သော်တာဆွေ - ကျွန်တော့်ချစ်ဆွေများနဲ့ကျွန်တော်
ဖိုးသော်တာ စန္ဒာလကိုကွယ်
[၁]
ကျွန်တော်သည် စာရေးရန် ဉာဏ်လေးသောအခါများတွင် ဘာလုပ်တတ်ပါသနည်း၊ ရေဝအောင်ချိုးပြီး လက်ဖက်ခါးခါးလေးကို စားချင်သည်။ ထို့ကြောင့် စာရေးစားပွဲတွင် ထိုင်ငိုင်နေရာမှ မနီးမဝေးတွင် စာကြည့်နေသော ညီငယ်အား..
“မောင်ကြည်ဝင်းရေ... သွားကွာ အစ်ကို့ဖို့ လက်ဖက်ဝယ်ပေးစမ်းပါ”
“ဟာ.. အစ်ကိုဆွေ၊ ကျွန်တော် စာမေးပွဲနီးနေလို့ဗျာ၊ အမာကြည်ကို လွှတ် လိုက်ပါ”
အမာကြည်မှာ ကျွန်တော်တို့ ညီမလေးတစ်ယောက် ဖြစ်ပါသည်။
“ဒါဖြင့် မင်းပဲ ခေါ်ခိုင်းလိုက်စမ်းကွာ၊ ရော့... ဒီမှာ ပိုက်ဆံလာယူ”
ယင်းအခိုက် လူငယ်တစ်ယောက် ဝင်လာရာ..
“ဟင်. ဟင် အမှုဆောင် အစည်းအဝေး ဖိတ်စာလာပြန်ပြီ”
ကျွန်တော့်ဆီသို့ ရောက်လာသော စာရေးဆရာအသင်းက လူငယ်ကို မေး လိုက်ပါသည်။
“မလွဲပါဘူးခင်ဗျာ” ဟုဆိုရင်း သူသည် လွယ်အိတ်ထဲမှ စာရွက်တစ်ခုကို ထုတ်ပေးပြီး ကျွန်တော့်အား ဖိတ်စာရကြောင်း လက်မှတ်ထိုးစေပါသည်။
ကျွန်တော်သည် ဖောင်တိန်ကိုဖွင့်ရင်း..
“ငါ့လခွီးတဲ့ ဒီနှစ်မှ ကိုယ့်ကိုယ်ကိုယ် အဆိုသွင်းလို့ အမှုဆောင်ကလေး ဖြစ်ရပါတယ်၊ တကတဲ ခိုးရာပါပစ္စည်း လက်ခံမိတာကျနေတာပဲ၊ စိတ်ကိုမအေးရ ဘူး၊ တစ်ပတ်ကို နှစ်ခါလောက် အစည်းအဝေးတက်နေရတယ်၊ ဘာလဲ အခု ငွေဥဒေါင်းတို့လူစုက အယုံအကြည်မရှိ အဆိုသွင်းပြန်ပတဲ့လား”
“ကျွန်တော် မသိဘူးခင်ဗျ၊ ဖတ်ကြည့်ပါဦးမယ်ခင်ဗျာ” ဟုဆို၍ သူ ရေးကြီး သုတ်ပျား ထွက်သွားသည်။ ကျွန်တော် ဖိတ်စာကို ဖြန့်ဖတ်လိုက်ရာ အချိန်မှာ ယနေ့ ပင်။ ညနေ ၃ နာရီတဲ့။ “အင်း.. အခုပဲ ၂ နာရီထိုးတော့မယ်”
“ဘာများ အရေးကြီးပါလိမ့်၊ ဒီလောက် ကပ်ဖိတ်ရအောင်”
စိတ်ထဲမှ ရေရွတ်မိကာ ဖိတ်သည့်ကိစ္စကို ကြည့်လိုက်သောအခါ၌ကား ကျွန်တော်မှာ ဝမ်းသာအားရ ထိုင်နေရာမှ ထမခုန်မိအောင်ပင် မနည်းသတိထား လိုက်ရလေသည်။
အကြောင်းမှာ..
