစ္စမျိုးဟာ တိုင်းပြည်ကြီး တစ်ပြည်လုံးရဲ့ တာဝန်ဟာ တစ်ဦးတစ်ယောက်တည်းနဲ့ စွမ်းဆောင်နိုင်တာ မျိုး မဟုတ်ဘူး။ အဲ ... တကယ်လို့ ဘုရင်မလုပ်ချင်ရင်သော် လည်းကောင်း၊ မလုပ်နိုင် ရင်သော် လည်းကောင်း ...”

          ရုတ်တရက်ဆိုသလို အရိပ်တစ်ခုသည် ဖျတ်ခနဲ ပေါ်လာ၍ လုလင်ရေးဆွဲထား သော မြေပုံပေါ်က ပုဂံမြို့တော်တည့်တည့် နေရာသို့ လှံဖျားတစ်ခု ဒုတ်ခနဲ လာထောက် လျက် အောင်မြင်ခံ့ညားသော အသံတစ်ခုက ..

          “ဒီကိစ္စကို ဘုရင်က မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူးလို့ ဘယ်သူက ပြောရဲသလဲ”

          တိုင်ပင်နေကြသူ လူစုသည် ထိုအသံရှင် လူစိမ်းကို အံ့အားသင့်ကာ မော်ကြည့် ကြသည်။ အသံရှင်သည် လှံတံကို မြဲမြဲကိုင်၍ ခံ့ညားစွာ မတ်မတ်ရပ်လျက် အခြားသူများကို အရေးမထားဘဲ ခေါင်းဆောင် လုလင်မျက်နှာကိုသာ စေ့စေ့ကြည့်ကာ ..

          “မင်းက ဘယ်သူလဲ”

          လုလင်ပျိုသည် ထိုင်ရာမှ ထ၍ ထိုလူစိမ်းအား တစ်ချက်မျှ စူးစိုက်ကြည့်ရှုလိုက်ပြီး လျှင် လေးစားသော အမူအရာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ... ။

          “ကျွန်တော်က ထီးလှိုင်ရှင်ပါ၊ အများကတော့ ကျန်စစ်သားလို့ ခေါ်ကြပါတယ်။ အသင်ကော ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိရဘူးလား ခင်ဗျာ”

          လူစိမ်းသည် တည်ငြိမ်ခံ့ညားသောအသံဖြင့် “ကျုပ်တို့သည့်ပြင်တစ်နေရာသွား ပြီး တစ်ယောက်ချင်း စကားပြောရရင် ကောင်းမယ်” ဟု ဆိုပြီး လက်ခုပ်တစ်ချက်တီးလိုက်ရာ ချောမောလှပသော မြင်းတစ်စီး အပြေးကလေး ဆိုက်ရောက်လာသည်၌ ကျန်စစ်သား ကိုလည်း “သင့်မြင်းကို ခေါ်ပြီး ကျုပ်နဲ့ သင် တစ်ယောက်တည်း လိုက်ခဲ့” ဟု တစ်ဦးတည်း ခွဲခြားခေါ်သည်တွင် ကျန်စစ်သား၏ လူများက လူစိမ်းအား မာန်ဖီသော မျက်လုံးများဖြင့် စူးစူးကြည့်ကြ၍ လှံရိုးများကို တင်းတင်းဆုပ်ကိုင်ကြရာ ကျန်စစ်သားက ..

          “ကိုယ့်လူတို့ ငြိမ်ငြိမ်နေကြ၊ ကျုပ်ပြန်မလာမချင်း ဒီနေရာက မရွေ့ကြနဲ့” ဟု ဆိုပြီး သူ့မြင်းကို လက်ခုပ်သံတစ်ချက်ဖြင့် ခေါ်လိုက်ရာ တွေ့ကနဲ ခုန်တက်ကာ မြင်းပေါ်သို့ ရောက်နှင့်နေပြီ ဖြစ်သော လူစိမ်းအား အနားကပ်၍ တီးတိုးသံဖြင့်

          “ကြွတော်မူပါအရှင်၊ ကျွန်တော်မျိုး နောက်တော်ပါးက ခစားလျက်ပါ”

