Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ပတ္တမြားဝင်းထိန်နှင့်သင်္ဘောသားသုံးယောက်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
Type

ပတ္တမြားဝင်းထိန်

 

          “ဟေး ... အိုင်ဆေး ... သူငယ်ချင်း .. ဖိုးဆွေ၊ မင်း ဝတ္ထုတစ်ပုဒ်ထဲနဲ့ ငွေတွေ ဗတ်ခနဲ နင့်နေအောင် မလိုချင်ဘူးလား”

          သူ့နာမည်ကို ကြားရသည်နှင့်ပင် မိတ်ဆွေ၏နားတွင် စိန်နားကပ်ကို ပန်ဆင်ရဘိသကဲ့သို့ အလျှံတပြောင်ပြောင် တောက်ပလာမည် ထင်ရသော ကျွန်တော်၏ သူငယ်ချင်း ပတ္တမြားဝင်းထိန်သည် ကျွန်တော့်အိမ် ရောက်လာပြီး ကျွန်တော်၏ မိုးလင်းသောက် ကောက်ဖီကို ခွက်ဆင့်သောက်၍ ကျွန်တော့် စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် ဖွာရင်း မေးသည်၌ ကျွန်တော်ကလည်း

          “အေး .. လိုချင်တာပေါ့ကွ”

          “ဒါဖြင့် မင်း ငါ့အကြောင်းကို စာတစ်အုပ်ဖြစ်အောင် ရေးပေရော့၊ ငါ အကုန်ပြောပြမယ်၊ မင်းရေးတဲ့ဝတ္ထုတွေ ငါ ဖတ်ဖတ်ကြည့်တယ်၊ အလကား စိတ်ကူးယဉ် အောက်ခြေလွတ်တွေ၊ ဘဝနဲ့ မဆက်ဘူး၊ ငါ့အကြောင်းကိုရေးရင် တကယ့် ဘဝသရုပ်ဖော်ပဲ၊ မင်း တစ်ခါတည်း နာမည်ဆိုလည်း တစ်ဟုန်ထိုး တက်မယ်၊ ငွေဆိုလည်း ရုပ်ရှင်ပြဇာတ် ဖြစ်တဲ့အထိ သောက်သောက်လဲရမယ်”

          ကျွန်တော်က ဖြတ်၍ ... 

          “ဟ .. ဟ ဒါလောက်ပဲလား”

          “အို .. ငါက မင်းလို စာရေးဆရာ မဟုတ်ပေမဲ့ အစိုးရကြိုက် ဖြစ်လို့ စာတစ်အုပ် စုံသွားရင် ဘယ်အထိ ပွပေါက်တိုးတယ်ဆိုတာ ငါ့အဒေါ်ဆီက သိထားတာကွ”

          ဒီကောင်၏ အဒေါ်မှာ မိတ်ဆွေတို့ သိကောင်းသိကြမည် ဖြစ်သော ကလောင်ရှင် “မုတ်ပွန် တင်တင်ကြီး” ဆိုတာ ဖြစ်ပါသည်။

          ခွေးကောင်သည် လက်တစ်ဆစ်သာသာမျှ ရှိသေးသော စီးကရက်မှ နောက်တစ်လိပ်ကို မီးကူးလိုက်ပြီး .... ။

          “ကဲ ... သည်တော့ မင်းစက္ကူပေါ်မှာရမယ့်ငွေ အကြမ်းဖျင်း သောင်း ငါးထောင် ထားကွာ၊ မင်း ၇၅၀၀ ကျပ်၊ ငါ ၇၅ဝဝ ကျပ်၊ တစ်ယောက် တစ်ဝက် ယူမယ်၊ ကဲ-ကျေနပ်ရဲ့လား ...”

          ကျွန်တော်မှာ ဒီကောင် ဘိုင်ကျလျှင် အိမ်သို့ အချိန်မရွေး ရောက်လာပြီး စားကောင်း သောက်ကောင်းအောင် ပြောချင်တာပြော၍ သွားတတ်ကြောင်း သိရင်းရှိသည်နှင့် ကိစ္စပြီးလွယ်အောင် ...