“ခရီးထွက်ဖို့ကိစ္စကို ဆွေးနွေးရန်”တဲ့။
ဟီး... ဘယ်ကိုများပါလိမ့်၊ ရှမ်းပြည်ကိုဆိုရင် ဇိမ်ပေါ့ ကွာ၊ ရှမ်းမလေးရဲ့ ပါးများ ပုရွက်ဆိတ် ကိုက်ထားသလို နီနေတာပဲလို့ ကြားဖူးတယ်၊ နို့ပြီး သူတို့ ရေချိုးတော့လည်း မျက်နှာအရင်သစ်သတဲ့။
စိတ်ထဲ၌ ဟိုဟိုဒီဒီ တွေးတောရင်း ထိုင်ရာမှ ထလိုက်ကာ ဖိတ်စာကိုကိုင်၍ ထမင်းစားပွဲ၌ ကော်ဖီသောက်နေသော ကျွန်တော့် (Godmother) ဝမ်းမနာမိခင် ထံသို့ပင်သွားပြီး...
“နာနီ ကျွန်တော်တို့ ခရီးထွက်ရလိမ့်ဦးမယ်”
ကျွန်တော် ရွှင်မြူးစရာဆိုလျှင် သူ ဝမ်းသာနေလေပြီ။
“အေး... ကောင်းတာပေါ့၊ ဘယ်ကိုတဲ့လဲ”
“မသိသေးဘူး၊ အမှုဆောင်အစည်းအဝေးသွားရမယ်၊ ၃ နာရီဆိုတော့ မြန်မြန် လုပ်မှပဲ”
ကျွန်တော် ရေအမြန်ချိုးလိုက်သည်။ ပြီး အဝတ်လဲသောအခါတွင်လည်း ခြေလှမ်းသွက်သွက်လျှောက်နိုင်ရန် ဘောင်းဘီရှည် ဝတ်လိုက်သည်။ နက်ကတိုင်ကို စတိုင်ပါပါ တပ်လိုက်သေးသည်။
“အင်း..... မန္တလေးသွားတုန်းကရော၊ မြစ်ကြီးနားတုန်းကရော ငါက နှစ်ခါစလုံးလိုက်ထားလို့ ဒီတစ်ခါ သည်းခံပါများ ပြောနေကြမလား၊ ဒီလိုဆိုရင်တော့ မခံနိုင်ဘူး၊ ခရီးသွားဖို့ အခွင့်အရေးရတိုင်းမှ မသွားရရင် အမှုဆောင်အဖွဲ့ က နုတ် ထွက်မယ်လို့ ပြောမှပဲ”
အသင်းတိုက်သို့ ရောက်သောအခါတွင် လူအတော်စုံနေလေပြီ။
“အင်း... ဖိုးသော်တာတို့က ဒါမျိုးဆိုရင် ဝီရိယကောင်းဗျ၊ တခြားကိစ္စဆို ရင်ဖြင့် ၃ နာရီချိန်းထား ၄ နာရီကျော်မှ လာတတ်တယ်”
လင်းယုန် ဖိုးဗန်းမော်တင်အောင်က ဆီးကြိုလိုက်ပါသည်။ သို့ သော် ကျွန်တော်က ခရီးထွက်တာ မပါရမှာစိုးသည်နှင့် ခါတိုင်းလို...
“ကျုပ်လာချင်တဲ့အချိန်လာတာ ဆီးပြောနေရအောင် ခင်ဗျားက ကျုပ်မိန်းမ လားဗျ” ဟူသော အပေါက်မျိုးကို မသုံးဘဲ မျက်နှာထား ချိုချိုပျော့ပျော့နှင့်ပင်..