          ထို့နောက်တွင် ဘုရင် နော်ရထာနှင့် ကျန်စစ်သားသည် မြင်းများကို လေးဘက် ကျဲကျဲ စီးနင်းထွက်ခွာသွားကြလေသတည်း။

 

မြစ်မင်းဧရာကို အောင်နိုင်သူ 

 

          ဧရာဝတီမြစ်သည် ကျယ်ကျယ်ပြန့်ပြန့် ခံ့ခံ့ညားညား ရှိပါဘိသည်။ နှစ်ဖက်သော မြစ်ကမ်းတစ်လျှောက်ဝယ် စိမ်းညိုအုပ်ဆိုင်းသော တောင်တန်းများ ခြံရံ ကာဆီးလျက် မတ်စောက်မြင့်မားသော ကမ်းပါးစောက်အောက်တွင် သဲသောင်ပြင်ဖြူလွလွတို့ဖြင့် လှပသော ရှုမျှော်ခင်းကို ဖန်တီးလျက်ရှိပေ၏။ ဤမှ မြစ်ကမ်းနှင့် ခပ်လှမ်းလှမ်းရှိ မြင့်မား ထင်ရှားသော မှိုင်းပျပျ တန့်ကြည့်တောင်တန်းနှင့် တောင်ပခုံး တောင်လဘို့တို့ အပေါ်မှာ တရွေ့ရွေ့ လှုပ်ရှားနေကြသော တိမ်တိုက်တိမ်သားတို့သည် မြစ်ဧရာ၏ ရေအလျင် ကြေးမုံ ပြင်မှာ အရိပ်လာ၍ ထင်ကြကုန်သည်။

          သည်အရိပ်တစ်နေရာတွင် သေးငယ်သော အမည်းစက်ကလေး တစ်ခု ရေထဲမှာ မြုပ်ချည် ပေါ်ချည်နှင့်။ ပထမသော် သက်မဲ့အရာဝတ္ထုဟု ထင်စရာ ရှိသော်လည်း ရေစီး အလိုက် မျောပါသွားသည်မဟုတ်ဘဲ အနောက်ဘက်မှ အရှေ့ဘက်ကမ်းဆီသို့ တလှုပ်လှုပ် နှင့် ရွေ့ လျားနေသည်ကို ထောက်ခြင်းအားဖြင့် သက်ရှိသတ္တဝါတစ်ဦး။ ထိုမှတစ်ဆင့် သေချာစွာ ကြည့်မည်ဆိုပါက မြစ်ကို ဖြတ်ကူးနေသော လူသားတစ်ယောက်။

          ဘဇာကြောင့် ဤမျှ ကျယ်ပြောသော မြစ်ကို ဖြတ်ကူးနေပါသနည်း။ ရေစီးသန် သန်တွင် လှိုင်းလုံး လေလုံးများနှင့် တဝေါဝေါ မြည်သံကလည်း ကြောက်မက်ဖွယ် ကောင်းပါဘိတော့။ သို့သော် ဤလူသားကား ကြောက်ဖို့ဝေးစွ။ တစ်ချက်ကလေးမျှစိုးရွံ့ဟန် မပေါ်ဘဲ မရောက်မနေဟူသော ဇွဲသတ္တိဖြင့် ကူးခပ်လျက် ရှိချေသည်။ စင်စစ် မြစ်ဧရာနှင့် သည်လူသားသည် ခွန်အားနှင့် စွမ်းပကားပြိုင်လျက်ရှိကြသည်။ ဧရာ၏ ပြင်းထန်သော လှိုင်းတံပိုးတို့သည် လူသားအား သူ၏ ဝဲကတော့ရှိရာသို့ အတင်းတွန်းပို့ နေသည်။ လူသား၏ သန်မာသော လက်ရုံးတို့က ရေစီးအဟုန်နှင့် လှိုင်းတံပိုးတို့ကို ထိုးခတ်တွန်းဖယ်ကာ တိုက်ပွဲဆင်လျက်ရှိသည်။ တစ်ခါတစ်ရံမှာ မြစ်ဧရာက အရေးသာ လျက် လူသားခမျာမှာ ရေအောက်သို့ စုံစုံမြုပ်သွားလေသည်။ ပြန်ပေါ်မလာတော့ဘူးဟု ထင်မှတ်ဖွယ် ရှိ၏။ သို့သော် မကြာမီတွင် တစ်ခုအလား မြုပ်နေရာမှ ငုတ်ကနဲ ပေါ်လာပြန်တော့ကာ ဧရာရေပြင်အား အပေါ်စီးနှင့် တိုက်ပွဲဆင်ပြန်တော့သည်။ ဤသို့လျှင် သူတစ်ခါ ငါတစ်လှည့်ဖြင့် နောက်ဆုံးတွင် လူသားက အောင်ပွဲရ၍ တစ်ဖက်ကမ်းသို့ ကောင်းစွာ ရောက်လေတော့၏။