          “ကဲ ... ကျေနပ်ပါသတဲ့ကွာ” “

          ငါပြောတာလည်း တရားနည်းလမ်း ကျတယ် မဟုတ်လားကွ၊ အဲဒါ မင်း ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်ရတဲ့ကျေးဇူးပဲ၊ ငါ့အဒေါ်တောင် ငါ ဒီအခွင့် အရေး မပေးဘူး”

          ကျွန်တော်က နှုတ်ခမ်းကိုရွဲ့၍ …

          “ကျေးဇူးကြီးလှပါ မောင်ရာ …

          ” သို့သော် ဒီကောင်မှာ ကျွန်တော့် မျက်နှာကဲကို ဂရုပြုသည် မဟုတ်ဘဲ...

          “ကဲ ... ဒါဖြင့် ငါ အခု အသုံးလိုနေလို့ စရန်သဘော ငွေ ၅ဝဝ ကျပ်တော့ ယူသွားချင်တယ်ကွာ၊ ပေးလိုက်နိုင်မယ် မဟုတ်လား”

         ကျွန်တော်က မျက်ခုံးကိုမြှင့်၍ လည်ပင်းကိုဆန့်ကာ ... 

         “ငါးရာ ...”

         “အေး .. ငါးရာ၊ မင့် တစ်ထောင်လွယ်လည်း တစ်ထောင် ပေးလိုက် ပေါ့ကွာ၊ နောက် ပေးရမှာပဲ ဘာထူးလဲ”

          “တစ်ထောင်တော့ မရှိဘူးကွာ၊ ငါးရာတော့ ရမယ်” 

          “အဲလောက်ဆိုလည်း တော်ပါပြီကွာ” 

          “ကဲ ... ရော့၊ အဲဒါနဲ့ လမ်းထိပ်က ကုလားဆိုင်မှာ သွားထုတ်ချေ”

ကျွန်တော် အိတ်ထဲက ပိုက်ဆံတစ်မတ်ကို ထုတ်လိုက်ပါသည်။ သူသည် ကျွန်တော့်ကို ကြောင်၍ကြည့်ကာ ...

          “ဘာလဲကွ မင်းဟာက ...”

          “တစ်မတ်ဖိုး ငါးရာ ရမယ်လေ၊ ဆေးကြိုက်ကြိုက်၊ မဆလာ ကြိုက် ကြိုက် ...”

          ဤမှ သူ့မျက်လုံးကို ဖြဲကာ ..

          “မင်းက အရေးထဲ နောက်မနေစမ်းပါနဲ့ကွာ၊ ငါက အကောင်းပြောနေတဲ့ ဟာကို ...”

          ကျွန်တော်သည် လက်ထဲက စီးကရက်တိုကို ပြတင်းပေါက်သံတိုင် မှန်အောင် သေသေချာချာ ချိန်၍ တောက်လိုက်ပြီး (ဒါမှပဲ အပြင်ဘက်ကို ရှောရှောရှုရှု ထွက်လေ့ရှိသည်။)

           “ဟ ... ဥဿဖရား ဝင်းထိန်ရ၊ မင်းက ငါ့ များ ငွေ ၅၀၀ ကျပ် ရှိတယ် ထင်ရအောင် မင်း ရူးများနေသလား ..”

          “ကဲ ... ဒါဖြင့် ၅၀၀ ကျပ် မရှိ၊ ၂၅၀ ကျပ် လုပ်ကွာ” နှင့်

          “ဟေ့ .... ဥဿဖရားကြီး၊ ငါ့လက်ထဲမှာ ၂၅ဝ ကျပ် မပြောနဲ့ ၁ဝဝ ကျပ် ရှိရင် အပေါင်ဆိုင်က ငါ့အဝတ်အစားရွေးပြီး ငါ့ရည်းစားရှိတဲ့ မန္တလေးမြို့ သွားနေတာ ကြာလှပြီ။ ရန်ကုန်မှာ တစ်နာရီ မနေဘူး မှတ်ထား”

           သို့သော် ဒီကောင်မှာ အင်မတန် စိတ်ပျက်ခဲတတ်သူ ဖြစ်၍ “ဟား ... ဟား ဒါဖြင့် မင်းမှာ တစ်ရာ မပြည့် ငါးဆယ်တော့ ရှိတဲ့သဘောပေါ့၊ အဲဒါပဲ ပေးလိုက်ကွာ ..”