“ဒါတော့ ကိုတင်အောင်ရာ... ကျွန်တော်က ခရီးထွက်ပြီး ဝတ္ထုရေးချင်နေတဲ့ ကောင်ကိုးဗျ၊ အဟဲဟဲ ရော့ဗျာ စီးကရက်”
ကျွန်တော့်အတွက် တစ်မဲရအောင် စီးကရက်တစ်လိပ် စွန့်လိုက်ရပါသည်။
“ဪ... ဆရာရွှေပိန်သောင်း နေကောင်းလားဗျာ”
ယခုမှ ရောက်လာသော မြန်မာ့အလင်း အယ်ဒီတာကြီးကိုလည်း ချော့လိုက် ရပါသေးသည်။
“ကဲ... ကဲ လူစုံပြီ၊ အစည်းအဝေး စကြမယ်”
ခရီးသွားရမည်ဆိုလျှင် သူလည်း ဒေါ်လိုက်ချင်ကြီးဖြစ်သော အစ်မကြီး ဂျာနေဂျိုမမလေးက ဆော်သြလိုက်၍ အားလုံး စုအုံထိုင်ကြသည်။
“အခုအရေးပေါ် အမှုဆောင်အစည်းအဝေး ခေါ်ရတာကတော့ တခြား ကြောင့် မဟုတ်ပါဘူး၊ စာရေးဆရာအသင်းအတွက် လူလေးယောက် လကိုသွား နိုင်ဖို့ ဒုံးပျံကြီးတစ်ခု စီစဉ်ပေးပါတယ်”
“ဘာ... ဘာ ဘယ်ကိုသွားဖို့”
ကျွန်တော်က ဖြတ်မေးလိုက်ပါသည်။
“လကိုဗျ၊ လကိုသွားဖို့ လူလေးယောက်အတွက် ဒုံးပျံကြီးတစ်ခု စီစဉ်ပေး တယ်။ ဒါကြောင့် သွားမယ့်လူ ရွေးချယ်ဖို့ အစည်းအဝေးခေါ်ခြင်း ဖြစ်ပါတယ်”
“ကျွန်တော်က ဆရာသော်တာဆွေကို အဆိုသွင်းပါတယ်”
ကျွန်တော်ပေးထားသော စီးကရက်ကို လက်ကြားညှပ်ကာ ဖိုးဗန်းမော်တင်အောင်က ထ၍လုပ်လေရာ ကျွန်တော်မှာ နေရာမှ အလျင်အမြန် ထပြီး..
“ဟေ့...ဟေ့ ရဲဘော်ကြီး ဒါတော့သည်းခံစမ်းပါ၊ တကတဲ ဘယ်နေရာ ပျက်ကျ၊ ဘယ်နေရာသေမှန်း မသိရမယ့်ကိစ္စကြီး”
“နို့... ကိုယ့်လူက ခရီးသွားရမယ်ဆိုရင် ဘယ်ပဲသွားရသွားရဆို” ဖိုးသန်းဆွေ ထပြန်သဖြင့်...
“ဟေ့.. ဂျပုရ ငြိမ်နေစမ်းပါကွ၊ ကိုယ်ပြောတာက ကချင်ပြည်လောက် ရှမ်းပြည်လောက်တင် လေယာဉ်ပျံနဲ့ ပြောတာကွ၊ အခုတော့ ဒုံးပျံကြီးနဲ့ လကို သွားမှာ တဲ့၊ မင်းပဲသွား”
“ကျွန်တော်က မိုးအောက်မြေပြင်ဆုရ ဆရာမင်းအောင်ကို အဆိုတင်သွင်း ပါတယ်”
ဦးမာဃက ထ၍ နှံလေရာ ဆရာမင်းအောင်လည်း ထိုင်ရာမှ အလျင်အမြန် ထပြီး...
“အမယ်လေး... ကျွန်တော့်ကို မလုပ်ပါနဲ့ ဆရာမာဃ၊ ခင်ဗျားပဲ အရင်ပထမ အခေါက် မန္တလေးလိုက်ရပြီး နောက် မြစ်ကြီးနား မလိုက်ရတဲ့အတွက် ဒုံးပျံနဲ့ လကို ကြွတော်မူပါ”
“ကဲ... ဒါဖြင့် လူပျိုဖခင် တိတ်တိတ်ပုန်း ကလေးမွေးတဲ့ မိန်းမတွေရဲ့ လင် ကိုမြင့်ဆွေကို ကျွန်တော်က အဆိုသွင်းပါတယ်”
ဘာသာပြန်ဌာန ကိုလှအောင်က လုပ်ပြန်လေရာ လင်းယုန်ဂျာနယ်တွင် လူပျိုဖခင်နာမည်နှင့် ကလောင်ကစားနေသော ကိုမြင့်ဆွေက သူ့နဂိုအမူအရာ အတိုင်း ထိုင်ရာမှမထဘဲ ခပ်အေးအေးပင် ဆေးပြင်းလိပ်တိုကို ပါးစပ်မှချွတ်ကာ..