           သို့သော် သူ၏ တိုက်ပွဲကား မပြီးဆုံးသေး၊ သူ့ရှေ့တွင် မားမားကြီး မြင့်စောက် သော ညောင်ဦးကမ်းပါးကြီး။ ဒါကြီးကို မော့ကြည့်လိုက်ကာ သူသည် လက်ခမောင်း နှစ်ချက်၊ သုံးချက်ခတ်လိုက်၏။ နောက်တစ်ခဏတွင် ပြေး၍ တက်လေသည်။ သို့သော် မြင့်စောက်ရကား လွယ်လွယ်ကူကူနှင့် တက်မရ။ ခြေချော်လဲလိုက်၊ ပြန်ကျလိုက်၊ လက်နှင့် ကုတ်တွယ်၍ ပြန်ထ၊ ပြန်တက်လိုက် ယင်းသို့ဖြင့် သူသည် နောက်ဆုံး၌ ညောင်ဦးကမ်းပါး ထိပ်သို့ ရောက်သွားလေ၏။ ထိုအခါ အမြင့်ဆုံး ကမ်းဦးထိပ်၌ ရပ်လျက်      

“အောင်ပြီအောင်ပြီ” ဟု ကျယ်လောင်စွာ ကြွေးကြော်အော်ဟစ်လိုက်လေသည်။ ပြီးလျှင် မြစ်ခြေသို့ အပြေးပြန်ဆင်းလာခဲ့ကာ ရေစပ်တွင် သူ့ကိုယ်မှာ ပေကျံနေသော ရွှံ့ညွန်တို့ကို ဆေးကြော သုတ်သင်လေ၏။

ထိုစဉ် မြစ်ကမ်းပါးထိပ် ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်နေသော အနော်ရထာ ဘုရင်သည် ထိုလူ လုပ်ပုံတို့ကို အထက်မှ စီး၍ အားလုံးမြင်ရ ကြားရသည်။ ဤရေကူး သမား သူ့ကိုယ်ကို ဆေးကြောသုတ်သင်နေစဉ်၌ အနော်ရထာသည် ကျန်စစ်သား ပြောခဲ့ သော စကားများကို ပြန်လည် ကြားယောင်လာသည်။

          “ကိုယ်တော်၊ ကျွန်တော်မျိုးတို့ဟာ လူ့အဆင့်အတန်းမခွဲ ဆင်းရဲချမ်းသာမရွေး လူတန်းစားအားလုံးတို့ရဲ့ ယုံကြည်မှုကို ရယူဖို့လိုပါတယ်။ သည်လိုရအောင်ဟာက လူထု ဆီကို ချဉ်းကပ်လေ့လာဖို့ လိုပါတယ်။ သည်တော့မှသူတို့ရဲ့သဘောဆန္ဒကိုနားလည်ပြီးလူထုရဲ့ယုံကြည်ထောက်ခံမှုရအောင်ဘယ်သို့ဆောင်ရွက်ရမယ်ဆိုတာ ကျွန်တော်မျိုးတို့ သဘောပေါက် နားလည်ပါမယ်။ နို့ပြီး ကျွန်တော်မျိုးတို့ဟာ လူထုထဲက လက်ရုံးရည်