          “ဟေ့ ... ဒီမှာကြည့်”

          ကျွန်တော်သည် ရှိသမျှ ပိုက်ဆံကို အိတ်သွန်ဖာမှောက်လိုက်ပါသည်။ ကျပ်တန် တစ်ရွက်နှင့် မူးစေ့ ပဲစေ့ သုံးမတ် တစ်ပဲ .. ။

          “ဒါပဲရှိတယ် မောင်၊ အဲဒါ မူးစေ့ ပဲစေ့တွေက ဒီနေ့ မေလ တစ်ရက် မသုံးရတော့ဘူး၊ မင်း အလှူခံသေတ္တာထဲ ဥပသကာ အိပ်ငိုက်တုန်း ထည့်ချင် ယူသွား၊ ပိုက်ဆံသံ ကျောက်ခနဲ ကြားရင်တော့ မျက်လုံးဖွင့်ပြီး အရမ်း ဆုတွေ ပေးတော့ ရွတ်မှာပဲ”

           ဤမှ သူသည် သက်ပြင်းချကာ

          “ငါ့လခြီးတဲ့ အစိတ်လောက် မင့်အိမ်ရှင် အဒေါ်ကြီးဆီဆွဲရင် မရဘူး လားကွာ ...”

          “ဟ ... သူ့ထမင်းလခ မပေးနိုင်တာဘဲ ၁ဝ ရက် ကျော်နေလို့ တငြူငြူ တစူစူ ဖြစ်နေတာကွ”

          “အို ... ဒုက္ခနှယ် ငါ့ထက် ဆင်းရဲတဲ့ကောင် တွေ့နေမှပဲ၊ ငါ့လခွီး အဲဒီ တစ်ကျပ်တန်တော့ ပေးလိုက်ကွာ၊ မြို့ထဲသွားစရာ စရိတ် မရှိလို့”

          ပြောပြောဆိုဆိုနှင့် ကျပ်တန်ကတော့ သူ့အိတ်ထဲ ရောက်သွားပါပြီ။ ကျွန်တော်ကလည်း ဒီကောင်ကို ဒီမျှတော့ ပေးလိုက်မှ အိမ်က ကြွမည်ကိုသိ၍ ဤပိုက်ဆံကိုထုတ်ပြီး ဤအပေါက်ထွင်ခြင်း ဖြစ်ရကား ..

          “ကဲ .. ကြွတော့ မောင်၊ ငါ စာရေးစရာ ရှိသေးတယ်”

          သူသည် ထိုင်ရာမှထ၍ သံဘူးထဲက စီးကရက်ကို သူ့အိတ်ထဲ ဆွဲထည့် ရင်း ....

          “မင်း ခု ဘာဝတ္ထု ရေးနေသလဲကွ”

          “ချစ် ပလုတ်တုတ်တုတ်-ကွ .. ဟေ့ ဟေ့ ... တော်တော့ကွ .. ငါ သောက်ဖို့များ ချန်ပါဦးကွ”

          “ရှစ်လိပ်ထဲပါကွ .. ဟား .. ဟား ... နာမည်က အဆန်းပဲ၊ ဘာအဓိပ္ပာယ်လဲကွ ...”

          “ပလုတ်တုတ်ဆိုရာ လှုပ်လိုက်တော့ ဘေးတီးတယ် မဟုတ်လား။ အဲ့လိုပဲ ... မူလကျီသွန်နီ လုပ်နေတဲ့ ကောင်မလေးကို ဘေးတီးပေးလိုက်တာနဲ့ ချစ်သွား တဲ့ ဇာတ်လမ်းကွ..”

        “အား...ကောင်းတယ်...ကောင်းတယ်...မင်းတော့အထက်မြန်မာပြည်မှာတော်တော်နာမည်ကြီးတယ်မောင်၊ ငါ ရောက်ခဲ့တုန်းက သိခဲ့ရတယ်”

          “ဟုတ်လား ဟား .. ဟား ..”

          “ငါ့အကြောင်းရေးရင် ပိုပြီးကြီးဦးမယ် ဆရာ၊ အေးလေ မင်း ရေးချင် တော့ပြော၊ ငါ အကုန်ပြောပြမယ်၊ ကဲ ... သွားမယ်”

          “သွားပါ မောင် ... မင့်အကြောင်းလည်း ငါ့ အထူးပြောနေစရာ မလို ပါဘူး၊ သိပြီးသားတွေပါ”

          ဟုတ်ပါသည်။ ဒီကောင်နှင့် ကျွန်တော်မှာ ကျောင်းနေဖက် ငယ်ပေါင်း ကြီးဖော် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ကြပါသည်။ သူ့အကြောင်းရေးရလျှင် ကျွန်တော်သာ အရေးနိုင်ဆုံး ဖြစ်ပါမည်။