“ကျုပ် ဒုက္ခမရှာပါနဲ့ဗျာ၊ အေးအေးနေပါရစေ၊ ခင်ဗျားနဲ့ ပင်လုံမလိုက်ရလို့ မကျေမချမ်း ဖြစ်နေတဲ့ သော်တာဆွေပဲ လိုက်သွားကြစမ်းပါ”
ကျွန်တော်သည် ထိုင်ရာမှ ငေါက်ခနဲ ထလိုက်ကာ စားပွဲကို လက်ဖနောင့် နှင့် တစ်ချက်ထုလိုက်ပြီး..
“သော်တာဆွေ.. နာမည်ကို ထည့်မပြောရင် ကောင်းမယ်”
ဒေါမာန်ပါပါနှင့် စကားကိုပိတ်လိုက်ပါသည်။
သို့သော် ဥက္ကဋ္ဌ ဒဂုန်တာရာက..
“ကိုယ့်လူ ဟုတ်တယ်မှုတ်လား၊ ပင်လုံကို သတင်းစာဆရာနဲ့ သတင်းထောက်အသင်းကသာ လိုက်ရပြီး စာရေးဆရာအသင်းက မပါတာကို တဖျစ် တောက်တောက်နဲ့ မကျေမနပ် ဖြစ်နေတယ်မှုတ်လား”
“ဥက္ကဋ္ဌကလေ... ဥက္ကဋ္ဌပီပီ စကားကို ဆင်ခြင်ပြောစမ်းပါ၊ ပင်လုံဖိတ်ခေါ် တာထဲ မပါတာမှာ ကျုပ်တို့က ဘာအခွင့်အရေးကြောင့် “မကျေမနပ်” ဖြစ်နေတယ် လို့ ပြောနိုင်ရမှာလဲ၊ ရှမ်းပြည်က စာရေးဆရာအသင်းကို လူရာမသွင်း၍ ဝမ်းနည်းပြီး ငိုမိပါတယ်သာ ပြောဖို့ရှိပါတယ်”
“ကဲ.. ကဲ တော်ရာခွေ၊ ရှည်မနေစမ်းနဲ့ ထိုင်စမ်း”
ဆရာရွှေပိန်သောင်းသည် ထိုင်ရာမှထ၍ ကျွန်တော့်စကားကို ပိတ်ကာ...
“ဒီဒုံးပျံနဲ့ လသွားဖို့ကိစ္စမှာ သူသွားပါ၊ ငါသွားပါ အဆိုတင်သွင်းနေလို့ တော့ ရမှာမဟုတ်ဘူး၊ ဘယ်သူမှလဲ သွားချင်မှာ မဟုတ်ဘူး၊ ရှင်းရှင်းပြောရရင် ကျုပ်လည်း မသွားချင်ဘူး၊ ဒီတော့ ကိစ္စပြီးအောင် တစ်ယောက်တစ်ယောက် တိုက် တွန်းနေမယ့်အစား ဘယ်သူဘယ်သူဟာဖြင့် သွားသင့်သလဲဆိုတာ စဉ်းစားဆုံးဖြတ် ရလိမ့်မယ်”
“အဲဒါ မှန်ပါတယ်ဗျ”
မင်းအောင်သည် တစ်ချီတစ်မောင်း ထပြန်ကာ...
“ဘယ်လိုလူစား သွားသင့်သလဲဆိုတော့ အရင် မန္တလေးတို့၊ မြစ်ကြီးနားတို့ သွားတဲ့ အခွင့်အရေးကောင်းယူထားတဲ့လူတွေ”
“ဟေ့.. ဟေ့ ဖိုးမင်းအောင်”
မန္တလေးရော၊ မနောပွဲရော နှစ်ပွဲစလုံး နွှဲထားသည့်ကျွန်တော်က အလျင် အမြန်ထရပ်ကာ...
“ဒီလို နှစ်ခါစလုံး သွားထားရတဲ့လူတွေမှာ ခရီးပန်း အလုပ်ပျက်ဖြစ်နေလို့ အနားယူဖို့ သင့်တယ်ကွ”
ရွှေပိန်သောင်းက အပြုံးကျဲကျဲကလေးနှင့် ကျွန်တော့်ကို လက်ညှိုး ထိုးကာ... “ဟေ့.. ဟေ့ သော်တာဆွေ၊ လူပါးမဝနဲ့၊ မင်းအောင်ပြောတာ ဟုတ်တယ်ကွ”
“ကဲ... ဒါဖြင့် နှစ်ခါစလုံးသွားထားတဲ့လူဆိုရင် ကျွန်တော်ရယ်၊ ဂျာနေဂျို မမလေးရယ်၊ ဒဂုန်တာရာရယ် ရှိတာပဲ။ ကျွန်တော်တော့ ဒီလကို ဘယ်နည်းနဲ့မှ မသွားနိုင်ဘူး။ အဲ... သူတို့နှစ်ယောက်သာ မေးပေတော့”
“ဒီမှာရှင့်... ကျွန်မက မိန်းမသားဖြစ်ပါတယ်”
အစ်မကြီး ဂျာနေဂျိုက လုပ်လေရာ သန်းဆွေဂျပုက...
“အံမာ.. ခုခါမှ ဘာမိန်းမသားလဲ၊ ဟိုတုန်းကဖြင့် ကျွန်မစိတ်ထဲ ကျားရယ် မရယ် မခွဲဘူး၊ နေရဲသွားရဲတာပဲ ဆိုပြီး....”
“ဒါက ဒီလိုရှိပါတယ်ရှင့်” ။
အစ်မကြီး ဂျာနေဂျိုသည် သူ့ဟန်အတိုင်း လက်ဝါးကလေးဖြန့်ကာ (လွန် ခဲ့သော သင်းလုံးကျွတ် အစည်းအဝေးက ဒဂုန်ရွှေ့များသည် ယောက်ျားကြီးဖြစ်လျက် နှင့် “ကျုပ်ဟာ ဒေါ်တင်လှိုင် အပြောကောင်းတာနဲ့ နားယောင်မိပါတယ်”ဟု ဝန်ခံရ လောက်အောင်) လေပြည်ဖျန်းတော့မည်အပြုတွင် ဤအရိပ်အခြည်သိသော ရွှေပိန် သောင်းက ထ၍..
“ကဲ... ဒေါ်တင်လှိုင်၊ အကြောင်းပြမှာက ခဏထားပါဦး၊ ဥက္ကဋ္ဌကြီး ဒဂုန် တာရာ ပြောပါစေဦး”
ဂဠုန်ခွာနာသည် ထိုင်ရာမှ ညောင်နာနာကလေးထကာ.. ။
“ဒါတော့ ဒီကိစ္စမှာ ကျွန်တော်တော့ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ လူကလည်း ကောင်းကောင်းမမာဘူး၊ နို့ပြီး အသင်းအတွက် သမဝါယမကိစ္စတွေလည်း လုပ်ရဦး၏မယ်”
“အောင်မာ... အောင်မာ၊ ဒါတွေ မန္တလေးတို့ မနောပွဲတို့သွားတုန်းကတော့ သတိတောင်မရဘူး”
ကိုလှအောင်က ထ၍မှုတ်ပါတော့သည်။
ဆရာရွှေပိန်သောင်းက တစ်ခါထပြန်ကာ..
“ကဲ... ဒီတော့ အချုပ်ပြောရရင် ဒီဒုံးပျံမှာ လေးယောက်သွားရမယ်ဆိုတော့ ခင်ဗျားတို့သုံးယောက်နဲ့ နောက်တစ်ယောက်ရှာပြီး သွားဖို့ပဲရှိတာပဲ”
“အို.. ဆရာရွှံ့ဗိန်ဗောင်းရဲ့” ကျွန်တော်သည် ထိုင်ရာမှထရပြန်ကာ...
“ကဲ.. ဒီမှာ ကျွန်တော်တို့ကမှ မသွားချင်ဘူးဆိုတာကို ဘယ့်နှယ်လုပ် ဖြစ်မှာလဲဗျ၊ ဒီမှာ ဥက္ကဋ္ဌလေး”
တာရာဘက်သို့လှည့်၍..