ပတ္တမြားဝင်းထိန်

          သူနှင့် ကျွန်တော်နှင့် ၁ဝ တန်းကို နှစ်ကြိမ်မြောက် ကျပြီးနောက် တတိယ ကျမည့်နှစ်တွင် တစ်နေ့သ၌ ကျောင်းသား ကျောင်းသူတွေစုပြီး အင်းယားကန် သို့ ပျော်ပွဲစား ထွက်ကြသည်။ နံနက်စာ စားသောက်ပြီး နေ့ခင်း၌ ယောက်ျား ကလေးတွေ ရေကူးသူကူး၊ ဖဲကစားသူ ကစားကြသည်။ အချို့ မိန်းကလေးတွေ ကလည်း ယောက်ျားလေးများနှင့် လွတ်ရာကျွတ်ရာသွား၍ ရေကူးကြသည်။

          ပတ္တမြားဝင်းထိန် ဖဲရှုံး၍ သူ့ဖောင်တိန်ရော၊ ကျွန်တော့်နာရီပါ ပေါင်ရ သည်၌ အရင်းပြုတ်လေလျှင် ကျွန်တော့်ကို လက်တို့ခေါ်သွားပြီး တစ်နေရာတွင် နေစေလျက် သူကတော့ ရုပ်ရှင်မင်းသား စတိုင်အတိုင်း မျက်စိသာပေါ်ရုံ မျက်နှာ ကို လက်ကိုင်ပဝါစည်းပြီး ရေကူးနေသော မိန်းကလေးတွေရှိရာကို ချောင်း၍ လိုက်သွားကာ မကြာမီ၌ ကောင်မလေးတွေ၏ ထဘီ အင်္ကျီတွေကို ပိုက်၍ ပြေးလေသည်။

ကျွန်တော်တို့နှစ်ယောက် မြို့ထဲသွား၍ အပေါင်ဆုံး ပစ္စည်းဆိုင်၌ ရောင်း ကြရာ ပိုးအင်္ကျီပိုးထဘီများနှင့် ရွှေကြယ်သီး နှစ်စုံပါ၍ အတော် ပွကြသည်။ ထိုည ... နှစ်ယောက်သား ဟိုတယ် တက်ကြသည်။

          နောက်တစ်နေ့၌ ကလေးမများက ဆရာကြီး တိုင်သည်။

          ဆရာကြီးက စစ်ဆေးသောအခါတွင် ပတ္တမြားဝင်းထိန်သည် မျက်နှာ ပျက်ခြင်း ပြုခြင်းမရှိ၊ ပကတိ တည်ငြိမ်စွာဖြင့် (သူ့အမူအရ ကြည့်၍များဖြင့် ထင်ရန်ခဲယဉ်းလှသည်) သူ ပြောလိုက်ပုံမှာ

          “ဟဲ့ကောင်မလေးတွေက .. နင်တို့ ငါ့ကို အရမ်းမစွပ်စွဲကြနဲ့တဲ့၊ ငါ မျက်စိကလေးတင်ပေါ်ရုံ၊ မျက်နှာ လက်ကိုင်ပဝါနဲ့ စည်းလာတဲ့ဟာကို နင် တို့က ငါရယ်လို့ ဘယ့်နှယ့်ကြောင့် အတတ်ပြောနိုင်တာလဲဟ”

ဤစကားမှာ ကျွန်တော့်သူငယ်ချင်းသည် ပညာရှိ သတိဖြစ်ခဲ ဆိုသည် အတိုင်း ရုတ်တရက် ပြောလိုက်မိသည်ဖြစ်၍ အမှုစင်းစင်းကြီး ပေါ်သွားကာ ဆရာကြီးက တစ်ခါတည်း ကျောင်းထုတ်ပစ်လိုက်လေတော့သည်။

          ဤမှ သူနှင့် ကျွန်တော်မှာ ကျောင်းနေဖော် အဖြစ်က `ကွဲကွာသွားရ ပေတော့သည်။ သူ့ဇာတိဖြစ်သော မုတ်ပွန်သို့ ပြန်သွားရပေသည်။ သူ့အတွက် ကျွန်တော် ဝမ်းနည်းမဆုံး ဖြစ်ပါသည်။ သူကတော့ (ကျောင်းသားဘဝက ဝဋ်ကျွတ်သွားတာပေါ့ကွာ) ဟု ပြောပါသည်။ နောက်ထပ် ကျောင်းဆက်နေသည်ဟုလည်း မကြားတော့။ ဒူရင်းခြံ လုပ်သလိုလို၊ ထားဝယ်ဘက်သွားပြီး သတ္တုတွင်း တူးသလိုလို ကြားရပါသည်။ နှစ်နှစ်ကြာသောအခါ၌ ငွေတော်တော် များများနှင့် ရန်ကုန်သို့ ရောက်လာသည်။ ဤအခါ၌ ကျွန်တော်မှာ သူမရှိသဖြင့် ၁ဝ တန်း အောင်၍ ယူနီဗာစီတီသို့ ရောက်နေပြီဖြစ်ရာ သူသည် ကျောင်း