“ဒီဒုံးပျံကို ကျုပ်တို့ မသွားနိုင်ဘူးဆိုပြီး ဒီခရီးစဉ်ကို ပြန်အပ်လိုက်ဗျာ၊ တခြားလူတွေ သွားချင်သွားပစေပေါ့”
“ဟာ.. ဒီလိုလည်း ဘယ်ဖြစ်ဦးမလဲ ကိုသော်တာဆွေ”
“ကဲ... ဒါဖြင့် သတင်းထောက်နဲ့ သတင်းစာဆရာအသင်း လွှဲပေးလိုက်ဗျာ၊ ဒါမှ အိန္ဒိယက မကြာခင်တုန်းကမှ ပြန်လာတဲ့ မစ္စတာချာတာဂျီတို့၊ ဦးဘသန်းတို့ နဲ့လောင်စာမောင်တုတ်ကြီးတို့ ဘယ်သူတို့ ပါသွားအောင်”
“သူတို့ကကော လက်ခံမှာလားဗျ၊ ခင်ဗျားတို့လို ရှိမှာပေါ့”
ဗန်းမော်ကြီးက လုပ်လေပြန်သဖြင့်...
“ကဲ... ဒါဖြင့် ဘယ်သူမှ သွားမယ့်လူမရှိဘူးဆိုပြီး ဒီဒုံးပျံကြီး အလကား ထားလိုက်ဗျာ”
“ဒီမှာ ကိုသော်တာဆွေ... အရမ်းမပြောနဲ့ဗျ၊ ကျုပ်တို့အသင်းအတွက် ငွေ ပေါင်းများစွာ အကုန်ခံပြီး စီမံထားတာကို ဒီလိုလုပ်လိုက်တော့ ကောင်းမလားဗျ”
“ကဲ.. ကဲ ဒါဖြင့် ဒီမပြီးနိုင်မယ့်အကြောင်းကို” ဆရာမာဃက ထကာ... “
ဒီကော်မတီအစည်းအဝေးတင် ပြောမနေနဲ့တော့၊ အားလုံး မာ့စ်မီတင်ခေါ် ပြီး ဆွေးနွေးမှဖြစ်တော့မယ်၊ ဒီတော့မှလည်း သွားမယ့်လူ ပေါ်ချင်ပေါ်လာလိမ့်မယ်”
“အဲ... အဲ အဲဒါဟုတ်တယ်၊ ဒီတော့မှ ကျုပ်တို့အဖွဲ့ ကို ဖြုတ်ချဖို့ ကြိုးစား နေတဲ့လူတွေကို ဒုံးပျံနဲ့ လွှတ်လိုက်ရအောင်”
မင်းအောင်က ဆိုလေသည်။ ဤတွင် ဒဂုန်တာရာက...
“ကဲ.. ဒါဖြင့် မာ့စ်မီတင်ခေါ်ဖို့ အားလုံးသဘောတူကြပြီပေါ့ ”
“မတူ ဘယ့်နှယ်လုပ်တော့မှာလဲဗျ၊ ကော်မတီချည်းမှ မဖြစ်တော့တာကို”
စာရေးဆရာရာဇဝင်၌ ဤနှစ်ယောက် လှုပ်ရှားမှုမဖြစ်ဖူးသေးအောင် ထူးခြား သောကာလ ကျွန်တော် အသင်းအမှုဆောင် ဖြစ်သည်ကစ၍ သင်းလုံးကျွတ် အစည်း အဝေး တက်ရပြီဆိုလျှင် ဘယ်အချိန်၌ အတိုက်အခံဘက်နှင့် ဆော်ရလိမ့်မည်လည်း ဟု တခဲခဲနေရသောကြောင့် အိမ်တွင် ကျွန်တော့်မှာ သဲအိတ်ထိုးရခြင်း၊ အစည်းအဝေး တက်လျှင် ဘောင်းဘီဝတ်ရခြင်းကို ပြုရပါသည်။ ယနေ့ လကို မသွားဖို့ ငြင်းဆိုရသည့် ကိစ္စ၌ကား ကျွန်တော့်မှာ အထူးသဖြင့် သတိထားခဲ့ရပါသည်။ အတွင်းက ကိုယ်ကျပ် အကျီထူထူပင် ဝတ်ခဲ့ရပါသည်။