ဘော်ဒါလာအိပ်၍ အတော်ပွေသွားသေးသည်။ တစ်ညက ကျွန်တော့်အခန်းထဲ မြာခေါ်လာတာ ဆရာ မိသွား၍ ကျွန်တော့်ကို “ဝမ်နင်” ပေးခြင်း ခံရပါသေး သည်။ သူ ငွေကုန်သွားသောအခါ၌ မုတ်ပွန်သို့ ပြန်သွားသည်။ သို့သော် ... ယူခဲ့သော ငွေတို့မှာ ဘုံးလာတာဖြစ်၍ အိမ်က နှင်ထုတ်သဖြင့် အထက်မြန်မာ ပြည်သို့ လွင့်ထွက်သွားသည်ဟု ကြားရပါသည်။ ထို့နောက်၌ကား သူနှင့် ကျွန်တော်နှင့် တော်တော်နှင့်မတွေ့၊ စာလည်း အဆက်အသွယ်မရှိ။

          ကဲ ... ဝတ္ထုအကြောင်း ပြန်ဆက်မည်။

          ကျွန်တော် ယူနီဗာစီတီ ရောက်သည်ဆိုရင်ပဲ ကျွန်တော့် မိဘဆွေမျိုး များက “ဆရာဝန်ဟာ အင်မတန် ပိုက်ဆံရသတဲ့ဟ .. သည့်ပြင်အလုပ်နဲ့မတူ ဘူး။ တိုင်းပြည်ပျက်လည်း လူနာရှိ ကိုယ့်ငွေရှိတာပဲ။ အနာအမျိုး ၉၆-ပါးဟာ မင့်ငွေချည်း ဖြစ်ရမယ်၊ ကဲ .. ဆေးဘက်သာ လိုက်တော့ကွာ” ဟု ဆိုကြသဖြင့် ကျွန်တော် လိုက်ပါသည်။ သို့သော် ... အပင်ပန်းဆုံး၊ အခက်ဆုံးဖြစ်သော ဤမှာဘက်တွင် ကိုယ်ကြိုက်သော စာမှလွဲ၍ ကျောင်းစာတွင် အပျင်းဆုံးဖြစ်သော ကျွန်တော်မှာ ၃ နှစ် ဆက်ကျသဖြင့် ဆေးကျောင်းမှ ရပ်တန်းက ရပ်ခဲ့ ရပါသည်။ မိဘဆွေမျိုးများက ... ဒါလောက်များ ဖျင်းရပါမည်လားဟု ကျွန် တော့်ကို ဩဘာပေးကြသည်။ “

ဒီကောင် ကျောင်းကထုတ်တာပဲ ကောင်းပါ တယ်ဗျာ” ဟု ပြောကြသည်။ ဒီတော့ ကျွန်တော့်အကြိုက် ဖြစ်သွားကာ စာရေး ဆရာဘက် မီးကုန်ယမ်းကုန် ကြိုးစားလိုက်ရာ မကြာမီ၌ နာမည်ကလေး တငွေ့ငွေ့ ထွက်လာပါသည်။ သတိုးဆွေ .... သတိုးဆွေ ။

          ကျွန်တော်သည် ဤနာမည်ဖြင့် လစဉ် ဝတ္ထုတွေရေး၍ ပတ်ဗလစ်ရှာ တို့၏ သဒ္ဒါကြေးကို ခံယူကာ ကြည့်မြင်တိုင်တွင် ထမင်းဆိုင် အဒေါ်ကြီး တစ်ယောက်၏ အိမ်တစ်ခန်းကိုငှား၍ ၎င်း၏ထမင်းကိုပင် လခ ပေးစားနေ သည်၌ ကွဲကွာနေတာ ကြာလှပြီဖြစ်သော ပတ္တမြားဝင်းထိန်နှင့် ပြန်ဆုံရသည်။ သူသည် ကျွန်တော် ငွေရသော စာရေးဆရာ ဖြစ်ပြီဆို၍ လာခြင်းဖြစ်သည်။

သို့သော် ကျွန်တော် ရသောငွေမှာ ဖောခြင်းသောခြင်း သုံးချင်သော ကျွန်တော် တို့ လူပျိုကိုယ်နှစ်ယောက်စာ မဖူလုံရကား မကြာမီ ခွဲခွာသွားရပြန်လေသည်။

           ယင်းမှ ၃ လမျှ အကြာ၌ သူ့အကြောင်းကို ကြားရသည်။ ပြောပြသူ မှာ ကျွန်တော်တို့ ကျောင်းဘော်ဒါတုန်းက အဆောင်မှူး လုပ်ခဲ့သူ ကိုခင်မောင် လတ် ဖြစ်ပါသည်။ ယခု နိုင်ငံခြားရေးဌာန၌ လုပ်နေပါသည်။ ကိုခင်မောင်လတ် သည် ကျောင်းသားဘဝကပင် လူကြီးစိတ် ရှိသည်။ ချစ်ခင်တတ်သည်။ ပြောဆို ဆုံးမတတ်သည်။ အထူးသဖြင့် တေသော ပေသော ပတ္တမြားဝင်းထိန်ကို သူ သံယောဇဉ်ငြိသည်။ ကျွန်တော်နှင့် တွေ့တိုင်း ပတ္တမြားဝင်းထိန် အကြောင်း မေးလေ့ရှိသည်။ “ဒီကောင်တော့ ခက်တာပါပဲကွာ” ဟု ညည်းတတ်သည်။

          ဟော ... ယခုအကြိမ် သူနှင့် ကျွန်တော်နှင့် တွေ့ရသည်ကား ဝမ်းသာ အားရနှင့် ... ။

          “ဟေး ... ဖိုးတင်ဆွေ .. မင့်ကောင်ကြီးတော့ ဟန်ကျသွားပြီကွ။ မင်း ကြားပြီလား ... ပိုက်ဆံချမ်းသာတဲ့ သူ့အဒေါ် အပျိုကြီးတစ်ယောက်က ခေါ်မွေး ဆိုပဲ၊ သူ့အဒေါ် မင်းသိမှာပေါ့၊ စာရေးဆရာမ “မုတ်ပွန်တင်တင်ကြီး” ဆိုတာ လေ ... ရွှေဂုံတိုင်မှာ တိုက်ကြီး, ဝန်းကြီး, ခြံကြီးနဲ့ပဲ၊ ဒီကောင်မျိုး ဒီလို ကြည့်မယ့်ရှုမယ့်လူနဲ့ အခြေတကျ ဖြစ်သွားတာ ငါတော့ ဝမ်းသာပါတယ်ကွာ”

          သူ့အဖို့တော့ ဟုတ်ပေမည်။ ကျွန်တော်တော့ စာရေးဆရာ အမြင်နှင့် မကျေနပ်။ ပတ္တမြားဝင်းထိန်လို လူများနှင့်မတူအောင် စွတ်ရွတ် လုပ်တတ်တဲ့ကောင်တစ်ယောက် လောကရေးရာ ဘာမျှနားမလည်သော အပျိုကြီး၏ ပစ္စည်း အောက်မှာ ဆိတ်ငြိမ်စွာ ရှိသွားမည်ကို ကျွန်တော့် သူငယ်ချင်းဘဝ ကျွန်တော် တွေး၍ နှမြောလှသည်။

           ကိုခင်မောင်လတ်နှင့်တွေ့ပြီး ၃ ရက်မျှအကြာ၌ ကျွန်တော် ပိုပြီး စိတ် မကောင်းဖြစ်ရပြန်သည်။

          ကျွန်တော် စကော့ဈေးရှေ့ လျှောက်သွားစဉ်တွင် လမ်းဘေးရပ်ထား သော ဆလွန်းကားကြီး တစ်စီးထဲ၌ မျက်လုံးကလေးတွေ ကြောင်တောင်တောင် နှင့် ခွေးမျက်နှာတွေ အပြည့်မျှ မြင်ရသည်တွင် တစ်ခုသော မျက်နှာမှာ ကျွန်တော် နှင့် ရင်းနှီးစွာ တွေ့ကြုံဖူးသည်ဟုထင်၍ ကားနားကပ်ကြည့်မိရာ လား ... လား ခွေး ၆ ကောင်နှင့် အတူထိုင်နေသော ပတ္တမြားဝင်းထိန် ...

          ကျွန်တော် သူ့ကို ငုံ့ကြည့်ပြီး ....